စက်တင်ဘာ ၁၈ ည မိုးကြိုးခသောည ( ရွှေကူမေနှင်း )

တောင်ပေါ်သားSeptember 18, 20131min1184

ဇွန်လမှ စတင်ခဲ့သော ဆန္ဒပြပွဲများသည် ၈.၈.၈၈ တွင် အမြင့်ဆုံး လှိုင်းတံပိုးများ အဖြစ် တစ်နိုင်ငံလုံး အုန်းအုန်းထခဲ့၏။

ဇူလိုင်-ဩဂုတ်လများ၏ မိုးသီးမိုးပေါက်များကြားတွင် ‘ဒို့အရေး’ အော်သံများက မိုးယံ အထိ လွင့်တက်ခဲ့ကြလေသည်။

အဖြူအစိမ်း ကျောင်းသားလေးများ ၊တက္ကသိုလ် ကောလိပ် ကျောင်းသားများ၊ စာပေ အနုပညာ သမားများ၊ စက်ရုံ အလုပ်ရုံများ၊

ရုံးဌာနများနှင့် နောက်ဆုံးကြည်း၊ ရေ၊ လေတပ်များပါ လမ်းပေါ်သို့ ရဲရဲဝင့်ဝင့်ကြွားကြွာ တက်ခဲ့ကြပြီ။

လမ်းဆုံလမ်းခွတိုင်းတွင်  ရဲရဲတောက် ဟောပြောပွဲများက စစ်အာဏာရှင်တို့ ရှုတ်ချတွန်းတုတ်ခဲ့ကြပြီ။

သမ္မတ သုံးဆက်ပြောင်းသွားခဲ့ပြီ။

ရုတ်တရက် ကြည့်လျှင်တော့ ပြည်သူတွေ အောင်ပွဲခံနေပြီဟု ထင်စရာ ရှိလေသည်။

အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကို ပျက်သွားအောင် စွမ်းဆောင်ခဲ့သော ‘ပြည်သူ့အား’ သည် ထက်ရှားခဲ့ပြီ။

သို့သော်….

ရန်သူသည် အကွက်ဆင်နေခြင်းဖြစ်မည်ဟု တွေးတွေးဆဆ ပြောသူများလည်း ရှိပါသည်။ ‘ဟ’ ပေးထားတာဟု နားလည်ကြ၏။

တိုင်းပြည်ကို ၂၆ နှစ်လုံး တုတ်တုတ်မျှ မလှုပ်ရဲအောင် အပေါ်စီးမှ ခွထားသော စစ်အာဏာရှင်သည် ကောက်ကျစ်ဉာဏ်ရှိကြောင်း မသိသည်မဟုတ် ၊ သိကြပါသည်။

သုံးလတိုင်အောင်ငြိမ်ပြီး ကြည့်နေခဲ့ပုံက မုန်တိုင်း မကျမီ ငြိမ်နေခြင်းမျိုးတည်း။

သည်ကြားထဲ လက်နက်သယ်သူက သယ်သည်။ ဝှက်သူက ဝှက်သည်။

ပင်လယ်ဝမှာ အမေရိကန် သင်္ဘောရောက်နေပြီ။ အချက်ပြလျှင် မြန်မာပြည်ကို ဝင်သိမ်းကာ ပြည်သူ့ အစိုးရ အဖြစ် တင်မြောက်ပေးလိမ့်မည်ဟု

မင်းလောင်းမျှော်သူများလည်း ရှိခဲ့သည်။

ရဲကို နိုင်ခြင်းသည် စစ်တပ်ကို နိုင်ခြင်း မဟုတ်မှန်းတွေးမိသူကတော့ ရှားပါလိမ့်မည်။

ဝန်ကြီးချုပ်ဟောင်း ဦးနုက သူသာမူလ အစိုးရ ဖြစ်ကြောင်း ထကြေငြာရာ ပွဲလန့်တုန်း ဖျာခင်းရလားဟု ရှုတ်ချသူတွေရှိသကဲ့သို့

အဲဒီတုန်းက ဝိုင်းထောက်ခံလိုက်ရင်ပြီးရောဟု လွယ်လွယ်ကူကူ မှတ်ချက်ချသူများလည်း ယနေ့တိုင် ရှိဆဲ ဖြစ်၏။

လက်နက်မဲ့ အချင်းချင်း တိုက်ပွဲ၊ လက်နက်ကိုင် အချင်းချင်း တိုက်ပွဲ မဟုတ်ဘဲ၊ လက်နက်မဲ့က လက်နက်ကိုင်ကို ‘စိန်ခေါ်ပွဲ’  ဖြစ်ရာ အတွေ့အကြုံနှင့် အယူအဆပိုင်း

ကွဲပြားမှုများ ရှိသည်မှာသဘာကျ၏။

တိုင်းပြည်ချင်း၊ လူချင်း မတူသဖြင့်  ဘယ်နိုင်ငံကိုမှ နမူနာယူ ပုံတူကူး၍လည်း သေချာပေါက် နိုင်မည်မဟုတ်။

ပွဲက ပုံစံပြောင်းလာပြီ။  ဂိုဒေါင်တွေ ဖောက်ကြသည်။

စစ်တပ်က ဖောက်ပေးသလိုလို သတင်းတွေ ထွက်၏။ သေချာတာက ဂိုဒေါင်တွေ ပွင့်သွားပြီး  ရှိသမျှ ဘယ်သူ ယူယူ ရဲရော တပ်ကပါ

အနှောင့်အယှက် မပေးခြင်း ဖြစ်သည်။

ကြိုက်တာယူ၍ ရပြီဆိုပြီး အိမ်ရှိ လူကုန်ပြေးသည်ကြ၊ ရသမျှနှင့် ရောင်းကြပုံက တိုင်းပြည်ပျက်နေခြင်း၏ သရုပ်စစ် ဖြစ်၏။

ဆေးတက္ကသိုလ်ကို ဖောက်ပြီး ဆေးစာအုုပ်ကြီးများ၊ မှန်ဘီလူးကြီးများ၊ စပ်းသပ် ကိရိယာများကို သယ်ကာ

လမ်းဘေး၌ ၁၀၊ ၁၅ ကျပ်နှင့် ရောင်းနေကြခြင်းကား ပညာမဲ့သူတို့၏ လုပ်ရပ် ဖြစ်သော်လည်း ဒို့လူထုကား ဆင်းရဲသားများကိုး…ဟု ကြည့်နေရုံမှ အပ မတတ်နိုင်။

သတင်းတွေက ဆိုးလာသည်။ ရေပုလင်းထဲ အဆိပ်ထည့်သတဲ့။ လူကို ခေါင်းဖြတ်သတဲ့။

တချို့လမ်းထိပ်မှာ လူ့ခေါင်းပြတ်များ ချိတ်ပြထားသည်ကို မြင်ခဲ့ရသူများက မျက်ကလဲ ဆန်ပျာနှင့် ပြောနေကြပြီ။

ဒါဆိုလျှင် ပွဲကြမ်းတော့မည် ၊ စစ်အာဏာရှင် ‘လက်ဖျောက်တီးနေပြီ’ ဟု မှန်းဆ၍ ရသည်။

သို့သော် …မည်သူမျှ လူထုကို ခေါင်းမဆောင်နိုင်ချေ။ [ လူထုခေါင်းဆောင်၊ ဒီမိုကရေစီ ခေါင်းဆောင်ဆိုသော ပုဂ္ဂိုလ်များ လုံးဝ (လုံးဝ) မရှိခဲ့ပါ။]

တစ်ယောက်တစ်မျိုး ထင်မြင်ယူဆနေရင်း…..

၁၉၈၈ခုနှစ်  စက်တင်ဘာလ ၁၈ ရက်။

စာရေးသူတို့ စာရေးဆရာ တစ်စုသည် မူလ အစီအစဉ်အတိုင်းပင် ကားတစ်စီးဖြင့် စင်ကူးပြီး ဟောနေကြ၏။ စင်တွေမှာ အုပ်စုချင်းဆုံကြ၏။ ပြေးလွှားကူးသန်းပြန်၏။

ထောက်ကြန့်နှင့် ဒေါပုံကိုပင် မမောတမ်း စင်ကူးဟောခဲ့သည်။ တစ်နေကုန် ဘာမှ မစားနိုင်။

ကားပေါ်မှာ အအေးပုလင်းကို နှစ်ယောက်တစ်ပုလင်း သောက်ရ၏။ စီးကရက် တစ်လိပ်ကို တစ်ယောက်တစ်လှည့် ဖွာရ၏။ ဇော..တွေပဲ ခေါင်းထဲမှာ ရှိကြ၏။

ညနေပိုင်း…. သမိုင်း၊ အင်းစိန်လမ်းဘေးရှိ ဘုန်းကြီးကျောင်းဝင်းမှာ ဟောအပြီး၊ အင်းစိန်မှာ လာကြိုမည့် ကားကို စောင့်ရန်၊

လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်စဉ်…..

ဆိုင်ထဲရှိ ရေဒီယိုမှ သီချင်းတွေ ထူးဆန်းနေလေသည်။ စစ်ချီတေးတွေချည်း ဆက်တိုက်ဖွင့်နေ၏။

အနောင်ဇာ၏ ကြားဝင်ကြေငြာမှု မပါပေ။  မြန်မာ့အသံထုံးစံက သီချင်းတစ်ပုဒ်ပြီးတိုင်း အနောင်ဇာက ကြေငြာရမည် ဖြစ်၏။

ယခုတော့ စစ်သီချင်းတွေချည်း Non-Stop ပါကလား။

၄ နာရီခွဲမှာတော့ အနောင်ဇာ မိန်းကလေး အသံအစား၊ ယောက်ျားကြီး တစ်ယောက် အသံပေါ်လာသည်။

သူသည် ထိုစဉ်က လမ်းစဉ်ပါတီ၏ အရေးပါသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။ မြန်မာ့ အသံဝန်ထမ်း (အစီအစဉ်မှူး တစ်ဦး) လည်း ဖြစ်သည်။

‘ ယခုအချိန်မှာစ၍ တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဖြစ်ကြောင်း၊ ညနေ ၆ နာရီ နောက်ဆုံးထား၍ လူစုခွဲကြရန် ဖြစ်ကြောင်း’

စာရေးသူတို့သည် အင်းစိန်ကားကို မစောင့်နို်င်တော့ပါ။

လှည်းတန်း မီးပွိုင့်တွင် ရပ်ကွက် လူငယ်များ၊ စာရေး ဆရာများ၊ ကျောင်းသားများ အစာ ငတ်ခံဆန္ဒပြနေကြသည်။ သူတို့ဆီ ပြန်မှ ဖြစ်မည်။

ကိုယ့်မှာ ပိုက်ဆံ တစ်ပြားမှ မပါချေ။ လှည်းတန်းဘက်မောင်းလာသော ကြုံရာကားကို တောင်းပန်ပြီးစီးရ၏။

လှည်းတန်း မီးပွိုင့်မှာ စည်ကားနေဆဲ။ အစာငတ်ခံသများကို ဟောပြောအားပေးနေကြဆဲ။

တစ်ပြိုင်တည်းမှာပင် လက်နက် အပြည့်အစုံ၊ တပ်သား အပြည့်တင်လာသော စစ်ကားကြီးများက ဆန္ဒပြပွဲကွင်းကို ပတ်၍ မောင်းကြသည်။

သေနတ်မောင်းဖြုတ်တော့မည်ဟု စစ်ကြေငြာခြင်း။ ကွင်းထဲမှာ လူတစ်ချို့ ဆန္ဒပြရပ်ပြီး ထပြန်တာမျိုး ရှိပါသည်။

ရပ်ကွက်လူငယ်များနှင့် ကျောင်းသားများကား သတ်မှတ်ချိန် ည ၁ဝ နာရီအထိ နေမည်ဟု တင်းခံနေကြ၏။

အာဏာ သိမ်းလိုက်ပြီ။ ၆ နာရီဆို ဖြိုခွဲတော့မည်ဟု ပြောသော်လည်း မရ။

ည… မှောင်စပြုလာပြီ။

စာရေးသူ ရပ်ကွက် အတွင်းမှ ကလေး အမေ တစ်ဦးက ‘လုပ်ပါဦး၊ ဘယ်လိုလုပ်ကြမလဲ’ ဟု တိုင်ပင်သည်။

ကိုယ်ကတော့ ဖျောင်းဖျ၍ မရတော့။ ရပ်ကွက်ကျောင်းမှ ဆရာတော်ကို သွားလျှောက်မှပဲ ဟု ဘုန်းကြီးကျောင်းသို့ ပြေးကာ အကျိုး အကြောင်း လျှောက်ရသည်။

က္ကစ္ဆာရာမဆရာတော်သည် ချက်ချင်းပင် လှည်းတန်းမီးပွိုင့်သို့ လိုက်ပါလာ၏။

ဆရာတော်ကို မြင်လျှင် ရပ်ကွက် လူငယ်များ အားလုံး ပုဆစ်ဒူးတုပ် ရှိခိုးကြ၏။ ဆရာတော်က ထွေထွေထူးထူး ဘာမျှ မပြောပါ။

‘ကဲ..ကဲ.. အိမ်ပြန်ရအောင်’ တစ်ခွန်းတည်း မိန့်သည်။

လူငယ်အားလုံး ဆရာတော် နောက်ထလိုက်ကြပါသည်။ ဆန္ဒပြမှုကို ည ၁ဝ နာရီအထိ ဘုန်းကြီးကျောင်းမှာ ဆက်ထိုင်ကြလေသည်။

ထိုည

လှည်းတန်းမီးပွိုင့် ဘေးမခ ရန်မသီရအောင် မိမိဆောင်ရွက်နိုင်ခြင်း အတွက် တစိမ့်စိမ့် ကျေနပ်ရပါသည်။

အခြားနေရာများ၊ မြို့တော်ခန်းမ၊ သံရုံးရှေ့စသည်တို့၌ ညနေ ၆ နာရီ နောက်ပိုင်း လက်နက်သံများ မိုးပြိုခဲ့သည်။

စက်တင်ဘာမိုးက ဖြိုင်ဖြိုင်ရွာ၏။ စစ်အာဏာရှင်၏ လက်နက်မိုးကား ပို၍ ဘဝဂ်ညံခဲ့၏။

နှစ်ရက်၊ သုံးရက် လုံးလုံး….။ အိမ်တံခါးပင် မဖွင့်ရဲ။

မည်းမည်းမြင်တိုင်း ပစ်သည်။ လမ်းထဲဝင်လာကြသော စစ်သားတွေကို အိမ်ထဲမှ လှမ်းမြင်ရနေရသည်။

ကိုယ့်အိမ်ရှေ့မှာ ပက်လက်ကုလားထိုင်နှင့် ထိုင်နေသောလူကို လှမ်း၍ ပစ်သွားသည်။

လမ်းထိပ်ထွက်ကြည့်သောကလေး သေနတ်မှန်၍ ပြေးလာသည်။

လှည်းတန်း မီးရထား ခုံးတံတားမှာ ဝမ်းရေး အတွက်  ဈေးရောင်းနေသူ ပဲပင်ပေါက် ပဲပြားသည်ကို အထမ်းကြီးနှင့် သွားနေဆဲ ပစ်လိုက်တာ ပွဲချင်းပြီးပါပဲ။

‘စစ်ဦး ဘီလူး’ ဆိုသော စကား အတိုင်း၊ စစ်အာဏာရှင်သည် လမ်းပေါ်မှာ လူဟူ၍ တစ်ယောက်မှ မရှိစေရ..ဟု အမိန့်ထားခဲ့ပုံရသည်။

ဟုတ်ကဲ့။  လမ်းပေါ်မှာ လူတစ်ယောက်မှ မရှိတော့ပါ။

မိုးရေထဲမှာတော့ သွေးတွေရောနေဆဲ… ပြီးတော့ ….ထူးဆန်းလှသည်။

ဘယ်သူမှ လမ်းပေါ် မထွက်ဘဲနှင့်…

ညဉ့်အချိန်… ညဉ့်နက်ပိုင်း အချိန်…

လမ်းမဘက်က အသံတွေ ကြားနေရလေသည်။

‘ဒို့အရေး…ဒို့အရေး…’

လူအုပ်ကြီး တစ်အုပ်၏ အသံပါ။ ချီတက်ရင်း ကြွေးကြော်သွားကြသံပါ။

ကိုယ်ပဲ စိတ်ထဲထင်နေတာများလား။ တကယ်လား၊

မဟုတ်ပေ။

လူတော်တော်များများ ထိုအသံကို ကြားရကြောင်း ပြန်ပြောကြသည်။

လူ….မရှိပေမယ့်…လူ့ဝိညာဉ်များသည်… လမ်းမများပေါ်၌ လျှောက်သွားကာ မရပ်မနား အော်ခဲ့ကြပေတာပဲ….ဟု ၊

ဂမ္ဘီရဆိုသော ထူးထူးဆန်းဆန်း အဖြစ်ကို အမှန်တကယ် ကြားခဲ့ရသည်ကိုတော့ သစ္စာရေ သောက်ပြီး ပြောရဲပါသည်။

ဒါကြောင့်လည်း…

နှစ်တွေ ဘယ်လောက်ကြာကြာ..

မိုးကြိုးခသော ညကို မမေ့နိုင်ခြင်းပါ။

မမေ့နိုင်သည်နှင့် အတူ ထိုကဲ့သို့ ရက်စက် ကြမ်းကြုတ်၊ လူမဆန်သော စစ်အာဏာရှင်မျိုးကို

မိမိတို့ မြေကမ္ဘာပေါ်တွင် ( မည်သည့် နိုင်ငံမှာ ဖြစ်စေ) လုံးဝ ပျောက်ကွယ်သွားအောင် ၊ ကမ္ဘာသူကမ္ဘာသားတိုင်းက ချေမှုန်းရန် တာဝန်ရှိပေသည်။

4 comments

  • KZ

    September 18, 2013 at 2:10 pm

    ခုချိန်ထိ စက်ကွင်းက မလွတ်သေးးး
    🙁

  • ဦးကြောင်ကြီး

    September 19, 2013 at 8:36 am

    လက်သီးလက်မောင်းတန်း ဆံဒပြဒုံးဂပြပီး အဲဒီနေ့နောက်ပိုင်းကြဒေါ့ ကြံဖွတ်အသင်း မြို့နယ် ခရိုင်၊တိုင်း အလုပ်မှုဇောင်၊ အတွင်းရေးမှူး ဖြစ်သွားသူ များဇွာရှိ၏…
    ထိုနေ့ဂ ဆံဒပြပီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ခွေးပြေးဝက်ပြေး မြောင်းကြိုမြောင်းကြား ခုန်ဆင်းထွက်ပြေးဂါ ဘွနောင်ရေး မျှော်တွေးလျက် ဒီအက်စ်အေတက် စစ်ဗိုလ်ဖြစ်သွားသူ နောင်ဒေါ်အချို့ဂိုလဲ တွေ့ဗူး၏..
    မနိုင်မှန်းသိလျက်နှင့် ယုံကြည်ချက်အတွက် ကိုယ်ဂျိုးစွန့်သွားသူ သူရဲဂေါင်းများစွာလည်း ထွက်ပေါ်ဂဲ့၏…
    နိုင်ငံရေးလုပ်လျင် ပါးနပ်ရသည်ဆိုဂါ ကြောက်ဆိတ်ဖုံးဖိလျက် ထမင်းတလုပ်အတွက် ရူးဂျင်ယောင်ဆောင်သူ ထောင်သောင်းမက ရှိဗျံ၏….
    လက်မစား ကြွေးကြော်လျက် အရပ်သားများဂို ဖိနှိပ်ကာ ဂေါင်းမှာခြေဆုံး အကောင်လိုက်စားသော ခါးဂျားဗျောက်ချိတ် အစိမ်းရောင်ဝတ် ကိုယ်ဒေါ်ဂျီး ကိုယ်ဒေါ်လေးများ တိုက်ဆောက်ကားစီး ချမ်းသာကုန်၏…
    မဆလခေတ်က ပါတီဝင်ခွင့် မရသူ ဂျလေဗီများ စစ်တပ်ခေတ်တွေ ရဝတ၊ ရအဖ၊ ကြံဖွတ်များဖြစ်ကုန် နေရာရကုန်၏..၊ ခေတ်ပျက်သူဌေးများစွာ ပေါ်ထွက်ကုန်၏..
    ————– —————— —————— ————- ———— ———— ———
    ဇက်ပေါင်းသော် ဖြစ်လာဒိုင်း ဂေါင်းဇောင်များဂို လွှဲချ၍ အနိမ့်ဆုံးအဆင့် တာဝံမကျေပြွန်သူ ဆန်ကုန်မြေလေး ငါ့တဘို့သမား သန်းပေါင်းများစွာ နှစ်ပေါင်းအဆိတ် စစ်ကျွန်ခံဆပ် ရလေဒေါ့သဒီး..

  • kyeemite

    September 19, 2013 at 8:58 am

    စက်တင်ဘာလ ၁၈ ရက်၊ စစ်အာဏာသိမ်းပွဲ နှစ်ပါတ်လည် အမှတ်တရ
    ဆရာမကြီး၏ စာလေးအားတင်ပေးသည့် ကိုမျိုးသန့်အာကျေးဇူးတင်ပါကြောင်းဗျာ..

  • အလင်းဆက်

    September 19, 2013 at 10:18 am

    အဟန့် အဟန့်
    ဒီ အဖြစ်အပျက်က
    သားသား အသက် တစ်နှစ့်ပြည့်တဲ့ နေ ့ကပေါ့

    :kwi:

Leave a Reply