ဖန်ခွက်ကလေးများ- သော်ဇင်(လွိုင်ကော်)

အမေကပြောသော စကားကြောင့် ကျွန်တော် ရယ်နေလိုက်မိသည်။ ဆေးလက်စ ဖန်ခွက်ကလေးကိုကြည့်ပြီး မကြာခင် မှန်ဗွီဒိုထဲ ထည့်သိမ်းဖြစ်တော့မည်ဆိုတော့ ဝမ်းနည်းသလိုလို။ သို့သော် အသစ်အသစ်တွေကို တောင့်တနေတတ်သော ကျွန်တော်က လက်ထဲကဖန်ခွက်ကလေးကိုလည်း မကြာခင် ချန်ထားရစ်တော့မည်မှာလည်း သေချာသည်။ ယခုဆေးလက်စ ဖန်ခွက်ကလေးသည် တစ်ပတ်သာ သူနေခွင့်ရှိသည့်အချိန်ကလေးအတွင်း ကျွန်တော်ကို စိတ်ကြည်နူးမှုပေးခဲ့သည်။ ကျွန်တော်ပြုသမျှ သူ့အလှနှင့် သူအန်ဝင်ခွင်ကျ အသုံးတော်ခံပေးခဲ့သည်။ ခု တစ်ပတ်ပြည့်သွားသည့်အချိန်တွင် ထိုဖန်ခွက်ကလေး ဘယ်လောက်လှလှ မူလနေရာဖြစ်သည့် အမေ့၏ မှန်ဗွီဒိုထဲတွင် ပြန်လည်ထည့်သွင်းခံရမည်ဖြစ်သည်။ ထိုသို့ ကျွန်တော်ပြုမူတိုင်း အမေပြောသည်မှာ

“ဖန်ခွက်တွေကို တစ်ခွက်ဆိုလည်းတစ်ခွက်ပဲ သုံးပါလား။ ခုကြည့်ဦး ဖန်ခွက်တစ်ခွက်ကို တစ်ပတ်သုံး ပြီး ဆေးကြောပြန်သိမ်းနဲ့ အလုပ်ရှုပ်တယ်။ သားအခန်းထဲမှာလည်း ဖန်ခွက်တွေကိုတစ်ခွက်မက ရှိနေတာကို ဒီက ခွက်တွေကိုလည်း မျက်စောင်းလာလာထိုးနေတယ်” ဟု။

ထိုသို့ပြောတိုင်းလဲ ကျွန်တော်က ပြုံးမြဲ။

(၁)

အခန်းထဲ၌ရှိနေသော ဖန်ခွက်အမျိူးမျိူးကို ကျွန်တော်နှစ်သက်သည်။ နေ့စဉ်နှင့်အမျှ ထိုတံဆိပ်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးသော ဖန်ခွက်ကလေးတွေထဲ ရေဖြစ်ဖြစ် အခြားသောအရည် တစ်မျိုးမျိုးဖြစ်ဖြစ် ကျွန်တော်ထည့်သောက်ဖြစ်သည်။ ထိုနေရာတွင် သူ့နေရာနှင့်သူ လိုက်ဖက်မည့် ဖန်ခွက်ကလေးတွေကိုတော့ ကျွန်တော် ရွေးချယ်ရသည်။ ကြွေရည်သုတ် ခွက်ကလေးတွေကိုတော့ ကော်ဖီသောက်သည့်နေရာ၊ ရေနွေးသောက်သည့်နေရာ မျိုးတွင် သုံးတတ်သည်။ အချိုရည်ကဲ့သို့သော အရသာခံသောက်ရမည့် အရည်တွေအတွက်တော့ ရှည်မြောမြော ဖန်ခွက်ကလေးတွေနှင့် သုံးတတ်သည်။ ကျွန်တော်က ထိုသို့ဖန်ခွက်ကလေးတွေခွဲသုံးခြင်းဖြင့် ကျွန်တော် သောက်သုံးနေသည့် အချိန်တွင်းမှာ ဖန်ခွက်ကလေးများ၏ လှပမှုနှင့် အသုံးတည့်မှုကို တစိမ့်စိမ့်တွေးပြီး အရသာခံခြင်းဖြစ်သည်။ ဒါသည်ပင် ရူးသွပ်မှုဟု သတ်မှတ်ပေးကြသည်။

ကျွန်တော်ရောက်တတ်သည့် ဈေးများ၊ ကုန်စုံဆိုင်များတွင် အထူးသဖြင့် ရှာတတ်သော ပစ္စည်းတစ်မျိုးမှာ ဖန်ခွက်ဖြစ်သည်။ လှပစွာခင်းကျင်းထားသော ဖန်ခွက်ကလေးများကို ကျွန်တော်ချစ်သည်။ များပြားစွာ လှပနေသော ဖန်ခွက်မျိုးစုံကြားထဲကနေ ကျွန်တော့် စိတ်ကိုညို့ငင်ဖမ်းစားနိုင်သော ဖန်ခွက်တစ်လုံးတော့ ရှိနေတတ်စမြဲပင်။ တစ်ခါတစ်ရံ ကျွန်တော် ဈေးဆိုင်ထဲက ပြန်ထွက်သည့်အခါ ဖန်ခွက် တစ်လုံးမှတည် နှစ်လုံးဖြစ်ဖြစ် ပါလာတတ်သည်။ ကျွန်တော့်ထံတွင် ဖန်ခွက်များစွာ ရှိနေပါလျှက် နောက်ထပ်ဖန်ခွက်များကို ထပ်ထပ်ဝယ်နေကြသည်ကို တစ်ချို့ကနားမလည်။

“ခွက်ပဲ တစ်ခွက်ရှိရင်ရပြီပေါ့။ မင်း ဟာက ပြုတ်စားမို့လို့လား“ ဟု ခနိုးခနဲ ဆိုကြသည်။

ထိုသို့ ပြောတိုင်းလဲ ကျွန်တော်က ပြုံးမြဲ။

(၂)

တစ်ခါတစ်လေ စိတ်လိုလက်ရရှိသည့်နေ့များတွင် ကျွန်တော့်အခန်းတွင်းပြင် သန့်ရှင်းရေးလုပ်နေရင်းဖြင့် ဖန်ခွက်ကလေးများကို ဆေးကြော သန့်စင်ဖြစ်သည်။ ဆပ်ပြာဖြင့် အထပ်ထပ်ဆေးကြောပြီး အဝတ်ခြောက်ဖြင့် ရေသုပ်ပြီးသည့်အချိန်တွင် ဝင့်ထည်စွာ လှနေတတ်သည့် ဖန်ခွက်ကလေးတွေကိုကြည့်ပြီး ကျွန်တော် ကြည်နူးသည်။ ပြီးတော့ သန့်ရှင်းနေသော ခွက်များစွာထဲမှ တစ်ခွက်ကိုယူပြီး ရေသန့်သန့်ကို အပြည့်ဖြည့်ပြီး သောက်ချလိုက်ရသည့် အရသာ ကို ကျွန်တော် နှစ်သက်သည်။ သို့ရာတွင် ထိုတစ်နေ့သည် ဖန်ခွက်ကလေးများထဲမှ အမှန်တရားတစ်ခုကို ကျွန်တော် ရှာဖွေမိလိုက်သည်။

ဖန်ထည်ပစ္စည်းတစ်ခု၏ ပြယုဂ်သည် ကြည်လင်သည်ဟုသာ အထင်ရောက်နေခဲ့သော ကျွန်တော့်အတွေးများသည် ထိုနေ့ကတခြားသော ရှုထောင့်မှ နေ၍ ရင်သို့ တိုက်ရိုက်ကြီးလာရိုက်ခတ်သည်။ များသောအားဖြင့် ဖန်ခွက်ကလေးများ၏ သဏ္ဍာန်ကိုသာ ကျွန်တော် အာရုံထားဖြစ်ခဲ့သည်။ ဖန်ခွက်တစ်လုံး၏ တည်ဆောက်ပုံကို အချိုးကျနစွာ၊ ဒီဇိုင်းဆန်းသစ်စွာဖြင့် ကျွန်တော် စိတ်ထဲသတ်မှတ်မိလိုက်သည်နှင့် ကျွန်တော်ကလည်း ထိုဖန်ခွက်တစ်လုံးကို ကြိုက်မိလိုက်သည်နှင့် မဆိုင်းမတွ ဝယ်ဖြစ်ခဲ့သည်က များခဲ့သည်။ စတီးလင်ဗန်းတစ်ချပ်ထဲတွင် ပုံသဏ္ဍာန်မတူသော ဖန်ခွက်ကလေးများ၏ တစ်ခွက်နှင့်တစ်ခွက် ကျွန်တော့်ကို ဆွဲဆောင်ပုံက သင်းလှသည်။

ကျွန်တော့်လက်တွေ ဖန်ခွက်ကလေးတွေပေါ်ဝဲနေပြီဆိုလျှင် သူတို့ရင်ခုန်ကြပါလိမ့်မည်။ သူ့ရွေးနိုးနိုး၊ ကိုယ့်ရွေးနိုးနိုးဖြင့် ကျွန်တော်၏ စိတ်လိုလားရာကို မျှော်လင့်တကြီးကြီးဖြင့် သိချင်ကြလိမ့်မည်ထင်သည်။ ဖန်ခွက်ကလေးများ၏ လှပခြင်း၊ ခိုင်ခံခြင်း၊ ခံနိုင်ရည်ရှိခြင်းများကို ကျွန်တော် ထည့်သောက်မည့် အရည်အမျိုးအစားများနှင့် နှိုင်းယှဉ်ကာ ရွေးရသည်။

ထို့နေ့က ကျွန်တော် ထည့်သောက်ဖြစ်ခဲ့သော အရည်မှာ ရွှေဝါရောင်အဆင်းရှိသော ဘီယာဖြစ်သည်။ ဘီယာထည့်ဖို့ ရွေးချယ်လိုက်သော ခွက်သည် ရှည်မြောမြော ဖန်ခွက်ကလေးတစ်လုံးဖြစ်သည်။ သူငယ်ချင်းနှင့် အတူရှိနေသောကြောင့် ကျွန်တော်၏ ခွက်ရွေးခြင်း အပြုအမူကိုတောင် ဟားတိုက်ရယ်မောခြင်း ခံလိုက်ရသေးသည်။

“ရူးပါ့ကွာ ဘီယာသောက်ဖို့များ ခွက်ရွေးနေတာ မိန်းမတစ်ယောက်ယူမှာ ကျနေတာပဲ။ ငါဆို ပုလင်းမော့ သောက်လိုက်တယ်ပြီးရော။ မင်းက သံဗူးသောက်တာလေ။ ထည့်မသောက်လည်းရတယ်။ တစ်ခါတစ်လေ မင်း ဗူးလိုက်တောင် မော့နေသေးတာ။ ခုမှ“

သူငယ်ချင်း၏ စကားအဆုံးတွင် ကျွန်တော် ကိုင်ထားသော ဘီယာထည့်ထားသောခွက်သည် အမြဲတစေ ကျွန်တော်အသုံးပြုနေကျ ခွက်တစ်လုံးမဟုတ်ဟု သိလိုက်ရသည်။ သို့သော်

ကျွန်တော် ပြုံးမြဲ။

(၃)

ထိုညက သူငယ်ချင်းပြန်သွားသည့်အချိန် ကျွန်တော်တွေးဖြစ်သည်။ မျက်စိရှေ့တွင်ရှိသော ဘီယာခွက်ကို အားနာနေခြင်းလည်းပါသည်။ တခြား တခြားသော ခွက်တွေထက် ဤခွက်ကို ကျွန်တော်အသုံးနည်းပါသည်။

တစ်ခါတစ်ရံ အပြင်ဆိုင်တွေသွားသည်။ တစ်ခါတစ်ရံ ဗူးလိုက်သောက်ဖြစ်သည်။ ထိုအခါမျိုးတွေမှာ ဤခွက်ကို မေ့ထားဖြစ်ခဲ့သည်။ ကျွန်တော့်အတွက် လိုအပ်သည်ဟု ခံစားရသည့်အချိန်တွင်သာ တောင်းတောင်းတတရှိခဲ့သည်။ မလိုအပ်သည့်အချိန်များတွင် မည်မျှပင် လှနေစေဦး မဖြစ်မနေ ဘီယာထည့်သောက်ရမည် ဟု ကျွန်တော် မတွေးဖြစ်ခဲ့သည်ကို သတိထားမိလာသည်။

လူသည် ဖန်ခွက်ကလေးများကဲ့သို့ မဟုတ်။ ဖန်ခွက်ကလေးများသည် မည်သည့်အရည်မျှ အထည့်မခံရလျှင် ကြည်လင်စွာရှိသည်။ ကျွန်တော်ထည့်လိုက်သော အရည်တမျိုးမျိုးကြောင့် အရောင်ပြောင်းလဲခြင်း၊ အပူအအေးပြောင်းလဲခြင်း၊ ရနံ့ပြောင်းလဲခြင်း ဖြစ်ပေါ်လာရသည်။ ထိုအရည်များ မရှိတော့လျှင် ထိုခွက်ကို မဆေးမကြောမခြင်း အရည်၏ ရနံ့တစ်ခုတော့ ကပ်ငြိကျန်ခဲ့သည်။

ကျွန်တော် ဖန်ခွက်ကလေးများကဲ့သို့ ကျင့်ကြံနိုင်ပါမည်လား။ ကျွန်တော့်သည် ခံစားချက် ဗလာမဟုတ်။ ဖန်ခွက်လွတ်တစ်လုံးလိုမဟုတ်။ ကျွန်တော့်စိတ်ဖန်ခွက်အတွင်းသို့ လိုချင်တောင့်တစိတ်များ၊ ဒေါသများ၊ အာဃတများ တစ်မျိုးပြီး တစ်မျိုးလောင်းထည့်ခံခဲ့ရသည်။

မွေးဖွားကြီးပြင်းလာခဲ့ရာ အချိန်ကာလတစ်လျှောက်လုံး ငယ်ရွယ်စဉ်အချိန်ခါမှစ၍ လောကြီးအတွင်းရှိ အကောင်းအဆိုး ခံစားချက်များထည့် ထားခဲ့သော စိတ်ဖန်ခွက်သည် ထည့်လိုက် သွန်လိုက်နှင့် သံသရာလည်နေခဲ့သည်မှာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ပြီးတော့ လောင်းထည့်ခံရသော နာကျင်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း နှင့် သံယောဇဉ်များသည် တစ်စုံတစ်ဦး သို့မဟုတ် ကျွန်တော်ကိုယ်တိုင် သောက်သုံးခဲ့ပြီးသည့်တိုင် ဆေးကြောခြင်းမပြုနိုင်ခဲ့သေးပေ။ ကျွန်တော်၏ စိတ်ဖန်ခွက်ထဲသို့ ရောက်ရှိလာတတ်သော အရည်များ၏ အရောင်အဆင်းအလိုက် မသိတတ်သော ကလေးဘဝကနေ ခုချိန်ထိ စိတ်ဗလာဟာကွက်ကလေးသည်  အဆင့်ဆင့် ပြောင်းလဲခဲ့သည်။

ထို ညက ဘီယာခွက်ကလေးကိုကိုင်ပြီး ကျွန်တော် ပြုံးမိပြန်ပါသည်။

(၄)

            မနေ့က ဖန်ခွက်ကလေးများနှင့် ကျွန်တော် စကားပြောဖြစ်ခဲ့ပါသည်။ တစ်ချို့ခွက်ကလေးများက ကျွန်တော်ထည့်သော အရည်များကြောင့် ပူလောင်လွန်းသည် ဟုပြောကြသည်။ တစ်ချို့ခွက်ကလေးတွေက အေးလွန်းသည်ဟုပြောကြသည်။ သို့သော် ထိုခွက်ကလေးများက ကျေနပ်ကြသည်ဟု ထပ်လောင်းပြောဆိုကြသည်။ ကျွန်တော်မေးကြည့်တော့

“ပူလောင်တယ်ဆိုပေမယ့် ကျေနပ်တယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ နွေးထွေးမှုလိုနေတဲ့အချိန်မှာ ထည့်သောက်တဲ့အတွက်“ တဲ့။

“အေးလွန်းတယ်ဆိုပေမယ့် ပိုကျေနပ်တယ်ဗျ။ ရင်မောပူလောင်နေရတဲ့အချိန်မှာ အေးမြမှုပေးစွမ်းဖို့အတွက် ထည့်သောက်တဲ့အတွက်“ တဲ့။

ထိုအချိန်တွင် ကျွန်တော် ထည့်သောက်ခဲ့သော ပူပူနွေးနွေး ဘီယာခွက်ကတော့

“ခွက်တွေထဲမှာမှ ဘီယာခွက်အဖြစ်ခံရတဲ့အတွက် ကျေနပ်တယ်။ တစ်ခုတော့ရှိတာပေါ့ ခင်ဗျားတို့က ထည့်သောက်ဖို့လောက်သာ လိုချင်တပ်မက်ကြတာ။ ပြီးတော့ သောက်ပြီးသွားရင် ချက်ချင်းဆေးကြောဖို့မပြောနဲ့ အမူးပြောတာတောင် လှည့်ကြည့်ချင်တာမဟုတ်ဘူး။ “ တဲ့။

ကျွန်တော်ကိုယ်တိုင်ရော ဖန်ခွက်ကလေးတွေလို ခံစားလာရသည်။ ပူလောင်ခြင်းတွေ၊ သောကတွေချည်း အလောင်းထည့်ခံရလျှင် ထိုဖန်ခွက်သည်ပင် ထိုအရည်နီးတူစွာ ပူခြင်း၊ အေးခြင်းကိုခံစားရမည်။ ကျွန်တော် ရွေးချယ် ထည့်သုံးခဲ့သော ဖန်ခွက်များလို ကျွန်တော့်စိတ်တွေကိုလည်း အကန့်လိုက်မခွဲဝေ မထည့်လောင်းဖြစ်ခဲ့သည်ကို သတိရသည်။

အချစ်က အချစ်ထည့်သည့် နေရာ။ မုန်းခြင်း၊ နာကျည်းခြင်း၊ တွေကတစ်နေရာ။ လိုချင်တပ်မက်စိတ်၊ အောင်မြင်ချင်စိတ်တွေကတစ်နေရာ စသဖြင့် အမျိုးမျိုး ကျွန်တော်မထည့်ခဲ့။ တစ်နေရာတည်းမှာစုပြုံထည့်ထားရင်း ကြီးမားနေသည် ပူလောင်ခြင်းတွေနှင့် ကျွန်တော် ရပ်တည်နေမိသည်။ ထို့အပြင် ကျွန်တော်၏ စိတ်ဖန်ခွက်ကို ကျွန်တော် မဆေးကြောခဲ့သည်မှာ ကြာပြီကိုလည်း သတိထားမိလာသည်။

သက်မဲ့ အရာဝတ္ထုတစ်ခုဖြစ်သည် ဖန်ခွက်ကလေးများကို ကိုယ့် အတွက်အသုံးတော်ခံဖို့ ဆပ်ပြာနှင့် ဆေးကြောနေခဲ့ပြီး ကျွန်တော့်စိတ်တွေကိုတော့ မဆေးကြောဖြစ်ခဲ့ချေ။

လောကတွင် အကောင်းဆုံးကိုမှ ဖြစ်ချင်ကြသည့် လူများကြားတွင် အကောင်းဆုံးကိုမှ ရွေးချယ်ချင်သော ကျွန်တော်သည် ဖန်ခွက်ကလေးတစ်လုံး မဖြစ်ထိုက်ပါ။

မည်သည့်ခံစားချက်မှ အထည့်မခံနိုင်သော ဖန်ခွက်တစ်လုံးဖြစ်မည် ဆိုးသောကြောင့်ဖြစ်သည်။ ထိုအစား ကွဲကြေခံလိုက်မည့် အတ္တသည် ကျွန်တော့်ထံတွင် ကြီးစိုးနေသောကြောင့် ဖြစ်လေသည်။

ကျွန်တော်၏ ဖန်ခွက်ကလေးများကဲ့သို့ ဘာအရည်ထည့်ထည့် အဖြည့်ခံဟု ကျေနပ်နေမည် မဟုတ်သည်ကတော့  ကျွန်တော့် စိတ်ဖန်ခွက်က အက်ကြောင်းကိုကြည့်ရင်း သေချာနေသည်။

ထိုအတွေးကိုတွေးမိတော့ ကျွန်တော် မပြုံးဖြစ်တော့ပါ။

ကျွန်တော်သည် ဖန်ခွက်လေးတစ်လုံးဆိုလျှင်တောင် အက်ရာထင်နေသော ကွဲလုလု ဖန်ခွက်ကလေး ဖြစ်နေပါသည်။

သော်ဇင်(လွိုင်ကော်)

11 comments

  • အတွေးလေးကို သဘောကျလိုက်တာ။ လုံမလည်း ခွက်တွေကိုကြိုက်တယ်။ ဖန်ခွက်တော့ မဟုတ်ဘူးပေါ့။ ကော်ဖီထည့်သောက်ဖို့ခွက်တွေ။ ဒါကြောင့် ကော်ဖီနဲ့လိုက်မယ့်ခွက်တွေကိုအများဆုံးရွေးဖြစ်တယ်။ လုံမသာ ခွက်တစ်လုံးဖြစ်ခဲ့မယ်ဆိုရင် အရောင်မည်းပေမယ့် အနံ့ထပ်မွှေးမွှေး အရသာခါးသက်သက်နဲ့ သောက်လိုက်ရင်စိတ်ကြည်သွားမယ့် ကော်ဖီထည့်တဲ့ခွက် ဖြစ်ချင်တယ်။ အဲ နည်းနည်းတော့ ပူမယ်ထင်တယ်

  • padonmar

    October 9, 2013 at 8:56 pm

    စိတ်ကူးလေး သဘောကျပါတယ်။
    ဖန်ခွက်မှာမှ အခုတော့ အကွဲလွယ်တဲ့ ဖန်ခွက်တွေထွက်နေတယ်။
    လူမှာဆို ခံနိုင်ရည်မြင့်တဲ့လူလို့ ဆိုမလား။

  • Mr. MarGa

    October 10, 2013 at 10:00 am

    ဖန်ခွက်တွေကနေ
    အတွေးတစ်စ..
    အတွေးတစ်စကနေ
    အရေးတစ်ပုဒ်..
    ရေးထုတ်လိုက်နိုင်သပေါ့လေ…
    ဖန်ခွက်လေးတွေနဲ့ လူ့ဘဝကို ဆက်စပ်သွားပုံလေး ကြိုက်သဗျို့

  • kyeemite

    October 11, 2013 at 3:00 pm

    သက်မဲ့ အရာဝတ္ထုတစ်ခုဖြစ်သည် ဖန်ခွက်ကလေးများကို ကိုယ့် အတွက်အသုံးတော်ခံဖို့ ဆပ်ပြာနှင့် ဆေးကြောနေခဲ့ပြီး ကျွန်တော့်စိတ်တွေကိုတော့ မဆေးကြောဖြစ်ခဲ့ချေ။

    လူအတော်များများဒီလိုပဲဗျ
    ကိုယ်ကသာ အသန့်ကြိုက်တာ
    ကိုယ်တိုင်ကတော့ စိတ်မသန့်ထားကြဘူး
    အတွေးကောင်းအရေးကောင်းပါဆြာရေ

  • alinsett

    October 12, 2013 at 5:59 pm

    ကောင်းလိုက်တဲ့ အတွေး နဲ့ အရေးဗျာ

    ဖန်ခွက် ကလေး တွေကို မြင်တိုင်း ဒီဝတ္ထုလေးကို
    သတိရဖြစ်တော့မယ်ထင်ပါရဲ့ဗျို့

  • ရွှေ ကြည်

    October 12, 2013 at 7:11 pm

    ကွဲကြေခံလိုက်မယ်တဲ့လား ကိုသော်ဇင်ရေ တွေးသွားတယ်ဗျို့

  • Ma Ma

    October 12, 2013 at 10:38 pm

    စိတ်ဖန်ခွက် ဆိုတဲ့ နာမ်၂ခုကို ထပ်တူပြုပြီး တင်စားတာလေး သဘောကျလို့ အတုခိုးသွားတယ်။

    လူတွေမှာ ခရေဇီဖြစ်တဲ့ အရာဝတ္ထု၊ ပစ္စည်းတွေရှိတတ်ကြတယ်။

    ကိုယ့်အတွက်ဆိုရင်တော့ ထူးထူးဆန်းဆန်းလို့ပဲပြောမလားးးးးးးးးးး
    လက်သည်းညှပ်၊ နားဖာကလော် စသဖြင့် (တိုလီမိုလီတွေ) စုထည့်တဲ့ set လေးကို သဘောကျတယ်။

    ခုခေတ်မှာဆိုရင်တော့ ဟန်းဖုံးခရေဇီသမားတွေ များလိမ့်မယ်ထင်တယ်။ 🙂

    • ဟုတ်တယ်ဗျ ဒါကတော့ ဖန်ခွက်ကလေးများနဲ့ပတ်သက်တဲ့ ကျွန်တော့်ခံစားချက်ပါ။ ခုလို အားပေးဖတ်ရှုမြဲဖြစ်တဲ့ Ma Ma ကိုလည်းကျေးဇူးတယ်တယ်ဗျ

Leave a Reply