အိပ်စက် အနားယူခြင်း

ဆူးAugust 4, 20101min792

မျက်လုံးနှစ်လုံး၏ မျက်ခွံကို ပိတ်လိုက်ခြင်းဖြင့် အိပ်ရာထဲတွင် အိပ်နေပြီဟု သတ်မှတ်၍မရပေ။ နိစ္စဓူဝ လှုပ်ရှားနေကြသည့် လူသားများ၊ ညပိုင်းအိပ်ချိန်ရောက်သည်နှင့် အိပ်ကြသည်မှာ ထူးဆန်းသော အပြုအမူ မဟုတ်ပေ။ အိပ်မပျော်တာဘာအရေးလဲဟု ပေါ့ပေါ့ဆဆပြောနေကြသူများ ရှိ၏။ အိပ်ပျော်ခြင်း၊ မပျော်ခြင်းကို လူအများစုက အလေးမထားကြသော်လည်း အိပ်ပျော်ခြင်းကြောင့် ကျန်းမာရေးအတွက် အကျိုးရှိသည့် အချက် များကို သဘောပေါက် မည်ဆိုလျှင် အိပ်ချိန်နှင့် အိပ်ခြင်းကို ဂရုပြုကြပေမည်။ ထို့ကြောင့် အိပ်ပျော်ခြင်းနှင့် ဆက်စပ်သော အကြောင်းတို့ ကို ဗဟုသုတအဖြစ် တင်ပြလိုက်ပါသည်။

အိပ်ပျော်ခြင်းဆိုင်ရာ ဇီဝကမ္မ

အိပ်ပျော်နေသူတစ်ဦး၏ အိပ်ပျော်ခြင်းကို လေ့လာပါက အဆင့်(၅)ဆင့် ရှိ၏။
၁။ အိပ်ပျော်စအချိန်မှ ပထမ ၁၀-မိနစ်သည် အိပ်ပျော်ခြင်းအဆင့်(၁)နှင့်(၂)ဖြစ်၏။ထိုအဆင့်၌ မျက်နှာရှိ ကြွက်သားများ အနားရခြင်း၊ မျက်နှာ၌ စိုးရိမ်မှုပုံရိပ်များ ပျောက်ခြင်းကို တွေ့ရ၏။
၂။ အိပ်ပျော်စအချိန်မှ မိနစ်-၆ဝ အတွင်း အိပ်ပျော်ခြင်း အဆင့်(၃)နှင့်(၄) ဖြစ်၏။ ထိုအဆင့်၌ စိတ်ရောကိုယ် ပါ အနားရခြင်းကို တွေ့ရ၏။ နှစ်ခြိုက်စွာအိပ်မောကျသောအဆင့်ဖြစ်၏။
၃။ အိပ်ပျော်ခြင်းအဆင့်(၅)သည် အိပ်မက်မြင်မက်သောအဆင့် ဖြစ်၏။ REM SLEEP ဟုခေါ်ကြ၏။ ဤအဆင့်တွင် သွားကြိတ်မှုကို တွေ့ရ၏။
၄။ အိပ်ပျော်ခြင်း အဆင့်(၁)မှ(၅)အထိ မိနစ်-၉ဝ ခန့်ကြာ၏။
၅။ ပုံမှန်အိပ်ပျော်နေလျှင် မိနစ်-၉ဝ ကြာ အဆင့်(၅)ဆင့်ပါဝင်သော အကြိမ်ပေါင်း ၅-ကြိမ်မှ ၆-ကြိမ်ခန့်ရှိ၏။ အချိန်ပေါင်း ၈-နာရီမျှ ရှိ၏။
အိပ်ချိန်နှင့် ပက်သက်၍ ၈-နာရီ အိပ်လျှင်လုံလောက်ကြောင်း၊ တစ်ပတ်လျှင် နှစ်ရက်ခန့် ၁၀-နာရီ အိပ် လျှင် ကောင်းကြောင်း လေ့လာတွေ့ရှိရသည်။
အိပ်ရာပေါ် လဲလျောင်းက အိပ်နေသော်လည်း အိပ်မပျော်သောရက်များကို ကြုံတွေ့ရသည်။ ဤသို့မဖြစ် စေရန်အတွက် သတိထားရမည့်အချက်များကို ဖော်ပြပါမည်။

အိပ်မည်ဆိုပါက ဤအချက်များကိုသတိထား
– အိပ်ခန်း၏အပူချိန်မများရ။
– အမှောင်လိုအပ်၍ မီးပိတ်ပါ။
– တိတ်ဆိတ်မှု ရှိရမည်။
– တီဗွီနှင့် အသံမြည်နိုင်သောစက်များ အိပ်ရာအနီးတွင်မထားရန်။
– ညနေပိုင်းမှစ၍ ကဖိန်း(Caffeine)ပါသော အချိုရည်၊ ကော်ဖီတို့ကို မသောက်ရန်။
– ပုံမှန်အိပ်ချိန်ထက် အနည်းဆုံး ၄-နာရီ ကြို၍ လေ့ကျင့်ခန်းလှုပ်ရှားမှု ပြလုပ်ရန်၊ ညစာစားရန်၊ အရက် သောက်ရန်၊ အိပ်ချိန်နှင့် ကပ်၍ စားခြင်း၊ လှုပ်ရှားလေ့ကျင့်ခြင်း၊ အရက်သောက်ခြင်းပြုလုပ်ပါက ကိုယ်ခန္ဓာမှ အဒရီနာလင်(Adrenalin) ထွက်၍ အိပ်မရပေ။
– ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို စောစောပိုင်းတွင် ပြုလုပ်ရန်၊ ပုံမှန်လှုပ်ရှားမှုသည် ကျန်းမာ ရေးအတွက် အထောက်အကူ ဖြစ်၏။
ပုံမှန်အိပ်ပျော်ခြင်းကြောင့် ကျန်းမာရေးအတွက် ကိုယ်စိတ်နှစ်ပါးလန်းဆန်းရုံသာမက မျက်နှာပြင် အသား အရေပါ လှပစိုပြည်သဖြင့် အိပ်ပျော်ခြင်း၏အကျိုးသည် အားဆေးသောက်ခြင်း၊ မိတ်ကပ်မျက်နှာ ခြယ်လိမ်းခြင်း ထက် ပို၍ သာပေသည်။

အိပ်ပျော်ခြင်း၏ ကောင်းကျိုးများ

– အိပ်ရာပေါ်ဝယ် ခေါင်းအုံးနှင့်ဦးခေါင်း၊အိပ်ရာနှင့် ကျောပြင် ထိမိသည်နှင့် ကိုယ်ခန္ဓာရှိ ကြွက်သားများ ပြေလျော့သွား၏။
– အိပ်ပျော်နေသူ၏ မျက်နှာပြင်အသားအရေသည် တွဲခြင်း၊တွန့်ခြင်း၊ အစင်းအကြောင်းပေါ်ခြင်းမှ များစွာ သက်သာ၏။အိပ်ပျော်မှုဖြင့် ကာကွယ်နိုင်၏။ပက်လက်အိပ်ခြင်းက ပို၍ကောင်း၏။မှောက်အိပ်ခြင်းနှင့် ဘေးတစောင်းအိပ်လျှင် မျက်နှာအသားအရေ ပို၍တွန့်နိုင်၏။
– အိပ်မပျော်လျှင် မျက်လုံးအိမ်နီရဲပြီး မျက်တွင်းချိုင့်ခြင်းဖြစ်တတ်၍ အိပ်ပျော်မှုရှိသူအတွက်မူ မျက်လုံး တောက်ပနေမည်သာ။
– အိပ်မပျော်သူ၏ ကိုယ်ဟန်လမ်းလျှောက်မှုသည် ယိုင်တိယိုင်တိုင်ဖြစ်၍ အိပ်ပျော်သူမှာမူ လမ်းကောင်းစွာ လျှောက်နိုင်သည့်ပြင် ကိုယ်ဟန်တောင့်မတ် ကျော့ရှင်းနေမည်။
– ကိုယ်ခန္ဓာတစ်ခုလုံးရှိ ကြွက်သားများအနားရ၍ ပင်ပန်းကုန်ခမ်းသောအားအင် ပြန်ဖြည့်ပေး၏။
– စိတ်ပိုင်းအရ သင်၊ အံ၊ ကျက်မှတ်မှု၊ လေ့လာမှု၊ ထိုးထွင်းတွက်ချက်မှု၊ တည်ငြိမ်ခိုင်မာမှုတို့ တိုးတက်လာ ၏။စိတ်ကျခြင်းကို ကာကွယ်နိုင်၏။
– လုပ်ငန်းများ၌ အန္တရာယ်ကင်းစွာ ဆုံးဖြတ်လုပ်ကိုင်နိုင်၏။
– အိပ်ပျော်မှုကြောင့် ကိုယ်ခန္ဓာရှိ ခုခံမှုစနစ်(Immune System) နှင့် အင်ဒိုခရိုင်း(Endocrine) လုပ်ငန်းများ ကောင်းမွန်လာပြီး ရောဂါပိုးများကို ရင်ဆိုင်နိုင်၏။
အားကောင်းသည့် မှန်ဘီလူးဖြင့် အိပ်မပျော်သူ၏ မျက်နှာအသားအရေကို ကြည့်သော် ဖြူစင်စိုပြည်၊လှပမှု ကင်းမဲ့၍ အစင်းကြောင်း၊ အတွန့်ကြောင်းများအပြင် မျက်တွင်းဟောက်ပက်၊ မျက်လုံးရဲဖြင့် ကြည့်မကောင်းဘဲ အလှမဲ့နေမည်သာ။ ပျိုပျိုအိုအို အရွယ်ထိုထိုတို့သည် ကျန်းမာခြင်းကို မြတ်နိုးသည်ဆိုလျှင် မျက်စိ၊ နား၊ အတွေ့ အထိ၊ ကခုန်မြူးထူး ပျော်ရွှင်မှု အာရုံအထူးထူးအတွက် မိမိ၏အိပ်ချိန်ကို အရင်းအနှီး ပြုရပါက အမှန်တကယ်ပင် နှမြောစရာ ဖြစ်တော့သည်။
ကြည်လင်း(ဆေး)

2 comments

  • wunnakoko

    August 4, 2010 at 10:36 am

    ကျေးဇူးပါဘဲ။ အကောင်းဆုံးအနားယူခြင်းပါဘဲ။ အပူအပင်တွေများတဲ့ ဘဝထဲမှာ လွယ်လွယ်ကူကူအိပ်ပျော်နိုင်ဖို့ ခက်ပါတယ်။

  • winne

    August 5, 2010 at 9:15 am

    အပူအပင်တွေ များလို့ အိပ်မပျော်နိုင်တာတွေ ပျောက်လို့ ကောင်းကောင်း အိပ်ပျော်နိုင်ပါစေ။

Leave a Reply