အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၈၂) တေရဿမ မေးခွန်း

ကြော်ငြာထိုးချိန် ခဏနားတဲ့အခိုက်မှာပေါ့။ ပရမ်ကူးမား က ထောင့်တစ်ထောင့်မှာ

ပရိုဂျူဆာ ဆံရှည်ကိုယ်တော်နဲ့ ဘာတွေ ညှိနှိုင်းတိုင်ပင်နေသလဲ မသိပါဘူး။ စတူဒီယို

ထဲ ဟိုဟိုသည်သည် မျက်လုံးဝေ့ကြည့်မိတယ်။ မျက်နှာကျက်တို့ တံခါးတို့ ဘာညာ

ပြင်ဆင်မွမ်းမံထားတာ အမိုက်စားဗျ။ စပေါ့တ်လိုက်တွေ၊ ကင်မရာတွေ၊ နည်းပညာ

မြင့် အသံထွက် စနစ်တွေ နဲ့ တကယ့်ကို ကျကျနန။ ပရိသတ်ကတော့ ကျွန်တော့်ကို

ငေးနေကြတယ်။ သူတို့က ဒီကောင်လေးစိတ်ထဲ ဘာများဖြစ်နေသလဲ ဆိုပြီး စဉ်းစား

နေမှာပေါ့။

ပရမ်ကူးမားက ဆံရှည်ကိုယ်တော်နဲ့ ပွားလို့ပြီးတော့ ကျွန်တော့်ဘက် ပြန်လျှောက်

လာတယ်။ မျက်နှာမှာ မသမာတဲ့ အပြုံးနဲ့ ၊ရုပ်ကိုက။

“ဟေ့..သောမတ်စ်.. ရှေ့မေးခွန်း ဆယ့်တစ်ခုတော့ မင်းဘယ့်နှယ်လုပ် ဖြေသွားသလဲ

တို့မသိဘူး..၊ဒါပေမဲ့..    နောက်ဆုံး မေးခွန်းတော့ မင်းဖြေနိုင်မယ် မထင်ဘူး”

“ကြည့်ကြတာပေါ့ဗျာ”

“ဟေ့အေး..ကြည့်မနေနဲ့၊ ငါတော့ သိတယ်.. မင်း ဂွမ်း ဖို့သာပြင်”

ပြောရင်း သူ့ခုံမှာ ဝင်ထိုင်လိုက်တယ်။

စတူဒီယို ဆိုင်းဘုဒ်မှာ ‘လက်ခုပ်တီးပါ’ ဆိုပြီး ပေါ်လာတော့ ပရိသတ်တွေက လက်ခုပ်တီး

ကြတယ်။ တီးလုံးကလည်း စပြီပေါ့။ပရမ်ကူးမားက ကင်မရာဘက်လှည့်ပြီး –

“ဂုဏ်သရေရှိ ဧည့်ပရိသတ်များခင်ဗျာ…ခုအချိန်ဟာ တကယ့်ကို ရာဇဝင်တွင်တော့မည့်

အနေအထားကို ရောက်နေပါပြီ..ဟောဒီပွဲမှာသာမက နောင်လာနောက်သားများ အတွက်

ပါ ပြောစမှတ်ပြုရတော့မည့် အချိန်ပေါ့ခင်ဗျာ..ဟောဒီက ရမ်မိုဟာမက် သောမတ်စ် ဆိုတဲ့

မွမ်ဘိုင်း မြို့က ဆယ့်ရှစ်နှစ်သား စားပွဲထိုးကောင်လေး တစ်ယောက်ဟာ ဒီပွဲမှာ တခြား

ပြိုင်ပွဲဝင်တွေ ရောက်ဖူးတဲ့အနေအထားထက် အများကြီး ကျော်လွန်လို့ ရောက်ရှိလာခဲ့

ပါပြီ..။ သူက နောက်ထပ် မှတ်တိုင်တစ်ခု စိုက်ထူဖို့ လုပ်နေပြီဗျ။ နောက်ဆုံးမေးခွန်းသာ

မှန်မှန်ကန်ကန် ဖြေဆိုနိုင်ခဲ့ရင်တော့ သမိုင်းမှာ အများဆုံးဆုကြေးဖြစ်တဲ့ ရူးပီး တစ်ဘီလျံ

ကို ဆွတ်ခူးနိုင်မှာပါ။ အဲ..မှားရင်တော့..နော်..မှားရင်တော့ နိုင်ထားတဲ့ ရူးပီးသန်းတစ်

ရာကို စက္ကန့်ခြောက်ဆယ်အတွင်း တစ်ခါတည်းနဲ့ ပမာဏအများဆုံး ဆုံးရှုံးရတဲ့သူဖြစ်

သွားမှာပါ..။ ဘယ်လိုဖြစ်ဖြစ်ဒါက ရာဇဝင်တွင်သွားတော့မှာလေ။ ဒါကြောင့်..ပရိသတ်

များ စိတ်ကိုရှင်းရှင်းထားပြီး ကျွန်တော်နဲ့အတူတူ ဟောဒီကပြိုင်ပွဲဝင်သူ မစ္စတာ ရမ်

မိုဟာမက် သောမတ်စ် ကလေးကို တစ်ကြိမ်လောက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြပါစို့..”

စတူဒီယို ဆိုင်းဘုဒ်မှာ ‘လက်ခုပ်တီးပါ’ ဆိုတော့ ပရိသတ် အကုန်လုံးတင်မကဘူး ပရမ်ကူးမား

တောင်မတ်တပ်ရပ်လို့ လက်ခုပ်တီးကြတယ်။

W3B ရဲ့အကွက်ကလေးကတော့ လေးစားစရာကောင်းပါ့ဗျာ။ ဒီပွဲကနေ ပိုက်ဆံတစ်ပြားမှ

ရမသွားပဲ ကန်မထုတ်ခင် ခပ်ပိုပိုလေး ဂုဏ်ပြုလိုက်တာပေါ့လေ။ သိုးကလေးများလိုပေါ့။

သတ်မစားခင် ဝဝလင်လင်လေး ကျွေးထားတာ။ အဟား။ ခုတော့ ပြုံးထား ပျော်ထားဦးပေါ့။

နောက်ဆုံးမေးခွန်းကျကာမှ တစ်ခါတည်းနဲ့ အပြတ်ဆော်ပစ်မယ်လို့ ကြံထားကြတာလေ။

ကိုယ်စောင့်ခဲ့တဲ့ အချိန်တော့ ရောက်ပေါ့။ စိုးတထိတ်ထိတ် နဲ့အခုမှ တကယ် အပူပွေရပြီ။

အသက်ကို ပြင်းပြင်းရှူ။ ကံကြမ္မာကို ရဲရဲသာရင်ဆိုင်ပေရော့ဟဲ့။

“ဟုတ်ကဲ့..ဂုဏ်သရေရှိ ဧည့်ပရိတ်သတ်များ ခင်ဗျာ..အခု နောက်ဆုံး မေးခွန်းဖြစ်တဲ့

မေးခွန်းနံပါတ် ဆယ့်နှစ်ကိုကျွန်တော် ပြောပါတော့မယ်..။ဆုကြေးကတော့ ဟောဒီ

ကမ္ဘာရဲ့သမိုင်းတလျှောက် အမြင့်ဆုံးဆုကြေး ဖြစ်တဲ့ ရူးပီး တစ်ဘီလျံပါ။ အဲ..မှတ်

ထားရမှာက ကစားမလား၊ နားမလား အခြေအနေပါပဲ။ အဲဒီတော့ နိုင်ရင် အကုန်နိုင်၊

ရှုံးရင်လည်း အကုန်ရှုံးပေါ့။ အိုခေ..အပိုတွေ ဆိုမနေတော့ပါဘူး၊ ဟောဒီမှာ မေးခွန်း

က..မစ္စတာ သောမတ်စ် ရေ..ရာဇဝင်ကြောင်းထဲကပဲ ဖြစ်ပါတယ်။ သိကြတဲ့အတိုင်း

မွမ်းတက်ဇ် မဟယ် ဆိုတာ အင်ပါယာပြည့်ရှင် ရှားဂျဟန် ရဲ့ မိဖုရားကြီးဖြစ်ပြီးတော့

ဘုရင်ကြီးက မိဖုရားကြီးအတွက် အောက်မေ့တဲ့ အထိမ်းအမှတ်အနေနဲ့ တဂျ်မဟာကို

ဆောက်လုပ်ခဲ့တာ။ ဟုတ်ပါပြီ..မွမ်းတက်ဇ် မဟယ်ရဲ့ ဖခင်အမည်က ဘယ်သူပါလဲ

တဲ့ဗျာ..အဲဒါ ရူးပီး တစ်ဘီလျံ မေးခွန်းပါပဲ။ရွေးဖို့က (က) မိရ်ဇ အလီ ကူလီ ဘဂျ်

(ခ) သီရဂျ် ဥဒ္ဒလာ (ဂ) အာဆွတ် ဂျား (ဃ) အဗ္ဗဒါ ရာဟင် ခန်း ခနန်။”

“သေချာစဉ်းစားနော် မစ္စတာ သောမတ်စ်..၊ ခင်ဗျား အနေအထားက သမိုင်းတွင်မဲ့

လမ်းဆုံ ကို ရောက်နေတာနော..။ အဖြေရဖို့ အချိန်တစ်ခုတော့ လိုဦးမှာပါ။ ဒါကြောင့်

ကြော်ငြာထိုးချိန် ခပ်တိုတိုလေးပေးပြီး ခဏနားပေးလိုက်မယ်။ လူကြီးမင်းများ ဘယ်မှ

မသွားကြဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ..။”

စတူဒီယို ဆိုင်းဘုဒ်ကလေးက ‘လက်ခုပ်တီးပါ’ ဆိုပြီးပြောင်းသွားတယ်။ အစီအစဉ် အဖွင့်

တီးလုံးလေး ပြန်ကျော့ပြီ။

ပရမ်ကူးမားက ပါးစပ်ကြီးဖြဲပြီး ကျွန်တော့်ကို ကြည့်တယ်။

“ကိုင်း..ငါမပြောလားကွ။ အလယ်ခေတ် သမိုင်းမှာ မဟာဝိဇ္ဇာလောက်ရမှ ဖြေနိုင်မှာနော်..၊

နို့မို့ရင် ဆောရီးပဲ။ဒီတော့..နိုင်ထားတဲ့ ရူးပီးသန်းတစ်ရာကို တာ့တာ သာလုပ်လိုက်တော့

ဟေ့။ ပြီးရင်..စားပွဲပြန်ထိုးပေတော့။မနက်ဖြန်တောင် မင်းတို့ ဂျင်မီ ဘားဆိုင် ငါလာမလား

လို့ ကွ။ ဘာတွေများ ငါ့ကို မင်း တည်ခင်းဧည့်ခံမလဲဟေ? ထောပတ် ကြက်သားလား၊

သိုးသားရယ် ဗင်ဒါလူးရယ်လား အဟေးဟေး..”

(ဗင်ဒါလူးသည် မန်ကျည်းမှည့်၊ ငရုတ်သီး၊ ဂျင်း၊ ဇီယာ စသည်တို့ဖြင့်လုပ်သော

အချည်ရည် တစ်မျိုး ဖြစ်သည်။)

အမယ်။ ကျွန်တော်လည်း ပြန် ရီလိုက်ဦးမယ်။

“အဟေးဟေး..သမိုင်းမဟာဝိဇ္ဇာတွေ ဘာတွေ ကျွန်တော် မရပါဘူးဗျာ..။ဒါပေမဲ့ ဒီမေးခွန်းရဲ့

အဖြေတော့ သိသဗျ..။”

“ဘာကွ..? မင်း နောက်နေတာမို့လား?”

“မနောက်ပေါင်ဗျာ။ အဖြေက အာဆွတ်ဂျား တဲ့။”

ငတိက ပါးစပ်ကြီးပြဲပြီး ကျွန်တော့်ကိုကြည့်တယ်။

“ဘယ်..ဘယ်လိုလုပ် အဖြေကိုသိသလဲ?”

“သိတာပေါ့ဗျာ..အရင်တုန်းက တဂျ်မဟာ မှာ ဧည့်လမ်းညွှန် နှစ်နှစ်လောက် လုပ်ခဲ့ဖူးတာကိုး။”

ငနဲကြီး မျက်နှာ ဖွေးဆွတ်သွားတယ်။ ပထမဆုံး အကြိမ်အနေနဲ့ သူ ကျွန်တော့်ကို ထိတ်လန့်

တဲ့လက္ခဏာ ပေါ်လာတယ်။

“မင်း..မင်း..မှော်ပညာ တစ်ခုခု သုံးနေတာမဟုတ်လား..သေချာတယ်။”

ပြောပြီးတော့ ပရိုဂျူဆာဆီ ပြေးပါလေရော။ ခေါင်းခြင်းဆိုင်ပြီး ဘာတွေပြောနေလဲတော့

မသိဘူး။ တိုးတိုး တိုးတိုးနဲ့။ ပရမ်ကူးမားက ကျွန်တော့်ဘက်လက်ဟန်ခြေဟန် ပြပြပြီး ပြော

နေတာပဲ။ နောက်တော့ တစ်ယောက်က စာအုပ်ထူကြီး တစ်အုပ်ယူလာပြီး ပြူးပြဲကြည့်နေ

ကြတော့တာ။ ဆယ်မိနစ်လောက်ရှိတော့ ပရိသတ်လည်း ဂဏှာမငြိမ်ချင်တော့ဘူး။ နောက်

ဆုံး ပရမ်ကူးမား သူ့ထိုင်ခုံသူ ပြန်ထိုင်တယ်။ သူ့ပုံစံက ပုံမှန်ဖြစ်သွားသဗျ။ ဒါပေမဲ့အတွင်း

မှာတော့ ယောက်ယက်ခပ် နေမှာ။

စတူဒီယို ဆိုင်းဘုဒ်ကလေးက ‘လက်ခုပ်တီးပါ’ ဆိုပြီးပြောင်းသွားတယ်။ အစီအစဉ် အဖွင့်တီးလုံး

လေး ဆက်ဖွင့်တယ်။

“ပရိသတ်များခင်ဗျာ..ခေတ္တနားချိန် မတိုင်မီတုန်းက မေးခွန်းတစ်ခုမေးခဲ့ပါတယ်။ မွမ်းတက်ဇ်

မဟယ် ရဲ့အဖေကဘယ်သူလဲ ဆိုပြီးတော့လေ။ ပရိသတ်များ..ဒါ နောက်ဆုံးမေးခွန်းလို့

ထင်မှာပေါ့။ ဒါပေမဲ့ မဟုတ်ပါဘူး ခင်ဗျာ။”

ပရိသတ်တွေ အံ့အားသင့်သွားကြတယ်။ ကျွန်တော်လည်း တောင့်တင်း သွားတာပေါ့။ ဘုရား..

နောက်မေးခွန်းတစ်ခုများ လာဦးမှာလား။ လေထုက တင်းမာပြီး စေးပျစ်ကြပ်ခဲ လာသလိုပဲ။

ပရမ်ကူးမားက ဆက်ပွားတယ်။
“ နောက်ဆုံးမေးခွန်း မဟုတ်တဲ့အပြင် မေးခွန်းရယ်လို့ကို မဟုတ်ပါဘူး။ မွမ်းတက်ဇ်

လက်ဘက်ရည် ကြော်ငြာအတွက်အသံသွင်းတာ သက်သက်ပဲ ဖြစ်ပါတယ်။ မွမ်းတက်ဇ်

လက်ဘက်ရည် က ဒီပွဲရဲ့ စပွန်ဆာတွေထဲက တစ်ခုပါ။ အဲဒီ    ကြော်ငြာအတွက် ကျွန်တော်

တို့ နမူနာမေးခွန်း တစ်ခု ထည့်လိုက်ရခြင်း ဖြစ်ပါတယ် ခင်ဗျာ။”

နားထောင်နေတဲ့ ပရိသတ်တွေလည်း ပွစိပွစိ ဖြစ်ကုန်တော့တာပေါ့။ ရီသံတွေ ၊ အော်သံတွေ

ထွက်လာတယ်။

“မင်း တို့ကို တကယ် အရူးလုပ်တာပဲ ကူးမား” ဆိုတဲ့ အော်သံတောင် ကြားလိုက်ရသေး။

တင်းမာမှုတွေ လျော့ပျောက်ကုန်တော့ စတူဒီယို ဆိုင်းဘုဒ်မှာ ထုံးစံအတိုင်း ‘လက်ခုပ်တီးပါ’

ဆိုပြီး ပြပြန်တယ်။ လူတွေက ပရမ်ကူးမား ဖြေရှင်းချက်ကို လက်ခံပြီး ပြုံးတဲ့သူပြုံး ပေါ့။

မပြုံးတာ ကျွန်တော်တစ်ယောက်တည်း။ ဒီပွဲကို လုပ်တဲ့ငနဲဟာ တကယ့် ကလိန်ကကျစ်

ကောင် ဆိုတာ ကျွန်တော် သိလိုက်ပြီ။

စတူဒီယို ဆိုင်းဘုဒ်မှာ ‘ငြိမ်ပါ’ ဆိုပြီး ပြောင်းသွားတယ်။ အဖွင့်တီးလုံးလေးလည်း စပြီ။

ပရမ်ကူးမား ကလည်း ခုနက ပုံစံအတိုင်း။

“ဟုတ်ကဲ့..ဂုဏ်သရေရှိ ဧည့်ပရိတ်သတ်များ ခင်ဗျာ..အခု နောက်ဆုံး မေးခွန်းဖြစ်တဲ့

မေးခွန်းနံပါတ် ဆယ့်နှစ်ကိုကျွန်တော် ပြောပါတော့မယ်..။ဆုကြေးကတော့ ဟောဒီ

ကမ္ဘာရဲ့သမိုင်းတလျှောက် အမြင့်ဆုံးဆုကြေး ဖြစ်တဲ့ ရူးပီး တစ်ဘီလျံပါ။ အဲ..မှတ်ထား

ရမှာက ကစားမလား၊ နားမလား အခြေအနေပါပဲ။ အဲဒီတော့ နိုင်ရင် အကုန်နိုင်၊ ရှုံးရင်

လည်း အကုန်ရှုံးပေါ့။ အိုခေ..အပိုတွေ ဆိုမနေတော့ပါဘူး။ မစ္စတာ သောမတ်စ်ရေ

မင်းအတွက် နောက်ဆုံးမေးခွန်းကတော့ အနောက်တိုင်း ဂန္ထဝင်တေးသွား အကြောင်း

တွေထဲကပါပဲ။ ဘီသိုဗင်  ရဲ့ စန္ဒယားတေးသား ဆိုနားတားအမှတ် ၂၉၊ တေးလက်ရာ

အမှတ်စဉ် ၁၀၆ (သို့မဟုတ်)‘ဟမ်းမက်ခ်လဗီရာ ဆိုနားတား’ က ဘယ်ကီးနဲ့ (သီဖွဲ့ထား)

လဲတဲ့။ အဲဒါက (က)B flat major (ခ) G minor (ဂ) E flat major (ဃ) C minor။”

“သေသေချာချာလေး စဉ်းစားနော်..မစ္စတာ သောမတ်စ်။ ခင်ဗျား ဘဝမှာ အရေးကြီးဆုံး

ဆုံးဖြတ်ချက်ကို ချရမဲ့အချိန်ဗျ။ အဖြေကို စဉ်းစားဖို့ အချိန်တော့လိုမယ် မို့လား။ ကိုင်း..

နောက်ထပ် ကြော်ငြာချိန် အတိုလေးပေးပြီးခဏ နားလိုက်ကြဦးစို့။ ပရိသတ်များ ဘယ်မှ

မသွားဖို့ မေတ္တာရပ်ပါတယ် ခင်ဗျာ။”

စတူဒီယို ဆိုင်းဘုဒ်မှာ ‘လက်ခုပ်တီးပါ’ လို့ ပြောင်းသွားတယ်။ ပရမ်ကူးမားက ဒီတစ်ခါ ဘယ့်

နှယ်တုန်း ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော့်ကို ပြုံးဖြဲဖြဲ လုပ်ပြသဗျ။ ပရိသတ်ကတော့ သူတို့အချင်းချင်း

စကားတွေ စီစီညံအောင် ပြောနေကြပြီပေါ့။

ပရမ်ကူးမားက မတ်တပ်ရပ်ပြီး –

“ဟိုဘက် ခဏသွားလိုက်ဦးမယ်..၊ပြန်လာမှာပါ။”

ကျွန်တော်လည်း ထရပ်ပြီး –

“ကျွန်တော် အိမ်သာ သွားချင်လို့။”

“အေး..ငါ နဲ့ လိုက်ခဲ့ပေတော့။ ပြိုင်ပွဲဝင်သူ ကို တစ်ယောက်တည်း ဘယ်မှ မသွားစေရဘူး လို့

စည်းကမ်း သတ်မှတ်ထားသကွ။”

********************

ရေအိမ်ခန်းက ဖန်ချောင်းတွေ နဲ့ ထိန်လို့။ မတရား သန့်ရှင်းလွန်းနေသလိုပဲ။ နံရံကပ် ကြွေပြား

တွေကလည်း အဖြူရောင်၊ တဖိတ်ဖိတ်ပြောင်လက်လို့။မှန် အကြီးကြီးတွေလည်း ရှိသဗျ။

နံရံတွေမှာလည်း ပေါက်ပန်းဈေးတွေ ရေးထားတာ မရှိဘူး။

ရေအိမ်ခန်းထဲမှာ ပရမ်ကူးမားနဲ့ ကျွန်တော် နှစ်ယောက်တည်းဗျ။ ဘဲကြီးက သေးပေါက်ရင်း

လေလေးတချွန်ချွန်နဲ့။ နောက်တော့ ကျွန်တော်သူ့ကို ကြည့်နေတာ သတိပြုမိသွားတယ်။

ကျွန်တော်က အိမ်သာလည်း မဝင်၊ သေးလည်း မပေါက်ဆိုတော့ သူက –

“ဟေ့..ဘာလို့ ရပ်နေတာလဲ? နောက်ဆုံးမေးခွန်းက ခက်လွန်းလို့ သေးတောင် မပေါက်

တတ်တော့ဘူး မလုပ်နဲ့နော်..။အဟားဟား..။”

သူက ခေါင်းပြန်လှည့်သွားပြီးတော့ ဆက်ပြောတယ်။

“ ဒီလို အဆုံးသတ်ရတာတော့ တော်တော်ဆိုးသကွာ..။ အေး..ငါမကူရင် မင်း ဒီ အဆင့်

တောင် ရောက်လာမှာမဟုတ်ဘူး။ အစောကြီးကတည်းက မင်း လစ်ရပြီ။ ဒုတိယ မေးခွန်း

မှာတင်လေ။ အဲ…တို့ ဒီလိုလုပ်ကြရအောင်ကွာ၊ မနက်ဖြန်ကျရင် မင်းတို့ဆိုင်ကို ငါလာမယ်။

မင်းကို ဘောက်ဆူး တစ်ထောင် ပေးမယ်ကွာ..ကတိနော်..ဟုတ်လား။ ငါတည်မှာပါကွ..။”

ငနာက စောက်ကျောကြီးနဲ့။ ကျွန်တော့်ဘက်လှည့်ပြီးတောင် စပ်ဖြဲဖြဲ လုပ်လိုက်သေးတယ်။

“ခင်ဗျား..ကျုပ်ကို ဒုတိယမေးခွန်းမှာ ဘာ မျက်နှာသာပေးခဲ့လို့တုန်း၊ ခင်ဗျား ဘာသာ

ခင်ဗျားပဲ မျက်နှာရအောင်လုပ်ခဲ့တာ။”

ပရမ်ကူးမား က ကျွန်တော့်ကို တည့်တည့် ဖျတ်ခနဲ လှည့်ကြည့်လိုက်တယ်။

“မင်း ဘာ ပြောချင်တာလဲ?”

“ကျွန်တော် ပြောချင်တာကတော့…ဒီမှာ မစ္စတာ ပရမ်ကူးမား..၊ကျုပ် ဒီပွဲကို လာတာ ပိုက်ဆံ

လိုချင်လို့ မဟုတ်ဘူးဗျ..။ ဝေးပါသေးရဲ့ဗျာ။ ကျုပ် ဒီပွဲကို လာခဲ့တာ ရာဇဝင်ကြွေးလေး

ဆပ်ချင်လို့ဗျ..။”

ငတိ သေးပေါက်တာတောင် တန့်သွားတယ်။ ဘောင်းဘီဇစ်ကို မြန်မြန် ဆွဲတင်ပြီး ကျွန်တော့်ကို

ဘေးစောင်းလေး ရှိုးလို့ –

“ရာ..ရာဇဝင်ကြွေးဆပ်ဖို့..။ဘာလဲကွ..။ ဘယ်သူ့ကို ဆပ်ချင်တာလည်း?”

“ခင်ဗျား ကိုပေါ့ဗျာ။”

ကျွန်တော် နောက်ကို နည်းနည်း ဆုတ်ပြီး ဘောင်းဘီ ခါးစည်းထဲ ထိုးထည့်ထားတဲ့ သေနတ်ကလေး

ကို ဆွဲထုတ်လိုက်တယ်။ ပြောင်းတို ခြောက်လုံးပြူး သေးသေးလေး။ တကယ့် ကျစ်ကျစ်လျစ်လျစ်လေး

ဗျာ၊ ကျွန်တော့်လက်သီးဆုပ်ထက် မကြီးဘူး။ သေနတ်ကလေးကို လက်ထဲမှာ တင်းတင်းဆုပ်ပြီး သူ့ကို

ချိန်လိုက်တယ်။

သူ့မျက်နှာက သွေးဆုတ်ပြီး ဖွေးဆွတ်သွားတာပဲ။

“မင်း…မင်း..မှားနေပြီနော်..သောမတ်စ်။ တို့..တစ်ခါမှတောင် မတွေ့ဖူးဘူး လေကွာ..။”  အသံက

တိမ်သွားလိုက်တာ လေသံလေးပဲကြားရတော့တယ်။

“မဟုတ်ဘူး..၊ အမှားလုပ်တာ ခင်ဗျားဗျ။ ကျုပ်တို့ တွေ့ဖူးပါသကောဗျာ။ နီးလိမာ ကုမ္မာရီ ရဲ့

တိုက်ခန်းရှေ့မှာပေါ့။မနက်အစောကြီးလေ။ ခင်ဗျားက ဂျင်းပင် အပြာနဲ့ ရှပ်အင်္ကျီအဖြူကို

ဝတ်လို့။ မျက်လုံးက ရဲရဲ၊ ဆံပင်က ဖွာလန်ကျဲနေတာ။ လက်ထဲမှာလည်း နီးလိမာ ဆီက

အဓမ္မယူလာတဲ့ ပိုက်ဆံတွေ ကိုင်လို့။ လက်ချောင်းမှာလည်း ကားသော့ကို ရမ်းလာသေး

တယ်။ ခင်ဗျား..သူ့ကို ဖျက်ဆီးခဲ့တာဗျ။ ဒါတောင် ခင်ဗျား..အားမရသေးဘူး။ ကျုပ်ရဲ့

နီတာလေးကိုလည်း ခင်ဗျား..ယုတ်မာခဲ့တယ်။”

ပရမ်ကူးမားက မျက်ခုံးပင့်ပြီး-

“နီတာ..? အဲဒီနာမည် မသိပါဘူး”

“နီတာ ဆိုတာ အက်ဂရာမှာ ခင်ဗျား ကျေးဇူးတော်ကြောင့် သေလုမျောပါး ဖြစ်သွား

တဲ့ ကောင်မလေးဗျ။”

ကျွန်တော် သေနတ်ကို တင်းတင်းဆုပ်ပြီး –

“ဒီတစ်ခါ  ခင်ဗျား အလှည့်ပဲ။”

ပရမ်ကူးမားက သေနတ်ကိုင်ထားတဲ့ ကျွန်တော့်လက်ကို စိုးရိမ်တကြီး ကြည့်ပြီး အချိန်ဆွဲလို

ဟန်နဲ့ –

“အက်ဂရာ..ဟုတ်လား..ငါမရောက်တာတောင် တော်တော်ကြာရောပေါ့..။”

“ခင်ဗျား မှတ်ဉာဏ်လေး ပြန်နွှေးပေးရသေးတာပေါ့။ လွန်ခဲ့တဲ့ လေးလလောက်တုန်းက ခင်ဗျား

ပဲလေ့စ် ဟိုတယ် မှား တည်းခဲ့တယ်။ နောက် ကောင်မလေးတစ်ယောက် ခင်ဗျား အခန်းကိုခေါ်

တယ်ဗျာ။ ပြီးတော့ သူ့ကို ကြိုးနဲ့ချည်ပြီး  ရက်ရက်စက်စက် ရိုက်နှက်ခဲ့တယ်။ စီးကရက်မီးနဲ့

ထိုးတယ်။ ခင်ဗျား နီးလိမာကို လုပ်ခဲ့သလိုပေါ့။”

ငနဲကြီး နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာတယ်။ နောက် တွန့်လိမ်သွားရော။

“သူ..သူက ကြေးစားမလေး တစ်ယောက်ပဲဟာ..အမလေး..ငါ.. ငါ..သူ့ ခေါင်း ကို ရူးပီး ငါးသောင်း

တောင် ပေးခဲ့တာရော..။ သူ့နာမည်တောင် ငါ မသိပါဘူးကွာ..။”

“သူ့ နာမည်က နီတာ။”

ကျွန်တော် သေနတ်ပြောင်းကို ပင့်တင်လိုက်တယ်။

8 comments

  • Ma Ma

    October 7, 2013 at 7:00 pm

    သဲထိတ်ရင်ဖိုပါပဲလား။
    ဇာတ်ရှိန်တော့ မြင့်လာပြီ။
    ပြီးခါနီးပြီထင်ပါရဲ့။
    အပိုင်း ၈၁ နဲ့ ၈၂ မြန်မြန်တက်လာပုံထောက်တော့………
    မောင်ဘလှိုင်လည်း သိကြားမင်းလို ပခုံးပေါ်က အထုပ်ကြီးကို ပစ်ချချင်နေပြီထင်တယ်။ :kwi:

    • မောင်ဘလိူင်

      October 9, 2013 at 11:07 am

      ပြီးခါ နီးပါပြီ အန်တီမမ ရေ…ဒီအခန်းပြီးရင် နိဂုံးချုပ် အခန်း တစ်ခန်းပဲ
      ကျန်ပါတော့တယ် ခင်ဗျာ။
      (ကျွန်တော်ကတော့ သုံးပိုင်းလောက် ခွဲဦးမှာ 😀 )

  • metallic

    October 7, 2013 at 7:08 pm

    ပြီးသွားမှာတောင်စိုးရိမ်မိနေတယ်
    ဆက်မဖတ်ရမှာစိုးလို့

  • Mr. MarGa

    October 7, 2013 at 7:10 pm

    ဟာဟ ဇာတ်ရှိန်တက်လာပြီ
    နောက်တစ်ပိုင်း မြန်မြန်တင်တော့ဗျာ
    သူ ဘယ်လိုဆက်မယ် ဆိုတာ အတော် စိတ်ဝင်စားနေပြီဗျ

  • alinsett

    October 7, 2013 at 9:31 pm

    အပိုင်း 82 တောင်ရောက်လာပြီ….
    ကျွန်တော်..အဖတ်နောက်ကျနေပြီ.။
    ပြန်ရှာဖတ်ရဦးမယ်..။

  • padonmar

    October 7, 2013 at 10:17 pm

    ရုပ်ရှင်လည်း မကြည့်ထားဖူးတော့ မောင်ဘလှိုင် ကလောင်နောက်မျောပါနေရပြီ။
    မြန်မြန်ဆက်တင်ပါဗျိုု့။

  • Green Rose

    October 8, 2013 at 5:13 pm

    ဘာသာပြန်ရာမှာ ဘာသာစကား ကျွမ်းကျင်မှုတင်မက မြန်မာစာအရေးအသား ပြေပြစ်မှုပါရှိတဲ့သူပါပဲ။ အခန်းအဖြတ်အတောက်ကလည်း တော်ပါ့… နောက်တစ်ပိုင်းမြန်မြန်တင်ပါလို့ပဲ…

    လေးစားလျှက်
    (Green Rose)

  • မောင်ဘလိူင်

    October 9, 2013 at 11:57 am

    ဖတ်ရှုအားပေးသူများကို ကျေးဇူးအထူးတင်လျက်ပါ။
    @metallic – နောက်တစ်ခေါက်ပြန်ဖတ်ကြည့်ပါ။ ဝေဖန်အကြံပြုချက်များပေးနိုင်ပါတယ် ခင်ဗျာ။
    @Mr. MarGa – တင်ပါ့မယ် ကိုသိကြားရေ။
    @alinsett – ဖတ်ကြည့်ပါဦး ကိုအလင်းဆက်။
    @padonmar – ဒါဖတ်ပြီးမှ ရုပ်ရှင်ရှာကြည့်ပေါ့ အန်တီ ပဒုမ္မာရေ။ မတူတာလေး ခံစားကြည့်ရှု
    ရပါလိမ့်မယ် ခင်ဗျာ။
    @Green Rose – ကျွန်တော်က အင်္ဂလိပ်စကား လုံးဝ မကျွမ်းကျင်ပါ။ ရေးချင်လွန်းအားကြီးလို့
    ကြိုးစားရေးသားနေတာပါ မ ဂရင်းရို့စ် ရေ။ အင်္ဂလိပ်စကား မကျွမ်းဆိုတော့
    ဗမာစကား ကျွမ်းသလား ဆိုရင်လည်း မတောက်တစ်ခေါက်ပါ။ ဒီလိုရေးလို့ အပို
    ဆိုတယ် မှတ်လိမ့်မယ်။ မဟုတ်ပါ၊ မြန်မာစာ ကောင်းကောင်းကျွမ်းကျင်တဲ့
    ပါမောက္ခ တစ်ယောက်နဲ့ ဆွေးနွေးကြည့်ရင် သိပါလိမ့်မယ်။ သို့သော် ကိုယ့်မိခင်
    စကား ကိုယ်ပြောနေတာပဲ။ ဘာသာပြန်တော့မယ်ဆိုရင် ဗမာတစ်ယောက်ဆို
    ဒါကို ဘယ်လိုပြောမလဲ ဆိုပြီး စိတ်ထဲရွတ်ကြည့်ပြီး ပြန်တယ်။ This is a book
    ဆိုတာကို ဤအရာသည် စာအုပ်တစ်အုပ် ဖြစ်သည် လို့မပြန်ပါဘူး။ ဘယ်မြန်မာ
    လူမျိုးမှ အဲဒီလိုမဆိုပါဘူး။ ဒါ စာအုပ် လို့ပဲ ဆိုမှာပါ။ ဒီလိုပဲ ပြန်တယ်။ အဲဒါ ဦး
    သာနိုး အယူအဆလေးတွေပါ။ ကျွန်တော်လည်း သဘောကျလို့ ။

Leave a Reply