ဒီအချိန်ဆို ဒီမိုးက သည်းကြီးမည်းကြီးရွာတယ်

ညတွေ အမှောင်သမ်းလာတော့
ကြယ်တွေထမ်းထားတဲ့ ကောင်းကင်ကြီးကို ငေးရင်း
ရင်ဘတ်ထဲ ကြွေလာတဲ့ မိုးတွေ…
အချစ်မှာ ထီးမဆောင်းခဲ့သလိုမျိုး
နှလုံးသားတည့်တည့်မှာ
အလွမ်းမိုးတွေ ဖြာတော့
သန်းခေါင်မှာသည်းတဲ့မိုးကမှ
နင့်ရင်ထဲအလွမ်းတွေ ကြွေနိုင်မှာလား
ငါကနင့်အပေါ်ကျတဲ့ မိုးတွေကိုတောင် မစဲချင်တာပါ
သည်းချင်သလောက် သည်းစမ်းပါစေ

ရင်ခွင်တခြမ်းလုံး ရွဲရွဲစိုအောင်ထားမယ်
ပုံသေနည်းနဲ့ အကြွင်းတွေ
အချစ်မှာ ကမ်းတယ် (ဆိုတော့)
အလွမ်းဆိုတာ တယောက်တဝက် မျှသုံးခဲ့တဲ့ တစ်ရှုးစလေးလို
လက်တွဲ လျှောက်ခဲ့ဖူးတဲ့ လမ်းတွေမှာ
သတိရခြင်းဟာ သူ့နေရာနဲ့သူပါ
*မေရေ အပြင်မှာ ရွာတဲ့မိုးလို ကိုယ့်နားလာပြီး တိုးကာရွာ

လက်ခုပ်ပေါ်က ရေစက်လိုပါပဲ
မြင်နေတော့လည်း အတိုင်းသား
ဆုပ်ကိုင်လိုက်မှ တစ်စစီ……..
ဒါဟာ မျက်လှည့်မဟုတ်ဘူး။
ဒါဟာ လှည့်ကွယ်မဟုတ်ဘူး။
ဒါဟာ အချစ်ရဲ့လှည့်ကွက်တစ်ခု။
မှိုတက်နေတဲ့ ရက်စွဲတွေထဲ
လူပြောများခဲ့တဲ့ ခေါင်းစဉ်ဟာ
လှည့်ကွက်တစ်ခု ဖြစ်လာမယ်မှန်း ကြိုမသိခဲ့ဘူး
အခုမှတော့
သည်းသည်းမည်းမည်းသာကြွေလိုက်ပါတော့ကွယ်
ငါဆိုတာ နင်ကြွေမှ ကြွေမယ့်သူပါ
ဒီနေရာမှာ ဒီဒဏ်ရာနဲ့
ငါ့ကို လိပ်ခဲတည်းလည်း မထားခဲ့ပါနဲ့
အညှိုးတစ်ကြီး
သည်းပါ… မည်းပါ…
ငါဟာနင်သည်းမယ့် မည်းမယ့်ခံစားချက်တွေကို
ခံနိုင်ရည်ရှိဖို့အားမွေးထားခဲ့သလိုလို……။
သက္ကရာဇ်တွေ ဘယ်လောက်ပြောင်းပြောင်း
ရင်ဘတ် အဟောင်းထဲမှာ
မိုးရာသီ ကဗျာတပုဒ်ရှိမယ်
နင် အဆင်ပြေတဲ့ အခါ
ဒဏ်ရာ အတိမ်အနက်ကို မသိတဲ့ပုံစံနဲ့
ခပ်ပါးပါးလေး လာဖတ်ကြည့်လှည့်
ဒါဟာ
မိုးတွေရွာနေတုန်း
မိုးရာသီ ဇာတ်လမ်းတပုဒ်ကို
မျက်လုံးထဲမှာ မိုးတွေ အစိုခံပြီး ရေးခဲ့တဲ့ ကဗျာတပုဒ်ပဲ။              ။

*ဗလ ၏ “ယဉ်တစ်ကိုယ်မိုး” သီချင်းစာသား

|  အောင်မိုးသူ ။ | ။ ဇောက်ထိုး  |
၁ရ / ၈ / ၂၀၁၃

3 comments

  • alinsett

    October 7, 2013 at 9:36 pm

    မိုး…..
    မိုးဆိုတာက…
    ကျွန်တော့် ရင်ထဲ…
    ထဲထဲဝင်ဝင်..ရွာဖူးတဲ ့..အရာ…
    ဘယ်လောက်တောင်လဲ..ဆို….
    ကျွန်တော့်နှလု့းသားဟာ… သစ်ကိုုင်းလို…ဖြောင်းခနဲ.ကျိုးကျ….
    ကျွန်တော့် ဘဝတစ်ခုလုံး… စိုစိုရွှဲပြီး… ကျွန်တော်တစ်ခုလုံး..နစ်မြုပ် ပျောက်ဆုံးသွားတဲ့အထိပေါ့….။

    —————

    ဒီကဗျာလေး ဖတ်မိတော့…..
    ကျွန်တော်… မိုးရေ ပြန်ချိုးချင်လာတယ် ။
    မိုးထဲ..မှာ…
    ချမ်းချမ်းအေးအေးနဲ ့…
    ကျွန်တော်..
    ပျော်ခဲ့တာပါလား…လို ့..
    ပြန်တွေးမိသွားတယ်…လေ…။

  • padonmar

    October 7, 2013 at 10:18 pm

    မျက်လုံးထဲစိုတဲ့ မျက်ရည်မိုးလား ဘကြီးအောင်

    • aung moethu

      October 9, 2013 at 1:20 pm

      မစိုပါဘူး အစ်မရေ…. မိုးရွာရင်ကို ပျော်နေတတ်တာ… တစ်ခါတစ်ခါလည်း မိုးရေထဲ ငိုခဲ့ဖူးတာပေါ့..

Leave a Reply