“ဗျို့ ဦးဖိုးလူ .. ဦးဖိုးလူကြီးရ.. ဘယ်နှယ့်တုံး.. အလှူပြီးကတည်းက ခင်ဗျား နဲ့ ကျွန်တော် စကားကို အေးအေးဆေးဆေးမပြောရဘူးဗျာ.. ကျွန်တော့်အိမ်လေးဘက်တောင် ခင်ဗျား လှည့်မလာပါလားဗျ..”

ကျွန်တော် ရန်ကုန်ပြန်မယ့်ရက်မို့ ကျွန်တော်နဲ့ အေးဆေးမတွေ့တာကြာနေတဲ့ ဦးဖိုးလူအိမ်ကိုဝင်လို့ ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်.. ဟုတ်တယ်ဗျ ဒီလူနဲ့ကျွန်တော် မတွေ့တာကြာပေါ့.. အလှူပြီးကတည်း က ကြွေးမြန်မြန်ကြေအောင်ဆိုပြီး ဒီလူကြီးအလုပ်တွေချည်းဖိလုပ်နေလေရဲ့ .. အရင်ကဆို ကျွန်တော်ကလေးတွေ ကျောင်းဆင်းပြီးပြီဆိုတာနဲ့ ကျွန်တော်နေတဲ့ ဖွားစိန်ရဲ့ အိမ်ကို အရင်ရောက်နှင့် နေသူက ဒီ ဖိုးလူကြီးပါပဲဗျာ .. ခုနောက်ပိုင်းတော့ ကျွန်တော့်ကျောင်းသားလေးတွေ စာမေးပွဲဖြေနေရတဲ့ အချိန်မို့ ကျွန်တော်လည်း အလုပ်ရှုပ်နေတာမို့ ဦးဖိုးလူကြီးကိုတောင်မတနိုင်တော့ဘူး.. ခုတခါ စာမေးပွဲပြီးတော့လည်း ကျွန်တော်အမေ့ဆီပြန်ဦးမှာမို့ ဝင်နှုတ်ဆက်ရတယ်.. နို့ သူ့မနှုတ်ဆက်လို့ဆိုပြီး ပြန်လာတဲ့အခါ ထပ်ရစ်နေမှာ ကျွန်တော်သိပါ့

“အေး . . လူကလေး  .. မင့်ပြန်တော့မယ်ဆိုတာ သိပါရဲ့ကွာ.. မင့်ငါ့ဆီတော့လာမှာပဲ ဆိုပြီး ငါ မလာတော့တာပါ.. ကိုင်း ထိုင် ထိုင် မောင်မင်းကြီးသား. . မင့်အိမ်အတွက် ငါလက်ဆောင်တွေ ထည့်ထားသကွာ .. ယူသွားပြီး အမေ့ပေးလိုက်ဦးနှော် .. အိမ်ပြေးကျွန်တော့်ရဲ့ အမှတ်တရလက်ဆောင် လို့ပြောပေါ့ကွာ.” ဦးဖိုးလူလက်ထဲက လက်ဖက် ပဲကြော်နဲ့ နှမ်းဆုပ်တွေကို ကျွန်တော် လှမ်းယူလိုက်ရင်း.. “မလိုပါဘူး ဗျ .. ဒါပေမယ့်လည်း ထည့်ပြီးသမို့ ကိုင်း .. အလေးခံလို့သယ်ပါ့မယ်တဲ့ဗျား .. ဟားဟား.. အမေ က နှမ်းဆုပ်သိပ်ကြိုက်တဲ့ တောင်သာသူ အညာသူစစ်စစ်ပါတဲ့ဗျာ ..” ဆိုရင်း ကျွန်တော် အထုပ်တွေသိမ်းလိုက်တာပေါ့ ..

ဒီလူကြီးအိမ်မှာ စကားအကြာကြီးပြောရမယ်ဆိုတာ သိလို့ ကားထွက်မယ့်အချိန်ထက်ကို ၃နာရီလောက် ကျွန်တော်စောထွက်ခဲ့ရတာပါပဲ.. မသွားခင် ဖွားစိန်နဲ့ ဖိုးစနေ ကိုလည်း ကန်တော့ ခဲ့ကြောင်း. ဖိုးနဲ့ ဖွားက မျက်ရည်လေးတွေကျလို့သာ .. ကျွန်တော့်ကို ပြန်လာခဲ့ဖို့တဖွဖွ မှာနေတဲ့အကြောင်း. . ဒီတခေါက် ကျွန်တော်ပြန်လာတဲ့အခါသာ အိမ်က အမေ့ကို သေချာပြောခဲ့ဖို့ နောက်ထပ်ထွက်ပြေးမလာဖို့ အတန်တန်မှာ တဲ့အကြောင်း.. ဖိုးစနေကတော့ ကျွန်တော် မရှိတဲ့အခါ ဖွားစိန် ပျင်းနေရှာတော့မယ်ဆိုပြီးပြောလို့ ကျွန်တော် က ပြန်လာမှာပါလို့ သေချာကတိပေးခဲ့ရသေးကြောင်း .. မောင်ပုက လည်း ကျောင်းပြန်တက်နေလေတော့ ကျွန်တော်ပြန်တာသူသိမှာမဟုတ်လို့ နှုတ်ဆက်ကြောင်းရော .. ပြောမယ့်သာပြောတာပါ .. ကျွန်တော်ရွာပြန်ရောက်ရင်တောင် မောင်ပုတို့ကျောင်းက ပိတ်ဦးမှာ မဟုတ်သေးတော့ ကျွန်တော်ကတောင် ရွာကို အရင်ပြန်ရောက်မှာဖြစ်တဲ့အကြောင်း .. စုံလို့ပါပဲဗျာ .. ဒီတခါတော့ ဦးဖိုးလူကြီးနားအူတဲ့အလှည့်ပေါ့ .. သူပြောတာပဲ ကျွန်တော် နားထောင်ရတာများသာ.. ဒီတခါတော့ ကျွန်တော့် အလှည့်ပေါ့ . . ကျွန်တော်ထွက်သွားတဲ့အခါ ဒီရွာက လူတွေကျွန်တော့်ကို မေ့သွားမှာစိုးလို့ပါ. .ကျွန်တော် ဒီရွာမှာ နေရတာ ပျော်တယ်လေဗျာ. . ကျွန်တော်ပြန်လာတဲ့အခါကျ ကျွန်တော့်ကို မေ့သလိုဖြစ်နေမှာ ကျွန်တော်စိုးရိမ်ကြောင်းပြောပြတော့ .. ဦးဖိုးလူကြီးက ရီလိုက်တာမှ ပြောမနေပါနဲ့တော့ .. ဒီရွာက လူတွေက ကျွန်တော်ပြန်မလာရင် ဦးဖိုးလူကြီးကို ရန်ကုန်လိုက်ခေါ်ခိုင်းမှာဆိုပြီးတောင် ပြောထားတယ်တဲ့ဗျာ..

ကျွန်တော်က ပြန်လာမှာပါ. . ဒီရွာမှာ ကျွန်တော်ချစ်တဲ့ ကျွန်တော့်တပည့်လေးတွေကို ထားခဲ့ရတယ်လေ.. သူတို့ကျွန်တော့်ကို ပြောထားတယ်.. သူတို့ကျောင်းလေးကို အလယ်တန်းကျောင်းခွဲထိဖြစ်အောင် လုပ်ပေးဖို့ပေါ့ဗျာ. . ကျွန်တော်ရည်မှန်းထားပြီးသားပါ.. ကျွန်တော့်တပည့်လေးတွေကို ကျောင်းထွက်ပြီး နွားကျောင်းလိုက်ရ၊ ကောက်ရိတ်ရ .. ရေထမ်းရတဲ့ ပုံစံလေးတွေနဲ့ ကျွန်တော် မမြင်ရက်ဘူးလေ.. ခုစာကလေးတို့ ငှက်ရိုးတို့ ဆိုတာ  အလယ်တန်းကို တခြားရွာသွားတက်ရမှာမို့ အချိန်ကုန်တယ်ဆိုပြီးရယ် .. ကျောင်းထွက်ပြီး လယ်လုပ်ရတာ ခုဆို လယ်သမားလုံးလုံး .. ထန်းသမားလုံးလုံးကို ဖြစ်ရောပေါ့..

ကျွန်တော်ထားခဲ့ရတဲထဲမှာ ဖိုးစနေနဲ့ ဖွားစိန်လည်း ကျန်သေးတယ်.. တချိန်လုံး ဒေါသဖြစ်နေတတ်တဲ့ ဖိုးစနေ နဲ့ ကျွန်တော်ပြန်မလာသေးရင် ဦးဖိုးလူတို့ အိမ်ကနေလာလာစောင့်နေတတ်တဲ့ ဖွားစိန် .. တို့က အဓိကပေါ့ .. ကျွန်တော့်ကို သားတယောက် မြေးတယောက်လိုခင်တွယ်နေတဲ့ ဒီအဖိုးအဖွားလင်မယားကိုလည်း ကျွန်တော် အကြာကြီး ထားမသွားနိုင်ပါဘူး.. ကျွန်တော်အိမ်က ပြေးနေတဲ့ တောက်လျှောက်မှာ ဖိုးနဲ့ ဖွား က ကျွန်တော့်ကို သားတယောက်လို စောင့်ရှောက်ခဲ့တာတွေကို မေမေ့ကိုလည်း ပြန်ပြောရဦးမယ်..  ကျွန်တော် က လည်း တကယ့် အဖိုးအဖွားရင်းတွေလို ခင်တွယ်နေတာမို့ ကျွန်တော် ဒီရွာကို ပြန်ကိုလာရဦးမှာ..

နောက်တော့ စာကလေး . .ငှက်ရိုး .. မောင်ပု သူတို့ တွေနဲ့ လည်း ဗဟုသုတ လေးတွေဖလှယ်ဖို့ ကျွန်တော် ပြန်လာခဲ့ရဦးမယ်လေ..

အမေလည်း ကျွန်တော့ကို မျှော်နေရောပေါ့.. ဒါကြောင့်ကျွန်တော်မပြန်မဖြစ်ပြန်ရမှာ .. ကျွန်တော် အိမ်ပြေး နေခဲ့တာ ကြာပြီလေ.. အမေလည်း စိတ်ပြေနေပါပြီ .. ကျွန်တော့်ကို ဖုန်းထဲက နေ ပြန်လာခဲ့ဖို့ တဖွဖွ ပြောနေရှာ တာ.. ပြန်သွားချင်လည်း မတားပါဘူးတဲ့လေ .. ကားဂိတ်မှာဟိုငေးဒီငေး နဲ့ ကျွန်တော့်ကို ရှာနေမယ့် အမေ့ကို မြင်ယောင်မိရင်း ကျွန်တော် အမေ့ကို ခုချက်ခြင်းတောင် တွေ့ချင်လာမိတယ်. .

ကျွန်တော်ဆိုင်ကယ် ကယ်ရီနောက်ကနေစဉ်းစားရင်းလိုက်လာတာ . . ကားဂိတ်တောင်ရောက်ပေါ့ . .. ကဲ ဆရာလေး သွားဦးနှော့ .. ပြန်ရောက်မယ့် နေ့ကျသာ ရွာကျောင်းကို ဖုန်းဆက်ထားလိုက် ကျုပ်တို့ လာကြိုမယ် ဆိုပြီး .. ရွာကဆိုင်ကယ်ကယ်ရီဆွဲတဲ့ကလေးတွေက မှာနေသေးရဲ့ .. သူတို့နှုတ်ဆက်ကားပေါ်တက်ပေါ့ ကျွန်တော်လည်း . .. နောက်တော့ အမေ့အတွက် နဲ့ လက်ဆောင်ပေးလို့ ရအောင် ဟိုနည်းနည်း ဒီနည်းနည်း ကျွန်တော်ကားပေါ်ကနေလှမ်းဝယ်ခဲ့ပါသေးတယ်..

ကျွန်တော်ကားပေါ်ရောက်ပြီး ၁၅ မိနစ်လောက်နေတော့ ကားလည်း ထွက်မယ်ပြင်ပါတယ် .. ကျွန်တော် စိတ်မကောင်း စွာနဲ့ နောက်က ကျန်နေခဲ့တဲ့ ကျွန်တော့် အိမ်ပြေးမိတ်ဆွေ ရွာတန်းရှည် လေးကိုကားပြတင်းပေါက်ဖွင့်လို့ လှည့်ကြည့်ရင်း.. စိတ်ထဲကနေ ပြန်လာမှာပါကွာ လို့ ကျွန်တော် ပြောလိုက်မိတယ် ထင်ပါတယ်. .ရွာတန်းရှည်လေးဝေးလို့ကျန်တော့မှရှေ့လှည့်ကြည့်ပြီး ထိုင်ခုံနောက်ကို မှီချရင်း သက်ပြင်းရှည်ကြီးချလို့ .. ကျွန်တော့် အမေ့နဲ့ တွေ့ရတော့မှာကို သတိပြန်ရလာပြီး မျက်လုံးမှိတ်လို့ ပြုံးလိုက်မိပါတော့တယ်. . . .

ကားဂိတ်ရောက်လို့ အမေ့ကို တွေ့တဲ့အခါ အိမ်ပြေးကျွန်တော် အမေ့ကို ဘယ်လိုနှုတ်ဆက်ရပါ့မလဲ ဆိုတာ…. ကျွန်တော် လမ်းတလျှောက် စဉ်းစားရဦးမှာပေါ့လေ..

လူကလေး

About လူကလေး

လူကလေး has written 16 post in this Website..