ကဗျာပြခန်း အမှတ် (၁၀)

Mr. MarGaOctober 1, 20137min65949

ပြီးခဲ့သည့် ကဗျာပြခန်းမှ ဆောင်းပါး အဆက် ဖြစ်ပါသည် >>>

++++++++++++++++++++++++++++

ယခုလည်း ဒသမတန်းတွင် “အင်္ဂလန်သွား ဒယ်လီကိတ်ဘွဲ့ လေးချိုးကြီး” ကို ပြဋ္ဌာန်းထားပါသည်။

ဟံသာဒဂုံပါ စံရာသထုံကွန်းဆီက
လွမ်းရက် မမေ့သူတွေမှာကွယ်
ဆွမ်းသက်စေ့လှူ။

ထိုအပိုဒ်ကို ကျောင်းသားများအား အဖတ်ခိုင်းလိုက်လျှင် …

ဟံသာဒဂုံပါ စံရာသထုံကွန်းဆီက
လွာမ်းရက် မမေ့သူတွေမှာကွယ်
ဆွာမ်းသက်စေ့လှူ

ဟု ဖတ်ချင်ဖတ်ပစ်လိုက်ကြသည်။ ကျွန်တော့်မှာ ရယ်ကာမောကာနှင့် “မင်းတို့ နားတွေကလည်းကွာ၊ ကာရန်ကန်းနေကြပြီထင်ရဲ့” ဟု ပြောပြီး “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း” ကို သင်ပေးလိုက်ရပြန်ပါသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ လေးချိုးကြီးများကို ဖတ်မိကြပြီဆိုလျှင် “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း” ကို အတော်လေး သတိထားရသည်ဟု ထင်ပါသည်။ သုံးလေးပိုဒ်လောက် သာဓကအဖြစ် ပြလိုက်ချင်ပါသေးသည်။

ဪ ကမ္မဋ္ဌာန်း ပြခဲ့တဲ့
ဗဟန်းက နန်းမဒေဝီကို သနားသနားပြီး
အို ဆွမ်းအစ်မ ကွမ်းအစ်မကြီးရဲ့
တနွမ်းနွမ်းတလျလျနဲ့ တမှန်းမှန်းတတပြီး
လွမ်းရချေပြီဘုရား။
(မိဖုရားခေါင်ကြီး နတ်ပြည်စံဘွဲ့လေးချိုးကြီး)

“နွမ်း” ကို “နွန်း” ဟုလည်း ရွတ်နိုင်ရာ ဤနေရာတွင်တော့ဖြင့် “နွမ်း” ဟုသာ ရွတ်ရမည်ဖြစ်ကြောင်း သိသာပါသည်။

ဇေယျာစည် ပဟိုရ်အရွမ်းတွင်မှ
ကေသာဝတီမှာ တငိုငိုနဲ့ကျွမ်းလောက်တဲ့
ကိုလွန်းအမိန့်တော်အတိုင်းငဲ့ပြင်
(စုဖုရားလတ် နတ်ရွာစံ လေးချိုးကြီး)

စင်စစ်အားဖြင့် “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း” မျှသာမဟုတ်။ အခြားအခြားသော စကားသံများကိုလည်း အသံနှစ်မျိုးလောက် ရွတ်တတ်ကြသည်ဖြစ်ရာ ကာရန်ငဲ့ထားသည်ကို တွေ့လိုက်လျှင် ရေးဖွဲ့သူ ရှာဖွေထားသည့် အသံအလှကို ပေါ်အောင် ရွတ်ဆိုသင့်သည်ဟု ထင်မိပါသည်။ အနောက် နန်းမတော် မမြလေး ရေးသော တေးထပ်ကလေးကို သတိပြုပြီး ကြည့်လိုက်စေချင်ပါသည်။

ပါရမီဖြည့်စမို့၊ ကြည့်ဘုရာ့သခင်
အလှည့်ကျမဆင်၊ အရင်လိုမနွှဲ့
အဖြူနဲ့အပြာပယ်မယ်၊
အဝါထည်ကလေးဖြင့်လျော်ရဲ့၊
တစ်ခွန်းထက်နှစ်ခွန်းပိုပြီး၊ အလွမ်းကိုမချဲ့
ကျွမ်းညိုညိုဟိုအလှဲ့ဆီက၊ ငိုမဲ့မဲ့ထားရှာ။

“ဖြည့်” ကို “ဖြေ့” ဟူ၍ လည်းကောင်း၊ “လှည့်” ကို “လှဲ့” ဟူ၍ လည်းကောင်း ရွတ်နိုင်ကြပါသည်။ သို့သော် ထိုကဲ့သို့ ရွတ်လိုက်မည်ဆိုလျှင် အနောက်နန်းမတော် ရှာကြံထားသည့် အသံလှကလေး ပျက်သွးမည်မှာ မုချဖြစ်ပါသည်။

++++++++++++++++++++++++++++

ပြခန်း အမှတ် ၁ဝ မှ ကြိုဆိုပါကြောင်း
ပြခန်းပါ ကဗျာများမှာ အောက်ပါအတိုင်း ဖြစ်ပါကြောင်း
လွပ်လပ်စွာ ကြည့်ရှု ခံစား သုံးသပ် ဆွေးနွေးနိုင်ကြပါကြောင်း…

စာသားလေးတွေကို ဖတ်ချင်ကြရင်

 

လက်ဖက်ရည်ကြမ်းဝိုင်း…(ရွာ လွှတ်တော် အမှတ်တရ)
အောက်တိုဘာလ ရောက်ပြီမို့

 

သောနုတ္ထိုရ် ငိုချင်း

 

သိင်္ဂါရ စစ်မျက်နှာ

 

ငါတို့ အနာဂတ် ဟာ ဘာအရောင်လဲ…

 

သတိရခြင်း… များစွာဖြင့်

 

ဒုတိယ…

 

ဘဝ…

 

ယုံကြည်ချက်မဲ့

 

အမှောင်စအား.. ဆွဲခြုံသူ

 

လွမ်းးးတယ်

 

“လက်ဖက်ရည်ကြမ်းဝိုင်း” – ဗန်းမော်ညို နွဲ ့

လရောင်ဆမ်း၍
ရွာလမ်းမြေမာ ၊ ဝင်းဝင်းဝါ၏။

အုန်းထန်းပေလက် ၊ တမာရွက်တို ့
ရွှေစက် ရွှေပြောက် ၊ ရွှေရည်သောက်၏။

တရံတခါ ၊လေအလာတွင်
ရွာလယ်ပေါင်းကူး ၊တံတားဦးမှ
ဆိတ်ဖလူးနံ ့၊ ရွာလုံးပျံ့၏။

သူကြီးအိမ်မြောက် ၊ ရွာသားဆောက်သည့်
ကွန်းထောက်ခိုရာ ၊ကွပ်ပျစ်သာတွင်
ရွာမှသက်ကျား ၊ ရွယ်အိုများတို ့
စကားဆိုမြည် ၊ ဝိုင်းကြီးစည်၏။

ဝိုင်းလယ်ခေါင်ဗွေ ၊ ကရွတ်ခွေတွင်
မြေကရားအိုး ၊ နှုတ်သီးကျိုးနှင့်။

ညှိတက်ဟောင်းနွမ်း ၊ သံလင်ပန်းဝယ်
အကြမ်းပန်းကန် ၊ နှုတ်ခမ်းလန်နှင့် ။

ဆေးသားမပီ ၊ ယွန်းဗျပ်နီ၌
ရှမ်းပြည်မြေပဲ ၊ ထန်းလျက်ခဲနှင့်။

ဤနေရာသည်
ရွာ၏အရေး ၊ ရှေ့နောက်တွေးလျက်
ဆွေးနွေးကြရာ ၊ ဘုံရိပ်သာတည့်။

ဤနေရာသည်
သူငါတို ့စမ်း ၊ ဟာသခန်းဖြင့်
ကျွမ်းဝင်ကြရာ ၊ ဘုံရိပ်သာတည့်။

ဤနေရာသည်
ပညာစောကြော ၊ တုံ ့လှယ်ပြော၍
နှီးနှောကြရာ ၊ ဘုံရိပ်သာတည့်။

လက်ဖက်ရည်ကြမ်း ၊ တလင်ပန်းဖြင့်
စိတ်ဝမ်းလက်ညီ ၊ ရွာသစ်တည်ကာ
ကျီသစ်ပုံသွင်း ၊ အားနှင့်ရင်း၍
ဖန်ဆင်းခဲ့ကြဘူးလေပြီ။

×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×

“အောက်တိုဘာလ ရောက်ပြီမို့”

မီးပုံးလေးတွေ စီကာရီ
ဆီမီးရောင်စုံ ထိန်လာပြီ
ပျော်ရွှင်ကာသာ တူယှဉ်နွဲ
မြန်မာတို့ရဲ့ သီတင်းကျွတ်ပွဲ။

ဝါဆိုကာလ အစပြုလို့
ဝါတွင်းသုံးလ ဆိုကြသံဃာ
ဝါထွက်ခါ တစ်ဝါတိုးလို့
ရဟန်းသိက္ခာ တစ်ဝါထပ်တယ်
မြတ်တဲ့ကုသိုလ်မျိုး။

ဝါလကင်းလွတ် သီတင်းကျွတ်ရင်
ရွှေလက်တွဲလို့ လက်ထပ်ချင်
ချစ်ကြသူတွေ ပြုံးလို့အစဉ်
အခါတော်ပေးသံက တလွင်လွင်
အာဝါဟ ဝိဝါဟ မင်္ဂလာပင်။

ထိုအချိန် အိုင်တော်တွင်းမှာလ
ကြာငါးမည် ငုံအာစွင့်ခါပ
ဖူးပွင့်ခါချိန်။

ဗုဒ္ဓဘာသာ မြန်မာတွေမှာဖြင့်
ဂါရဝေါစ ယှဉ်ကာပြုပါရဲ့
ကန်တော့ကြတဲ့ အစဉ်အလာတစ်ခုမို့
ကျက်သရေဖြာ ထိုကာလမှာပေါ့
မစဲပေါင်ကုသိုလ် နှိုးလှတယ်
အောက်တိုဘာလ ရောက်ပါပြီကွယ်။ ။

×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×

သောနုတ္ထိုရ် ငိုချင်း

အစွယ်ကို လိုသူက မိဖုရား
အသွားစေခိုင်းသူက မင်းဧကရာဇ်
လေးပစ်တဲ့သူက ကျနော်
ကြံဖော်ကြံဖက်
သုံးယောက်သား အနက်တွင်မှ
ကံကွက်ကြား၍
ငမိုက်သား မုဆိုးလေ…
နင်ချည်းသာ သေပေရော့ ဟု
ဆဒ္ဒန်ကိုယ်တော်
သတ်လိုသော် သေရမယ့်သူ။

ပူဆာလေသူက သခင်မ
စိန် ငွေ မြ မရှား
အလွန်ပင် များသည်ကို
နားလေးလေဟန်
ဆင်စွယ်မှ ပန်လိုသတဲ့…
အဆာကျယ်တဲ့ ထိပ်ထား
မုဆိုးကို သားကောင်ဖြစ်စေရော့သလားဟင်…။

ဆဒ္ဒန်သခင် ဆုံးဖြတ်
ကျနော်မျိုးရဲ့ အဆုံးသတ်ကို
ဘုန်းမြတ်အရှင် ပိုင်စိုးပြီပေ့ါ။

အမှန်တကယ် ယိုးစွပ်ရရင်ဖြင့်
အပြစ်တင်သင့်တာက ထိပ်ထား
(ဘယ့်တွက်ကြောင့်များ)
သောနုတ္ထိုရ်က တရားခံဖြစ်သွားရပါသလဲ…
တကယ်ပဲ ဒဏ်ခတ်တော်မူလိုတယ်ဆို
ကိုယ်တော်ရဲ့ အစွယ်နှစ်ချောင်း
သူမကို နားတောင်းလုပ်ခွင့်ပြုပါလေ…
ကျနော်မျိုးလည်း ဆုငွေရ
သခင်မလည်း ပျော်ရွှင်
ကိုယ်တော်လည်း သေပွဲဝင်ရတော့မှာ…။

အပြစ်အတွက်တော့ မပူပါလေနှင့်
အတိတ်ဟောင်းက အဖြစ်ကိုသာ
သခင်မ ရင်နင့်ခဲ့ပါက
သူမလည်း အတူနွှဲ
ရင်ကွဲလို့ သေ
(ကျနော်မျိုး)
သောနုတ္ထိုရ်က အနေသာကြီးပါ ဘုရား…။ ။

×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×

သိင်္ဂါရ စစ်မျက်နှာ

လောကဓံ ဦးတုန်းက
မော်ကြွားခဲ့ဖူးတဲ့
နှလုံးရင်လှိုင်းတွေကို
ငါ့ ပစ္စုပ္ပန်မှာ သယ်ဆောင်လို့
နစ်မွန်းမြုပ်ပိနေတဲ့
ပိတုန်းရောင် ညတွေအကြောင်း
သက်တံ့ရောင် ဂစ်တာအိုထဲ
ပစ်ထည့် ဖောက်ခွဲ
လခြမ်းတွေ ခဏခဏ
ကြွေခဲ့ဖူးတယ် . . .။

ရွက်စိမ်းမှာသာ
တွဲလွဲ ခိုတတ်တဲ့
ကောင်းကင်မတင် မြေမကျ
နှင်းတစ်စက်
ရင်သွေ့ ငှက်တစ်ကောင်အတွက်
အသက်ဖြစ်ချင် ဖြစ်လိမ့်မပေါ့ . . .။

တေလေ တစ်ယောက်ရဲ့
လေဖိအားနည်း ရပ်ဝန်းမှာ
လပြည့်ဝန်းလို မို့မောက်တဲ့
ရင်ခုန်သံတွေ ရုန်းကြွနေပါတယ် . . .။

တနင့်တပိုး ရှက်သွေးဖြာနေတဲ့
ပါးပြင်လေး . . .
စိုက်လိုက်မတ်တပ် ဆွဲငင်နေတဲ့
ဆံနွယ်လေးရေ့ . . .
တိမ်ခိုးမိုးပျံ ရေတံခွန်တစ်စင်းလိုလည်း
ရဲရင့်ရဲပါရဲ့ . . .။

ကံတရားဟာ
မရဏဖွား ရက်စွဲကလွဲလို့
ငါ့ဆီကို
သိုးကျောင်းသားတစ်ယောက်ရဲ့ ဂီတသံနဲ့
ဘယ်တော့မှ
အလည်လာလေ့မရှိဘူး . . .။

တအုံ့နွေးနွေး ဖြစ်နေတဲ့ စိတ္တဇဟာ
နေညိုချိန် ညနေခင်း ပုံဆောင်ခဲတွေမှာ
မျှော်ငေးခွင့်ကလေး ကလည်း
ရှိချင်သေး
လွင့်လွင့်ပါးပါး
အနစ်နာခံလိုသေး . . .။

ငါ့ရဲ့
သာမိုမီတာလေးရေ့ . . .
ကိုယ့်အပေါ် တိုက်ခတ်လေသမျှ
မုန်တိုင်းများ
မင်းအပေါ် ကွင်းအောင်ပဲ
လိမ္မာရေးခြား ရှိနေရလေတော့
ငါ့ ကုသိုလ်ကောင်းမှုမှာ
မင်းကို ဖြားယောင်းလိုတဲ့
နာမဝိသေသနတွေ
နူးညံ့တိုးသက်လို့ နေပါရဲ့ . . .။ ။

×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×

ငါတို့အနာဂတ်ဟာ ဘာအရောင်လဲ

ခြေလှမ်းတွေကို နောက်ပြန်လျှောက်လိုက်ရင်
အရင်နေရာကို ပြန်ရောက်နိုင်ပေမဲ့…
ကုန်လွန်ပြီး ၊ကွယ်လွန်ပြီး ၊သေဆုံးပြီး
အတိတ်ဆီ ကိုတော့ နောက်ပြန်လမ်းလျှောက်လို့
မရနိုင်ဘူး..။

အသက်က ၂ဝ ကျော်
ဇာတ်ကွက်ကျရာ ခေတ်ကလည်း
ညစ်ကျယ်ကျယ် နိုင်လွန်းလှတယ်။
ခေါင်းတွေ ငုံ့ထားတတ်ရမယ်
လူတကာကို ဆရာခေါ်မှ..ထမင်းဝမယ့်အဖြစ်..။
ခိုး မစားတတ်ရင်..ငတုံးလို့ အခေါ်ခံ စနစ်..နဲ့
“တည့်အောင်ပေါင်းပြီး တောင်းစားတာ ဖက်ရှင်လား”
ဆိုတဲ့ ကဗျာစာသားလို..မေးခွန်းတွေနဲ့ ဘဝ..။

ဗိုလ်ချူပ်ကတော့ပြောသွားရဲ့..
“အကောင်းဆုံးကို မျှော်လင့်ထားသလို
အဆိုးဆုံးကိုလည်း မျှော်လင့်ထားပါ”တဲ့…။
တရား သဘောအရ တော့ ငါတို့ ဟာ ဝဋ်ခံနေရတာပဲမဟုတ်လား။

သားစဉ်မြေးဆက် ချွေးမြေမကျဖို့
ငါတို့သွေး မြေကျရတာ…
မြင့်မြတ်သော လှူတန်းမှုတစ်ခုပဲ…

ကဲ…နိုင်မွန်အောင်သွင်ရဲ့ ကဗျာခေါင်းစဉ်လို
“နောင် အနှစ် (၂၀) ကြာသော်”…
ငါတို့ ဘာဖြစ်မလဲ……..?????????။ ။

×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×

ဒုတိယ

လေတိုးရင်တောင် မနာလိုသူပါ
ကိုယ်တိုင်လည်း မပန်ရက်
ချစ်သူရယ် ငါတော့ ဒီလိုနဲ့ ရူးရတော့မယ်ထင်ပါတယ်
ဆုံတွေ့မှုတွေက နောက်ကျခဲ့ပေမဲ့ ရင်ခုန်သံက ပထမပါ …

×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×

ဘဝ

အရိပ်အာဝါသ ကောင်းကောင်းရဖို့ အရိပ်တစ်ခုမှာ နားခိုရအောင်လည်း
ငါက ငှက်တစ်ကောင် မဟုတ်ခဲ့တာ ခက်တယ်။

လွတ်လပ်ခြင်းဆိုတာ ကောင်းကင်ထက် ပျံသန်းခြင်းဆိုလည်း
ငါ့မှာက အတောင်ပံတစ်စုံမှ မရှိခဲ့ပဲ။

အချစ်အတွက် အသက်ပင်သေသေဆိုရအောင်လည်း
ငါမှာ ရိုမီယိုဆိုတာက မရှိခဲ့ဘူး (ကိုယ်တိုင်လည်း မသေရဲပါဘူး)။

လိုအင်ဆန္ဒအားလုံး ပြည့်ဝဖို့ကလည်း
ငါ့မှာက အာလာဒင်ရဲ့မီးခွက်တစ်လုံး မပိုင်ဆိုင်ပြန်ဘူး။

မအိပ်မနေ အသက်ရှည်ဆိုရအောင်လည်း
အလုပ်ပြုတ်ပြီး ငတ်မသေဖို့ကို အရင်ကြိုးစားရမယ်။

အိပ်မက်တွေ ဖြစ်လာဖို့ဆိုတာကလည်း
တစ်ခါတစ်ရံ ငါ့အိပ်မက်တွေကို လေထဲမှာလိုက်ဖမ်းဆုပ်ဖို့
အားအင်တွေက ကုန်ခမ်းနေတုန်းပဲ။

ဘယ်ကိုပဲ သွားသွား အချိန်တန်လို့ နေစောင်းရင် အိမ်ပြန်ရအောင်လည်း
ငါက နွားတစ်ကောင်မဟုတ်ခဲ့ပြန်ဘူး။

ဒီလိုနဲ့ပဲ ……
ငါတစ်ယောက်
ဘာမသိတဲ့အရာနောက် …
ဘာမရှိတဲ့ အဓိပ္ပာယ်နောက် …
ငါကိုယ်တိုင်မသိတဲ့ ငါ… နောက်
တစ်ကောက်ကောက်လိုက်ရင်း ………..။ ။

×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×

ုယုံကြည်ချက်မဲ့

တုံးဆိုတိုက်
ကျားဆိုကိုက်။
လာမယ့်ဘေးပြေးတွေ့ တဲ့
စာဆိုတွေတော့ရှိပါရဲ့
ခိုင်မြဲခြင်းမရှိတဲ့စိတ်ဓာတ်နဲ့
ငါရင်ဆိုင်ရမယ့်
အမှန်တရား
ဘယ်လိုများအားတင်းထားရမလဲ။

အကြောက်တရားကကင်းဖို့
အမှန်တရားကိုပြေးတွေ့လိုက်မယ်ဆိုတော့
ခြေလှမ်းတွေက
နောက်ပြန်လို့နေပါပေါ့။

×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×

အမှောင်စအား ဆွဲခြုံသူ

ဝတ်ရုံနက်ဝတ်ဆင်ထားရုံနဲ့တော့
မှော်ဆရာမဖြစ်နိုင်ဘူး…။
မှော်ဆရာဖြစ်ရုံနဲ့လဲ
ငါ့ကို မညှို့ယူနိုင်သေးဘူး…။

အရိပ်ကိုခိုဝင်ချင်ရင်
ကိုယ်တိုင် လှမ်းလျှောက်ပြီးဝင်လာမယ်..။
ငါ့ဘာသာရပ်နေတာကိုတော့
လာလွှမ်းမိုးဖို့ အားမထုတ်နဲ့..။

ကဲ…အခုငါက
ရိုးပြတ်တောမှာ ပန်းခူးထွက်မယ်..။
မျက်စိမှိတ်ပြီး
အိပ်မက်ဟောင်းကို ရှာဖွေမယ်..။

အဲဒီအတွက်..
ဘယ်လို ဂရုဏာတရားမျိုးမှ
ကြဲချစရာမလိုအပ်ဘူး..။

ဖြောင်းဖျနှစ်သိမ့်ဦးမလို့လား
ငါက ကမ်းနားကျောက်ဆောင် မဟုတ်ဘူး..။

ထပ်…. ပြော ဦး မယ်
ရေနစ်နေတာက ကယ်တင်ချင်လို့ရမယ်..။
အ ခု….ငါ က…
ရေ…ငုပ်…နေ…တာ .. . .။

×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×

“လွမ်းတယ်”

လွမ်းတယ်…
တစ်စုံတစ်ယောက်က
နင့်နာမည်ရေရွတ်တိုင်း…

လွမ်းတယ်…
တစ်စုံတစ်ယောက်ဆီက
နင့်အကြောင်းကြားရတိုင်း…

လွမ်းတယ်…
တစ်စုံတစ်ယောက်ဆီကို
နင်ဖုန်းဆက်တိုင်း….

လွမ်းတယ်….
တစ်စုံတစ်ယောက်ကို
နင်လာခေါ်တိုင်း…

လွမ်းတယ်…
တစ်စုံတစ်ယောက်က
နင်နဲ့ဖုန်းပြောနေချိန်တိုင်း…

နောက်ဆုံး..
အဲဒီတစ်စုံတစ်ယောက်ကို
မြင်နေရတိုင်း….

“နင့်ကို အရမ်းလွမ်းတယ်….” ။ ။

×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×-×

ကဗျာတွေကို ဖတ်ပြီး ခံစားမိတာလေးတွေကို အောက်မှာ ပြောပြသွားကြပါဦးဗျို့

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)


    Pages: 1
  • 2

49 comments

  • Ma Ma

    October 1, 2013 at 9:29 am

    တာဝတိ ံသာမှ အက်ဆေးများကို ဖတ်ရတယ်ဆိုတော့ ကိုယ်တိုင်တောင် တာဝတိ ံသာ ရောက်သွားသလို…. 🙂
    ဒါ့ထက်ပုခုံးပေါ်က စာမေးပွဲဝန်ထုပ်ကြီးကို ပစ်ချပြီး ကဗျာပြခန်းလာထိုင်နေတယ်ပေ့ါ။ :winK:
    ကဗျာတွေဖတ်လိုက်အုံးမယ်။
    ပြီးရင်ဗုတ်လိုက်ပါမယ် သိကြားမင်း။ 🙂

    • Mr. MarGa

      October 1, 2013 at 1:43 pm

      တာဝတိံသာကနေ အက်ဆေးတွေ ပို့လာတာ လေးဆယ်လောက်တောင် ရှိပြီလားမသိ
      ပခုံးပေါ်က ဝန်ထုပ်ကြီးက ပစ်ချလို့မှ မကြာသေး ပြန်ရောက်လာပြန်ပြီ
      စာပြန်ဖတ်ရဦးမယ်…
      ဆက်ဆက် ပြန်လာဗုတ်ပါရန်….. 🙂

      • Ma Ma

        October 3, 2013 at 9:04 am

        ဆက်ဆက် ပြန်လာ ဗုတ်ပါကြောင်းးးးးးးးးးးး
        ကဗျာတွေ တစ်ကြိမ်ထက် တစ်ကြိမ်ပိုကောင်းလာတယ်လို့ ပြောရင် လွန်မယ် မထင်ပါကြောင်းးးးးးးးးးး
        ရွေးရခက်လို့ အကြိမ်ကြိမ် ပြန်ဖတ်လိုက်ရပါကြောင်းးးးးးးးးးးးး 🙂

  • နာ နီ့ကို အနိုင်ကျင့်ထားတာ ပေါ်ကုန်ပီပေါ့။ မထူးပါဝူး။ နောက်ခါလည်း အနိုင်ကျင့်မယ်နော် 🙂

    • Mr. MarGa

      October 1, 2013 at 1:50 pm

      ဒီလိုနဲ့ အကျပ်ကိုင်လာတာလည်း များပါပြီကွယ်

  • TNA

    October 1, 2013 at 1:09 pm

    ပြခန်းကလူတွေတကယ်တော်ပါတယ်။ ကျိုးစားကြတယ်။ အားကျပါအိ။ တခုပဲကြားမိတာလေး အင်း————ကဗျာ ဒမြဆိုလား 😀 ဗုတ်ပြီးပါကြောင်း

    • Mr. MarGa

      October 1, 2013 at 1:50 pm

      တကယ် ပြောတာဗျ
      ကဗျာတွေ ပေးဦး
      ဗုတ်ပေးလို့ ကျေးကျေး
      ကဗျာပါ ထပ်ပို့ရင်တော့ ကျေးဂျူးကဘာ :mrgreen:

  • Yin Nyine Nway

    October 1, 2013 at 2:01 pm

    ဂုလို တိုတိုလေးလည်း ထည့်ပေးတဲ့အတွက် ကျေးဇုူးပါ
    အမှတ်တရလေး သိမ်းထားချင်လို့
    ဒေါင်းသွားပါကြောင်း …

    • Mr. MarGa

      October 1, 2013 at 3:13 pm

      ဒေါင်းပါဗျာ… ဒေါင်းပါ
      ပုံတွေ လိုချင်ရင်လည်း ပြောပါနော့

  • Mahar Myanmar

    October 1, 2013 at 3:16 pm

    ကျုပ်လည်း ကျရာ ဇာတ်ရုပ် က ပြ ပြီး ပါပေါ့ လား…
    http://myanmargazette.net/186335
    ဒီ လင့် ကို ဆက်ဖတ် ကြ ဖို့ တိုက်တွန်း လိုပါတယ်…
    ဇာတ် ပို့ ပါ ခင်ဗျာ…

    မဟာမြန်မာ

  • ခင် ခ

    October 1, 2013 at 8:47 pm

    ခင်ခ လက်ရမ်းစပ်တဲ့ကဗျာလေးတွေကို လစဉ်ပုံမှန်လေးထဲ့ပေးနေကြတဲ့ ကဗျာပြခန်းက လူငယ်တစ်စုကို အလွန်ပင်ကျေးဇူးတင်ပါတယ်ဗျာ။
    ဗုတ်ကတော့ ပြခန်းထဲဝင်ကာ ဖတ်ပြီးတော့ ဗုတ်လိုက်ပါ့မယ်။
    ခင်ခ ရွာမှာ ပိုမိုရှင်းတစ်ခု လုပ်ဖို့စိတ်ကူးနေမိပါတယ်။
    ကဗျာဘက်မှာလုပ်ရင်ကောင်းမလား စာဘက်မှာလုပ်ရင်ကောင်းမလား ဝေခွဲမရသေးသမို့ ဦးမာဃ ကို ရွာပြင်မှာ အလွတ်သဘောတွေ့လိုပါတယ်လို့ စကားပါးခဲ့ပါရဲ့ဗျ။

    • Mr. MarGa

      October 2, 2013 at 7:32 pm

      အခုထိ လစဉ် ကဗျာ ပို့ပေးနေလို့
      ကျွန်တော်တို့ ကဗျာချစ်သူတွေကလည်း ကျေးကျေးပါဗျာ
      ရွာ ပိုမိုးရှင်း အတွက်လည်း
      စိတ်ဝင်စားနေပါကြောင်း…

  • Mahar Myanmar

    October 2, 2013 at 9:55 am

    ဒီ တစ်ပါတ် ကဗျာ တွေ အတော် ကောင်း တယ်
    သဂျား ရေ…ဗုတ် မရွေး သေး ဘူး..
    ပိတ်ခါနီး မှ ရွေး တော့ မယ်..
    (၁၄) လား (၁၅) လား တစ်ရက် ရက် ပေ့ါ..
    ကဗျာ ကို ရေးတာ
    စာမျက် နှာ အများဆုံး ဘယ်လောက် ဆိုရင်
    ပြန်ခန်း အတွက် အဆင် ပြေ နိုင် မလဲ
    ရှည် တယ် ဆိုတာ ကို..
    ချုံ့ ပေး ချင် လို့ ပါ…

    • Mr. MarGa

      October 2, 2013 at 7:40 pm

      ဟုတ်ပါပြီ ကိုမဟာ
      ကဗျာကိုတော့
      A4 စာရွက် တစ်မျက်နှာခွဲလောက်အထိ အဆင်ပြေဖို့ရှိပါတယ်။
      အဲလောက်အထိတော့ ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်ဗျာ

      • Mahar Myanmar

        October 3, 2013 at 8:24 am

        တူညား တွေ ကဗျာ တိုုတို ဘယ်သို့ဘယ်ပုံ ရေးကြသည် မသိ..
        အားကျပါ ဘိ ဗျာ…
        ၅ မျက်နှာ ချုံ့ လိုက် တာ .. ၃ မျက်နှာ ရတယ်..
        အခု တော့..
        A4 စာရွက် တစ်မျက်နှာခွဲလောက်.. ပဲ တဲ့..
        တဂျား မှာ အဲသည်လို ရက်စက် တတ် တဲ့
        အသည်း နှလုံး ချိမှန်း မတိ ဘူး ဗျာ…
        ချုံ့ ရင်း ချုံံ့ ရင်း နဲ့..
        နာ့ ဟာ လေး သေးသေး သွား ပြီ…
        ကဗျာ ပြောပါ တယ်..

  • kyeemite

    October 2, 2013 at 2:20 pm

    ဆရာကြီ ဗန်းမော်ညိုနွဲ့ရဲ့ “လက်ဖက်ရည်ကြမ်းဝိုင်း…”
    ကဗျာလေးကို ပီးခဲ့တဲ့ စနေနေ့ညနေဘက် ကိုစွယ်တော်အိမ်ရောက်တော့
    သူကစပြောတာ…အဲဒါ လသူတစ်ပိုဒ်ရွတ် ကိုယ်တစ်ပိုဒ်ရွတ်နဲ့
    ကြိုးစာပြန်ဖေါ်တာ အစုံမမှတ်မိတော့ဘူးဖြစ်နေတာဗျ…
    နောက်တော့ သကြားမင်းကိုယ်တိုင်ဆင်းမ မှပဲ အဆုံးသပ်နိုင်တော့တယ်
    ငယ်ငယ်ကကျောင်းပြဋ္ဌာန်း ကဗျာလက်ရွေးစင်ထဲပါခဲ့ သင်ခဲ့ရတာပေါ့
    ဟိုအပိုဒ်လေးအကြိုက်ဆုံး…
    “သူကြီးအိမ်မြောက်၊ ရွာသားဆောက်သည့်
    ကွန်းထောက်ခိုရာ၊ ကွပ်ပျစ်သာတွင်
    ရွာမှသက်ကြား၊ ရွယ်အိုများတို့
    စကားဆိုမြည်၊ ဝိုင်းကြီးစည်၏။”
    အဲဒီအပိုဒ်ကိုကျုပ်အသံထွက်ရွတ်ပြတော့
    အာတီဒုံတို့ မမတို့ အဘဖောတို့ ရီလိုက်ကြတာ
    ကြီးမိုက်လုပ်မှ တို့လည်း ရွာကသက်ကြားအိုတွေဖြစ်ကုန်ပြီဆိုပီးတော့….
    😀
    နောက်မှအေးဆေးဗုတ်ပါမယ်သဂျား ရေ

    • Mr. MarGa

      October 2, 2013 at 7:48 pm

      ဦးမိုက်ရေ့
      အဲဒီအချိန်တုန်းက ကျွန်တော်လည်း ကဗျာရှာဖို့ လုပ်နေတာ
      ဦးမိုက်တို့ကိုရှာပေးပြီးတဲ့အထိ ထည့်ဖို့ မတွေးမိသေးဘူး
      နောက်မှ ပြန်ဖတ်ပြီး ကြိုက်သွားတာ
      ရွာ သက်ကြားအိုတော့ ဟုတ်လောက်ပါဘူးဗျာ
      ရွာ မျက်နှာဖုံးတွေပါ :mrgreen:

  • kyeemite

    October 2, 2013 at 2:28 pm

    ဆရာကြီ ဗန်းမော်ညိုနွဲ့ရဲ့ “လက်ဖက်ရည်ကြမ်းဝိုင်း…”
    ကဗျာလေးကို ပီးခဲ့တဲ့ စနေနေ့ညနေဘက် ကိုစွယ်တော်အိမ်ရောက်တော့
    သူကစပြောတာ…အဲဒါ လသူတစ်ပိုဒ်ရွတ် ကိုယ်တစ်ပိုဒ်ရွတ်နဲ့
    ကြိုးစာပြန်ဖေါ်တာ အစုံမမှတ်မိတော့ဘူးဖြစ်နေတာဗျ…
    နောက်တော့ သကြားမင်းကိုယ်တိုင်ဆင်းမ မှပဲ အဆုံးသပ်နိုင်တော့တယ်
    ငယ်ငယ်ကကျောင်းပြဋ္ဌာန်း ကဗျာလက်ရွေးစင်ထဲပါခဲ့ သင်ခဲ့ရတာပေါ့

    အဲဒီကဗျာထဲက …..

    ဤနေရာသည်
    ပညာစောကြော ၊ တုံ ့လှယ်ပြော၍
    နှီးနှောကြရာ ၊ ဘုံရိပ်သာတည့်။

    လက်ဖက်ရည်ကြမ်း ၊ တလင်ပန်းဖြင့်
    စိတ်ဝမ်းလက်ညီ ၊ ရွာသစ်တည်ကာ
    ကျီသစ်ပုံသွင်း ၊ အားနှင့်ရင်း၍
    ဖန်ဆင်းခဲ့ကြဘူးလေပြီ။

    ရွာနဲ့အံအဝင်ဆုံးပါပဲဗျာ..ဒါကြောင့်သတိရသွားကြတာ… :hint:

  • အာဂ

    October 2, 2013 at 5:48 pm

    အီ…အနော့်ကဗျာထက် ကောင်းတဲ့ကဗျာများကို ဗုပ်တော်မူကြပါကုန်။ နောက်မို့ဆိုရင် အနော့်ကို လူတွေ မသင်္ကာဖြစ်လာနိုင်ကြောင်းပါ။ခင်ဂျာ..။ မှန်တာကိုပြောတော်မူရရင် ကျန်တဲ့ကဗျာဆရာများရဲ့ ကဗျာများက ပိုပြီး သစ်လွင်၍ အနှစ်သာရရှိကြောင်းဖြစ်လို့…..ရှက်မိတယ်။

    • အာဂ

      October 2, 2013 at 6:00 pm

      ဒီလအတွက် ကျွန်တော်ဒီနှစ်ပုဒ်ကို ကြိုက်ပါတယ်။ ဘဝရယ်။အမှောင်စအား.. ဆွဲခြုံသူရယ် ၂ပုဒ်ပါ။ အမှောင်စအား.. ဆွဲခြုံသူကိုတော့ ပိုကြိုက်တယ်။ တခြားကဗျာတွေလည်း သူဟာနဲ့သူ ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အကြိုက်ကတော့……စောစောကနှစ်ပုဒ်ပါ။

      • Mr. MarGa

        October 3, 2013 at 5:19 pm

        ကိုအာဂရေ့
        အစ်ကို ကြိုက်တဲ့ ကဗျာလေးများကို ကိုယ်တိုင်ပဲ ဗုတ်သွားပေးမယ်ဆိုရင်
        အဲဒီ ကဗျာအတွက် တစ်မဲ ထပ် တိုးတာပေါ့ဗျာ…

    • KZ

      October 3, 2013 at 8:46 am

      ကဗျာ နဲ့ လူနဲ့တွဲပြီး ပြောထားတာမဟုတ်တဲ့ အတွက်
      ဗုဒ်ရင် ကဗျာကို ကြိုက်လို့ ဗုဒ်တာပါ အာဂရေ။
      စိတ် စနိုးစနောင့် မဖြစ်ပါနဲ့။

      🙂

    • Mr. MarGa

      October 3, 2013 at 9:57 am

      ကိုအာဂရေ
      အကြိုက်တူလို့ ရတာမို့
      မရှက်ပါနဲ့ဗျာ
      ကဗျာကိုက ကောင်းလို့ပါ

  • KZ

    October 3, 2013 at 8:44 am

    ဗုဒ်ပြီးပါပြီ

    🙂

    • Mr. MarGa

      October 3, 2013 at 10:00 am

      ရှဲရှဲညိ
      ကဗျာ တောင်းပေးဘာာာ :mrgreen:

      • KZ

        October 3, 2013 at 10:04 am

        အွန်။
        တစ်လ ၁ဝ ပုဒ်ကတော့ သားတို့လည်း တောင်းနိုင်တယ်ဆို။
        ကျုပ်တောင်းစရာမလိုဘူးဆို။
        တော်ပြီ။
        တောင်းမပေးဘူးးးး

        🙂

        • Mr. MarGa

          October 3, 2013 at 5:14 pm

          အယ်
          ဘယ်တုန်းက ပြောမိပါလိမ့်
          ပြောမိရင် ဘွာတေး :mrgreen:

        • Mahar Myanmar

          October 4, 2013 at 9:24 am

          ဂျီးတော်.. ဆိတ်သား မစား ရတာ နှစ်ချီ ပြီ ဆို..
          အခု တော့ ဆိတ်သား ချည်း ပဲ ချက်စား နေပါ လား..
          ကျွေးဦး..နည်းနည်း…
          ဆိတ်သား ခြောက် ချောင်း ကြော် ဆိုရင်
          မြန်မာ ဘီယာ နဲ့ သိပ် လိုက် ဗျ…

          ဘီယာ

        • KZ

          October 4, 2013 at 1:58 pm

          တာမီး ဘယ်မှာ ဆိတ်သားစားမိလို့လဲလို့။

          reply to Mahar Myanmar

        • Mahar Myanmar

          October 5, 2013 at 9:17 am

          ဂျီးတော်…အခု တလော ကိုယ့်ဘာသာ ဆိတ်သား ချည်း ချက် စား နေတာ ကို
          သတိ မထား မိဘူး ထင်ရဲ့…
          ပင်လယ်စာ တို့ အသီး အရွက် တို့ ပြောင်းစား ဦး ေ လ..

          ပြော ချင် ဘူး နော်.. ( ပြော ပြီး ပေါ့ )
          ပင်လယ် စာ ဆို …ပို ကောင်း တယ်..
          ဘာ ဓါတ် တွေ များ ဆို လား ပဲ…

  • surmi

    October 4, 2013 at 10:10 am

    ပြခန်​း (၁၀) …
    ​ဖြောင်​း ​ဖြောင်​း ​ဖြောင်​း….
    ၁၁ မှာ​တော့ .တစ်​မ​နေပါဘူး​နော်​… 🙂

    • Mr. MarGa

      October 4, 2013 at 1:44 pm

      ပြခန်းက
      သူ့အရှိန်နဲ့သူ ဆက်နေတာမို့
      တစ် မနေပါကြောင်း….
      ကဗျာကတော့ နည်းနေလို့ ပြန် စုနေရပါကြောင်း
      သို့သော် ပြခန်းကမူ ဆက်လက် ချီတက်နေမည် ဖြစ်ပါကြောင်း…..

  • Crystalline

    October 5, 2013 at 1:35 pm

    ဖိုးသကြားရေ.. ဒီကနေ့ပဲဝင်ဗုတ်သွားပါတယ်..

  • alinsett

    October 8, 2013 at 3:47 pm

    ဒီပြခန်းထဲမှာ…
    အလင်းဆက် အကြိုက်ဆုံး..ကဗျာ…သုံးပုဒ်ထဲမှာ….
    ပထမအကြိုက်ဆုံး ( အကြိုက်ဆုံးတွေထဲကအကြိုက်ဆုံး ) ကဗျာက..
    အမှောင်စအား..ဆွဲခြုံသူ…ဆိုတဲ ့ကဗျာဖြစ်ပါတယ် .။

    အဲဒီ ကဗျာ ကိုဖတ်ပြီး….
    ခံစားလိုက်ရတာကတော့…..

    …….

  • အရီးခင်

    October 9, 2013 at 3:48 pm

    ပြန်လာပြီး ဝုတ်ပါ့မယ်။ အခုတော့ ပြေးပြီ။ 😛

    • Mr. MarGa

      October 10, 2013 at 9:15 am

      အရီး
      မပြေးနဲ့
      ကဗျာပေးခဲ့ဦး :mrgreen:

  • အရိပ်စစ်

    October 10, 2013 at 6:30 am

    ဘယ်တူတွေ ရေးတာမှန်းတော့ သိဝူးပေါ့လေ
    ဘဝ နဲ့ အမှောင်စ အား ဆွဲခြုံသူ နဲ့
    အောက်တိုဘာလ ကဗျာကို vote သွားပါတယ်ဗျိုးးး

    • Mr. MarGa

      October 10, 2013 at 9:13 am

      ဘယ်သူတွေ ရေးတယ် ဆိုတာကို
      နောက်ပြခန်းမှာ ပြောပြပါမယ်….
      အဲဒီကျ ဘယ်သူရေးလဲ သိမှာပေါ့.. 🙂

    • Mr. MarGa

      October 10, 2013 at 9:28 am

      မေ့နေတာလေး ရှိသေးလို့
      ပြခန်းကို ကဗျာလေးတွေလည်း ပို့ပေးပါဦး ဗျို့

  • Mahar Myanmar

    October 12, 2013 at 9:04 am

    သကြားမင်း ခင်ဗျား-

    ကဗျာ တွေ ကို ဒုတိယမိ ခံစား ပြီး ဗုတ် ခဲ့ လ ိုက် ပါ ကြောင်း..
    ရင်ထဲ ကို အထိရှ ဆုံး က တော့ ဘဝ မှာ ခဏခဏ
    ကြုံတွေ့ ရင် ဆိုင် ခဲ့ ရဘူး တဲ့.. အခြ အနေ ကို
    ယုံကြည်ချက် မဲ့ ဆိုတာ ကလေး မှာ သွား တွေ့ မိတယ်…
    တစ်ခါတစ်ခါ စိတ် မာန် တင်း ပြီး တုံး တိုက်တိုက် ကျားကိုက်ကိုက် ဟဲ့
    ဆို ပေမယ့် .. ခြေထောက် တွေ ရှေ့ မတိုးနိုင် လေးလံ နေတာ…
    ကိုယ်တွေ့ ပါ …

    နောက်… ဘဝ မှာ.. ကျရှုံး မှု အကြိမ်ကြိမ် ..အနှိမ်ချ ဆက်ဆံခံရမှု အကြိမ်ကြိမ်
    တွေ အောက် မှာ.. ကိုယ့် မာန် ကို တင်း ကိုယ့် မာန တွေ ချီ လိုက် ရတာ..
    ကူညီမယ့် လက် ကို တောင် … မာန ကြောင့် ပုတ် ချ မိ ခဲ့…
    တကယ် တော့..မာန ကြောင့် ပဲ.. အကြောင်း အကျိုးမဲ့ ဆင်ခြေ တွေ ရှိ တတ် နေတာ..
    ဘဝ မှာ မာန နဲ့ လည်း ပျော်ခဲ့ ဘူး တယ် လေ.. အဲဒါ ကတော့ ..
    အမှောင်စ အား ဆွဲခြုံသူ ပေ့ါ ….

    နောက် တစ်ပုဒ် ..ကိုယ် ကြီး ပြင်းခဲ့ ရာ ပတ်ဝန်းကျင် က စနစ် အမှား ရဲ့ သား ကောင် တွေ..
    အဲဒီ သား ကောင် တွေ အချင်းချင်း ကြား မှာ ကို ကြီး နိုင် ငယ် ညှင်း သဘောတရား အပြည့် နဲ့… ဦး ခေါင်း တွေ ညွတ် ခဲ့ ရတာ… ဒါ ခေါင်းညိတ် တာ မဟုတ် ဘူး…စာရိတ္တ တွေ စရိုက် တွေ ပညာ တွေ.. ဆင်ခြင်ဉာဏ် တွေ ရိုက်ချိုး ခံ ရတဲ့ .. ကိုယ်..
    ကျွန်တော် က နောက် အနှစ် ၂ဝ ဆို ဘာ ဖြစ် မလဲ ..သိချင် ပါဘိ ဗျာ…

    နောက် တစ်ပုဒ် က ..ဘဝ……သိင်္ဂါရ စစ်မျက်နှာ…အဲဒီလိုု တွေ ကျန် ေ နပေမယ့်
    ( သုံးပုဒ် ပဲ ရွေးခွင့် ပေး တဲ့ သကြား ကို စိတ် ဆိုးတယ် )

    မဟာမြန်မာ

    • Mr. MarGa

      October 12, 2013 at 9:51 am

      တိန်
      စိတ်ဆိုးပါနဲ့
      ဒါဆို တစ်ပုဒ်ပဲ ရွေးခိုင်းရမလား ဟီဟိ

  • ရွှေ ကြည်

    October 12, 2013 at 8:36 pm

    မဲပေးပြီးပါကြောင်းးးးးးးးးး သတင်းကောင်းးးးး ပါးအပ်ပါတယ်

    • alinsett

      October 13, 2013 at 4:39 pm

      ကျေးဇူးတင်ကြောင်းပါ မမရွှေ

      :kwi:

  • အရီးခင်

    October 14, 2013 at 2:47 pm

    လွမ်းရတဲ့ ဘဝ ငိုချင်း တဲ့လား ကွယ်။
    ဝုတ်ပြီး ပါကြောင်း။

    (ကဘာ အိမ်စာ ရေးပြီး၊
    မရိုက်ရသေး လို့ ရိုက်ပြီး တာနဲ့ ပို့ပါမယ် ဟေ့။)
    😉

    • Mr. MarGa

      October 14, 2013 at 3:43 pm

      ဟီဟိ
      အရီးတောင် အိမ်စာတွေ မှန်မှန်လုပ်လာပြီ
      မျှော်နေပါသဗျ
      ဗုတ်သွားလို့ ကျေးကျေးပါ

  • ငဂျစ်

    October 15, 2013 at 8:33 pm

    ကဲကဲကဲ.. ဒီတစ်ခါ သကြားမင်းရဲ့ ပြခန်းမှာတော့ ထုံးစံတိုင်းပါပဲ…..
    ရမ်းသမ်းပြီး နံမယ်လှတဲ့(သဘောကျတဲ့) သုံးပုဒ်ကိုရွေးပြီး ဗုတ်သွားပါတယ်……
    ဗုတ်ပြီး ရလဒ်လေးကြည့်လိုက်တော့ ကျနော် ခန့်မှန်းချက်လေးတွေ မညံ့တာကို တွေ့ခဲ့ရတယ်…
    ကျနော်ရမ်းသမ်းဗုတ်လိုက်တဲ့ သုံးပုဒ်က ရလဒ်မညံ့တဲ့ အနေအထားမှာရှိနေလို့ပါပဲ………..

    • Mr. MarGa

      October 16, 2013 at 7:17 pm

      ဦးဂျစ်
      ဗုတ်ရုံတင်မဗုတ်နဲ့
      ကဗျာလေးတွေလည်း ပေးဖို့ လုပ်ဦး ဗျ
      တစ်လက်စတည်း ကြေညာရရင်ဖြင့်
      ဒီညမှာ ဗုတ် ပိတ်မဗျို့
      အဲဒါ ဗုတ်ဖို့ ကျန်သေးတဲ့သူတွေများ ရှိရင် အချိန်ရှိတုန်း သွက်သွက်ကလေး လာ ဗုတ်ကြပါဦး လို့

Leave a Reply