ချန်ပီယံလိပ်

ကျော်ဘသစ်September 22, 20131min1788

(၁)

 

လိပ်ဆိုတဲ့ကောင်ဟာ

သိပ်ပြီး အာချောင်တယ်တဲ့

အရင်ဆုံး ငါးစင်လုံးက ထပြောတယ်။

 

ဟုတ်ပါ့၊ တစ်နေ့တစ်နေ့

တွေ့ရာလူနား လိုက်ကပ်

သူ့ခွင်ထဲဝင်တာနဲ့

150 wps နှုန်း ပစ်ခတ်တော့တာပဲတဲ့

အနားက ဖားက ဝင်ထောက်ခံတယ်။

 

ဒါတင် ဘယ်ကမလဲဗျ

သူပြောတာတွေကိုလည်း ကြည့်ကြဦး

အန္တာတိကဒေသမှာ

မြေဈေးဘယ်လောက် သက်သာတယ်ဆိုတာမျိုး

ကမ္ဘာကြီး တဖြေးဖြေး ပူနွေးလာနေလို့

နေလုံးကြီးကို ဘယ်အရပ် ပို့ရမယ်ဆိုတာမျိုး

သက်တံတွေကို ကွန်နဲ့ပစ်ဖမ်းပြီး

ပန်းထုတ်လုပ်ရင် ဘယ်လို လှပမယ်ဆိုတာမျိုး

သူ့အချိုးတွေ ရိုးနေပြီတဲ့

ပိုးနသန်ကောင်ကလည်း ဝင်လှောင်ပြန်တယ်။

 

နောက်တစ်ခါ

ပုရွက်ဆိတ်ခေါင်းကြီးက ခေါင်းထောင်ပြီး ပြောတယ်

လိပ်ဆိုတဲ့ကောင်

ပါလေရာကြောင်ချေးတဲ့

တစ်ခါက ပုရွက်ဆိတ်တွေ

အခွန်ကိစ္စ တိုင်ပင်နေကြတုန်း

လိပ်က ဝင်လာတဲ့ပြီး ပြောသတဲ့

“အခွံ ဟုတ်လား? အခွံထဲမှာတော့

လိပ်ကျောပေါ်က အခွံဟာ ဟန်အကျဆုံးပဲဗျို့

အိမ်အမိုးဆိုလည်း ဟုတ်၊ ခြုံစောင်ဆိုလည်း ဟုတ်

ဂျက်ကက်အကျႌလိုလည်း လုပ်ဝတ်လို့ရတယ်”ဆိုပဲ။

 

ပြီးတော့

ယုန်တစ်ကောင် ခုန်လာတဲ့ပြီး

လိပ် သူ့ကို ဘလိုင်းကြီးဖဲ့ပုံကို ပြောပြန်တယ်

အခု လပေါ်မှာရှိတဲ့ ယုန်ဆိုတာ

လိပ်နဲ့ အပြေးပြိုင်ရာမှာ ရှုံးပြီး

ရှက်ရှက်နဲ့ ကုန်းရုန်း ထွက်ပြေးရာက

လပေါ်အထိ ရောက်သွားရတာတဲ့

ဆန်ဖွပ်နေတဲ့ သူတို့အဘိုးဆီက

အီးမေးလ်ပို့လို့ သိရသတဲ့လေ။

 

နောက်ဆုံးမှာ

ကြက်ဖတစ်ကောင် ပျံလာပြီး

သူ့အတွေ့အကြုံကို ပြောပြန်တယ်

လိပ် သူ့ကို ပြောဖူးသတဲ့

တကယ်ဆို

ကြက်တွန်သံတွေ မလိုပါဘူးတဲ့

လူတွေ ညည

သတိလက်လွတ် အိပ်မောကျ မနေစေဖို့

သူနဲ့  သူ့တပည့်လိပ်တွေက

တစ်အိမ်ဝင်တစ်အိမ်ထွက်

ဂျပိုးယောင်ဆောင် ကိုက်နှိုးပေးလျှက်ရှိတဲ့အကြောင်း။

 

(၂)

 

သို့ကလို

သို့ကလိုမျိုး

လိပ်တစ်ကောင်ရဲ့

စကားများကြောင်း အကြွားသန်ကြောင်း

ကိုယ့်ဘက်ကိုယ် ယက်တဲ့နေရာမှာ

ဂေါ်ပြားက အော်သွားရမယ့် သတ္တဝါဖြစ်ကြောင်း…

ဒီလိပ်ကောင်ကြောင့်

ကုန်း ရေ လေနေ

ခုနှစ်ရက်သားသမီးတွေခမျာ

စားကောင်းခြင်း မစားရ

အိပ်ကောင်းခြင်း မအိပ်ရ

အတော်ကြီး ဒုက္ခရောက်ကြကြောင်း

ရေကန်ကြီးအနီးတဝိုက်မှာ

ဆူညံဆူညံ

အသံဗလံများစွာ ထွက်ပေါ်နေပါတယ်။

 

နောက်ပိတ်ဆုံးမှာ

ရေကန်သူရေကန်သား အစည်းအရုံးနဲ့

အားလုံးရဲ့ဆန္ဒအရ ဒီကိစ္စကို

သူတို့ရဲ့သူကြီး ဇီးကွက်ကြီးဆီ တင်ပြဖို့

သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။

 

ဂဏန်းတစ်ကောင်က

လိပ်ကို အယုံအကြည်မရှိ

လိပ်ပြောတဲ့ စကားမှန်သမျှ

လက်တွေ့သုံးစားမရတဲ့

သမိုင်းဦးကာလက အိုင်ဒီယိုလိုဂျီတွေလို့

လက်နှစ်ဖက် မြှောက်ခါမြှောက်ခါ

သူကြီးကို အဆိုတင်သွင်းနေပါတယ်။

 

ကင်ခြေများတစ်ကောင်ကလည်း

လိပ်ရုပ်ပြောင် ပိုစတာကြီး ကပ်

လိပ်ငပေါကြီးလို့ နာမည်ပြောင် တပ်အော်

သူကြီးရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်။

 

သစ်တောက်ငှက်တစ်ကောင်ကလည်း

တောက် တစ်ခေါက်ခေါက်နဲ့

ဒီရေကန်မှာ သင်း ရှိနေသမျှ

ဘယ်လိုလုပ်ကြမလဲ သူကြီးတဲ့

ဇီးကွက်ကြီးကို မေးခွန်းထုတ်လို့။

 

သူကြီးဇီးကွက်ခမျာ

သူ့ခေါင်းသူ ကုတ်ခါကုတ်ခါနဲ့

ဘာလုပ်ရမယ်မှန်းမသိ။

 

ဟိုတုန်းက

ငါးခုံးမတစ်ကောင်ကြောင့်

တစ်လှေလုံး ပုပ်ရတယ်

အခုတော့ လိပ်တစ်ကောင်ကြောင့်

ငါ့တစ်ထိပ်လုံးပြောင်ရတော့မဟဲ့။

 

ဒီငလိပ်ကို

ထိပ်တုံးခတ်ရအောင်ကလည်း

ရေကန်စည်းမျဉ်းအရ

လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာက ရှိသေး။

 

အေးလေ

ငါ မတတ်နိုင်တဲ့ကိစ္စ

ဗဟိုက အကြံဉာဏ်ယူမှပဲ

အဲဒီလို တွေးကာ

သံကြိုးစာတစ်စောင် ကောက်ရေးပါတော့တယ်။

 

သို့

ချစ်ခင်လေးစားရပါသော

အမေဇုန်တောက လူကြီးမင်းများခင်ဗျား

…………………………….

…………………………….

…………………………….

အဲဒါပါပဲ။

 

ချစ်သော

ဇီးကွက်

ခေတ္တ

လှော်ကားဥယျာဉ်။

 

(၃)

 

အမေဇုန်ဟက်ဒ်ကွာတားက

အကြောင်းကြားစာ ရပြီးသိပ်မကြာခင်

တစ်နေ့မှာတော့

ရေကန်အနီးအနားဝန်းကျင်က

ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ ခြေထောက်အများနဲ့

ခြေဗလာ တွားသွားလောကမှာ

လက်ကမ်းကြော်ငြာတစ်ခု ပျံ့နှံ့လာပါတယ်။

 

ဒီတစ်တောလုံးမှာ

ဘယ်သူ စကားပြော အကောင်းဆုံးလဲ။

 

လာမယ့် ဒီဇင်ဘာ (၁၅) မှာ

စကားရည်လုပွဲ ကျဉ်းပကာ

ရွေးချယ်ကြမည် ဖြစ်ပါကြောင်း။

 

ထို့အပြင်

ပြိုင်ပွဲတွင် ပထမရသူမှာ

အမေဇုန်ဗဟို စပွန်ဆာဖြင့်

သာယာကြည်နူးဖွယ် နိုင်ယဲဂရာရေတံခွန်ကြီးဆီ

အလည်အပတ်သွားခွင့်ရမည် ဖြစ်ပါကြောင်း။

 

(၄)

 

ပြိုင်ပွဲကျင်းပတဲ့နေ့ ရောက်တော့

သူကြီးဇီးကွက်နဲ့ ပရိသတ်များ

မျှော်လင့်ထားကြတဲ့အတိုင်းပါပဲ

တောက်တဲ့ကလည်း လှည်းနင်းခံရသလို တအဲ့အဲ့

ဖားတစ်ကောင်ကလည်း အုံအင်အုံအင်က ရှေ့မတက်

အဲဒီအတွက်တော့လည်း

လိပ်ကို သောက်မြင်ကပ်နေတဲ့ ဒိုင်တွေက

လိပ်ကိုပဲ အမှတ်တွေ ဗုံးပေါလအော ပစ်ချ။

 

ဒါကိုမသိတဲ့လိပ်ခမျာတော့

မိုက်ကိုင်ပြီး သိပ်မကြာခင်

စိတ်ပါလက်ပါ ဟဲတော့တာပါပဲ။

 

သွားတုတပ်တယ်ဆိုတာ

လိပ်တွေက စထွင်ခဲ့တဲ့အရာ။

 

ကမ္ဘာကြီးအား

လိပ်များ စိုးမိုးထားစဉ်အခါက။

 

မြောက်အမေရိကက

ခရစ်ပ်တိုဒိုင်း လိပ်တို့၏သမိုင်း။

 

နောက်ဆုံး

ပြိုင်ဘက်အမျိုးမျိုးကို

လိပ် အလဲထိုးအနိုင်ရလိုက်တဲ့ ခေါင်းစဉ်က

ကျွန်တော်နှင့် ကမ္ဘာစောင့်လိပ်ကြီးတဲ့။

 

တကယ့်တော့ ဒီကမ္ဘာကြီးကို

ကမ္ဘာစောင့်လိပ်ကြီးတစ်ကောင်က

သူ့ကျောပေါ်မှာ ထမ်းတင်ထားတာ ဖြစ်ပါတယ်

ဟုတ်ကဲ့…

သူလည်း ခင်ဗျားတို့ ကျွန်တော်တို့လိုပါပဲ

ကြာတော့လည်း ခါးညောင်းရှာမှာပေါ့

သို့သော်…

လိပ်တစ်ကောင်ဖြစ်တဲ့ ကျွန်တော်ဟာ

မျိုးတူဖြစ်တဲ့ ကမ္ဘာစောင့်လိပ်ကြီးကို

ချော့ချော့မော့မော့ပြောဆိုထားပါတယ်

ကမ္ဘာကြီးကို

သူ့ကျောပေါ်က ဗြုန်းစားကြီး လွှတ်ချမသွားဖို့အကြောင်း။

 

ဖြောင်း ဖြောင်း ဖြောင်း

ပရိသတ်ထောင်သောင်းက

လိပ်ကို ခေါင်းချီးပေးကြတယ်

ဟေး…

ချီးယားစ်… ဘရာဗို။

 

ချန်ပီယံလိပ်!

ချန်ပီယံလိပ်!!

ချန်ပီယံလိပ်!!!

 

ထိုသည့်အခိုက်

အမေဇုန်ဗဟိုမှ ညွှန်ကြားလိုက်သဖြင့်

ဝမ်းဘဲနှစ်ကောင်

ပြိုင်ပွဲရှိရာ ဆိုက်ရောက်လာပါတယ်။

 

အစီအစဉ်အရ

ပြိုင်ပွဲမှာ ပထမရသူအား

သူတို့နှစ်ကောင်မှ

နိုင်ယဲဂရာရေတံခွန်ရှိရာ သယ်ဆောင်သွားကြရန်။

 

(၅)

 

ချန်ပီယံလိပ်ဟာ

ပုံပြင်ထဲမှာ လာတဲ့အတိုင်း

ဝမ်းဘဲနှစ်ကောင် ခြေနဲ့ညှပ်ထားတဲ့

တုတ်တံရဲ့ အလယ်မှာ ကိုက်ကာ

လိပ်ခဲတဲလဲ လိုက်ပါလာပါတယ်။

 

မင်္ဂလာဒုံ

မြောက်ဥက္ကလာ

မြို့တွေကို ဖြတ်လာတယ်။

 

မရမ်းကုန်း

သမိုင်း၊ ရှစ်မိုင်၊ နဝဒေး၊ ကမ္ဘာအေး၊

လူတွေကားတွေ ရေးရေးမြင်ရတယ်။

 

ချော်တွင်းကုန်း၊ ပါရမီ၊ နန္ဒဝန်၊ ရန်ကင်း၊ ဗဟန်း

ငုံ့ကြည့်ရင်း ပျံသန်းလာ။

 

အဲဒီလိုပျံသန်းလာရင်း

တာမွေအဝိုင်းထိပ်တစ်နေရာအရောက်မှာ

မြေပြင်က အသံတစ်သံ

ဝေဟင်ဆီ ဆန်တက်လာပါတယ်။

 

Turtles are not social animals.

လိပ်များသည် လူမှုရေးခေါင်းပါးသည့်

တိရိစ္ဆာန်များ ဖြစ်သည်။

 

Zoology မေဂျာနဲ့ ကျောင်းတက်နေတဲ့

ကောင်မလေးတစ်ယောက်

စာအော်ကျက်နေတဲ့အသံပါပဲ။

 

အဲဒီမှာတင်

ချန်ပီယံလိပ်လည်း

စိတ်ထဲက မရိုးမရွ ဖြစ်

နှုတ်ဖျားမှာ စကားတွေ တစ်လာတယ်။

 

ဒီမှာ မိန်းခလေး

မင်းဘာသာပြန်တာ မှားနေတယ်

လိပ်တွေဟာ မင်းပြောသလို မဟုတ်ဘူး

ရုပ်ချောတယ် သဘောကောင်းတယ်

အထူးသဖြင့်.. ငါလို ချိန်ပီယံလိပ်မျိုးပေါ့။

 

သို့ကလို ပြောပြဖို့

ပါးစပ်ဟရုံရှိသေး

ချန်ပီယံလိပ်ဟာ

ပုံပြင်ထဲမှာ လာတဲ့အတိုင်း

တုတ်ကနေ ဆတ်ခနဲ လွတ်ထွက်

ပက်လက်လန် ကားယား

ကမ္ဘာမြေကြီး ဆွဲငင်အားအတိုင်း

လိမ့်ကာလိမ့်ကာ ကျသွားရှာတော့ရဲ့။

 

လိပ်ကို သယ်လာတဲ့ ဘဲနှစ်ကောင်ကတော့

အောက်ငုံ့ကြည့်ရင်း ကောက်ချက်ချတယ်

အင်း…

ထင်တော့ အထင်သားပဲ

အမှန်ဆို

ဗဟိုညွှန်ကြားချက်အရ

ဒီကောင်ကို ရေတံခွန်ကို အယောင်ပြ

အာတိက်ဒေသမှာ ပစ်ချခဲ့ရမှာလေ။

 

အခုတော့လည်း

ဘယ်တတ်နိုင်မလဲ

အရင်တစ်ခါ တစ်ကောင်လိုပဲ

(ပုံပြင်ထဲမှာ လာတဲ့အကောင်လိုပဲ)

နှုတ်ကြောင့်ပဲ သေပွဲဝင်ရှာပေါ့

ကောင်းရာလိပ်ဂတိ လားပါစေလို့

နောက်ဆုံးပိတ် အမိန့်ပြန်ရင်း

တုတ်တံကို လွှတ်ချကာ

အမေဇုန်ရှိရာ ပျံသွားပါတော့တယ်။

 

(၆)

 

ထိုသတင်းများ ကြားရအပြီး

ရေကန်ကြီးအနီးဝန်းကျင်က

ပုပုရွရွ သတ္တလောကမှာ

သူကြီးဇီးကွက်လက်မှတ်နဲ့

ကြေငြာချက်တစ်ရပ် ထွက်ပေါ်လာပါတယ်။

 

လိပ်အရေး

စိတ်အေးရချေပြီ

ဒီနေ့က စ ခြောက်လတိုင်တိုင်

လိပ်အောင်ပွဲ မြိုင်မြိုင်ဆိုင်ဆိုင် ကျဉ်းပကြစို့ရဲ့။

 

ရေကန်ကြီးတဝိုက် ကျင်လည်ကျက်စားသူ

ကုန်းနေ ရေအောင်း၊ ကောင်းကင်က ငှက်

ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ ခြေထောက်များစွာနဲ့

ခြေဗလာ ဝပ်လျှားမှောက်၊ တွားသွား

ကျေးငှက်သာရကာ၊ ပုဇွန်ဖားငါး၊ ဓားခုတ်ကောင်မကျန်

သတ္တဝါမှန်သမျှ

စုကြ ရုံးကြ ပျော်ကြ ရွှင်ကြ။

 

ဂျွမ်းဘား၊ ရေကူး၊ လက်ဝှေ့၊ နပမ်း

အမြင့်ခုန်၊ အလျှားခုန်၊ ဖားခုန်၊ ပုရစ်ခုန်

ကစားနည်းမျိုးစုံ ကစားကြ

ဂျိုကား၊ အမြီးမြှောက်၊ ကင်းမြီးကောက် ထောင်ကြ။

 

ထိုသို့ဖြင့်…

ပွဲတော်နောက်ဆုံးကာလ

ဆုပေးပွဲကျင်းပမယ့်နေ့မှာ

မယုံနိုင်စရာကောင်းစွာ

ချန်ပီယံလိပ်ဆိုတဲ့ကောင်ဟာ

သူချစ်တဲ့ ရေကန်ကြီးရှိရာ

ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပြန်ရောက်လာပါတယ်။

 

အို

ဘယ်လို ဖြစ်တာလဲ

ဘယ်လို ဖြစ်ကုန်ကြတာလဲ

ဒီလိပ်ဂျပိုး

တန်ခိုးနဲ့များ ရှင်ပြန်ထမြောက်လာလေသလား။

 

ခြေထောက်ပေါင်းစုံ သတ္တဝါတွေ

ပါးစပ်ပေါင်းစုံ အဟောင်းသားတွေ ဖြစ်လို့

ကားတဲ့ ဂျို၊ မြှောက်တဲ့အမြီး၊ ထောင်တဲ့ ကင်းမြီးကောက်

အောက်ကို အသာပြန်ချရင်း

လိပ်ကို မျက်လုံးအဝိုင်းသား ကြည့်ကြတယ်။

 

လိပ်ကတော့ အေးအေးဆေးဆေးပါပဲ

သူ့ကိုယ်သူ

အခုမှ လေယာဉ်ပျံပေါ်က ဆင်းလာသလိုလို

သင်္ဘောပေါ်က တက်လာသလိုလို အမူအရာနဲ့

ခပ်တည်တည် လူကြီးလူကောင်း ဆန်ပြနေရဲ့။

 

ယူ နိုး ဝှတ်

သိတယ်မှတ်လား

ကိုယ်လည်း

ဟိုဘဲကြီးနှစ်ကောင်နဲ့ ပါသွားပြီးတဲ့နောက်…

အစချီကာ

သူ့ရာဇဝင်ဇာတ်ကြောင်းအား

မီဒီယာများကို ပြန်ပြောင်းပြောပြတယ်။

 

သတင်းထောက်များအား သူပြောကြားချက်အရ

သူဟာ

ဝမ်းဘဲနှစ်ကောင်ကြား

တုတ်တံကိုက် လိုက်ပါသွားပြီးနောက်

သိပ်မကြာခင်

စကားပြောချင်လွန်းတာနဲ့

ပါးစပ်ဟဖို့ အပြင်

တုတ်ကနေ လွင့်စင်ကျခဲ့ကြောင်း၊

 

သို့သော်ငြားလည်း

ကံကောင်းထောက်မစွာ

သူ့ပြုတ်ကျတဲ့နေရာဟာ

ကန်တော်ကြီးရေပြင်တည့်တည့် ဖြစ်နေခဲ့ကြောင်း၊

 

အဲဒါနဲ့ပဲ

ကန်တော်ကြီးမှာ

ခြောက်လကြာ တည်းခိုရင်း

မြို့ထဲသွား စကားပြောသင်တန်းတွေ တက်ကာ

တရုတ်၊ လက်တင်၊ ဟီးဘရူး၊ ဟင်ဒီ၊ ရုရှား

ဘာသာစကား ငါးမျိုး တတ်လာခဲ့ကြောင်း၊

 

ထို့နောက်

ကန်တော်ကြီးလာတဲ့အတွဲတစ်တွဲရဲ့

ကျောပိုးအိတ်ထဲဝင်ကာ

လှော်ကားအထိ ပြန်လိုက်လာခဲ့ကြောင်း၊

 

ထို့ပြင်

ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်က

ယခု သူ ပြန်ရောက်ချိန်ကစ

သူကိုယ်တိုင် ဦးစီးနာယကအဖြစ်နဲ့

လိဂ် ဖော် သည် လိပ်

လိပ် အန် အစိုစီယိတ်စ်

လိပ် ဖောင်းဒေးရှင်း

ဂလိုဘယ်လ် တာတယ်လိုက်ဇေးရှင်း

သို့ကလို  အသင်းတွေဖွဲ့

သူ့အိုင်ဒီယာများ ပြန့်ပွားဖို့

ခြေလှမ်းကြဲကြဲ ဖြန့်ကားတော့မည် ဖြစ်တဲ့အကြောင်း။

 

ချန်ပီယံလိပ်ရဲ့ သတင်းစာရှင်းလင်းပွဲအပြီး

ဇီးကွက်ကြီးခမျာ

ခေါင်းကြီး ကြီးလို့ လာပါတယ်။    ။

………………………………………………………………….

 

 

 

အားအားရှိတိုင်း လျှောက်တင်နေတယ်ဆိုပြီး မျက်စိနောက်စရာ ဖြစ်နေရင် ခွင့်လွှတ်ကြပါခင်ဗျား။

မန်းလေးဂေဇက်မရောက်တာ အတော်ကြာတာနဲ့ တင်ချင်စိတ်တွေ အူလှိုက်သည်းလှိုက် ဖြစ်နေလို့ပါ။

8 comments

  • အလင်းဆက်

    September 22, 2013 at 4:09 pm

    ပုံပြင်ဆန်တဲ့ ဝတ္ထု တစ်ပုဒ်လို ့ပဲ ဆိုရမလား
    ဝတ္ထုဆန်တဲ့ ပုံပြင်တစ်ပုဒ်လို ့ပဲ ဆိုရမလား

    နောက်တစ်ခေါက် ထပ် ဖတ်ဦးမယ်ဗျာ

    • ကျော်ဘသစ်

      September 22, 2013 at 4:19 pm

      ဒိုင်ခံကွန်မန့်ပေးဖော်ရတာ… ကျေးဇူးပါ..။
      ကျွန်တော်လည်း ကျွန်တော်ရေးနေတာတွေဟာ ဘာတွေလဲဆိုတာ
      ကွန်မန့်ပေးတဲ့သူတွေကတစ်ဆင့် ပြန်ပြီး လေ့လာနေတာပါ..

  • lele kyi

    September 22, 2013 at 4:15 pm

    ဆြာကျော် က စာရေးဆြာလားဟင်။ ဝါသနာရှင်တော့ ဟုတ်လောက်ဘူး။
    အားကျလေးစားပါသည်။

  • ကိုရင်စည်သူ

    September 22, 2013 at 4:23 pm

    ဆြာကျော်ရေ… ကျော့်တောင် လိုက်လို့မှီတော့ဘူး..
    နှစ်ပက်လောက် ပြေးတင်လိုက်ဦးမှပဲ… 🙂

  • TNA

    September 22, 2013 at 6:30 pm

    မော်ဒန်ပိုစ့်ဆိုတာမှတ်တယ်။

  • kyeemite

    September 23, 2013 at 9:09 am

    တွေးလည်းတွေး ရေးလည်းရေးတတ်ပါပေ့ဗျာ
    အဖွဲ့ အနွဲ့ကိုတော့ တော်တော်သဘောကျသဗျို့..ဗရာဗိုပါ 🙂

  • Mahar Myanmar

    September 24, 2013 at 11:12 am

    အော် လွဲချက် ကယ် ….
    ချန်ပီယံလိပ် ကို ချန်ပီယံလိ နဲ့ မှားပြီ
    ဘောလုံး ဆောင်းပါး တော့ ဖတ်ရပြိီ ဟ ဆိုပြီး
    ဖတ် ချ လိုက် တာ..ဘာစီ မပါ ဘိုင်ယန် မပါ
    ရီးရဲလ် မပါ ချယ်လ်ဆီး မပါ နဲ့……
    အကျွန်ုပ် ကိုယ် တိုင် က …ဘာ ကောင် ဖြစ်သွား မှန်း ကို
    မသိ လောက်အောင်.. စရိုက်စုံ မြင်တွေ့လိုက်ရတယ်..

    အခု ကျုပ်တို့ ပြည် မှာ …
    ကိုရွှေလိပ် တွေ အတော် များ နေ ကိုး ဗျ..
    တိုင်း ပြည် လော ရေကန် ကြီး လော
    တိုးတက် ပေဦး တော့ မည် တကား..

    တလွဲ ကောင်

    မဟာမြန်မာ

  • kai

    September 24, 2013 at 11:51 am

    လွှတ်ပေးထားလိုက်ပါ…
    အချိန်တန်.. လိပ်လည်းသေမှာပဲ..
    ဇီးကွက်လည်းသေမှာပဲ..
    ယုန်လည်းသွားမှာပဲ…
    ဘယ်သတ္တဝါမှ.. မကျန်…

    အဲ..
    လိပ်ကတော့.. သတ္တဝါတွေအထဲ.. အသက်တော်တော်ရှည်ဆိုသဗျ… :mrgreen:

Leave a Reply