ဘယ်လို လူတွေကို လိမ်ရတာ အလွယ်ဆုံးလဲ တဲ့…
ရှင်းရှင်းလေးပါ…
လောဘကြီးတဲ့ သူတွေကို လိမ်ရတာ အလွယ်ဆုံးပါ တဲ့…
ခေါင်းထဲမှာ မွေးကတည်းက ပါလာတာကြီးက စဉ်းစားဖို့ တွေးတောဖို့ ဆင်ခြင်ဖို့ပါ…
အရာတစ်ခုဟာ သဘာဝမကျတော့ဘူး…ယုတ္တိမတန်တော့ဘူး ဆိုရင် ကိုယ့် ဦးနှောက်ကို ကိုယ်
ALARM ခေါက်လိုက်ပါ…သဘာဝမကျတော့ဘူး…STOP လို့ အကျယ်ကြီး ကိုယ့်ဦးနှောက် အနက်ဆုံးရောက်သွားအောင် အကျယ်ကြီး အော်ပစ်လိုက်ပါ…မရပ်လို့ကတော့ တခါထဲ LITT (လစ်) သွားပါလိမ့်မယ်…

အရာတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်….အရာတစ်ခု ဟာ သူ့တန်ဖိုးအောက်ကို တရားလွန်ကျဆင်းနေပြီဆိုရင်တော့ သတိပြုပါတော့…အဲ့ဒီအချိန် အချောင်ရမလား ဆိုတဲ့ မတော်လောဘ၀င်မိပြီ ဆိုရင်တော့ သေချာပါပြီ…ကိုယ်ခံရတော့မယ်ဆိုတာ…သူများကို လက်တစ်ချောင်းထိုးတဲ့ အချိန် ကျန်တဲ့ လက်လေးချောင်း ကိုယ့်ဘက်အထိုးခံရသလိုပါပဲ…သူများဆီက တစ်ကျပ်ဖိုးအလကား လိုချင်ရင် ကိုယ့်ဆီက လေးကျပ် ပြန်ပါတော့မယ် ဆိုတာက အသေအချာပါပဲ…

တခါက မိတ်ဆွေ တစ်ယောက် သူ့ဘ၀နဲ့ ယှဉ်ပြီး ပြောသွားပါတယ်…သူ …အရင်တုန်းက အရင်းနည်းနည်း အမြတ်တအားများတဲ့ အလုပ်တွေချည်း ရွေးလုပ်တယ်တဲ့….စိုးရိမ်ကြောင့်ကြခြင်းကြီးစွာနဲ့ ငွေတော်တော်များများ ရခဲ့ပါတယ်တဲ့…ရတဲ့ငွေကလဲ ကြာကြာမခံခဲ့ပါဘူးတဲ့…ဒီလိုပဲ လုပ်ရင်းနဲ့ လူလိမ်ခံရရင်းနဲ့ ကုန်ဆုံးသွားပါတယ်…အခုတော့ သူ အရင်းအများကြီးရင်းရပြီး အမြတ်အစွန်း နည်းနည်းလေးပဲ ရတဲ့ သေချာတဲ့အလုပ်ကို စိတ်အေးချမ်းသာစွာ လုပ်နေပါတယ်တဲ့…ဘ၀ကြီးကလဲ အခုမှပဲ အေးချမ်းသွားပါတယ် တဲ့….အဖြေက ဒါပါပဲ…ဘယ်အရာမဆို တန်ဖိုးဆိုတာ ရှိပါတယ်…ထိုက်တန်တဲ့ ရင်းနှီးမှုဆိုတာ ရှိပါတယ်…မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရပါ့မယ်…ဒါမှသာ ဘ၀မှာ အေးချမ်းအောင်မြင်ခြင်း ဆိုတာ ခံစားရမှာပါ…

ကျွန်တော်တို့ ကား စသွင်းပြီး ရောင်းတော့ မန်းလေးမှာ ထိုက်သင့်တဲ့ အမြတ်အစွန်း ရပါတယ်…တဖြည်းဖြည်းနဲ့ အမြတ်အစွန်းက နည်းနည်းလာပါတယ်…နောက်ပိုင်းကျတော့ ဘယ်လို ဖြစ်လာသလဲ ဆိုတော့ မမြတ်သလောက် နီးပါး ဖြစ်လာပါတော့တယ်…ကိုယ်ကျသင့်တဲ့ အရင်းနဲ့ ထိုက်သင့်တဲ့ အမြတ် အစွန်းတွက်ချက်ပြီး ဈေးပြောလိုက်ရင် ဘယ်နားမှာဆို ဘယ်လောက်နဲ့ရတယ် ဆိုပြီး သံပြိုင် ပြောကြပါတယ်…ဘယ်လိုတွက်တွက် ဘယ်လို စဉ်းစားစဉ်းစား ဘယ်လိုမှ ရောင်းနိုင်စရာ အကြောင်းမရှိပါဘူး…ပြောတဲ့သူတွေ ပြောတာလဲ မမှားပါဘူး..ရတဲ့နေရာက ရနေတာကိုး…နောက်ဆုံး အခုမှ အဖြေထွက်သွားပါတယ်…လိမ်တဲ့သူကတော့ ငါးစာချကျွေး ပြီးလိမ်မှာပဲ…ကိုယ်ပိုင်အသိဥာဏ်နဲ့ ဆင်ခြင်ပြီး ဘယ်လိုမှ မဖြစ်နိုင်မှန်းသိသိချည်းနဲ့ ဇွတ်တိုးကြတဲ့ သူတွေ ပဲ ဒုက္ခအကြီးအကျယ် ရောက်သွားကြပါတယ်…ကားလောကမှာ နှစ်ရှည် သက်တမ်းရင့်သူတွေ သိသိကြီးနဲ့ ခံလိုက်ရတဲ့ပွဲပါပဲ…ဒီတစ်ယောက်ပြီး နောက်တစ်ယောက် လာဦးမှာပါပဲ…လိမ်ဦးမှာပါပဲ…လိမ်နည်းပေါင်းစုံနဲ့ လောကပေါင်းစုံမှာ လိမ်တဲ့သူကတော့ ဆက်လက်ပြီးတော့ လိမ်ဦးမှာပါပဲ…

လောကကြီးမှာ ဘယ်အရာမှ အချောင်ဆိုတာ မရှိပါဘူး…ထိုက်သင့်တဲ့ တန်ဖိုးဆိုတာရှိပါတယ်…သဘာဝလွန်တွေ ဖြစ်လာရင် ကိုယ့်ဘာသာကို ALARM ခေါက် STOP လုပ်ပြီး အသိကို သတိနဲ့ ထိမ်းနိုင်ကြပါစေလို့ ပဲ အကြံဥာဏ် ပေးဆုတောင်းလိုက်ရပါတော့တယ်… အလိမ်ခံရတဲ့သူတွေအတွက်လဲ အထူးစိတ်မကောင်းပါဘူး…ကိုယ်ကိုတိုင်လဲ သိရက်သားကြီးနဲ့ ဇွတ်မိုက်ခဲ့တာတွေ အများကြီးပါ…မှားပြီးသူတွေလဲ သင်ခန်းစာ ယူနိုင်ဖို့…မမှားသေးတဲ့ သူတွေလဲ စံနမူနာ ယူနိုင်ဖို့ပါ…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...