ဒီရက်ပိုင်း သတင်းတွေဖတ်ရင်း သတိပြုမိတာကတော့ ကုလားနဲ့မလုံလောက်ရင် တရုတ်အရေးလာမယ့် သဘောတွေတွေ့ရတယ်။ ရခိုင်အရေး၊ မြစ်ဆုံအရေး၊ လက်ပံတောင်းအရေး၊ ကျောက်ဖြူအရေး၊ မိတ္ထီလာအရေး၊ မိုးစက်ဝိုင်အားလုံးဟာ တစ်နေရာမှာ မြစ်ဖျားခံနေတယ်ဆိုတာ သတိပြုမိကြမှာပါ။ တစ်နည်းဆိုရရင် turning point တွေပါ။ ဒီတစ်ပွိုင့်မှာ မလှည့်ရင် နောက်တစ်ပွိုင့်မှာလှည့်အောင် ကြိုးစားကြမှာပါ။ ဒီ turning point တွေမှာ သူတို့လိုချင်တဲ့ ဘက်ကိုလှည့်အောင် ကြိုးစားကြသလို၊ ကျနော်တို့ကလည်း ကိုယ်လိုချင်တဲ့ဘက်ကို လှည့်အောင်ကြိုးစားဖို့လိုပါတယ်။ အခြေအနေအရပ်ရပ်အရ တည့်တည့်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။ သူတို့က ဘယ်ဘက်ကိုလှည့်ရင်၊ ကျနော်တို့က ညာဘက်လှည့်မယ်။ သူတို့ကညာဆိုရင် ကျနော်တို့ကဘယ်၊ သူတို့ဆွဲတဲ့ဘက်ကို မကွေ့ဖို့လိုတယ်။ အဓိက က ပန်းတိုင်ကိုရောက်ဖို့ပါ။

မိုးစက်ဝိုင် ကိစ္စနဲ့ပတ်သက်ရင် မြန်မာပြည်ဖွားတရုတ်တွေ စနိုးစနှောင့်ဖြစ်စရာမလိုပါဘူး။ No Big Deal ပါ။ အခုထက်ပိုပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ဖို့ ကြိုးစားရမယ်လို့ သတိပေးလိုက်တာပါ။ မြန်မာပြည်ဖွားတရုတ်တွေဟာ သဘောထားကြီးကြောင်း၊ ပြည်မကြီးက တရုတ်တွေနဲ့ မတူကြောင်း၊ မြန်မာနိုင်ငံရဲ့ဂုဏ်ကို နိုင်ငံတကာ မှာ မြှင့်တင်တတ်ကြ ကြောင်း ပြသနိုင်တဲ့ အခွင့်အရေးပါပဲ။ ဝူရှူးမှာ ရွှေတံဆိပ်ရခဲ့တဲ့ ခိုင်ခိုင်မော်လို မြန်မာပြည်ဖွား တရုတ်တွေ အများကြီးလိုပါတယ်။

မြန်မာပြည်မှာမွေးတဲ့ အတွက် တရုတ်နိုင်ငံနဲ့ လုံးဝမပတ်သက်ဘူးလို့တော့ မပြောနိုင်ပါ။ တရုတ်နိုင်ငံရဲ့ အသုံးမကျညံ့ဖျင်းတာတွေ့ရင် အရင်အဆဲခံရတာ ဒီကလူတွေဖြစ်နေတဲ့အတွက် သွယ်ဝိုက်တဲ့နည်းနဲ့ပတ်သက်နေတယ်။ မြန်မာပြည်အပေါ် တရုတ်နိုင်ငံက အနိုင်ကျင့်တာ လူလည်ကျတာတွေကို ဒီကတရုတ်တွေကပါ ကန့်ကွက်တာ ဆန့်ကျင်တာတွေလုပ်မယ်ဆိုရင် ပိုကောင်းမယ်ထင်တယ်။

တရုတ်ထက် ကုလားကပိုခံစားရပါတယ်။ ကုလားဆိုတဲ့ အသုံးအနှုံးအတွက် တောင်းပန်ပါတယ်၊ ဒီထက်ပိုပေါ်လွင်တဲ့ စာလုံးမသိလို့ပါ။ မြန်မာ့ဂုဏ်ဆောင်တဲ့ ကုလားတွေရှိခဲ့ ပေမယ့် မလုံလောက်ဘူးဖြစ်နေတယ်။ ကုလားတွေလည်း လက်ရှိအခြေအနေတွေကို ပြောင်းလဲဖို့ကြိုးစားနေကြပါတယ်။ ဗလီတွေမှာ ဆွမ်းကပ်လာကြတာတွေဟာ အရင်ကမရှိခဲ့ပါဘူး။ ကုလားတွေကို မြန်မာနိုင်ငံက မောင်းထုတ်ဖို့ မကြိုးစားပါနဲ့၊ မြန်မာ့သမိုင်းမှာ ကုလားတွေဟာ တောက်လျှောက်ပါနေတာပါ။ သူတို့ကို တစ်ခြားဘာသာတွေနဲ့လိုက်လျော ညီထွေနေတတ်အောင် တောင်းဆိုရင်လုံလောက်တယ်လို့ထင်ပါတယ်။

မွတ်စလင်တွေအချင်းချင်းဟာ ညီရင်းအကိုတွေဖြစ်တဲ့အတွက် တစ်ယောက်မကောင်းရင် ကျန်တဲ့သူကိုပါထိခိုက်ပါတယ်။ ဒါကြောင့် အာဖဂန်မှာ ရှေးအကျဆုံး ဗုဒ္ဓရုပ်ပွားတော်ကို ဗုံးခွဲဖျက်ဆီးတာ၊ မာလာလာ လိုစာသင်ဖို့ကြိုးစားတဲ့ ကလေးကို သေနတ်နဲ့ပြစ်တာ၊ ယဉ်ကျေးပါတယ်ဆိုတဲ့ Islam ရဲ့ ပုံရိပ်ကိုသုံးပြီး လူသတ်နေတာတွေကို မွတ်စလင်တွေကိုယ်တိုင် တတ်နိုင်သမျှ ကန့်ကွက်ကြပါ။ လုပ်တာက သူတို့ ခံရတာက ကို မဖြစ်စေပါနဲ့။

နောက်တစ်ခုက တိုင်းရင်းသားတွေဖြစ်တဲ့ ကချင်နဲ့ ဝ တွေပါ။ ဝ တွေကို တရုတ်စကားပြောတယ်၊ တရုတ်ပိုက်ဆံသုံးတယ် ဆိုပြီး တိုင်းရင်းသားထဲက ထုတ်ချင်သူတွေကို အရမ်းအန္တရာယ်ကြီးတယ်လို့ပြောချင်တယ်။ ဝ ဆိုတာမနေ့တစ်နေ့ ကမှ ပြည်ကြီးကဆင်းလာသူတွေမဟုတ်ပါဘူး။ သူတို့ကို တိုင်းရင်းသားထဲကထုတ်ရင် သူတို့မြေပါ ပြည်ထောင်စုက ထုတ်ပေးရမှာပါ။ မြန်မာအစိုးရကို မယုံလို့ မြန်မာငွေမသုံး၊ မြန်မာအစိုးရနဲ့မပတ်သက်အောင်နေတာကို နားလည်ဖို့လိုပြီး ပြန်ဆွဲဆောင် စည်းရုံးရမှာပါ။ တကယ်တော့လည်း မြန်မာစာ မြန်မာစကားကိုသုံးတဲ့ တိုင်းရင်းသားဟာ နည်းပါတယ်။

ကချင်တွေကိုလည်းမေးကြည့်ပါ။ ကချင်ပြည်နယ် အစိုးရကို ဘယ်လူမျိုးဖြစ်စေချင်သလဲလို့။ ကချင်လူမျိုးလို့ပဲပြောကြမှာပါ၊ ဒါဟာ ဗမာကိုမုန်းလို့မဟုတ်ပါ၊ မယုံလို့ပါ။ ဘာကြောင့် မယုံလည်းဆိုတာတော့ သိကြမှာပါ။ ဒါကြောင့် ယုံကြည်မှုကို နှစ်ဘက်စလုံး ကပြန်တည်ဆောက်ဖို့လိုပါတယ်။ အဲဒါကို မလုပ်ပဲ KIA ကို စစ်တပ်က မချချင်လို့ လွှတ်ပေးထားတာ KIA ဟာ ကချင်လူမျိုးကို ကိုယ်စားမပြုဘူး ဘာညာဆိုပြီး ဝေဖန်ဆဲဆိုနေကြရင် ရလာဒ်က လိုချင်တာနဲ့ ပြောင်းပြန်ဖြစ်သွားလိမ့်မယ်။

အခုဆိုရင်ပဲ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌရာထူးကိုလက်ခံလိုက်ပါပြီ။ အစိုးရအတွက် အရင်ထက် စိန်ခေါ်မှုများတဲ့ အလုပ်ဖြစ်သလို အရည်အချင်းပြဖို့အခွင့်အရေးလည်းဖြစ်တယ်။ မတူတဲ့လူမျိုးတွေ ကွဲပြားတဲ့နိုင်ငံတွေ ခြားနားတဲ့ ယဉ်ကျေးမှုတွေကို ဦးဆောင်ရမှာပါ။ ကိုယ့်ပြည်တွင်းမှာတောင် ရလာဒ်ကောင်းအောင် မလုပ်နိုင်ရင် ပြည်ပနိုင်ငံတွေကလည်း ယုံကြည်ကြမှာ မဟုတ်ဘူး။ အခုတောင် သံသယနဲ့ စောင့်ကြည့်နေကြတယ်။

အချုပ်ပြောရရင် ကျနော်တို့ အခုထက်ပို ရင့်ကျက်ဖို့လိုနေပါပြီ။ ကျနော်တို့ တစ်ယောက်ချင်းစီရဲ့ လုပ်ရပ်ဟာ နိုင်ငံ့ပုံရိပ်ဖြစ်နေတဲ့အတွက် အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့လိုမယ်ထင်တယ်။

About kolumbus

has written 2 post in this Website..

I am me.