အသံတိတ်ရုပ်ရှင်

မတရားသဖြင့် သူ့ပစ္စည်းကိုရယူလိုခြင်း ဟု သူတကာတွေ သမုတ်ကြမည်ဆိုလျှင် လက်ဆယ်ဖြာဦးထိပ်ပန်ဆင်ပြီး ကျွန်မ တိုင်တည်ပြောဆိုရဲပါ၏။ အကျိုးလိုသဖြင့်ညောင်ရေလောင်းခဲ့သည်ဟု ထင်မြင်ခြင်းသည် ကျွန်မကိုယ်တိုင်ထိခိုက်ခံခဲ့ခြင်းမှ လွဲ၍ သူတစ်ထူးအား ထိခိုက်စေခဲ့ခြင်းငှာ အလျဉ်းမရှိခဲ့ပါ။ ကျွန်မ၏ ရင်မှဖြစ်သော သားရတနာအတွက် ရည်ရွယ်၍  ကာယကံမြောက်၊ မနောကံမြောက် ပြုလုပ်ခဲ့ခြင်းသည် အနှိုင်းမဲ့ဖြစ်သော မိခင်တစ်ယောက်၏ မေတ္တာတရားကြောင့်သည်ကား အတည်ဖြစ်သည်။

~~~~~~

            အချိန်အားဖြင့် သုံးနှစ်ရှိခဲ့ပြီ။ သည်တိုက်ကြီးရှေ့ကနေဖြတ်သွားရတိုင်း လှည့်၍ပင်မကြည့်ဖြစ်ခဲ့ချေ။ မျက်စိသည် ရှေ့တူရှုကိုကြည့်၍ ကျွန်မလမ်း ကျွန်မဖြောင့်အောင်သွားခဲ့သည်။ လမ်းသည် အကွေ့အကောက်နှင့် ရှိတတ်ကြသည်မှန်သော်လည်း ဖြောင့်စင်းသည့်လမ်းကိုသာ ကျွန်မကြိုက်သည်။ သို့သော် လမ်းချိုးလမ်းကွေးလေးထဲသို့ ကျွန်မ ပြန်လျှောက်ရလိမ့်မည်ဟု အကြောင်းဖန်လာသည်။ ထိုအကြောင်းဖန်လာသူကိုပင် ကျွန်မ ဒေါသနှင့် နေ့စဉ် ဖရုဿာဝါစာတွေ ရွတ်ဖတ်သရဇယ်နေခဲ့သေးသည်။

ကမာ္ဘ့ရန်ဟု စာဖွဲ့လျှင်ရလောက်သည် ကျွန်မတို့နှစ်ဦး၏ သွင်ပြင်ကို ကြားဝင်စေ့စပ်ဖို့ကြိုးစားနေခြင်းမှာ ကျွန်မ၏ အိမ်ဦးနတ်ဖြစ်သည်။ ထိုနတ်သည် အခါမလပ်ပူဇော်ပသနေရသောနတ်ဖြစ်နေသည်။ အတွင်းသုံးဆယ့်ခွန် အပြင်သုံးဆယ့်ခွန်ထဲတွင်မပါသော်လည်း ကိုကြီးကျော်လည်း ပူးချင်ပူးသည့် နတ်ဝင်ကစွပ်ဖြစ်သည်။ နေ့စဉ် မြန်မာရမ်တစ်လုံး စီပီကြက်ကင် တစ်ခြမ်းနှင့် တင်ပလ္လင်ချိတ်ကာ မြိန့်မြိန့်ကြီး ထိုင်ကာ တစ်ပက်ပြီး တစ်ပက် မှီဝဲနေခြင်းကိုက ကျွန်မ၏ အိမ်ဦးနတ်ဘဝ ဖြစ်သည်။

ထိုနတ်ကိုပင် အိမ်ကအထွက်တစ်ကြိမ်၊ အိမ်သို့အဝင်တစ်ကြိမ် မကြားဝံ့မနာသာ စကားတွေနှင့် မည်သို့ပင် ပက်ကျဲ ပက်ကျဲ အစေ့က အပင်မပေါက်သည့် အမျိုးဖြစ်သည်။ မျိုးစေ့မမှန် ပင်မသန်ဆိုသည့်စကားဖြင့် ကိုင်ပေါက်ရမည်ဆိုလျှင် ဓါးတပြတ် ဒုတ်တပြတ်နှင့် ခုနှစ်အိမ်ကျော် ရှစ်အိမ်ကကြားမည့် မြန်မာရိုးရာ လင်မယားရန်ဖြစ်သံတွေ ကြားရတော့မည်။

တစ်ခုက ဆိတ်ငြိမ်ပါသည့်ဆိုသည့် ရပ်ကွက်ဖြစ်နေသည်မို့ ကိုယ့်ဇာတ်နှင့်ကိုယ် နိုင်အောင်ကခါ အသံတိတ်ခေတ်ရုပ်ရှင်တွေလို ဖြူဖြူနှင့်မည်းမည်း တိုးတိတ်စွာ ခံစားနေသည်က အခက်တွေ့စရာကောင်းသည်။ ကျွန်မအတွက် သစ်ဆွေးတုံးနှင့်မခြားသော လင်တော်အိမ်ဦးနတ်သည် ဆွေးတထက်မြေ့လာသည်မှာ နှစ်နှစ်ရှိပြီ။ ရကာစ ငနွားနှင့်များတော့ ခိုင်းရက်စရာပင်မရှိတော့။ ထိုသို့ငနွားဟု ခိုင်းနှိုင်းလျှင် ယောကျာ်းတွေ ဆတ်ဆတ်ထိမခံနိုင်စွာ အနာပေါ်ဒုတ်ကျသကဲ့သို့ တွန့်လိမ့်နေတတ်သည်။ ကျွန်မ မှတ်မိသည် ။ ကျွန်မလက်ထဲသို့ ရော့အသပြာဟု ကြည်ကြည်ဖြူဖြူ အပ်ခဲ့ဖူးခဲ့ချိန်သည် တစ်နှစ်ပင်မပြည့်။ ထိုသည်ပင် ပြောစရာစကား အိမ်ဦးနတ် ပြောကြားသည်က

“ငါရှာကျွေးထားတာ လည်ပင်းခြေမနဲ့ကော်ထုတ်တောင် အတုံးလိုက်ထွက်ကြဦးမယ်။ မင်း ဘယ်နှစ်ပြားရှာနိုင်လို့လဲ “ ဟူ၏။

မိန်းမတွေငွေမရှာနိုင်ဘူး ဟုသည့်စကားသည် စော်ကားရာကျသည်ဟု ကျွန်မကတွေးသည်။ လင်တော်အိမ်ဦးနတ်သည်ပင် ထိုစကားပြောပြီး ဦးခေါင်းပင်မထောင်နိုင်တော့သည်မှာ ခုဆိုကြာခဲ့ပြီ။ တစ်ခါတစ်ခါ မူးလွန်းမက မူးလာခဲ့ပြီဆိုလျှင်

“အသုံးမကျတဲ့မိန်းမ ငါခုလိုဖြစ်နေတာ မင်းကြောင့် “ ဆိုပြီး ရစ်သည်။ ထိုအခါမျိုးတွင် ကျွန်မက ရင်ထဲမှာ နာခဲ့ရသော အနာများကို အပ်နှင့်ပြန်ဆွနေသကဲ့သို့ နာကျင်လှပြီး ရင်ခွင်တံခါး စေ့ထားသည်ကို ဝုန်းခနဲဖွင့်ချလိုက်သည်။

“ဒီမယ် ကိုထွန်းရှိန် အသုံးမကျတဲ့မိန်းမတစ်ယောက်ရှာကျွေးနေတာကို ရှင်ထိုင်စားနေတာ နှစ်နှစ်ရှိပြီ။ ပြီးခဲ့တာတွေကို ချေးခြောက်ရေနူးနေမယ်ဆိုရင် ကျွန်မ မလဲ ဒဏ်ရာက အကင်းသေသေးတာ မဟုတ်ဘူးနော်။ ကျွန်မ ဘယ်လောက်ထိ အစွဲကြီးတယ်ဆိုတာရှင်သိမယ်ဆိုရင် ရှင်ရဲ့ လက်ပြန်တစ်ချက်ရယ် ရှင့်အမေရဲ့ လက်ဝါးတစ်ချက်ရယ် ခုထက်ထိ ကျွန်မပါးမှာ ပူနေသေးတယ်ဆိုတာမမေ့နဲ့။ “

“မင်းမိုက်ရိုင်းခဲ့တာက ငါ့အမေထက်ပိုတယ်ကွ“

သားတွေအမေကို ချစ်တယ်ဆိုတာ ကျွန်မ ယုံပါသည်။ အမေတွေကလည်း သားတွေကို ပိုချစ်သည်ကို အကြွင်းမဲ့ ယုံပါသည်။ သို့သော် အတ္တဆန်လာသော မေတ္တာတရားအတွက် ကျွန်မ နားမလည်ပေးနိုင်ချေ။ ကျွန်မ မိုက်ရိုင်းခဲ့ခြင်းသည် မည်သည့်အကြောင်းမှ ဆင်းသက်လာသည်ကို လင်တော် အိမ်ဦးနတ်သိစေချင်လွန်းလှ၏။

တဆတ်ဆတ်နာကျင်နေသော နှလုံးပြင်ဝယ် ညနေခင်းတစ်ခု၏ ပုံရိပ်သည် ရေးရေးထင်လာသည်။ ထိုသည့်ပင် ကျွန်မဘဝတစ်ခြမ်း၏ အသံတိတ်ရုပ်ရှင်ကားဖြစ်သည်။

(၂)

ကျွန်မယုံကြည်ထားသောအချက်သည် မှားကောင်းမှားနိုင်သော်လည်း ကျွန်မအတွက်မူ ဤအချက်သည် မှန်ကန်ခဲ့သည်။ ထိုအချက်မှာ ယောကျာ်းသားများသည် မိန်းမတစ်ယောက်၏ဘဝကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်းမရှိ ဟူသည် အချက်ဖြစ်သည်။ မိန်းမတစ်ယောက် အားကိုးရသည့်ယောကျာ်းသည် မည်သို့နည်းဟု မေးလာလျှင် ကျွန်မမှာ စံနှုန်းတွေမရှိ။ တစ်ခုတော့ရှိသည့် ကိုယ်သိပ်ချစ်သည့်မိန်းမတစ်ယောက်၏ စိတ်ကိုတော့ နားလည်နိုင်စွမ်းရှိရန်လိုသည်။ ခု ကျွန်မ၏ လင်တော် ကျွန်မကို ဘယ်လောက်နားလည်သလဲဆိုသည့်အဆုံးအဖြတ်ကို ကျွန်မသိသွားပြီ။

ထိုအခါ ယူကြုံးမရခြင်းဆိုသည့် နောင်တတွေအဖြစ်ခံစားရသော်လည်း ကျွန်မတို့အတွက် ခဲတံနှင့်ရေးခဲ့သော အိမ်ထောင်ရေး မဟုတ်သည်မို့ ခဲဖျက်နှင့်ဖျက်၍မရတော့ပါ။ သံယောဇဉ်သည် ချီနှောင်ပြီးပြီ။ လင်ကုန်မယား နှစ်ယောက်ထဲဆိုလျှင် ဆုံးဖြတ်ချက်က ပြောင်းနိုင်သေးသော်လည်း တကယ့်လက်တွေ့တွင် ထောက်ရှုရမည့် အကြောင်းတွေများလှသည်။ ကျွန်မ မကျေနပ်ခြင်းသည် ခေါင်းစဉ်တပ်မရသော အကြောင်းတွေ ကြောင့် ကျွန်မတို့ မိန်းမသားတွေ တွေဝေနေခဲ့ခြင်းကိုဖြစ်သည်။

အိမ်ထောင်ကွဲလျှင် ယောကျာ်းတွေမရှုံးဘူးဟု ဆိုခြင်းသည် ကျွန်မတို့မိန်းမသားတွေကိုသက်သက်စော်ကား ခြင်းဖြစ်သည်။ မိန်းမတစ်ယောက်၏ အချစ်၊ ဘဝ၊ ခံစားချက်ကို နားမလည်သည့်အထဲတွင် ယောကျာ်းတွေက ထိပ်ဆုံးကပါသည်။

ကျွန်မက ဘဝချင်းလဲလို့ရလျှင် ခဏလောက်လဲကြည့်ရအောင်ဆိုပြီး ယောကျာ်းတွေကိုပြောရင် မည်သူက ချက်ချင်းလဲမည်ဟု ပြောလာမည်လဲ။ သေချာသည်ကတော့ ခေါင်းကလေးခါကာ မျက်ကွယ်ပြုသွားကြမည်သာ။ ဒါသည်ပင် ကျွန်မ၏ အသံတိတ်ရုပ်ရှင်တွေထဲက အခန်းပင် ဖြစ်၏။

ကျွန်မ၏ အသံတိတ်ရုပ်ရှင်တွေထဲက တစ်ခန်းကို ကျွန်မ ချပြဖြစ်တော့မည့် နေ့သည် အနည်းငယ်တော့ အုံ့မှိုင်းလျှက်ရှိသည်။ ကိုထွန်းရှိန်နှင့်ရပြီး အဲသည်တိုက်ကြီး ပေါ်စရောက်ခဲ့သော ညနေခင်းများနှင့် နေ့စဉ်ဖြတ်သန်းလာခဲ့ရသော ချွေးမတစ်ယောက်၏ မီးဖိုခန်းဝင် ဇာတ်အိမ်များ။

ဆားပေါ့ ဆီများ သည်ဟု ရှေးမဆွကတည်းက ယောက္ခမတွေ ချွေးမတွေအပေါ်ဆိုခဲ့ဖူးသည် ဖန်တရာတေ အပြစ်တင်ခန်းများ ။ လူသားချင်းအတူတူ လိင်အမျိုးအစားကွဲပြားရုံ၊ ဆင်းသက်လာသော မျိုးရိုးဗီဇကွဲပြားရုံလောက်နှင့် လူလူချင်းထပ်ကြည့်ခြင်းမှာ မတူမတန်ဘူးဟု တဖွဖွ သုံးနှုန်းခဲ့ခြင်းများ စသည်များကို ကျွန်မ ချပြဖြစ်မည့်နေ့။

ရုပ်ရှင်တွင် ဇာတ်နာခြင်းသည် ဒါရိုက်တာမှ အဓိကဇာတ်ကောင်ကို ဇာတ်သိမ်းခန်းရောက်ခါနီးမှ အပျော်လေးတွေနှင့် ပြန်ဖြည်ပေး၍ရသည်။ ကျွန်မက ထိုသို့အဖြည်မပါ။

ကိုထွန်းရှိန်နားမလည်သော အိမ်ထောင်ရှင်မတစ်ယောက်၏စိတ်ခံစားချက်ကို ကျွန်မ ထွက်ပေါက်ရှာမိခြင်းက အမှန်ဟူ မှတ်တမ်းမတင်ခဲ့ရချေ။ ယနေ့ခေတ်မှာ မိန်းမတစ်ယောက်အိမ်မီးဖိုချောင်ဝင်ပြီး အချိန်ကုန်ခံ၍မဖြစ်။ ထမင်းချက်သော လက်ဖြင့် စာရင်းတွက်ပြီး ဘဝကို ရုန်းမည်။ အေးအတူ အပူအမျှ ၊ မောင်တထမ်းမယ်တရွက်ဆိုသည့် စကားတွေအတိုင်း ကျွန်မ အလုပ်လုပ်ပါသည်။ ထိုအလုပ်သည်ပင် ယောက္ခမနှင့် ပြိုင်ဆိုင်သည်ဟု အထင်ခံရခြင်းကိုနားမလည်။

လောကတွင် သမုဒ္ဒရာရေကိုကုန်အောင် သောက်နိုင် သူရှားပါသည်။ ကိုယ်သောက်သည့်ရေ သူမသောက်ရဆိုသည့် လူထဲတွင် ယောက္ခမပါသည်။ သို့နှင့် ကုန်အရောင်းအဝယ်လေးကိုအကြောင်းပြုပြီး မိုးမီးလောင်ခဲ့သော ညနေခင်းသည် ထိုတိုက်ကြီးပေါ်က ကျွန်မအောင်မြင်စွာ ဆုတ်ခွာခဲ့သော နေဖြစ်သည်ဟု ကျွန်မပြောနိုင်သွားသည်။

အိမ်ပေါ်မှမောင်းချလိုက်သည့် ချွေးမတစ်ယောက်ဟု မည်မျှပင်ပြောပြော ကျွန်မ ထိုနေ့ညနေခင်းက ပြူမူခဲ့သော အပြူအမူတွေအတွက်တော့ ပညာတတ်မိန်းမတစ်ယောက်က ထိုကဲ့သို့လုပ်ခြင်းသည် မဖြစ်တန်ရာဟု ကဲ့ရဲ့စရာဖြစ်၏။ ပြီးတော့ ထိုတိုက်ပေါ်မှ ကိုထွန်းရှိန်ပါ ပါလာသည့်အတွက် သားတစ်ယောက်ကို ပိုင်သာ ပိုင်သည့် မဆိုင်နိုင်ရှာတော့သည့် ယောက္ခမ၏ ခံစားချက်ကို အလဲထိုးနိုင်ခဲ့သည်။

ထိုခဏလေးတွင် အချစ်သည် အင်အားကြီးကြောင်းတွေ့ရသည်။ သို့သော် ကျွန်မ ယုံမှားသံသယရှိသည်။ ထိုသည်က ယောကျာ်းတစ်ယောက် မိန်းမတစ်ယောက်အပေါ် ချစ်ခြင်းသည် ကာမဂုဏ်ခံစားရန်အတွက် ဦးစားပေး ပထမများဖြစ်နေမလားဟု။ အဘယ့်ကြောင့်ဆိုသော် ကျွန်မအပေါ် ကိုထွန်းရှိန် ကောင်းကောင်းနားမလည်သေးပါပဲနှင့် ကျွန်မနှင့် အတူ အိမ်ပေါ်မှ လိုက်ဆင်းရဲသည့် သတိ္တသည် အချစ်အတွက် သီးသန့်ဖြစ်နေသည်ဟုသာ နားလည်သောကြောင့်ဖြစ်သည်။

ထိုသည်ပင် တဏှာမပါသော ချစ်ခြင်းဟု ပြောနိုင်ပါမည်လား။

 

(၃)

သည်တွင် ဘဝသည် ခက်ခဲလာသည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရစတမ်းဆိုလျှင် ကိုထွန်းရှိန်က မရပ်နိုင်ခဲ့သော ယောကျာ်းတစ်ယောက်။

ယောက္ခမအိမ်မှာတုန်းက အရန်သင့် ကားတက်မောင်းပြီး ငွေအပ်နိုင်ခဲ့ခြင်းကို ပုံပြင်အဖြစ်သာပြောနိုင်တော့သည်။ နောက်တော့ မကင်းနိုင်သော အရက်ဘီယာ၊ ဆေးလိပ်၊ကွမ်းနှင့် နှစ်ပါးသွားကခဲ့သော နေ့ရက်များ။တစ်ခါတစ်ခါပြောပါသည်။

“ရှင့်ဝင်ငွေ မရှိတော့ဘူးဆိုတာလည်း သတိရဦး ကိုထွန်းရှိန်။ ကျွန်မ ပွဲစားလုပ်တယ်ဆိုတာ ငတ်တလှည့် ပြတ်သလှည့် ဆိုတာလည်းနားလည်ဦးမှပေါ့။ “

“ဟ ငါက နားလည်တယ် နားမလည်တာက မင်းကွ။ ငါ့အမေနဲ့တည့်အောင်နေရင် ငါတို့ခုလို ရုန်းကန်နေစရာကိုမလိုဘူး“

“ရှင်တော်တော်အသုံးမကျတဲ့ယောကျာ်းပဲ။“

“ဘာကွ“

ခပ်ထေ့ထေ့လေးပြုံးရင်း  ကျွန်မ ကိုထွန်းရှိန်ကိုကြည့်သည်။

“ရှင်အမေ့အိမ်မှာ ကျွန်မက ရှင့်အမေနဲ့တည့်အောင်နေပြီး သည်းခံနေရမယ်ပေါ့။ဟုတ်လား။ ပြီးတော့ ရှင်က ကားမောင်းလို့ရတဲ့ငွေကို ကျွန်မကို တစ်ဝက်အပ် ဒါပဲလား။ ဘယ်မလဲ ရှင့်ရပ်တည်ချက်။ အမေကြိုးဆွဲမှကတတ်မယ့် ယောကျာ်းတစ်ယောက်ကို ယူပြီး ကျွန်မနောက်ထပ် ကြိုးအဆွဲမခံနိုင်ဘူး။ ပြီးတော့ ဘာလဲ လူလူချင်း ဘာတွေကွာသွားလို့ ကျွန်မကို သဘောမတူ မကြည်ဖြူတာက ဘာသဘောလဲ။ နူနေသလား။ ကန်းနေသလား။ ဝဲစွဲနေသလား။ ဝေးပါသေးတယ်။ ကျွန်မတို့မျိုးရိုးက အချမ်းသာကြီးမဟုတ်ရင်တောင် လူတန်းစေ့နေနိုင်လာခဲ့တာ။ ပြီးတော့ ရှင်ကရော ကျွန်မကို ရှင့်အမေအိမ်မှာပဲ နေ အမေ့အလုပ်ပဲလုပ်ပြီး ဘောင်ကျဉ်းကျဉ်းလေးထဲမှာ လသာစေချင်တာလား။ ရှင်ယူထားတာ နုံအအ မိန်းမတစ်ယောက်မဟုတ်ဘူး။ ပြောဦးမယ် ကျွန်မ မိုက်ရိုင်းတယ်လို့ “

“မဟုတ်လို့လား မင်းလုပ်ခဲ့ပုံက ဟုတ်ခဲ့လို့လား။ ပညာတတ်မိန်းမတစ်ယောက် လုပ်ရမယ့်အပြုအမူလား“

“ဒါဆို ရှင့်အမေနဲ့ရှင်တို့ညီအစ်ကိုတွေကရော မိန်းမတစ်ယောက်ကို ယုတ်ညံ့တဲ့အပြုအမူတွေနဲ့ ဘာလို့လုပ်ခဲ့ကြတာလဲ။ တရားသလား၊ မတရားဘူးလားဆိုတာ ဉာဏ်မရှိလို့မတွေးနိုင်တာပေါ့။ ကျွန်မဆိုတဲ့ ခင်ခင်သန့်ကလည်း ဉာဏ်မရှိသူကို  ယုတ်ညံစွာ ဆက်ဆံပြလိုက်တာကလည်း မမှားပါဘူး။ မှားခဲ့တယ် ငရဲကြီးမယ်ဆိုလည်း လာမယ့်ဘေး ပြေးတွေ့လိုက်ရုံပဲ။ ရှင်ရော အဲဒီလို သတိ္တရှိလို့လား။ လာမယ့်ဘေးမပြောနဲ့ အခက်အခဲလေးတစ်ခုတွေ့တာတောင် ဒူးတုန်နေတဲ့ ယောကျာ်း“

“ဟာကွာ…..မင်း“

“ရိုက်လိုက်လေ အားနွဲ့သူဆိုတာကို ရှင် သိပ်စာနာခဲ့တယ်လို့ပြောခဲ့တဲ့စကားကို ကျွန်မ ခုထက်ထိမှတ်မိနေတယ် ကိုထွန်းရှိန်“

“တောက်“

ကျယ်လောင်ပါသည်။ သို့သော် အိမ်တော့ ဟိန်းမသွား။ အဲသည်အိမ်ဦးနတ်မှာ အောင်မြင်သော အသံတွေမှ မရှိတော့ပဲ။ တိုးလျသော အသံ၊ ဖောရောင်နေသော မျက်နာ ခြေလက်တို့နှင့် အသူရာသည်သာ အိုအေစစ် စစ်စစ်ဖြစ်သည်ဟု ကိုထွန်းရှိန်လက်ခံသွားခဲ့ပြီပဲ။

ဟော ခုတော့ အိပ်ယာထဲလဲပြီ။ ကျွန်မလက်ထဲမှာလည်း ဆေးကုသရ စားစရိတ်ရှာရနှင့် မီးတောက်ခဲ့ပြီ။ လင်တော်အိမ်ဦးနတ် သည်တောင်ကိုမကျော်နိုင်ဟု တထစ်ချယုံကြည်မိသည်။ အိမ်ဦးနတ်မရှိတော့ဘူးဆိုလျှင် မည်ကဲ့သို့ခရီးဆက်ရမည်ကို  တွေးမိတော့လည်း ရင်လေးရသည်။ မွေးခါနီးဖွားခါနီး သားသည်အမေ မိန်းမတစ်ယောက်အတွက် အားငယ်ချိန်သည် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာခဲ့ပြီ။ ကျွန်မမေမေမှာလည်း သတင်းတွေကြားရဲ့ထင် ပေါက်ချလာသည်။

ကိုထွန်းရှိန်၏ အခြေအနေကိုကြည့်ပြီး အမေ အားမရမှန်းမျက်နာရိပ်မျက်နာကဲကိုကြည့်ရုံနှင့် ကျွန်မသိသည်။ ပြီးတော့ အမေက

“သမီး အမေတစ်ခုပြောချင်တယ်“

“ဟုတ်ကဲ့ အမေ“

“သမီးယောကျာ်းကြည့်ရတာ မဟန်ဘူး။ ဒီတော့ သမီးယောက္ခအိမ်ပြန်တက်ပါ“

“ရှင် အမေ ဘယ်လိုပြောလိုက်တာလဲ။ အဲဒီအိမ်ကို သမီးဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပြန်တက်မှာမဟုတ်ဘူး ။ သမီးဆုံးဖြတ်ထားတယ်။ သမီးတို့ဘယ်လိုဖြစ်ခဲ့ကြ“

“အမေသိတယ် သမီးမှားတယ်လို့အမေကတော့ ပြောမယ်။ လူကြီးနဲ့လူငယ်မှာ လူငယ်က စိတ်လိုက်မာန်ပါလုပ်ခဲ့ရင် ကိုယ်ပဲအပြစ်ရတာပေါ့သမီး။ ဒီမယ် ခု သူ့မြေးနှစ်ယောက် သမီးဆီမှာရှိတယ်။ ခု အသည်းအသန်ဖြစ်နေတာ သူ့သား။ ဘယ်လိုပဲဖြစ်ဖြစ် မျိုးဆက်တစ်ဆက်ဆိုတာ အဆက်ဖြတ်ထားရင်သာရမယ်။ မေ့ပစ်လိုက်ဖို့တော့မဖြစ်နိုင်ဘူး။ မျိုးရိုးတိမ်ကောတယ်လို့မရှိဘူး။ နောက်တစ်ခုက အမွေ။“

အမွေ။ အမေ ဘာသဘောနှင့် အမွေကိုထည့်ပြောလာရသနည်း။ လောကမှာ မက်မော တွယ်တာစရာတွေများသည့် အထဲတွင် အမေက အမွေကိုထည့်တွက်သတဲ့လား။ နဂိုက အမြင်စောင်းနေရသည့်ကြားထဲ အမေက အမွေကိစ္စကိုထည့်ပြောလာသဖြင့် ကျွန်မက ချက်ချင်းဆိုသလိုပင်။

“ဘာအမွေလဲ။ သမီးမလိုချင်ပါဘူး။ အဲဒါတွေမက်လို့ သူ့သားကိုယူတာလို့တောင် သူက စွပ်စွဲထားတာ ။ အမေရယ် ဘယ်လိုမှမဖြစ်ပါဘူး ။ ပြန်မတက်နိုင်ပါဘူး။ သူ့အရိပ်အောက်မှာ သမီးက ဘယ်လိုမျက်နှာနဲ့ပြန်ဝင်ရမှာလဲ ။ မဖြစ်နိုင်တာ“

အမေက ပြုံးသည်။ လက်ဖက်ကလေးတစ်ဇွန်းကိုတောင်ကောက်စားလိုက်သေးသည်။ ရေနွေးတစ်ခွက်ကိုငဲ့ပြီး ဟန်ပါပါ မှုတ်သောက်နေလိုက်သေးသည်။ ကျွန်မက ဝမ်းဗိုက်ကလေးကို ကိုင်ပြီး မကြာခင်လူ့လောကထဲ ဒီကလေးရောက်လာခဲ့လျှင် အဖေဟု အမည်ခေါ်စရာ ကိုထွန်းရှိန်မရှိတော့မှာကိုတွေးပြီး ဝမ်းနည်းလာသလိုလိုရှိလာသည်။

“ဒီမယ်သမီး။ အမေ့ကို အမွေကိစ္စထည့်ပြောလာလို့တစ်မျိုးတော့မထင်နဲ့။ သမီးက သမီးအတွက် မလိုဘူးဆိုတာ မှန်တယ်။ ငါ့သမီးအကြောင်း ငါပဲသိတယ်။ ငါပြောတာ ငါ့မြေးအတွက်။ ပြီးတော့ သမီးဗိုက်ထဲက ကလေးအတွက်ပြောတာ။ ခုချိန်မှာ ပြန်ပြီး လက်အုပ်ချီတောင်းပန်ပြီး ပြန်နေ။ သမီးယောကျာ်းကို ဆေးကု။ မရတော့ဘူးဆိုတာတော့ သိတယ်။ အေး အဲဒီလိုနေပြီး သည်းခံ။ ဘာဖြစ်ဖြစ် နောက်တစ်ခေါက် သူ့အိမ်ပေါ်က မဆင်းမိစေနဲ့။ တစ်ချိန်မဟုတ်တစ်ချိန်မှာ သမီးမျက်နာကို မကြည့်ရင်တောင် သူ့သားနဲ့ရတဲ့ သူ့မြေးတွေရဲ့မျက်နှာကိုတော့ သူမြင်မိလာလိမ့်မယ်။ သွေးဆိုတာ စကားပြောတတ်တယ် သမီးရဲ့။ ကုန်ကုန်ပြောမယ် သမီး မနက်ဖြန် အမေကိုယ်တိုင် လိုက်ပို့မယ်အေ“

အမေကထိုသို့ပြောတော့လည်း ကျွန်မ မျက်ရည်ဝဲလည်ဝဲလည်ဖြစ်လာမိသည်။ သူငယ်ချင်းတွေက ပြောဖူးသည်။

“ခင်ခင်သန့် နင် လင်ကုန်ရှုံးတယ်ဟာ“တဲ့။

မည်သို့ပင်ပြောပြော အမှန်သည် အမှန်ပဲမို့ ဘာမှ တုန့်ပြန်ရန်မရှိ။ ပြုံးစစနှင့် ကျွန်မ ပြန်ပြောခဲ့ဖူးပါသည်။

“အရှုံးအမြတ်ထက် အချစ်ကို အချစ်လို့မြင်ဖို့ပဲလိုတာ မဟုတ်လား။ ဘာပဲပြောပြော ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲနေခဲ့ရတာကိုပဲ ကျေနပ်ရမှာပေါ့။ ကျန်တာတော့ ဝဋ်ကြွေးကြမ္မာ မမြင်သာဆိုသလိုပဲ ဖြစ်လာသမျှ အကောင်းချည်းပါပဲ ဟယ်။ ကြီးကြီးကျယ်ကျယ် ပြောရင်တော့ သဗ္ဗေသတ္တာ ကမ္မသကာပဲပေါ့“

(၄)

မျက်နှာကြီးက မည်းမှောင်လှသည်။ သားလက်ကိုတွဲပြီး သည်တိုက်ကြီးကို တက်လာခဲ့တာ မှားများမှားပြီလား။ အမေကတော့ ရှေ့မှာ စကားတွေကို ရိုကျိုးစွာ၊ အောက်ကျို့စွာ တောင်းတောင်းပန်ပန်ပြောနေသည်။ တစ်ချက်တစ်ချက် သားကို ကြည့်လာသော အကြည့်တွေမှာ အကြင်နာ အရိပ်အငွေ့တွေများ ပါလာမလားလို့ ယောက္ခ၏ မျက်လုံးထဲမှာရှာကြည့်သည်။ သို့သော် စိုးစဉ်မျှမရှိ။

အစကတည်း ထင်ပြီးသားမို့ ထူးပြီး ကျွန်မခံစားရ။

“ရှင့်သမီး ကျွန်မတို့ကိုဘယ်လိုဆက်ဆံသွားခဲ့သလဲ မေးကြည့်လိုက်ဦး လုံချည်ကိုလှန်ပြီးတော့များ ပြောရတာ အော့နှလုံးနာတယ်“

ထိုအသံနားထဲဝင်လာတော့ ကျွန်မ စိတ်က ဆတ်ခနဲ။ ချက်ချင်းဆိုသလို ပဲ ပက်ခနဲပြန်ပြောမိလိုက်သည်။ အမေပင် ကျွန်မကိုတားချိန်မရလိုက်။

“အန်တီတို့လုပ်ပုံကိုလည်း စဉ်းစားကြည်ု့လိုက်ပါဦး။ လင်မယားရန်ဖြစ်တာကိုအကြောင်းပြုပြီး ဆွဲသလို ရွဲသလိုလုပ်။ မိန်းမတစ်ယောက်ကို ချုပ်ပြီး ရိုက်နှက်ခဲ့ကြတာတွေလေ။ တကယ်ဆို ပြဿနာကိုမီးမွေးတာ အန်တီပါ။ ကိုထွန်းရှိန်ကို အတို့အထောင်လုပ်တာလည်း အန်တီပါ။ ပြီးတော့မှ လင်မယားချင်းရန်တိုက်ပြီး ရန်ဖြစ်တော့မှ ဝိုင်းဆွမ်းကြီးလောင်းသလိုဖြစ်နေတာ ကျွန်မမသိဘူးထင်သလား။ တရားသလား မတရားသလားဆိုတာကို ကိုယ်စောင့်နတ်က သိပါတယ် အန်တီ။ ကျွန်မပြုမူခဲ့တယ်ဆိုတဲ့အပြူအမူကို အန်တီတို့နဲ့ထိုက်အောင် ကျွန်မ လုပ်ခဲ့တာ။ ငရဲအိုးထဲပဲ ဇောက်ထိုးကျကျလို့တွေးခဲ့တာ“

“တော်စမ်းသမီး။ နင်ရိုင်းလှချည်လား။ ကျွန်မ တောင်းပန်ပါတယ်ရှင် ဒေါ်သက်သက်  ဗွေမယူပါနဲ့။“

အမေ ဝင်ပြောသဖြင့် စကားတွေဘရိတ်အုပ်လိုက်ရသည်။ နို့မို့ဆိုလျှင် ကျွန်မ ဘယ်အတိုင်းအတာထိဆက်ပြောဖြစ်လိမ့်မည်မသိ။

“ပြန်ခေါ်လိုက်ပါ ရှင်။ ရှင့်သားလည်း တော်တော်လေးကိုမထောင်နိုင်ဖြစ်နေတယ်။ သမီးလည်း ကလေးကလည်း မွေးခါနီးဖွားခါနီးနဲ့။ ကသီလင်တဖြစ်နေတာပါ။ လူကြီးဆိုတာ လူငယ်တွေနဲ့အပြိုင် စိတ်တွေမထားပဲ ခွင့်လွှတ်ပေးရမှာမလား။ ရှင်တို့ ကျွန်မတို့ဆိုတာလည်း ဒီအရွယ်တွေကတက်လာကြတာပဲလေ။ ကျွန်မတို့ လူငယ်တွေကို ငရဲမပေးမိဖို့ကပဲ အဓိကကျနေတာ။ ခုရှင့်သား အတော်လေးအခြေအနေဆိုးနေပြီ။ ရှင်ကြည့်ရက်တယ်ဆိုရင်လည်း ကြည့်ပေါ့။ ပြီးတော့ ရှင့်မြေးတွေ။ ကျွန်မတောင် နယ်ကနေ ကျွန်မမြေးတွေများ ဘာဖြစ်နေမလဲဆိုတဲ့ စိတ်နဲ့ပြေးလာနိုင်သေးရင် ရှင့်စိတ်ထဲသေချာတွေးဖို့လိုတယ် ဒေါ်သက်သက်။ ကဲ သမီးလာ ဒီမှာထိုင် လက်အုပ်မိုးရှိခိုးကန်တော့လိုက်။ ဟဲ့ လာလို့ဆိုနေ။ အမေခေါ်နေတယ် နော် သမီး။“

ကျွန်မအတွက်မဟုတ်ပါပဲ ကျွန်မသားနှင့် ဗိုက်ထဲက ကလေးအတွက်ဆိုသည့်သဘောကို နှလုံးပိုက်ပြီး ကန်တော့လိုက်တော့ မျက်ရည်တစ်ပေါက်က အလိုလိုကျသွားမိသည်။

“ကိုထွန်းရှိန် ရှင့်ကြောင့်နဲ့ ကလေးတွေကြောင့်မဟုတ်ခဲ့ဘူးဆိုရင် ကျွန်မ မနှစ်မြို့တဲ့ အလုပ်ကို ကျွန်မ လုပ်ဖြစ်ခဲ့လိမ့်မယ် မဟုတ်ဘူးနော်။“

~~~~~~

ဓမ္မနှင့် အဓမ္မမှာ ကျွန်မ ဘယ်အရာမှာ အားသာခဲ့သလဲဆိုသည်ကို တိတ်ဆိတ်စွာ ခံစားခဲ့ရသော နေ့ရက်များထဲတွင်ရှာနေမိသည်။ သို့သော် ကျွန်မရှာဖွေချိန်တွင် အသံတိတ်ရုပ်ရှင်ကားသည် ပြီးဆုံးတော့မည်ဖြစ်သည်။ စကားတွေတစ်လုံးမျှမပြောပါ။ လှုပ်ရှားမှုပုံရိပ်တွေကိုကြည့်ပြီး အဓိပ္ပါယ်ဖော်ကြည့်မိသည်။

လင်တော်အိမ်ဦးနတ် ကြွေလွှင့်သွားခဲ့သည်ပင် ငါးနှစ်။ အကြီးကောင်က လေးနှစ်။ အငယ်ကောင်ပင် နှစ်နှစ်ပြည့်ခဲ့ပြီ။

မနက်ဖြန် ရှေ့နေလာမည်။ အိမ်ဦးခန်းက ပြင်ဆင်ပြီးစောင့်ပါဟု ဒေါ်သက်သက်ပြောလာသည်။ ပြီးတော့ထပ်ပြောသေးသည်။

“ငါ့မြေးတွေကို ငါမသေခင်လေးတွေ ထွန်းရှိန်ကိုမပေးလိုက်ရတဲ့ အမွေလေးခွဲပေးထားခဲ့ချင်တယ် ခင်သန့်ရယ်“ တဲ့။

သော်ဇင်(လွိုင်ကော်)

13 comments

  • အလင်းဆက်

    September 20, 2013 at 11:23 am

    ဝတ္ထု ကို တော့ ထူးထူးထွေထွေ မဝေဖန်တော့ပါဘူး ကိုသော်ဇင်
    ရေးသားဖန်တီးမှုက အရင်ထက်ပို ကျစ်လျစ်ပြီး စကားလုံးအထားအသို သုံးစွဲပုံကအစ ပို အားကောင်းလာတာ သတိပြုမိတယ်။
    အားလည်း ကျမိပါတယ်။

    ဖတ်နေရင်းနဲ့ကို
    ဝါရင့် စာရေးဆရာတစ်ယောက်က လှလှပပ ကျွမ်းကျွမ်းကျင်ကျင်ရေးထားသလိုပ်ပဲ။
    မိန်းကလေးနေရာကရေးတာဆိုတော့
    ခင်ခင်ထူး ရဲ့ စာတွေကို သတိရလိုက်သေးတယ်။
    မြန်မာဆန်ဆန် အငွေ့အသက်တွေပေါ်အောင်
    စကားလုံးရွေးချယ်သုံးစွဲသွားပုံက ခင်ခင်ထူးလိုပါပဲ ကျွမ်းကျင်တယ် သပ်ရပ်တယ်။

    ကိုသော်ဇင်ရေ
    စာတွေ ပြန်တွေ ့ရလို ့ဝမ်းသာပါတယ်ဗျ

    ချစ်ခင်လေးစားလျက်
    အလင်းဆက်

    • ဟုတ်ကဲ့ ကျွန်တော်ပြန်လာပါပြီ ပြန်လည်ပြီး လှုပ်ရှားပါမယ်ဗျာ ခုလိုထင်မြင်ချက်လေးတွေကိုပြန်တွေ့ရတဲ့အတွက် ကျေးဇူးတင်တယ်ဗျ

    • KZ

      September 20, 2013 at 11:40 am

      ဟုတ်တယ်။
      ပြောမို့။
      အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ပေါ်အောင် ရေးနိုင်တယ်လို့။
      🙂

  • Ma Ma

    September 21, 2013 at 6:27 am

    စကားလုံးအသုံးအနှုန်းလေးတွေ သဘောကျတယ်။
    မှားတယ် မှန်တယ်ဆိုတာထက် လုပ်သင့်တာကို လုပ်လိုက်တာ၊
    လူကြီးက လူငယ်ထက် ရှေ့ရေးကို ပိုမြင်တတ်တယ်ဆိုတာတွေ ပေးသွားတာ သဘောကျတယ်။ 🙂

  • kyeemite

    September 21, 2013 at 9:51 am

    ကိုသော်ဇင်ရေ…အားပေးဖတ်ရှုနေပါတယ်ဗျာ
    မျက်စိထဲ ရုပ်ရှင်ကြည့်နေရသလို ပေါ်လွင်အောင်ရေးဖွဲ့နိုင်ပါပေတယ် 🙂

  • ဦးကြောင်ကြီး

    September 21, 2013 at 7:17 pm

    အသံတိတ်
    နားဘန်ပိတ်
    ဖလံဆိတ်
    ကလန်သိပ်..

  • ကိုရင်စည်သူ

    September 22, 2013 at 4:15 pm

    အားပေးသွားပါတယ်… အဗေဒါ က ကိုသော်ဇင်ပုံကို ပြုးခနဲမြင်လိုက်တော့
    မျက်လုံးခဏာဖတ်လိုက်တာ.. ဝမ်းနည်းလွယ်တတ်တဲ့သူများလားလို့.. :mrgreen:
    အပျော့ဂိုန်းသမားဒွေက လိုချင်ဒါသိပ်မရဒတ်ဘူးနော်…

    • ဟီး ဝမ်းနည်းလွယ်တတ်သလား မလွယ်ဘူးလားတော့မသိဘူး ရုပ်ရှင်ကြည့်ရင် စာဖတ်ရင် ရင်ထဲမကောင်းတော့ဘူး ခံစားလွယ်တယ် ဗျ

  • Crystalline

    September 23, 2013 at 9:42 am

    ဓာတ်ပုံထဲကြည့်တာ အသက်ခပ်ငယ်ငယ်ပဲရှိအုန်းမှာပေါ့.. ကျမက မဂဇင်းတွေက ဝတ္ထုတိုလေးတွေကိုနှစ်သက်စွာဖတ်လေ့ရှိတယ်.. ကျစ်လစ်ထိမိစွာရေးထားတာလေးကိုအရမ်းသဘောကျပါတယ်..

    • ဦးကြောင်ကြီး

      September 23, 2013 at 9:50 am

      ဦးကြောင် ဘောင်းဘီတိုဝတ်ထားရင်ဂေါ ကြိုက်လား… တိုတိုဗဲပေါမယ်.. ခရစ်စ်ကို ခြစ်တယ်…

    • ဟုတ်ကဲ့ဗျို့ ဆရာမ နုနုရည်(အင်းဝ)ရဲ့ အသက်နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်ကို ပြောင်းပြန်ပြောရရင် ယောကျာ်းတစ်ယောက်ပါခင်ဗျ။ ကျေးဇူးပါဗျာ။

Leave a Reply