DSC00716

ဓာတ်ပုံကောင်းကောင်းမတင်တတ်လို့ စမ်းတင်ရင်း အိမ်ထောင်ရှင်မ များအတွက် အရေးပေါ်ဝက်ခြံလေးအကြောင်း ပြောပြချင်တာပါ။ ကလေး ၆လသားဆိုရင် ဘယ်လိုမှ ထိန်းမနိုင်တော့ဘဲ ၀မ်းလျားမှောက်ပြီး တစ်အိမ်လုံးအနှံသွားတာဆိုတော့ လှေကားပေါ်က ပြုတ်ကျမှာလည်း စိုးရိမ်ရတယ်။  ကလေးအနားမှာ တချိန်လုံးလည်း မနေနိုင်တော့ ကလေးအတွက် ၀က်ခြံလေး လုပ်ဖို့ စဉ်းစားမိပါတယ်။ စဉ်းစားပြီဆိုတာနဲ့  ပထမဆုံးတွေးမိတာက  လက်သမားဆရာခေါ်ဖို့ပါပဲ။ ပျဉ်ချပ်ကို ပိတ်စပတ်ပြီး  ၀က်ခြံလုပ်ဖို့ တော်တော်စဉ်းစားခဲ့တာပါ။  နောက်မှ ဖျတ်ခနဲ အတွေးပေါ်တယ်။ အိမ်မှာရှိတဲ့  အ၀တ်ထည့်တဲ့ကော်ဘုံးတွေကို စီပြီး ၀က်ခြံလုပ်ဖို့။

ဒီလိုနဲ့  အ၀တ်ထည့်တဲ့ကော်ဘုံး  ၄လုံး စီချပြီး လွယ်လင့်တကူ ၀က်ခြံလေးဖြစ်သွားခဲ့ပါတယ်။  ခုခေတ်က အိမ်တိုင်းလိုလို  အ၀တ်ထည့်ကော်ဘုံးတွေ သုံးကြတော့  အရေးပေါ် ၀က်ခြံလုပ်မယ်ဆိုရင် ကော်ဘုံးဟာ အကောင်းဆုံးပါပဲ။ ပျဉ်ချပ်သုံးမယ်ဆိုရင် စောင်းတွေက မာတော့  ကလေးခေါင်းနဲ့ တိုက်မိရင် မကောင်းဘူး။ ကော်ဘုံးကတော့ စောင်းတွေလုံးနေတော့ အန္တရာယ်ကင်းတယ်။ အပူအအေးမျှတတဲ့နေရာ၊  ချက်ရင်းပြုတ်ရင်း လှမ်းမြင်ရတဲ့ ထမင်းစားခန်းလိုနေရာမှာ ထောင့်တစ်ထောင့်ကို ယူပြီး တစ်ဖက်ကနေ ကော်ဘုံးတွေ စီချလိုက်ရုံပါပဲ။

အရေးပေါ် ၀က်ခြံလေးဟာ  ကလေး ၆ လသားကနေ  ၁၁ လသားအထိလောက် အသုံးဝင်နေမှာဖြစ်ပါတယ်။  ဒီ့ထက်ကြီးရင်တော့ မရတော့ဘူး။  ကလေးက ကော်ဘုံးပေါ်ကနေ ကျော်ထွက်မှာ ဖြစ်ပါတယ်။

အိမ်ရှင်မများး သက်သက်သာသာ နေနိုင်ကြပါစေ။

မေတ္တာဖြင့်

ဝင့်ပြုံးမြင့်

 

 

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.