မြန်မာစံတော်ချိန်

“မြန်မာစံတော်ချိန်”
ပြီးခဲ့တဲ့သုံးလေးရက်လောက်က နယ်မှာနေတဲ့ မိတ်ဆွေတစ်ယောက်က အကူအညီတောင်းလာပါတယ်။
ကုမ္ပဏီတစ်ခုကနေသူဝယ်ထား တဲ့ကုန်ဘိုးက ငွေသွင်းရမယ့်ရက်ရောက်နေလို့ငွေစိုက်သွင်းပေးဘို့ပါ။
အဲဒါနဲ့ဘဲ ငွေသွားသွင်းပေးရတယ်ဆိုပါတော့။
ကျနော်သွားပေးရတဲ့ကုန်ဘိုးက သိန်းလေးဆယ်ကျော်ကျော်လောက်ပါ။
ဒါပေမယ့် အဲဒီငွေပြည့်မပြည့်စစ်တာကို နာရီဝက်ကျော်ကျော်စောင့်ခဲ့ရပါတယ်။
ငွေလက်ခံတဲ့ကောင်မလေးက ပိုက်ဆံရေလိုက် သူ့ဟန်းဖုန်းက
အသံမြည်လာရင်ဖုန်းလေးဖွင့်ပြီး နားထောင်လိုက်။
တအိအိနဲ့ရီလိုက်။
ကျနော်ဘက်လှည့်ပြီး “ဦးလေး ခဏနော်လို့ပြောလိုက်”။
ရေလက်စပိုက်ဆံကို အစ ကနေပြန်စစ်လိုက်။
“ကွမ်……” ဆိုတဲ့အသံလေးမြည်လာရင်ဖုန်းကိုကြည့်ပြီး ခွိကနဲ့ရီလိုက်။
စာပြန်ရိုက်လိုက်။
(ဖုန်းက အင်တာနက်ချိတ်ထားပုံရပါတယ်)
ကျနော်ကို ခဏနော်လို့ပြောလိုက်နဲ့ ဖုန်းလေးပွတ်လိုက်နဲ့ဆိုတော့
စက်နဲ့ပိုက်ဆံစစ်တာ ဆယ့်ငါးမိနစ်လောက်နဲ့ပြီးရမှာကို
နာရီဝက်လောက်ကြာသွားပါတယ်။
ကျနော်အလုပ်လုပ်ရမယ့်အချိန်တွေလျော့ပါးလို့သွားပါတယ်။
***********************************************************
ကျနော့်လက်ကိုင်ဖုန်း ဟန်းဆက်က အတော်လေးစုတ်နေတော့
နောက်တစ်လုံးအသစ်လဲလိုက်ပါတယ်။
ဟန်းဆက်အဟောင်းထဲမှာ ထည့်ထားတဲ့ “ ဖုန်းမြည်သံ “လေးတွေကို ကျနော်
အတော်လေးသဘောကျတဲ့ တီးလုံးလေးတွေပါ ပါတယ်။
ဖုန်းအဟောင်းထဲက ဒေတာတွေကိုအသစ်ထဲပြန်ကူးတဲ့အချိန်မှာ
အဲ ဒီအသံလေးတွေပြန်ကူးပေးဘို့မှာရတာပေါ့။
ခေတ်စားနေတဲ့ သီချင်းအသစ်တွေရောထည့်အုံးမလားလို့ မေးလာတော့
ထည့်မယ်လို့ပြောလိုက်ပါတယ်။
ကျနော်က အကျင့်က လူတစ်ယောက်ချင်းစီကို ကိုယ်ပိုင်ဖုန်းသံလေးတွေပေး
ထားလေ့ရှိပါတယ်။
အိမ်ပြန်ရောက်တော့ အားတဲ့အချိန်မှာ ထုံးစံအတိုင်းလူတစ်ယောက်ချင်းစီကို
ကိုယ်ပိုင်သီချင်းလေးတွေပေးမယ်လုပ်တော့ ကျနော်ထည့်ခို်င်းတဲ့သီချင်းလေးတွေက
ပါမလာတော့ပါဘူး။
အဲဒါနဲ့ နောက်နေ့ကျတော့ ဆိုင်ကိုနောက်တစ်ခေါက်ပြန်သွားရတော့တာပေါ့။
ကျနော်လိုချင်တဲ့သီချင်းတွေပါမလာဘူးပြောတော့
“ဟုတ် ကျန်သွားတယ်” ရီကျဲကျဲနဲ့ဖြေပါတယ်။
ဒါနဲ့ပြန်ထည့်ရင်ဘယ်လောက်ကြာမလဲလို့မေးတော့
“သိပ်မကြာပါဘူး ခဏလေးပါ” လို့ပြောတာနဲ့ထိုင်စောင့်နေလိုက်ပါတယ်။
ဒါပေမယ့် သူ့ခဏလေးက တစ်နာရီနီးပါးလောက်စောင့်လိုက်ရပါတယ်။
အဲတော့အလုပ်ကိစ္စနဲ့ချိန်းထားတဲ့ မိတ်ဆွေကို အချိန်မီမရောက်နိုင်တဲ့အကြောင်း
လှမ်းပြီး တောင်းပန်ရတော့တာပေါ့။
********************************************************
ကျနော်တို့နိုင်ငံအဝှမ်းရဲ့အားနည်းချက်ကတော့ အချိန်ကိုမလေးစားကြတာပါဘဲ။
ဒီလိုမရေရာ မသေချာကြလို့လည်း “မြန်မာစံတော်ချိန်” ဆိုတဲ့ ပြောင်မြောက်သော
စကားလုံး တစ်ခု ပေါ်ပေါက်လာရတာပါဘဲ။
ကျနော်တို့အတော်များများက လူမူ့ရေးဖြစ်ဖြစ် အလုပ်ကိစ္စဖြစ်ဖြစ် ဆိုကြ ပြောကြတဲ့အခါမှာ အချိန်နာရီ စာရင်းဇယားကိန်းဂဏန်းကိုအတိအကျ ပြောလေ့မရှိကြပါဘူး။
ဒါကြောင့်လဲ အဝေးပြေးကားတွေပေါ်မှာ
“ရောက်ချိန်မေးခြင်းသီးခံပါ” ဆိုတဲ့စာတန်းကြီးကို ခပ်တည်တည်ကပ်ထားကြတာပါဘဲ။
မသေချာခြင်း မတိကျခြင်း မရေရာခြင်းဆိုတာ” မြန်မာ့သင်္ကေတ”လို့တောင်ပြောလို့ရပါတယ်။

တစ်ခါကလဲ လုပ်ငန်းဆိုင်ရာညှိနို်င်းဆွေးနွေးဘို့ မနက်ကိုးနာရီရုံးကိုအရောက်လာပါလို့
ဆင့်ခေါ်စာလေးရောက်လာပါတယ်။
လူကြီးတွေကခေါ်တယ်ဆိုတော့ ဝိရီယစိုက်ပြီး ကိုးနာရီမတိုင်ခင် အရောက်သွားရတော့တာပေါ့။
ဒါပေမယ့် ဆယ်နာရီကျော်မှ အစည်းအဝေးစဖြစ်ပါတယ်။
လူမစုံလို့ပါ။
မစုံတဲ့လူတွေထဲမှာ မနက်ကိုးနာရိတိတိကြွရောက်ပါရန်လို့ လက်မှတ်ထိုးပြီး
ဖိတ်ကြားထားတဲ့လူကြီးမင်းလဲ ပါ ပါတယ်။
မင်္ဂလာဆောင်ဖိတ်စာမှာ နာရီအတိအကျရေးပြီးဖိတ်လေ့ရှိကြပါတယ်။
ဒါပေမယ့် သူတို့ဖိတ်ထားတဲ့အချိန်ထက် တစ်နာရီလောက် နောက်ကျပြီးမှရောက်လေ့ရှိပါတယ်။
စဖိတ်တဲ့အချိန်မှာ မင်္ဂလာပွဲလာတဲ့ဧည့်ပရိတ်သတ်တွေကရောက်နေပေမယ့် သူတို့က
ကားနဲ့လှည့်ကောင်းတုံး ဗွီဒီယိုရိုက်ကောင်းနေတုန်းဘဲရှိပါသေးတယ်။

*****************************************************************

ရောင်းထားတဲ့ကုန်ကြွေးကို သတ်မှတ်တဲ့ရက်ရောက်လို့သွားတောင်းရင်
တစ်ရက်နှစ်ရက်စောင့်ပေးပါအုံး။
စက်ချုပ်ဆိုင်မှာ အပ်ထားတဲ့ အထည်သွားရွေးရင် နောက်ရက်မှယူပါ
အလုပ်တွေအရမ်းကျနေလို့ပါ။
ပျက်လို့ပြင်ထားတဲ့ စက်ပစ္စည်းသွားရွေးရင် ဟိုလိုဒီလိုအကြောင်းပြပြီး
နောက်ရက်ပြန်ချိန်းတတ်ပါတယ်။
ရုံးပြင်ကန္နားကိစ္စတွေဆောင်ရွက်ဘို့ သွားရင် လက်မှတ်ထိုးမယ့်အရာရှိက
အစည်းအဝေးသွားနေလို့ လူကြီးလမ်းကြောင်းနဲ့လိုက်နေရလို့ နောက်
ရက်မှလာယူပါ။
ကားထွက်ချိန်ထက် နာရီဝက်စောလာပါလို့ကားလက်မှတ်မှာအတိအကျရေးထားပေမယ့်
ကားထွက်ချိန်ရောက်တဲ့ထိမထွက်သေးလို့မေးရင် ကုန်တင်နေတာမပြီးသေးလို့
လာနေပြီဆိုတဲ့တစ်ယောက်ကိုစောင့်နေရလို့။
ဆိုတဲ့အကြောင်းပြချက်တွေနဲ့ အချိန်တွေပြုန်းတီးသွားတာက
အမြဲလိုလိုဖြစ်နေတတ်ပါတယ်။

မြန်မာပြည်ကအစိုးရရုံးတွေရဲ့ ရုံးတက်ချိန်က နံနက်ကိုးနာရီဖြစ်ပေမယ့်
လူစုံတဲ့ ဆယ်နာရီလောက်မှလုပ်ငန်းစတဲ့ ရုံးတွေအများကြီးရှိပါတယ်။
အမူ့အခင်းဖြစ်တဲ့အခါ ရုံးချိန်းရှိတယ်ဆိုုပြီးဆင့်ခေါ်ထားလို့တရားရုံးကို
ကိုယ်က အချိန်မှီသွားပေမယ့် တရားခံမလာလို့ တရားလိုမလာလို့
ရှေ့နေမအားလု့ိ ဘာလို့ညာလို့ဆိုပြီး ရုံးချိန်းပျက်သွားတဲ့အခါ မနက်ကတည်း
အချိန်ကုန်ခံပြီးထိုင်စောင့်ရတဲ့အချိန်တွေက အလဟဿဖြစ်ရပြန်ပါတယ်။

မြို့တွင်းမှာခရီးသွားတဲ့အခါ ဘတ်စကားဂိတ်ကနေထွက်လာတဲ့ကားကလဲ ရပ်ချင်တဲ့နေရာမှာရပ်ချင်သလောက်ရပ်။
ဝင်ချင်တဲ့အချိန်မှဝင်။
အများအားကိုးတဲ့ မြို့ပါတ်ရထားကလဲ ရောက်ချင်တဲ့အရောက် ပျောက်ချင်တဲ့အခါပျောက်။
အချိန်ဆိုတာကြီးကို ထည့်မစဉ်းစားကြသလိုပါဘဲ။
မိုးရွာတုံးရေခံ တို့ နေသာတုံးအဝတ်လှန်းတို့
လသာတုံး ဗိုင်းငှင်တို့ အချိန်နဲ့ဒီရေသည်မည်သူ့ကိုမှမစောင့်ဆိုတဲ့
စာတန်းတွေကို နံရံတွေမှာကပ် ပါးစပ်ကအမြုတ်ထွက်အောင်ပြောကြပေမယ့်
ကျနော်တို့ မြန်မာတွေလောက် အချိန်ကို လွှင့်ပစ်တဲ့ လူမျိုးမရှိဘူးလို့ထင်မိပါတယ်။
(ကာတွန်းတစ်ခုမှာတော့ “ပိုနေတဲ့အချိန်တွေက ရောင်းစားလို့ မရဘူးလေ”လို့
ရေးထားတာကိုဖတ်ဘူးပါတယ်)
ဒီလိုအချိန်ကိုမလေးစားကြသူတွေထဲမှာ ပညာတတ်သူရော ပညာမတတ်သူရော
ဆင်းရဲချမ်းသာ လူတန်းစားမရွေးပါဝင်ပါတယ်။
***********************************************
တစ်ခါတုန်းကဘဲဆိုကြပါစို့။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုကျနော်သွားပြီး စောင့်ပေးရပါတယ်။
အဲဒီအဆောက်အဦးက ဓါတ်လှေခါးပါတယ်ဆိုတော့ နိုင်ငံခြားကုမ္ပဏီကဝန်ထမ်း
တွေလာပြီး တပ်ဆင်ပေးပါတယ်။
အဲဒီအဆောက်အဦးထဲမှာဘဲ ပန်းရံတွေလက်သမားတွေလဲအလုပ်ဝင်နေပါတယ်။
နိုင်ငံခြားကလာတဲ့ လူသုံးယောက်က မနက်ရှစ်နာရီထိုးတာနဲ့ ဓါတ်လှေခါးဆင်နေတဲ့
အောက်ဆုံးထပ်ကို ရေသန့်ဘူးတစ်ဘူးစီကိုင်ပြီးဆင်းသွားကြပါတယ်။
နေ့လည်ဆယ်နှစ်နာရီထိုးတော့ထမင်းစားဘို့တက်လာပါတယ်။
နေ့လည်တစ်နာရီထိုးရင်အောက်ထဲပြန်ဆင်းသွားပါတယ်။
ညနေငါးနာရီထိုးရင်အပေါ်ပြန်တက်လို့လာပါတယ်။
အဲဒါ နေ့စဉ်ပုံမှန်လုပ်သွားတာပါ။

ကျနော်တို့ဆီက ပန်းရံတွေလက်သမားတွေကတော့ ရောက်လာတာနဲ့
အဝတ်အစားလဲနာရီဝက်လောက်နေမှအလုပ်စပါတယ်။
ဆေးလိပ်ဖွာသူဖွာစကားပြောသူပြောပေါ့။
ဆယ်တစ်နာရီလောက်ရောက်တော့ ထမင်းစားနား။
တစ်ရေးတမောအိပ် တစ်နာရီထိုးခါနီးလောက်မှထအလုပ် လုပ်။
သုံးနာရီလောက်ရောက်တော့ လက်ဖက်ရည်သောက်ဆိုနားကြ
ခဏလှဲအိပ်ကြပါတယ်။
နာရီဝက်ကြာလောက်ရောက်မှအလုပ်ပြန်စ လေးနာရီခွဲလောက်မှာအလုပ်
သိမ်းပါတယ်။

ကျနော်သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သူူနဲ့ ချိန်းရင်အမြဲစောင့်ရပါတယ်။
အချိန်တိတိကျကျလာတယ်ဆိုတာ ဘယ်တော့မှမရှိ။
သူ့မှာအမြဲတမ်းအလုပ်တွေများနေတတ်ပါတယ်။
“သူကလာနေပြီ ရောက်ခါနီးပြီ “ဆိုရင် အနည်းဆုံးနာရီဝက်
တော့ သူ့ကိုစောင့်ရတတ်ပါတယ်။

တစ်ခါက ကျနော်အလုပ်လုပ်တဲ့ ဆိုင်က ဆရာက
ဒီနေ့သူမိတ်ဆွေနို်င်ငံခြားမှာနေတဲ့လူ အလည်လာမယ်။
ရောက်လာရင် ဧည့်ခန်းကိုခေါ်ပြီး နေရာထိုင်ခင်းလုပ်ပေးထားပါလို့ မှာထားပါတယ်။
ညနေခြောက်နာရီထိုးခါနီးမှာလူတစ်ယောက်ရောက်လာပြီးဆရာနာမယ်မေးပါတယ်။
ရှိပါတယ် အထဲဝင်ထိုင်ပါအုံးလို့ ပြောတော့ ရတယ်ဆိုပြီး ဆိုင်အပြင်ဘက်မှာခေါက်တုန့်ခေါက်ပြန်လမ်းလျောက်နေပါတယ်။
ခြောက်နာရီထိုးခါနီးတော့ဆရာထွက်လာပြီး သူ့ဧည့်သည်လာမလာမေးတဲ့အခါ
ရောက်နေပြီဆိုင်ရှေ့မှာ လမ်းလျောက်နေတယ်ဆိုတာ ပြောပြရပါတယ်။
ဆရာက သူမိတ်ဆွေကို အထဲမှာဝင်ထိုင်တာမဟုတ်ဘူးလို့ပြောတော့။
သူ့လက်ကနာရီကိုကြည့်ရင်း
“မင်းနဲ့ငါချိန်းထားတာ ၆နာရီတိတိလေ” လို့ ပြန်ဖြေသံကိုအံ့ဩဘွယ်ရာကြားရပါတယ်။
*****************************************************************
ကျနော်တို့ဆီမှာက ကိုယ့်အချိန်ကို ကိုယ်တန်ဖိုးမထားကြသလို
သူများရဲ့အချိန်တွေကိုလဲ ဖြုန်းတီးဖြစ်ဘို့ဝန်မလေးဘူူးဖြစ်နေပါတယ်။
သိပ်မကြာခင်ကာလမှာ မြန်မာနိုင်ငံကို ပြည်ပနိုင်ငံက လူတွေလာပြီး လုပ်ငန်းတွေလုပ်ကြပါတော့မယ်။
အဲဒီအခါများမှာ ကျနော်တို့ရဲ့ခေါက်ရိုးကျုိုးနေတဲ့ မြန်မာစံတော်ချိန် အကျင့်ဆိုးကြီးကို မပြင်ဘူးဆိုရင်အဆင်ပြေမယ်မထင်ဘူးလို့ ပါးပါးလေးတွေးမိပါတယ်။

ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

8-9-2013

9 comments

  • sorrow weaver

    September 21, 2013 at 10:46 am

    ဦးပေါက်ရေ…မီးမောင်းထိုးပြလိုက်သလိုပါပဲ …ကျော်လဲ အချိန်မလေးစားတဲ့ အဲ့လိုအကျင့်ဆိုးရှိပါတယ်…ပြင်ပါ့မယ်…

  • Ma Ma

    September 21, 2013 at 10:56 am

    ဟုတ်ပါ့ ကိုပေါက်ရေ။
    အဲဒီမြန်မာစံတော်ချိန်ဆိုတာကြီးကို မကြိုက်လို့ တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေဆိုရင် ချိန်းထားရင် အတိအကျပဲ လာကြတယ်။

    မိုဘိုင်းဖုံးတွေ ၁၅၀ဝနဲ့ မဲနှိုက်ပေးတာ ကောင်းတာလည်း ကောင်းသလို ……
    လူတိုင်းဖုံးကိုင်နိုင်တဲ့အတွက် ဖုံးကိုပဲ တသသ ကြည့်နေပြီး အလုပ်ချိန်ထဲမှာ အလုပ်ကို ထိခိုက်လာတာတွေကတော့ မကောင်းတဲ့ အကျိုးဆက်ပဲ။ 🙁

    • အလင်းဆက်

      September 21, 2013 at 12:31 pm

      ၁၅၀ဝ တန် ဆင်းကတ် မဲ စနစ်နဲ့ပေးတဲ့အကြောင်း ကြားရင်
      ရင်နာတယ် အေပရယ် လို ့အော်ညည်းလိုက်ချင်တယ်
      အန်တီမမရယ်
      :kwi:

      အမည်ခံ ၁၅၀ဝ
      တကယ် ပေးဝယ်ရတော့ CDMA ၁၅၀ဝတန်တစ်ကတ်ကို ကိုးသောင်းကျပ်

      အဟက်

      🙁

  • kai

    September 21, 2013 at 12:29 pm

    တော်တော်ကောင်းတဲ့… ဆောင်းပါးလေးပါ..။
    ဒါရိုက်ကို ထိတာပဲ..

    ဆိုတော့…
    ဂျပန်မှာနေတုံးက.. လူတွေစက္ကန့်နဲ့ချ..အလုပ်လုပ်ကြတာသတိထားမိတယ်..။
    ဖြစ်ပုံက… တိုကျိုမြို့ပါတ်တွေဆိုတာ.. အချိန်စက္ကန့်အတိနဲ့ မြို့ပတ်ရထားကပြေးတာကိုး..။
    အဲဒီလိုတစင်းနဲ့တစင်း.. သွားနေပြီး.. ရထားကလည်း ..လိုင်းမတူပဲ.. ပြောင်းပြောင်းစီးရတော့ကာ..
    လူက.. အိပ်ယာထတမိနစ်နောက်ကျရင်.. တောက်လျှောက်လွဲရောပဲ..
    အချိန်တန်ဖိုးထားရပုံပြောပါတယ်..။ :mrgreen:

  • TNA

    September 21, 2013 at 2:15 pm

    ကျွန်မတိုးရစ်ဂိုက်သင်တန်းတက်တုန်းက သဘာရင့်ဝါရင့်ဂိုက်ဆရာမကြီးကပြောဖူးတယ်။ သူတိုးအဖွဲ့မှာ တခါတလေနိုင်ငံတွေပေါင်းပါတတ်တယ်တဲ့။ အဲတော့ အီတလီပါရင်အဲအဖွဲ့ကိုအရင်ပြောရတယ်တဲ့ စုရပ်သတ်မှတ်ချိန်ထက် တနာရီပိုပြောရတယ်တဲ့။ ဥပမာ ၁၂ နာရီကားပေါ်အရောက်ဆိုရင်သူတို့ကို ၁၁ နာရီလို့ပြောရပါတယ်တဲ့။ ဒါတောင်ကိုယ်တကယ်ထွက်မှာက ၁ နာရီပါတဲ့။ အဲဒီအီတလီတွေကလဲမြန်မစံတော်ချိန်ပါပဲ တနာရီထိုးခါနီးတောင်ရောက်ချင်မှရောက်တာတဲ့။ ဂျာမာန်တွေကျတော့ အရမ်းတိကျလို့ ၁၂ နာရီရောက်ရမယ်ဆိုရောက်တယ်တဲ့။ ကျွန်မတို့မြန်မာလဲ အဲလိုနှစ်နာရီလောက်ခွာချိန်းရပါတယ်။

  • နီတိုး

    September 21, 2013 at 8:34 pm

    ကျနော်တို့လူမျူ ိးတွေက
    မဟုတ်တာလုပ်တဲ့နေရာမှာအတိအကျ ပဲ…….။

  • KZ

    September 22, 2013 at 12:07 pm

    အချိန် နဲ့ ဆက်ပြီး ငွေရှာနေရတဲ့နိုင်ငံတွေ
    အချိန်ပိုင်း အတွင်း ဘဝ ပြောင်းသွားနိုင်တဲ့ နိုင်ငံမျိုးတွေ
    အချိန်ရှားပါးလွန်းလို့ ကိုယ့်အတွက်ကိုယ် လုပြီး အချိန်ယူနေရတဲ့ နိုင်ငံတွေလို မဟုတ်သေးလို့ နေမှာပါ။
    အပေါဆုံးက အချိန် ဆိုတဲ့ အယူ အဆတွေ လက်ကိုင်ထားနေတုန်းလားးးးးးး
    ရောင့်ရဲခြင်း နဲ့ အချိန်မလေးစားခြင်း က တူတူမှတ်လို့လားးးးးးးး
    ဘယ်နေရာဖြစ်ဖြစ် ထိပ်ဆုံးရောက်နေတဲ့ သူတိုင်း Time Management အရမ်းကောင်းပါတယ်။

    အရင် ကျနော့ အဖိုးပြောတာလေး သတိရတယ်။
    နာရီ နဲ့ ပြောကြရအောင် ဆိုတာလေးးးးး

    ဘယ် ၂ နာရီမှာ ဘာလုပ်မယ်။ ဘယ် ၂ နာရီမှာ ရောက်မယ်။ ဘယ် ၂ နာရီ အချိန်ယူမယ် ဆိုတာမျိုးးးးးး
    အနတ္တ ဆိုတာကို ထည့်မတွက်ရင် ကိုယ့် အချိန်ရော သူများအချိန်ပါ လေးစားစွာ မဖြုန်းသင့်ကြောင်းရယ်။

  • အချိန်နဲ့ပါတ်သက်တာရော
    စည်းကမ်းရော
    ကိုယ့်အတွက်တစ်ခုထဲကွက်ပြီး စဉ်းစားတာရော အကုန်ပြင်ကြရမှာပါ

Leave a Reply