ဟွာဟွေး ပါတဲ့။

Kyi LwinSeptember 26, 20131min1204

မင်္ဂလာပါ ။

မန်းဂေဇက် ရွာသူကြီးနဲ့တကွရွာသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြမယ်ထင်ပါတယ်။

ခုတလောတော့ စာရေးစရာလေးတွေ တွေ့နေပေမင့် မရေးနိုင်တာကြောင့် ဖတ်စေချင်တာလေး ကူးပေးရပြန်တယ်။

ကျန်းမာကြပါစေရှင်။

ကြည်လွင်

ရန်ကုန်မြို့။

 

“စင်ပေါ်ရောက်လာတဲ့ ဟွာဟွေး”

ကုမ္ပဏီကို ပေးထားသော အမည်ကပင် သံသယရှိချင် စရာ။ ဟွာဟွေးဆိုသည်မှာ တရုတ်၏လက်ချက်- Chinese Actionဟု ဆိုလိုသည်။ ၎င်းမှထုတ်လုပ်လိုက်သော တယ်လီဖုန်းကိုသုံးစွဲ သူများထံမှ လည်းကောင်း၊ ကြေးနန်းဆက်သွယ်ရေး ကွန်ရက်မှ လည်းကောင်း အချက်အလက်များ ကို တိတ်တဆိတ် ထောက်လှမ်းရ ယူနေသည်ဟု စွပ်စွဲချက်များ ရှိနေသည်။ အမေရိကန် လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ဟွာဟွေးထုတ် ကိရိယာများကို အရေးကြီးသော ဆက်သွယ်ရေး ကွန်ရက်တွင် အသုံးမပြုရန် သတိ ပေးထားသည်။ သမ္မတ အိုဘားမား ကလည်း တရုတ်နိုင်ငံထုတ် ကိရိ ယာများကို မသုံးစွဲမီ အက်ဖ်ဘီအိုင် ၏ ခွင့်ပြုချက်ယူရမည်ဟု အမိန့်ထုတ်ထားသည်။ ဩစတေလျား နိုင်ငံဆက်သွယ်ရေးကွန်ရက်အတွက် ဟွာဟွေး ကုမ္ပဏီက တင်ဒါတင်သွင်းခြင်းကို အစိုးရက ပိတ် ပင်ထားသည်။

သို့သော် ဟွာဟွေးထုတ် ကိရိယာများကို လုံးဝဥဿုံပိတ်ပင်ရန်ကား မဖြစ်နိုင်ပေ။ လွန်ခဲ့သည့် ဇန်နဝါရီလက အမေရိကန် နိုင်ငံလပ်ဗေးဂတ်စ်မြို့တွင် ကျင်းပခဲ့သည့် အိမ်သုံး အီလက်ထရွန်နစ်ပစ္စည်းပြပွဲတွင် ဟွာဟွေးက ယင်း၏ထုတ်ကုန် အများ အပြားကို ပြသခဲ့သည်။ ဝင်းဒိုးစနစ် အသုံးပြု ဂျီအက်စ်အမ်ဖုန်း၊ မျက်နှာပြင်ကျယ်လက်ကိုင်ဖုန်း စသည်တို့ကို ပြသခဲ့သည်။ မျက်နှာပြင်ကျယ်တယ်လီဖုန်းသည် ကျောက်သင်ပုန်းကွန်ပျူတာကဲ့သို့အသုံးပြုနိုင်သည့် Phabletဖြစ်သည်။ ကျောက်သင်ပုန်း ကွန်ပျူတာ လောက်လည်း မျက်နှာပြင်မကျယ်၊ လက်ကိုင်ဖုန်း အကြီးစားများထက်လည်း မျက်နှာပြင်ကပိုသည်။ လွန်ခဲ့သော နှစ်က စတင်ရောင်းချခဲ့သည့် Ascend P1စမတ်တယ်လီဖုန်းသည် ပြိုင်ဘက်ဖုန်းများထက် ပိုမိုပါးလွှာပြီး iphone 5 ထက် ဘက်ထရီပိုမို အချိန်ကြာကြာ အသုံးခံသည်ဟုဆိုသည်။ ဆမ်ဆောင်းနှင့်အက်ပဲလ်တို့ထက် အရည်အသွေး ပိုမိုကောင်းမွန် သော တယ်လီဖုန်းများကို မကြာမီ ထုတ်လုပ်လာနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဟွာဟွေးထုတ် ကိ ရိယာများကို ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံက သုံးစွဲနေသည်။ အချို့သူများသည် ဟွာဟွေးထုတ်ကိရိယာများကို သုံးစွဲနေသည် ကို သတိထား မိကြမည်မဟုတ်ပေ။

အင်တာ နက်ကွန်ရက် အများအပြားသည် ဟွာဟွေးမှထုတ်လုပ်ထားသည့် ဆာဗာများကို အသုံးပြုလျက်ရှိသည်။ လက်ကို င်ဖုန်း ထပ်ဆင့်လွှင့်စက်အများအပြားကို ဟွာဟွေးက ထုတ်လုပ်ထားသည်။ ဂျာမဏီနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီDeutsche Telekom အတွက် ဟွာဟွေးကUltra-fast LTE standard ကို တည်ဆောက် ပေးခဲ့သည်။ ဟွာဟွေး၏ ဌာနချုပ်သည် တရုတ်ပြည် ရှန်ကျန်မြို့တွင်တည်ရှိသည်။ ယခင်ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော ဟောင်ကောင်အနီးတွင် ရှိသည်။ ၁၉၈ဝ ပြည့်နှစ်တွင်အစိုးရက ပထမဆုံးစီးပွားရေးအထူးဇုန်အဖြစ်ဖော်ထုတ်ပေးခဲ့သောမြို့ ဖြစ်သည်။ ဈေးကွက် စီးပွားရေး စနစ်ကို ကွန်မြူနစ်တရုတ်ပြည်ကပထမဆုံးစမ်းသပ် အကောင်အထည်ဖော်သောမြို့ ဖြစ်သည်။ ယခင်ကလူဦးရေ သုံး သောင်းသာ ရှိခဲ့သောမြို့သည် ယခုအခါလူဦးရေဆယ်သန်းကျော်သွားပြီ ဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ် မတော် အင်ဂျင်နီယာ ရမ်ကျန့်ဖေက ဟွာဟွေးကုမ္ပဏီကို တည်ထောင်ခဲ့သည်။ မီဒီယာများက ၎င်းအားအင်တာဗျူး ခွင့် အကြိမ်ကြိမ်တောင်းခံသော် လည်း လက်ခံမတွေ့။ ရှန်ကျန်ကို တရုတ်ပြည်၏ ဆီလီကွန်မြို့တော် ဟု တင်စားနိုင်သည်။

အီလက်ထရွန်နစ်လုပ်ငန်းကြီးများ အပြိုင်းအရိုင်း အခြေစိုက်ရာမြို့ ဖြစ်သည်။ ဆမ်ဆောင်းနှင့် အက်ပဲလ်ပစ္စည်းများကို ထုတ် လုပ်ရာနေရာလည်း ဖြစ်သည်။ အလုပ်သမား တစ်ဆိုင်းနှင့်တစ်ဆိုင်း လူလဲသည့်အချိန်တွင် ရှန်ကျန်မြို့လမ်းများတွင် လူအုပ် များဖြင့် ပြည့်ကျပ်နေတတ်သည်။ ဆန္ဒပြပွဲများဖြစ်ပွားနေသည်လားဟု ထင်မှတ်မှားဖွယ်ရာ။ ဟွာဟွေးဌာနချုပ်သည် ရှန်ကျန် ရှိ အခြားသော အီလက်ထရွန်နစ်ကုမ္ပဏီများနှင့် မတူညီသော အချက်တစ်ချက်ရှိသည်။ အခြားကုမ္ပဏီများသည် အစိတ် အပိုင်းများကို တပ်ဆင်ပြီး ကုန် ချောအဖြစ် ထုတ်လုပ်နေသည့် အချိန်တွင် ဟွာဟွေးက ပစ္စည်းအသစ်များ ထုတ်လုပ်ရန် သုတေသနကို အားစိုက်ပြုလုပ်နေသည်။ ဟွာဟွေးဌာနချုပ်သည် တက္ကသိုလ်ပရိဝုဏ်နှင့် အလားသဏ္ဌာန်တူသည်။ အစည်း အဝေးခန်းမများကို တင့်တယ်ခမ်းနားစွာပြင်ဆင်ထားသည်။ အစည်းအဝေး ခန်းမတိုင်းတွင် အိတ်ပရက်ဆို ကော်ဖီဘားများကို စနစ်ကျစွာ နေရာချပေးထားသည်။ အပူပိုင်း ပေါက်ရောက်ပင်များကို ခရစ်စမတ် ဒီဇိုင်းဖြင့်အလှဆင်ထားသည်။ အပြင်ဘက် တွင် နှင်းဖွေးဖွေးကျနေသော်လည်း အတွင်းတွင်နွေးထွေးပြီး တန်ဆာဆင် စိုက်ပျိုးထားသည့် စွန်ပလွံပင်များကြောင့် အပူပိုင်း ဒေသသို့ရောက်နေသည်ဟု ထင်မှတ်မှားစရာ။ ဌာနချုပ်အတွင်း အင်ဂျင်နီယာလေးသောင်းက လုပ်ကိုင်လျက်ရှိပြီး အများစု မှာ အနီးရှီ အဆောင်များတွင်နေထိုင်ကြသည်။

ဟွာဟွေး၏ ဝန်ထမ်းတစ်သိန်းခွဲသည် နိုင်ငံပေါင်း ၁၄ဝရှိ ရုံးခွဲများတွင် လုပ်ကိုင်လျက်ရှိကြသည်။ ယင်းတို့အနက် လုပ်သား ၁၆ဝဝ သည်ဂျာမဏီရှိ ရုံးခွဲတွင်လုပ်ကိုင်ကြသည်။ စတင်တည်ထောင်စဉ်ကဟွာဟွေးသည် တယ်လီဖုန်းစက် ခလုတ်ခုံများကို ဟောင်ကောင်မှ တင်သွင်းရသည်။ နောက်ပိုင်းတွင် ၎င်းဘာသာတီထွင်လုပ်ကိုင်ရင်းဖြင့် လုပ်ငန်းတိုးတက်လာသည်။ နောက် ပေါ်သည့် ရွှေကြာပင် ဟွာဟွေးသည် ကုမ္ပဏီကြီးများကို ကျော်ဖြတ်တက်သွားသည်။ မော်စီတုန်း၏ အတွေးအခေါ်နှင့်အညီ ကျေးလက်ကို သိမ်းပြီးမြို့ပြကို အောင်ပွဲခံလိုက်ခြင်း ဖြစ်သည်။ ဟွာဟွေး၏ ထုတ်ကုန်များအနက် အရောင်းရဆုံးကုန်ပစ္စည်း တစ်ခုမှာ ကြွက်မကိုက်နိုင်သော ဝါယာကြိုး-Rat Proof ဖြစ်သည်။ စားသုံးသူများ မည်သည်ကို လိုအပ်သည်ကို အသိဆုံး ကုမ္ပဏီ ဖြစ်သည်။ ကျေးလက်တွင် တယ်လီဖုန်းလိုင်းများကို ဒုက္ခ အပေးဆုံးမှာကြွက်ဖြစ်သည်။ ဟွာဟွေးက သူ၏ ကေဘဲလ် ကြိုးများကို ကြွက်ဒဏ်ခံနိုင်စေရန် ထုတ်လုပ်ပေးခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် ဟွာဟွေးသည် လုပ်ငန်းကို အခြားနိုင်ငံများ သို့ ဖြန့်ကျက်လျက် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးတယ်လီဖုန်းနှင့် ဆက်သွယ်ရေး ကိရိယာများ ထုတ်လုပ်သူဖြစ်လာသည်။

တစ် နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၃၃ အထိ ရှိလာသည်။ တယ်လီဖုန်းလုပ်ငန်းတွင် ထိပ်ဆုံးကုမ္ပဏီ ဖြစ်သည့် နော်ဝေနိုင်ငံမှအယ်ရစ်ဆင်ကို မကြာမီကျော် တက်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။ ဟွာဟွေးသည် ၎င်းဝင်ငွေ၏ ၁၁ ရာ ခိုင်နှုန်းကို သုတေသနလုပ်ငန်းများတွင်ပြန်လည်ရင်းနှီးမြုပ်နှံသည်။ ယခုအခါ ပစ္စည်းအမျိုး အမည်ပေါင်း နှစ်သောင်းကျော်ကို မူပိုင်ခွင့်မှတ်ပုံတင်ရရှိထားသည်။ ကုမ္ပဏီဌာနချုပ် မြေအောက်ထပ်တွင် ကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်းများကို ပြသထားသည်။ နေရောင်ခြည်စွမ်းအင်သုံး ဂျီအက်စ်အမ်ထပ်ဆင့်လွှင့်စက်များ၊ ဆေးရုံသုံးဆော့ဖ်ဝဲ၊ နောက်ဆုံးပေါ် ရုပ်သံစက်များ- interactive Television ၊ စောင့်ကြည့်ထောက် လှမ်းရေးကင်မရာ၊ တယ်လီဖုန်း အစည်းအဝေးစနစ်- Teleconferencing Device၊၊ ယာဉ်ကြောလမ်းညွန်စနစ်စသည်တို့ကို ပြသထားသည်။ ဟွာဟွေးထုတ်ကုန်များသည် ပြိုင်ဘက် ကုမ္ပဏီများ ရောင်းဈေးထက် ပျမ်းမျှ ၃ဝ ရာ နှုန်းသက်သာသည် ဟုဆိုသည်။ ဟွာဟွေးမှ ထုတ်လုပ်သော လက်ကိုင်ဖုန်းသန်းတစ်ရာ ကျော်ကို နှစ်စဉ်ရောင်းချနေရသည်။ ၎င်းတို့အနက် အချို့တို့မှာ ဟွာဟွေးအမှတ်တံဆိပ်ဖြင့် မဟုတ်ဘဲ အော်ဒါမှာယူသော ကုမ္ပဏီ၏ အမှတ်တံဆိပ်ဖြင့် ရောင်းချသည်။

ကုမ္ပဏီထုတ်ပစ္စည်းများသည်တရုတ်ပြည်အတွက် သူလျှိုလုပ်ပေးနေသောကိရိယာများဖြစ်သည်ဟု သံသယရှိနေသည်များကို ဖယ်ရှားပစ်ရန် ကြိုးစားနေရသည်။ ဗြိတိန်နိုင်ငံအောက်စဖို့ဒ်အနီးတွင်ဟွာဟွေးကဆက်သွယ်ရေးစောင့် ကြည့်မှုဌာနတစ်ခုကို ဖွင့်လှစ်ထားလျက် ဗြိတိသျှအာဏာပိုင်များနှင့် အတူ ဟွာဟွေး ဆက်သွယ်ရေး ကိရိယာများတွင် လုံခြုံရေးစည်း ကျိုးပေါက်မှု ရှိ-မရှိကို စောင့်ကြည့်နေသည်။ ဟွာဟွေး ဆော့ဝဲ ကုတ်နံပါတ်များကိုပင် ဗြိတိသျှတို့လက် ဝယ်ပေးအပ်ထားသည်။ ဆော့ဝဲ ကုတ်နံပါတ်များသည် ဆက်သွယ် လုပ်ငန်း၏ အလုံခြုံဆုံး ထိန်းသိမ်း ထားသော ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။ ကုမ္ပဏီ၏ အသက်သွေးကြောဖြစ်သည်။ ထိုကုတ်နံပါတ်များကို ဗြိတိသျှတို့အားပေးသိထားခြင်းသည် ဟွာဟွေးပစ္စည်းများသည် အများ စွပ်စွဲနေသကဲ့သို့ မဟုတ်ကြောင်း သက်သေပြလိုခြင်း ဖြစ်သည်။ သမ္မတ အိုဘားမားက တရုတ်လုပ် အီလက်ထရွန်နစ် ပစ္စည်းများကို အက်ဖ်ဘီအိုင်၏ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုရမည် ဟု သတ်မှတ်ထားခြင်းကြောင့် တရုတ်ကလည်း အလားတူ တုံ့ပြန် လာနိုင်သည်။ ဆစ်စကို၊ အိုင်ဘီအမ်၊ မိုက်ကရိုဆော့ဖ်စသည့် အမေရိကန် အီလက်ထရွန်နစ် ပဂေးများကြီး တရုတ် ပြည်တွင် လုပ်ကိုင်နေကြသည်ဖြစ်ရာ တရုတ်အစိုးရက အမေရိကန်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်လာမည်ဆိုပါက အဆိုပါ ကုမ္ပ ဏီကြီးများ အထိနာဖွယ်ရာရှိသည်။ ဟွာဟွေး၏ ရေကုန်ရေခန်းကြိုးစားမှုကြောင့် မကြာမီ ကမ္ဘာ့နံပါတ်တစ် ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်လာရန် အလားအလာ များကို မြင်တွေ့ နေရသည်။

ayetunmin@gmail.com

Ref: Unknown But

Unavoidable: The Secret

Ways of Chinese Telecom

Giant Huawei

အေးမင်းထွန်း

ayetunmin@gmail.com

Ref: Unknown But Unavoidable: The Secret Ways of Chinese Telecom Giant Huawei

4 comments

  • အလင်းဆက်

    September 26, 2013 at 10:36 am

    ဖတ်မှတ်လေ့လာစရာလေး
    ဝေမျှပေးလို ့
    ကျေးဇူးပါ အန်တီကြည်

  • kolumbus

    September 26, 2013 at 10:01 pm

    မသိသေးတာတွေ သိရလို့ ကျေးဇူးပါ။

  • Kyi Lwin

    September 27, 2013 at 10:20 am

    ဟုတ်ကဲ့ရှင်။ ဖတ်ကြည့်ပြီး နှစ်သက် သဘောကျတယ်ဆိုရင်ပဲ ဝမ်းသာရပါတယ်။

  • TNA

    September 29, 2013 at 7:01 pm

    ကိုယ်လဲ ဟွာဝေးပရိတ်သတ်မို့ ပိုစ့်ကလေးကို သဘောကျမိပါတယ်။ ကျွန်မ ဟွာဝေးကိုအရမ်းကြိုက်တာ

Leave a Reply