နေ့စဉ်ဘဝ ဒဿန

စဆရ ႀကီးOctober 11, 20131min1306

ကိုရင်စိုင်းတစ်ယောက် တော်တော်လေးကို ပေါက်ကွဲနေ၏။ ပေါက်ကွဲဆို ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်လို့ဆိုဆို၊ အတောင်စုံတော့ ရင်ကို ဆောင့်ကန်ကြသလိုလို၊ ငါ့မြင်းငါစိုင်း ပဲခူးရောက်ရောက်၊ ပုဂံရောက်ရောက်ဆိုသလို လုပ်ချင်ရာလုပ်ကြသော ကိုရင်စိုင်း၏ ငယ်မွေးခြံပေါက် ဝန်ထမ်းတစ်ယောက် စော်စော်ကားကား ပြောဆိုခြင်းကို ခံလိုက်ရခြင်းကြောင့်လဲ ဖြစ်တော့၏။ ကိုရင်စိုင်းမှာ အတော်လေး အောက်သက်ကြေအောင် ( ကြေဆို သန့်ရှင်းရေးသမားတောင် လုပ်ခဲ့ရသေး၏)။ ထိုမှ တက်လာသဖြင့်လည်း ကိုရင်စိုင်း သင့်တော်ပြီဟု ရွေးချယ်ကာ ရာထူးတိုး စာမေးပွဲဖြေဆိုရန် လွှတ်လိုက်သောသူတိုင်း မည်သည့်အဆင့်တွင်မှ မကျရှူံးပဲ တောက်လျှောက် ရာထူးတက်သွားပြီး ကိုရင်စိုင်းကိုပင် ရင်ဘောင်တန်းနိုင်သည့် အနေအထားဖြစ်အောင် သင်ကြားလေ့ကျင့်ပေးမြဲလဲ ဖြစ်၏။

သို့သော်လည်း သူတို့ခမျာ တော်ကြရှာပါ၏။ ကိုရင်စိုင်းကို ဘယ်တုန်းကမှ စော်ကားမော်ကား မပြုမူခဲ့ကြဖူးပါ။ သတိရတိုင်း ဖုန်းခေါ်၊ အခက်အခဲရှိတိုင်း ဖုန်းဆက် အကြံဉာဏ်တောင်းခံ၊ အခါမလပ် အဆက်အသွယ်မပြတ်ရအောင် နေကြပါ၏။ ထိုသို့သောသူများမှာ အတော်လေး စိတ်ကျေနပ်စရာကောင်းလှပေ၏။ ကိုရင်စိုင်းလက်ထွက်ဆိုသည့်အတွက် မည်သည့်ဆိုင်ရောက်ရောက် သူတို့သည် အရည်အချင်းပြည့်ဝသော ခေါင်းဆောင်ကောင်းများသာ ဖြစ်ကြလေ၏။

ဒီနေရာတွင် ကိုယ့်ဂုဏ်ကိုယ်မွှမ်းခြင်း တစ်ခန်းရပ်ပါမည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

“ဆရာ… ကျွန်မ အလုပ်နားချိန် လိုချင်တယ်”

ကိုရင်စိုင်းလဲ လုပ်လက်စ စာရင်းဇယားကို ခဏရပ်ပြီး တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် ခဏလေးစောင့်ရန်၊ ကိုရင်စိုင်းလုပ်လက်စ စာရင်းဇယားလေးကို လက်စသပ်ပြီးမှ သွားရန်ပြောရာမှ ဇာတ်လမ်းစလေ၏။

“ကျွန်မက နေ့လည် ၁၂ ကတည်းကလာရတာ၊ ခုညနေ ၆းဝဝ တောင်ရှိနေပြီ.. မနားရသေးဘူးလား”

အစချီသည့် ဒေါသသံကြီးဖြင့် ပြောလာလေ၏။ ကိုရင်စိုင်းလဲ ရှင်းပြပါ၏၊ ကိုရင်စိုင်းလုပ်လက်စ စာရင်းများမှာ ယနေ့အပြတ်ဖြတ်ရမည်များဖြစ်ကြောင်း၊ ထိုအရောင်းစာရေးမအပြင် နောက်ထပ်အကူအဖြစ်ရှိနေသည့် တစ်ယောက်မှာ လူသစ်တစ်ယောက်သာဖြစ်နေသည့်အတွက် သူမကို နားချိန်ပေးလိုက်လျင် ကိုရင်စိုင်းတစ်ယောက် စာရင်းကို တစ်မိနစ်လုပ်လိုက်၊ ကောင်တာမှာ အမှာစာပြေးယူလိုက်နှင့် ဗျာများနေရမည့်အကြောင်းကို စိတ်ရှည်လက်ရှည်ရှင်းပြတာကိုပင် လက်မခံပဲ ရပိုင်ခွင့်ကို တောင်းဆိုသည့်အနေနှင့် အမြင်ကပ်စရာကောင်းလောက်အောင် ကက်ကက်လန်ပြောလေသည်တွင်မှ ကိုရင်စိုင်းတစ်ယောက် နဂါးမှန်းသိအောင် အမောက်ထောင်ပြမှ ဖြစ်လေတော့မည်ဟုတွေးပြီး

“လုံး……ဝ မနားရ”

တစ်ခွန်းပြောလိုက်သောအခါတွင်မှ ထိုကလေးနှစ်ယောက်အမေ ဖားမသည် မျက်ရည်လည်ရွှဲဖြင့် တိတ်သွားလေ၏။

ကိုယ့်ဝန်ထမ်းတစ်ယောက် စိတ်မကောင်းဖြစ် ဝမ်းနည်းသွားသည်ကို နားလည်သော်လည်း ထိုသို့မှ မလုပ်လျင် ခွေးကလေး အရောဝင် ပါးလျက်၊ နားလျက် ဆိုသလိုဖြစ်မည်ဆိုးသဖြင့် ထိုသို့ပင် ပြောလိုက်ရလေ၏။ ကိုရင်စိုင်းပိတ်ရက်တွင် တာဝန်ယူရသည့်တစ်ယောက်တာဝန်ချိန်တွင်မတော့ သူတို့မှာ ရယ်သံတောင် မထွက်ရဲလောက်အောင် ကြောက်ရလေ၏။ ကိုရင်စိုင်းနှင့်မှ လုပ်ရက်လေခြင်းဟု နှိုင်းယှဉ်ပြောပြီး အကြောင်းရင်းကို မေးမြန်းကြည့်သည့်အခါ မည်သူမှ တိတိကျကျ၊ ရေရေရာရာ မဖြေနိုင်ကြပေ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

နောက်ဆုံး တစ်ခုကိုတော့ မှတ်ချက်ချမိလေ၏။

လူဆိုသည်မှာ နင်းလို့ရလျင် နင်းချင်ကြပြီး သူတို့အနင်းခံရသောအခါတွင်မတော့ နင်းသောသူကို ကြောက်လန့်ခြင်း ရှိကြလေ၏။

လူတစ်ဦးကိုတစ်ဦး လေးစားခြင်းဆိုသည်မှာလည်းကောင်း
လူတစ်ဦးကိုတစ်ဦး တန်ဖိုးထားခြင်းဆိုသည်မှာလည်းကောင်း
လူ လူခြင်းအတူတူဆိုသည်မှာလည်းကောင်း

လူပီသချင်သော လူအချင်းချင်းကြားမှာသာ အသုံးဝင်ပါကြောင်း။

စိုင်းကွမ်းခေး
(ခေတ္တလူု့ပြည်)

6 comments

  • sorrow weaver

    October 11, 2013 at 11:12 am

    လူတစ်ဦးကိုတစ်ဦး လေးစားခြင်းဆိုသည်မှာလည်းကောင်း
    လူတစ်ဦးကိုတစ်ဦး တန်ဖိုးထားခြင်းဆိုသည်မှာလည်းကောင်း
    လူ လူခြင်းအတူတူဆိုသည်မှာလည်းကောင်း

    လူပီသချင်သော လူအချင်းချင်းကြားမှာသာ အသုံးဝင်ပါကြောင်း။
    ( အဲ့တာလေးအလွန်သဘောကျပါတယ်ဗျာ… )

  • alinsett

    October 11, 2013 at 11:39 am

    အဲဒီ မှတ်ချက်လေး
    ကျွန်တော်လည်း သဘောကျသဗျာ

  • TNA

    October 11, 2013 at 2:25 pm

    ကိုရှုံးရေ နောက်ဆုံးပိတ်မှတ်ချက်ကလေးတွေကိုတော့ဖြင့်သဘောကျသွားပါတယ်။

  • kyeemite

    October 11, 2013 at 3:26 pm

    ကိုရင်စိုင်းရဲ့ ခံစားချက်စာစုလေးတွေ
    မကြာခဏဖတ်ချင်ပါတယ်ဗျာ

  • Foreign Resident

    October 12, 2013 at 9:15 am

    အခြေအနေ အချိန်အခါ ကိုလိုက်လို့ ၊ မြှောက် သင့်တဲ့သူကို မြှောက် ပြီး ၊
    ခြောက် သင့်တဲ့သူကို ခြောက် တာ ၊ Management ပါ ။

    ရှိသမျှ အောက်ခြေ ဝန်ထမ်းတွေ ကို လိုက်ချော့နေလျှင်တော့ ၊
    ဟိုဖက် က စွန့်လွှတ်စွန့်စား စပါယ်ယာမလေးများ Post ထဲမှာ ၊
    Capt. မား ခိုင် တွေ့ခဲ့ရတဲ့ ၊ နီဂရိုး ၁ဝ ယောက် ရောက်လာလိမ့်မယ် ။
    ဟီ ဟိ ။ တကယ် မလွယ်ဘူး ။

  • Mr. MarGa

    October 12, 2013 at 10:30 am

    လူကျင့်ဝတ် လူ့တန်ဖိုး ကို
    အဲဒီအကြောင်းတွေ နားမလည်သူတွေကြားမှာ သွားပြောရင်
    အဟားခံရဖို့များတယ်ဗျ။
    ဒါကြောင့်
    အခြေအနေ အချိန်အခါအရပဲ ကျင့်ကြံသင့်တယ်လို့ ရေးရေးလေး တွေးမိပါကြောင်း

Leave a Reply