သူနှင့်ပါတ်သက်ခဲ့သည့် ချစ်သူသက်တမ်း၄နှစ်ပြည့်ပြီးနောက် ယုံကြည်မှုအပြည့်ဖြင့် ထာဝရလက်တွဲရန်ဆုံးဖြတ်ခဲ့ပြီး၃နှစ်ပြည့်ခါနီးကာလအတွင်း ကျမပြန်လည်ရရှိလိုက်သောအရာသည် သူ၏ရက်စက်လှသော ဥပက္ခာတရားပင်..။ ကျမပေးဆပ်ခဲ့ရသောကာလများတွင် ဤကဲ့သို့ရက်စက်တတ်သောစိတ်ဓါတ်နှင့် သွေးအေးစွာဖြင့်တိတ်တစိတ် ကျမဘေးနားမှထွက်ခွာသွားလိုသောစိတ်သည် မည်သည့်အချိန်ကတည်းကပင် သူ၏စိတ်တွင် ကိန်းအောင်းနေခဲ့သည်ကို ကျမ, မိုက်မဲစွာမသိရှိခဲ့ပေ..။ ကျမ၏ချစ်လှစွာသော “မောင်” ဘဝမှ ကျမ မဟုတ်သောအခြားသူတယောက်နှင့် “ကို” ဟူသောဘဝကို ပျော်ရွှင်စွာပြောင်းလည်းသွားခဲ့သည်..။ မထင်မှတ်သောအချိန် မထင်မှတ်သောနေ့တွင် ကျမ၏ချစ်လှစွာသောခင်ပွန်းသည်မှ ကျမနောက်ကျောကို ဓါးဖြင့်ထိုးခဲ့လေ၏..။ ယုံကြည်စွာပုံအပ်ထားခဲ့သော စိုးစဉ်းမျှပင်မစဉ်းစားမိခဲ့သောအရာတခုအား ကိုယ်တိုင်ကိုကျတွေ့ရှိခဲ့သည်ကိုပင် မိုက်လုံးကြီးစွာဖြင့် မဖြစ်နိုင်ဘူးဟူ၍ မသိစိတ်ဖြင့်ငြင်းပယ်ခဲ့မိသည်..။ သို့သော် ခွင့်လွှတ်ပေးနိုင်ရန်အတွက်လည်း ကျမ၏ ဦးနှောက်က လက်သင့်မခံပြန်..။ ရူးလောက်သောခံစားမှုမျိုးကို မရူးရုံတမယ်သာဖြစ်ခဲ့သည်…။ အတူရှိနေခဲ့သည့် ထိုနှစ်ပေါင်းများစွာအတွက် သံယောဇဉ်တစွန်းတစမှ သူ့ရင်ထဲတွင်ကျန်ရှိမနေအောင် ဖြတ်နိုင်ခဲ့သည့်သူ့ကို ကျမအားကျသည်..။ အမှန်တကယ်တော့ လူသားတယောက်အနေဖြင့် ကိုယ်ချင်းစာတရားမရှိသည့်သူ့အား ကျမ နာကျည်းပါသည်..။

လွန်ခဲ့သော ရနှစ်ကျော်ကာလက မည်သည့်အရာကြောင့်မိဘရင်ခွင်မှခွာ၍ တခြားနေရာသို့ထွက်ခွာခဲ့သလည်းဟု ကိုယ့်ကိုကိုယ်ပြန်မေးမိတိုင်းလည်းရင်နာမိသည်..။ သေချင်တဲ့ကျားတောပြောင်းလို့ပြောရမည်လား တရွာမပြောင်းသူကောင်းမဖြစ်လို့ပြောရမည်လားမသိ.. သေချာတာတခုကတော့ ကျမအတွက် ကျမမျှော်လင့်ထားသော ဘဝတခု ပြိုလဲပျက်စီးခဲ့လေပြီ..။ ဘယ်သူမပြုမိမိမှုတဲ့ ကျမကြောင့်လို့ဘဲ ကိုယ့်ကိုကိုယ်အပြစ်တင်ပါသည်။ ကျမအထိန်းအသိမ်းမတတ် မကိုင်တွယ်မဖြေရှင်းတတ်၍သာဖြစ်မည်…။

စိတ်ချယုံကြည်ပြီး ပျော်ရွှင်နေကြသည့် ကျမမိဘတွေကို မျက်နှာဘယ်လိုပြရမယ်မသိ..။ ခေါင်းမော့ရင်ကော့၍သာ ကျမ၏အောင်မြင်မှုကို အမိအဖတို့အားပြချင်ခဲ့သည်…ခုတော့..။ အမကြီးအားချစ်ခင်ရိုသေကြသော မောင်ငယ် ညီမငယ်များအားလည်း ရှေ့ဆောင်လမ်းပြမလုပ်နိုင်ခဲ့သည့် ကျမကိုကျမ ရှက်မိသည်..။ စိတ်အလိုမကျမှုဖြစ်တိုင်း ဖြေရှင်းပေးခဲ့သည့် ကျမ အကို ကိုလည်းအားနာမိသည်။ အိုအောင်မင်းအောင်ပေါင်းရပါစေလို့ဆုတောင်းပေးခဲ့သည့် တမလွန်ဘဝမှ အဖွားအား ကျမတောင်းပန်ပါသည်..။ ကျမကိုကြည့်၍လေးစားအားကျနေကြသော သူငယ်ချင်းများကိုအားနာသည်..။ ဖြစ်ချင်တာမဖြစ်ရ မဖြစ်ချင်တာဖြစ်ရသည့်ဘဝမှာ ဖြစ်လာတဲ့အရာကိုဘဲအကောင်းဆုံးဖြစ်အောင် ကြိုးစားတော့မည်ဟုပင် ဆုံးဖြတ်ခဲ့ပါသည်..။

ကျမ၏ဘဝကို ချနင်းခဲ့သော “သူ”နှင့် အခြားသူများ၏ဘဝကို ဖျတ်ဆီးခဲ့သော “သူမ”တို့အား ထာဝရစိတ်ချမ်းသာပျော်ရွှင်အောင် ဆုတောင်းပေးချင်ပါသည်..။ ကျမခံစားခဲ့ရသော စိတ်ဒုက္ခမျိုးအား ဝဋ်မလည်စေချင်ပါ..။ ပူလောင်သောစိတ်ခံစားမှုမျိုးသည် ခံစားရသူသာအသိဆုံးဖြစ်ပေသည်..။ ကျမဘဝ၏ မကောင်းလှသော ဆိုးရွားလှသည့် ဝဋ်ကြွေးအား ဒီဘဝ ဒီမျှနှင့်သာ ကျေချင်ပါသည်..။ ဘုရားသွားတိုင်း ကုသိုလ်ပြုတိုင်းလည်း ဆုတောင်းပါသည်..။ ကျန်ရှိနေသေးသော သက်တမ်းအား ကျမတဦးတည်း ကောင်းမွန်စွာလျောက်လှမ်းနိုင်ဖို့အတွက် ကျမအားမွေးရအုံးမည်ပင်..။

ခိုင် (17.09.2013)

 

မှတ်ချက်။             ။ သူငယ်ချင်းတစ်ယောက်ရဲ. အဖြစ်အပျက် ရင်တွင်းဖြစ်လေးပါ….. နင်တို.ဂေဇတ်မှာ တင်ပေးပါဆိုလို… ဒီပို.စ်လေးကို ဖတ်ပြီး လူတိုင်း သစ္စာတရားမြဲနိုင်ကြပါစေ…

About ေရႊတိုက္စိုး

has written 79 post in this Website..