တောင်အမေရိကတိုက်မှာ လိင်တူ လက်ထပ်ထိမ်းမြားခြင်း ခွင့်ကို အာဂျင်တီးနား နိုင်ငံက ပထမဦးဆုံး တရားဝင် အတည်ပြု

PhyoAugust 4, 20102min750

သက်တံ့အယ်ဒီတာအဖွဲ့။ 19/July/2010

လိင်တူ လက်ထပ်ခွင့် ဥပဒေကို အတည်ပြုဖို့အတွက် အာဂျင်တီးနား လွှတ်တော်မှာ ၁၅နာရီကြာ အပြန်အလှန် ငြင်းခုံမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာတော့ ထောက်ခံမဲ ၃၃မဲနှင့် ကန့်ကွက်မဲ ၂ရမဲမှာ ၆မဲ အသာနဲ့ လိင်တူလက်ထပ်ခွင့် ဥပဒေကို ၂၀၁ဝခုနှစ် ဂျူလိုင်လ ၁၅ရက်နေ့မှာ အတည်ပြု ပြဌာန်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီ လိင်တူ လက်ထပ်ထိမ်းမြားခွင့် ဥပဒေကို နိုင်ငံတော်သမ္မတ Cristina Fernández de Kirchner ကိုယ်တိုင် အပြည့်အဝ ထောက်ခံအားပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သမ္မတကြီးဟာ ရိုမန်ကက်သလစ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ အပြန်အလှန် ခါးခါးသီးသီး စကားလုံးတွေနဲ့ စကားနိုင်လု တိုက်ပွဲဝင်ခဲ့ ရတယ်လို့လည်း ဆိုပါတယ်။

ဘာသာရေး ခေါင်းဆောင်တွေကို သမ္မတကြီးက “တကယ်လို့ လိင်တူချင်း လက်ထပ်တာကို ငြင်းပယ်မယ် ဆိုလို့ရှိရင် ဒီမိုကရေစီ စနစ်ကြီးကို ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေတာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆို ခဲ့သလို ဒီနေ့ ဒီအချိန်မှာ ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ ပိုမိုပွင့်လင်းတဲ့ စိတ်အမြင် သဘောထားတွေနဲ့ နိုင်ငံတော်ရဲ့ လူမှုအသိုင်းအဝိုင်း တွေထဲက ခွဲခြားဖိနှိပ်မှုတွေ လျှော့နည်းသွားအောင် စွမ်းဆောင်ကြဖို့ အချိန်တန်ပြီ”လို့ ပြောဆိုခဲ့တယ် လို့လည်း သိရပါတယ်။

ဒီလို လိင်တူ လက်ထပ်ထိမ်းမြားခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေကို လွှတ်တော်မှာ အပြိုင် ငြင်းခုံကြတော့မယ် ဆိုတာကို သိနေတဲ့ ခရစ်ယာန် ဘာသာဝင်တွေ ထောင်သောင်းနဲ့ ချီပြီး ပါလီမန်ရှေ့မှာ လာရောက် ဆန္ဒပြကြတယ်လို့ သိရပါတယ်။

အဲဒီမှာ မြို့တော့် Buenos Aires က ဘုန်းတော်ကြီး Cardinal Jorge Bergoglio က “ဒါဟာ ဘုရားသခင်ရဲ့ အကြံအစည်ကို ပျက်စီးရာ ပျက်စီးကြောင်း တိုက်ခိုက်လိုက်တဲ့ ကိစ္စရပ်တစ်ခုပဲ”လို့ ကြွေးကြော် ခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်ထဲမှာပဲ ကမ္ဘာပေါ်မှာ နောက်ထပ် လိင်တူလက်ထပ်ခွင့်ကို ပေါ်တူဂီနဲ့ အိုက်စ်လန် နိုင်ငံတွေက အတည်ပြုပြဌာန်း ပေးခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်နဲ့ ပတ်သက်လို့ ပြောင်းလဲလာမှုတွေဟာ နှေးကွေးတယ်လို့ ထင်ရပေမယ့် တဖြည်းဖြည်းနဲ့ တစ်နိုင်ငံပြီး တစ်နိုင်ငံကို ချဲ့ထွင်ပြောင်းလဲ တိုးတက်လာတယ် ဆိုတာကိုတော့ ဘယ်သူမှ မငြင်းပယ် နိုင်ကြပါဘူး။ အထူးသဖြင့် ဆိုလို့ရှိရင် ဥရောပ တိုင်းပြည် တွေမှာပဲ ရရှိလာကြတာ များပါတယ်။

ဘာသာရေးနဲ့ နိုင်ငံရေး အမြဲတမ်း ရောထွေး ယှက်နွယ်နေပြီး တရားဥပဒေ စိုးမိုးမှုက လျှော့ရဲနဲ့ရှိတဲ့ လက်တင်အမေရိကလို နိုင်ငံတွေမှာလည်း အခုနောက်ပိုင်းမှာတော့ ရှေးရိုးစွဲ ဝါဒီတွေကို ဆန့်ကျင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲ လာနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဥပမာ ဆိုရရင် များမကြာသေးမှီကပဲ ချီလီနိုင်ငံက တရားဝင် လင်မယားချင်း ကွာရှင်းပြတ်စဲခွင့်ကို အတည်ပြု ပြဌာန်းနိုင်ခဲ့သလို ဘရာဇီးနိုင်ငံကလည်း သန္ဓေတားဆေးတွေနဲ့ ထိုးဆေးတွေကို တရားဝင် ထုတ်လုပ် ဖြန့်ချီခွင့်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြုပြင်ပြောင်းလဲ လာမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး သိပ္ပံပညာရှင် Javier Corrales က “အနောက် ဥရောပနိုင်ငံတွေ ကျင့်သုံးတဲ့ ဒီမိုကရေစီ စနစ်နဲ့မတူတဲ့ တခြားနိုင်ငံတွေက ဒီမိုကရေစီ စနစ်မှာ တရားဥပဒေ စိုးမိုးမှုက ပုံမှန်မရှိတာ သိပ်တော့ မထူးဆန်းပါဘူး။ ပြီးတော့ အမြဲတမ်း နိုင်ငံရေးက ဘာသာရေးနဲ့ ပဏိပက္ခ ဖြစ်နေကြတာပဲ။ ခင်ဗျားတို့ ကြည့်ကြည့်ပါ။ လက်တင်အမေရိက ဘယ်သမ္မတက ဘယ်တုန်းကများ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် ဖူးလို့လဲ။ ကုန်ကုန်ပြောရရင် ဘာသာတရားကို ယုံကြည်မှု မရှိတဲ့ လက်ဝဲနိုင်ငံရေး သမားတွေတောင် အဲဒီလို ထိပ်တိုက်ရင်ဆိုင်မှုမျိုး သွားမလုပ်ရဲကြဘူး”လို့ အခုလို အာဂျင်တီးနား သမ္မတရဲ့ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

အခုခါမှာ အတည်ပြု ပြဌာန်းလိုက်တဲ့ လိင်တူချင်း လက်ထပ်ခွင့် ဥပဒေဟာ လိင်တူချင်း ချစ်တဲ့သူတွေကို တခြားလိင်ကွဲချင်း ချစ်တဲ့သူတွေ ရရှိတဲ့ အခွင့်အရေး တွေနဲ့ တန်းတူရရှိ ခံစားခွင့်ရှိကြောင်း အာမခံချက် ပေးထားတယ်လို့ သိရပါတယ်။

ကလေးမွေးစားခွင့်၊ အမွေဆက်ခံခွင့် တို့ကအစ အာမခံ ထားပေးတယ်လို့လည်း သိရပါတယ်။

ဒီ ဥပဒေအသစ်ဟာ လက်တင်အမေရိကနိုင်ငံတွေ အားလုံးထဲမှာတော့ စံနမူနာ အဖြစ်ဆုံး ဥပဒေတစ်ခု ဖြစ်တယ်လို့လည်း အသိအမှတ် ပြုကြပါတယ်။

လွန်ခဲ့တဲ့နှစ်က မက္ကဆီကို မြို့တော်က လိင်တူ လက်ထပ်ထိမ်းမြားခွင့်ကို တရားဝင် ဥပေဒနဲ့ အသိအမှတ်ပြု ခဲ့ပါတယ်။ ဒါပေမယ့် ရှေးရိုးစွဲ နိုင်ငံရေး သမားတွေက ဗဟိုတရားရုံးချုပ်မှာ အဲဒီဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့ကြ ပါသေးတယ်။ ဒါပေမယ့် လိင်တူ လက်ထပ်ထိမ်းမြားတာတော့ ဆက်လက်ကျင်းပမြဲ ဆင်နွှဲမြဲသာဖြစ်ပြီး အခုခါမှာ လိင်တူ လက်ထပ်ထိမ်းမြားခဲ့တဲ့ စုံတွဲပေါင်း ၂၇ဝကျော် ရှိပြီလို့လည်း သိရပါတယ်။

လက်တင် အမေရိကနိုင်ငံတွေမှာ လိင်တူချင်း အတူတကွ ပေါင်းသင်းနေထိုင်တာကို ဥရုဂွေး၊ ကိုလံဘီယာ၊ အီကွေဒေါ အစရှိတဲ့ နိုင်ငံတွေက တရားဥပဒေအရ အသိအမှတ် ပြုလက်ခံထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

အဲဒီလို အသိအမှတ် ပြုလက်ခံတဲ့ နိုင်ငံတွေ ရှိသလို Honduras လို နိုင်ငံ ကျပြန်တော့လည်း လိင်တူလက်ထပ်ခွင့်၊ ကလေးမွေးစားခွင့် တွေကို လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်မှာ ပြန်လည်ပိတ်ပင် တားမြစ်ခဲ့ပါတယ်။ အဲဒီအပြင် တခြားတိုင်းပြည်တွေမှာ တရားဝင် လက်ထပ်ထိမ်းမြားထားတဲ့ လိင်တူချစ်သူ စုံတွဲတွေကိုလည်း တရားဝင် လက်ထပ်ထိမ်းမြား ထားသူများအဖြစ် အသိအမှတ်လည်း မပြုပါဘူးလို့ သိရပါတယ်။

လူ့အခွင့်အရေး စောင့်ရှောက်သူတွေရဲ့ ပြောဆိုချက်အရ ဟွန်းဒိုးရပ်စ်မှာ လိင်တူချင်း ချစ်သူတွေကို မုန်းတီးတဲ့ နေရာဒေသတွေ အငွေ့အသက်တွေ အများအပြား ရှိနေသေးတယ်လို့ ဆိုကြသလို လွန်ခဲ့တဲ့ ငါးနှစ်အတွင်းထဲမှာ လိင်တူချင်းချစ်သူ အယောက် ၂ဝကျော် သတ်ခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

Honduras အခြေစိုက် လိင်တူချစ်သူများ အခွင့်အရေးတွက် လှုပ်ရှားနေသူ အော်စကာ ဟာမာဒါက “ဒီလို မုန်းတီးမှုတွေ ပပျောက်ဖို့ အတွက် သူတို့နေနဲ့ အများအပြား ကြိုးစားလုပ်ဆောင် သွားရမယ်လို့ ပြောဆိုခဲ့သလို တစ်နေ့မှာ သူတို့နိုင်ငံလည်း အာဂျင်တီးနားလို ဖြစ်လာလိမ့်မယ်”လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် လက်တင် အမေရိက နိုင်ငံတစ်ခု ဖြစ်တဲ့ ကွာတီမာလာနိုင်ငံက သမ္မတကြီး အာဗရိုကိုလန်က ပြီးခဲ့တဲ့ ၂၀၀ရ ရွေးကောက်ပွဲမှာ “ဘုရားသခင်က အာဒမ်ကို အေးဝအတွက် ဖန်ဆင်းထားတာ။ အာဒမ်ကို အီစတာဗယ်အတွက် ဖန်ဆင်းထားတာ မဟုတ်ဘူး”လို့ ကြွေးကြော်တဲ့ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲကို အနိုင်ရရှိ ခဲ့ပေမယ့်လို့ တကယ်တမ်း သူသမ္မတ ဖြစ်လာခဲ့တဲ့ အချိန်မှာတော့ လိင်တူချင်း အတူတကွ ပေါင်းသင်းနေထိုင်ခွင့်ကို တရားဝင် ထောက်ခံ အတည်ပြု ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။

အဲဒီအပြင် ကွာတီမာလာက လိင်တူချင်းချစ်သူ ခေါင်းဆောင် အီစတာဗယ်ကို နို်င်ငံတော် အခမ်းအနားနဲ့တကွ သမ္မတကြီး နေထိုင်ရာ နန်းတော်ကို ပင့်ဖိတ်ပြီး ကွာတီမာလာ နိုင်ငံတော် အစိုးရကိုယ်စား လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာက လိင်တူချင်းချစ်သူတွေအပေါ်မှာ မမျှမတ ခွဲခြားဆက်ဆံခဲ့တာနဲ့ ပတ်သက်ပြီး တရားဝင် ဝန်ချတောင်းပန်စကား ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အာဂျင်တီးနား နိုင်ငံဟာ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အထင်ကရ လုပ်ဆောင်နိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလို့လည်း ပြောလို့ရနိုင်ပါတယ်။ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၂ဝရာစုနှစ်က အလုပ်သမား အခွင့်အရေးကို အသိအမှတ် ပြုခဲ့ကြသလို အခုလက်ရှိ သမ္မတဖြစ်နေတဲ့ မစ္စကာချနာနဲ့ သူမရဲ့ခင်ပွန်း သမ္မတဟောင်း နက်စထရိုကာချနာတို့က ၁၉၈၃ခုနှစ်မှာ နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးဖမ်းခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

လက်ရှိ သမ္မတရဲ့ အမျိုးသား သမ္မတဖြစ်ခဲ့စဉ် အခါတုန်းက စစ်တပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို ဖိနှိပ်လျှော့ချ နိုင်ခဲ့သလို အခုခါမှာလည်း သမ္မတကြီး မစ္စကာချနာရဲ့ လက်ထက်ကျပြန်တော့လည်း ဘာသာရေး ခေါင်းဆောင်တွေရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို လျှော့ချနိုင်ခဲ့ပြန်ပြီးလို့ ဆိုလို့ရနိုင်တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာနဲ့ ဘာသာရေး အာဏာတွေဟာ နိုင်ငံရေးလောကမှာ အမြဲတမ်း အာဏာပါဝါ ကစားလေ့ရှိတဲ့ လူမှုအဆောက်အဦးတွေ ဖြစ်ပါတယ်။

မြို့တော် Buenos မှာရှိတဲ့ ကက်သလစ် ရှေ့နေများအဖွဲ့ရဲ့ ခေါင်းဆောင် အေသိုရာဒိုဘိုလေက “အခုလို လူထုဆန္ဒခံယူပွဲ မပြုလုပ်ပဲနဲ့ ပါလီမန်ကချည်း ဆုံးဖြတ်သွားတာဟာ အများပြည်သူ လူထုရဲ့ သဘောဆန္ဒကို လစ်လျှူရှုလိုက်တာ ဖြစ်သလို ပြည်သူကို သစ္စာဖောက်ရာလည်း ရောက်တယ်”လို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

တချို့နိုင်ငံရေး လေ့လာသူတွေကတော့ သမ္မတကြီးဟာ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို အားပေး ထောက်ခံခြင်းအားဖြင့် အခွင့်အရေးကောင်း တစ်ခုကို ရယူလိုက်တာ ဖြစ်တယ်လို့လည်း ဆိုကြတာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လည်း ဆိုရင် သမ္မတကြီးရဲ့ အမျိုးသားက နောက်ထပ်တစ်ကြိမ် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သလို အဲဒီယှဉ်ပြိုင်မှုမှာ လိင်တူချစ်သူ အများအပြားနေထိုင်တဲ့ Buenos က ထောက်ခံမဲ တွေကို သူက အနိုင်ရဖို့ မျှော်လင့်ပုံ ရတယ်လို့ ဆိုပါတယ်။

ဘာဖြစ်လို့လည်းဆိုရင် လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ Buenos မြို့မှာ သူ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အခုလို လိင်တူလက်ထပ်ခွင့်ကို အားပေးထောက်ခံလိုက်တဲ့ အခါမှာတော့ အရင်က သူရှုံးနိမ့်ခဲ့တဲ့ သူတွေအနေနဲ့ သူ့အပေါ်အမြင် တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခွင့်ကောင်းကို အမိအရ ရယူလိုက်တာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

လွန်ခဲ့တဲ့ တမြန်နေ့က ဆွေးနွေးငြင်းခုံခဲ့ကြတဲ့ ခေါင်းစဉ်တွေထဲမှာတော့ လိင်တူချင်းစုံမက်မှု၊ ဘာသာတရား၊ မိသားစုဟူသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် ခွဲခြားဆက်ဆံမှု စတဲ့ ခေါင်းစဉ်တွေမှာ ငြင်းခုံ ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပိုပြီးတော့ ပွဲစည်ခဲ့တဲ့ ခေါင်းစဉ်ကတော့ “သဘာသတရားရဲ့ ကျင့်ဝတ်စည်းကမ်း” ဆိုတာကို ထောက်ခံတဲ့ အဖွဲ့နဲ့ ကျန်တဲ့တစ်ဖွဲ့က “အချိန်ကာလရဲ့ ပြောင်းလဲခြင်း” ဆိုတဲ့ ခေါင်းစဉ်ကို အပြန်အလှန် အခြေအတင် ငြင်းဆို သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ အချိန်ကာလရဲ့ ပြောင်းလဲမှုဘက်မှာ ငြင်းခုံဆွေးနွေး ခဲ့တဲ့သူတွေ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Buenos တက္ကသိုလ်က ပါမောက္ခချုပ် လူမှုရေး သိပံ္ပဗေဒပညာရှင် ဖော်တိုနာဒို မာရီနာချီက “ကက်သလစ် ဘုရားကျောင်းတွေရဲ့ ဖိအားပေးမှုတွေ အများအပြား ကြားထဲကနေ ထွက်လာတဲ့ ရလဒ်တွေပါ။ အရင်တုန်းကဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေ မဲပေးမယ်ဆိုရင် ကက်သလစ် ဘုရားကျောင်းတွေရဲ့ ဖိအားထဲကနေ ဘယ်သူမှ မရုန်းထွက် နိုင်ခဲ့ကြဘူး။ အခုတော့ အဲလို မဟုတ်တော့ဘူး”လို့ ဝမ်းပန်းတသာ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

နယူးယောက်တိုင်းမ် သတင်းထောက် Charles Newbery ရဲ့ မူရင်း သတင်းဆောင်းပါးကို ပြန်လည် ဘာသာပြန် တင်ပြပေးခြင်း ဖြစ်ပါသည်။

Source: http://www.coloursrainbow.com/articles/36-feature/353-2010-07-18-22-46-40.html မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။