အလုပ်ခွင်အတွင်း စိတ်သဘောထားအမှန် ထားနိုင်ကြပါစေ

manawphyulaySeptember 17, 20131min1394

ယခုတစ်လော အလုပ်ခွင်အတော်များများတွင် ဖြစ်လေ့ဖြစ်ထရှိကြသည်မှာ လူတိုင် စိတ်ထားအမှန် မထားနိုင် ကြသူများကို နေရာဒေသအတော်များများတွင် တွေ့ရှိနေရပါသည်။ ကုမ္ပဏီဝန်ထမ်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ဝန်ထမ်းများ သို့တည်းမဟုတ် ဌာနဆိုင်ရာ နေရာများ၏ စိတ်သဘောထား အမှန်ဆိုသည်မှာ ကိုယ်လုပ်နေသော အလုပ် မည်မျှပင် ပင်ပန်းနေပါစေ၊ စိတ်ကုန်နေပါစေ မည်သူတွေ မည်သို့ စိတ်ထားရှိနေပါစေ အလုပ်ခွင်များတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်နိုင်ဖို့သာ အဓိက စိတ်သဘောထားအမှန်ပင် ဖြစ်ပါသည်။ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းအတော်များများသည် ငါတို့အတွက် ပြီးမှာ သူတို့အတွက်ဆိုတဲ့ သဘောထားခံယူချက်ကို လက်ကိုင်ထားနေကြပါသည်။
အများအားဖြင့် သာသည့်နေရာ၊ သာသည့်လူ၊ ဝန်းကျင်ဘက်ကိုသာ သူ့အုပ်စု ကိုယ့်အုပ်စုအနေဖြင့် သူများအတွက်ဆိုတာထက် ငါ့အတွက်ဆိုတာကိုပဲ ကြည့်တတ်ကြသူ အများရှိကြပါသည်။ လူတိုင်းသည် အလုပ် လုပ်ကြရာဝယ် အဓိက အရင်းခံက စိတ်ချမ်းသာမှုကိုသာ ရှေးရှုသင့်ပေသည်။ ငါတကော ကောပြီး ငါသာာဖို့အတွက် သူများကို ဖိနှိပ်ရမည်လို့ စိတ်ဓာတ်မပြည့်ဝသော စိတ်ထားများသည် နောင်အနာဂတ်တွင် ဘဝအတွက် ရေရှည်ရပ်တည်နိုင်ဖို့ လွယ်မည် မထင်ပေ။ လုပ်ငန်းခွင်များတွင် အဖွဲ့လိုက် အုပ်စုငယ် လေးများဖြင့် ဦးရာလူ နှိပ်ကွပ်စတမ်းဆိုတဲ့နှလုံး ထုံးမူနေကြသူများရှိနေသရွေ့ လုပ်ငန်း အဖွဲ့အစည်းကြီး သည်လည်း အောင်မြင်ဖို့ လွယ်ကူမည် မဟုတ်သလို လူတွေရဲ့ လေးစားမှုသည်လည်း ယုတ်လျော့သွား ပါလိမ့်မည်။
လုပ်ငန်းခွင်များတွင် စိတ်ပျော်ရွှင်စွာ အလုပ်လုပ်မှ လုပ်ငန်းအတွင်း လူများ၏ စည်းလုံးညီညွှတ်မှု၊ လုပ်ငန်းအောင်မြင်မှုသည်လည်း တစ်ဟုန်ထိုး ဖြစ်ပေါ်လာပေလိမ့်မည်။ လူအတော်များများတွင် နေရာ၊ ရာထူး၊ ဂုဏ်များ မက်မောနေကြသည်မှာ လွန်အံ့မထင်ပေ။ လူသားဆိုသည်မှာလည်း ပုထုဇဉ်ဖြစ်သည့်အလျောက် နေရာလေးလည်း လိုချင်သလလို ရလာသောနေရာလေး မပျောက်ပျက်အောင် ကြိုးစားပြီး ထိန်းသိမ်း ချင်ကြသည်မှာလည်း လူ့သဘာဝပင် ဖြစ်ပါသည်။ မိမိအနေဖြင့် မည်သည့်ရာထူး၊ မည်သည့်အဆင့်ကိုပဲ ရောက်နေ ရောက်နေ မိမိသည် ရိုးသားစွာဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန် အဆင့်မြင့်ရာထူးတစ်ခုသို့ ရောက်ရှိရန် မျှော်မှန်းနိုင်ကြသဖြင့် အခြေအနေတစ်ခု၏ ဘက်နှစ်ဖက်စလုံးကို ကြည့်တတ်မြင်တတ်အောင် ကြိုးပမ်းထားဖို့တော့ အထူးလိုအပ်လှပါသည်။ သူတစ်လူ ငါတစ်မင်းနဲ့ ကြီးနိုင်ငယ်ညှင်း၊ မနာလို ဝန်တိုစိတ်များပြီး သူများကို အပုတ်ချမှ ကိုယ်ဂုဏ်တက်မည်ထင်သူများလည်း လုပ်ငန်းခွင်တိုင်းတွင် ဒုနဲ့ဒေး ရှိနေပါသည်။ အရမ်းအံ့ဩဖို့ ကောင်းသည်မှာ အများလည်း ကြားဖူးကြမည် ထင်ပါသည်။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဆိုသော စကားများပင် ဖြစ်ပါသည်။ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲနဲ့ သူများ မျက်ချေး ဘယ်အပေါက်က ထွက်မလဲပဲ ချောင်းမြောင်းနှိပ်ကွပ်ချင်သော စိတ်ဓာတ်အင်အား မပြည့်ဝသောသူများလည်း အနည်းနဲ့အများရှိနေပါသည်။
ပြောင်းလဲလာသည့် ခေတ်ပြောင်း စနစ်ပြောင်းထဲတွင် ကိုယ်ပြောစကားအမှန် သူများအပုတ်ချမှ ကိုယ့်ဂုဏ်တက်မည်လို့ ထင်သူများလည်း ပြုပြင်ပြောင်းလဲရန် အလွန်လိုအပ်လှပါသည်။ အရေးကြီးဆုံးမှာ စိတ် သဘောထားအမှန်ရှိသူသည် မိမိလုပ်ဖော်ကိုင်ဖက်၊ မိမိ၏ အလုပ်သမားများနှင့် တန်းတူရည်တူ နေထိုင်တတ်ရ မည်ဖြစ်ပြီး သာတူညီမျှ ပူးပေါင်းဆောင်ရွက်တတ်ရန် လိုပါသည်။ စိတ်သဘောထားအမှန်ဆိုသည်မှာ နှစ်မျိုးနှစ်စားရှိရာ ပထမအမျိုးအစားမှာ မိမိသည် စီမံခန့်ခွဲအုပ်ချုပ်သူများဘက်တွင် ရပ်တည်ပြီး ချမှတ်ထားသည့် မူဝါဒနှင့် ဆုံးဖြတ်ချက်များကို စီမံခန့်ခွဲအုပ်ချုပ်သူများ မြင်သည့်အမြင်အတိုင်း ကြည့်တတ်ရပါ မည်။ ဒုတိယတစ်ခုမှာ မိမိသည် ဥပဒေအတိုင်း လိုက်နာလျှောက်လှမ်းတတ်သည့် ဝန်ထမ်းကောင်းတစ်ဦး ဧကန်အမှန်စစ်စစ်ဖြစ်ဖို့အတွက် မိမိ၏အာရုံစူးစိုက်မှုများကို အစွမ်းကုန်နှစ်မြှုပ်ထားရပါမည်။
အလုပ်ခွင်အတွင်း မာန်စောင်နေခြင်း၊ သူ့ထက်ငါ သာဖို့တစ်ခုထဲအတွက် တစ်ဖက်သား၏ စိတ်နေ စိတ်ဓာတ်ကိုပါ ရိုက်ချိုးပစ်သည့်အပြုအမူမျိုးကို ရှောင်ရှားသင့်ပါသည်။ သူများ မကောင်းပြောမှ ထမင်းစား ဝင်သည့် လူစားမျိုးများသည် မည်သို့သောာ နေရာ၊ မည်သို့သော အချိန်တိုင်းမှာ ထမင်းစားဝင်နိုင်မည် မဟုတ်ပေ။ အမြဲတမ်း ပူလောင်ခြင်းများနှင့်သာ ပြွတ်သိပ်နေပေလိမ့်မည်။ စိတ်ထားမှန်ကန်ဖို့ဆိုသည်မှာ ကိုယ့် အလုပ်ပစ်ပြီး သူများ အလုပ်သွားရောက်လုပ်ကိုင်ပေးခြင်းကို မဆိုလိုပါ။ စိတ်သဘောထားအမှန်ကို တစ်ရက်တည်းအတွက် မကျင့်ကြံဘဲ ယင်းစိတ်ဓာတ်အတိုင်း အမြဲနေထိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းရပါမည်။ အမြဲတမ်း ယင်းစိတ်ဓာတ်ကိန်းအောင်းနေဖို့ လိုပါမည်။ ခက်ခဲသည့်အခြေအနေများနှင့် စိတ်မသက်မသာ ဖြစ်ရသည့်အခါမျိုးတွေမှာလည်း အဆိုပါ စိတ်ထားကို မွေးမြူနိုင်ဖို့ ကြိုးပမ်းနေရပါမည်။
စိတ်ဓာတ်မှန်ကန်ဖို့ အရေးကြီးဆုံးမှာ တစ်ပါးသူကို ကျရှုံးသွားစေသည်မျိုး၊ သူတစ်ပါး၏ အားနည်းချက် ကို ဖိနှိပ်တာမျိုး၊ ရက်ရက်စက်စက် မထောက်မညှာ လုပ်ပစ်လိုက်သည်မျိုး၊ ချယ်လှယ်ချောက်တွန်းပစ်သည်မျိုး စသည့် လူလူချင်း တုံးခုလှမ်းသည်မျိုး လုံးဝမလုပ်မိစေဖို့ အထူးလိုအပ်လှပါသည်။ မည်သည့်အကြောင်း ကြောင့်ဖြစ်စေ တစ်ပါးသူကို ကိုယ်ချင်းစာတရားထားနိုင်ရမည်။ ကြင်နာတတ်သောစိတ်၊ စဉ်းစဉ်းစားစား ချင့်ချင့် ချိန်ချိနန် လုပ်တတ်သောစိတ်၊ ထိန်းထိန်းသိမ်းသိမ်း သည်းညည်းခံတတ်သောစိတ်၊ လူသားချင်းစာနာတတ် သောစိတ်ဓာတ်များလည်း ရှိထားရမည် ဖြစ်ပါသည်။ ကိုယ်ချင်းစာတရား လက်ကိုင်ထားမှသာ စိတ်သဘော ထား အမှန်ကို ရရှိမည် ဖြစ်ပါသည်။ ခေါင်းဆောင်တွေမှာလည်း ခေါင်းဆောင်များအလျောက် တာဝန်ယူရဲသည့် စိတ်၊ သူတစ်ပါးကို အပြစ်ပုံမချသည့်စိတ်၊ တာဝန်ကို ခွဲဝေပေးနိုင်သည့်စိတ်များလည်း ရှိထားအပ်ပေသည်။
သင်သည်လည်း စိတ်သဘောထားအမှန်သာ ထားနိုင်ခဲ့လျှင် လူတော်ဖြစ်ရုံမကဘဲ လူတတ် တစ်ယောက်လည်း အမှန်တကယ်ဖြစ်လာပေလိမ့်မည်။ ကြင်နာသနားတတ်ရုံသာမက စောင့်စည်းထိန်းသိမ်းမှု လူ့ကျင့်ဝတ်များကိုလည်း နားလည် သိရှိထားရမည် ဖြစ်ပါသည်။ လက်အောက်ငယ်သားများအပေါ် ကြည့်ရှု ထောက်ထားညှာတာတတ်ရုံမက အပေါ်အဆင့်ဆင့်ကိုလလည်း အောင်အောင်မြင်မြင် တက်လှမ်းနိုင်ရန် စိတ် သဘောထားမှန်ရန်သာ လိုပါမည်။ ကိုယ့်ရဲ့စိတ်သဘော မမှန်ကန်ပါက ဘဝတစ်သက်တာလုံး တိုးတက်မှု မရှိဘဲ စိတ်ထားမပြည့်ဝသူအဖြစ်သာ ဖြတ်သန်းသွားရမည် ဖြစ်ပေသည်။ စိတ်ထားမှန်ကန်စွာ ထားရှိပါက မိမိရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ စိတ်နှလုံးကြည်လင်ရွှင်ပျနေပြီး နှစ်လိုဖွယ် ဥပဓိရုပ်ကိုလည်း ထိန်းသိမ်းပိုင်ဆိုင်ထားနိုင်ခြင်း၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုအတွက် ပိုမိုလေ့လာခွင့်များ ရရှိလာနိုင်ခြင်း၊ လုပ်ငန်းမှာလည်း တွယ်ကျယ်စေမည့် နည်းလမ်းများကို ရှာကြံနိုင်ခြင်း၊ အပေါင်းအသင်း ပိုမို ဝင်ဆန့်နိုင်ခြင်း၊ လူချစ်လူခင် ပေါများခြင်း၊ လုပ်ငန်းလုပ်ဆောင်ရာမှာ စိတ်ထားထက်သန်မှုရှိခြင်းနှင့် လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိခြင်းများ ပိုမိုဖြစ်ပေါ်လာမည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။
တကယ်လို့သာ စိတ်သဘောထား မမှန်ကန်ဘဲ အများအပေါ် စိတ်ယုတ်ညံ့မှုသာ ထားရှိခဲ့လျှင်တော့ ယနေ့ မည်မျှပင် ရာထူးကြီးပြီး ပိုင်ဆိုင်မှုများစွာနှင့် ဆက်သက်စားမကုန်အောင် ချမ်းသာနေစေကာမူ နေ့တိုင်း အများသူငှါနဲ့ သဟဇတ မတည့်ခြင်း၊ စိုးရိမ်သောက ဗျာပါဒ ကြောက်ရွံ့တုန်လှုပ်မှုများစွာနှင့် အိပ်မပျော်သော ညပေါင်းများစွာကို ကြုံဆုံခံစားနေကြသူများသာ ဖြစ်ကြမည် ဖြစ်ပါသည်။ လောကရဲ့အလှကို ဖျက်စီးနေကြ သူများထဲတွင် မိမိမပါဝင်နိုင်ရန် ရှောင်ရှားသင့်ပါကြောင်းနှင့် ဘဝကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဖြတ်သန်းနိုင်ကြစေဖို့ တို့အားလုံး စိတ်သဘောထား မှန်ကန်ကြပါစို့နော်။

မနောဖြူလေး
၄.၉.၂၀၁၃

4 comments

  • kyeemite

    September 17, 2013 at 4:07 pm

    ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက
    နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏
    ဆိုသကဲ့သို့ အဖွဲ့အစည်းတစ်ရပ်ကိုဦးဆောင်နေသူ
    ခေါင်းဆောင် ကပို၍ စတ်ထားမှန်ရန်လိုအပ်ပါသည်…
    ခေါင်က မလုံလျှင်တော့ ဆိုဖွယ်ရာမရှိပြီ…
    “ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်” ဟူသောဆောင်ပုဒ်ကို
    ရုံးအချို့တွင်တွေ့ဖူးသည်။ ကျုပ်က ထပ်ဖြည့်ချင်သည်…
    “ခေါင်းဆောင်ကောင်းမှ ဝန်ထမ်းကောင်းမည်”…ဟူလို :loll:

  • ein kyu

    September 17, 2013 at 4:27 pm

    ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုတဲ့စိတ်ဓါတ်တွေ……..ခုခေတ်မှာခေါင်းပါးသွားပါပြီမနောဖြူရေ…။

  • အလင်းဆက်

    September 17, 2013 at 5:59 pm

    ကျွန်တော်က တော့
    ပြဿနာ တစ်ခု ဖြစ်တဲ့အခါတိုင်း
    ငါ့ သ ဘောထား မှားနေသလား လို ့အရင်
    ဆန်းစစ်တတ်ဖို ့
    ကြိုးစားဆဲ။

    အတွေးဆောင်းပါးးကောင်းလေး ဖတ်ရလိုု ့ဝမ်းသာမိပါတယ်
    မမ မနောရေ

  • uncle gyi

    September 18, 2013 at 11:35 pm

    ကျောင်းတုန်းကတော့ရွတ်ခဲ့ရတာပဲဗျ
    မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်

Leave a Reply