အဖေ့ရဲ့ပီစီအို

အဖေ့ရဲ့ပီစီအို

 

အမေအခုတလော တရှောင်ရှောင်နဲ့ အစ်ကိုလာနိုင်ရင်လာခဲ့ပါဦး….

 

ဆိုတဲ့ ဖုန်းထဲက ညိုညို့စကားကြောင့် ကျွန်တော်အိမ်ပြန်ချင်နေတာကြာပါပြီ။

ဒီတစ်ခါရုံးပိတ်ရက်ကျရင်တော့ ရှောင်တခင်ခွင့်လေးနဲ့တွဲပြီး ခွင့်ရအောင်တောင်းလို့ အိမ်သို့ပြေးလိုက်ဦးမည် ဟုဇနီးထံ သို့လည်းအသိပေးလိုက်သည်။

အပိုဝင်ငွေမရှိ လစာနှင့်လောက်ငှစွာ မငြို ငြင်​ရပေမယ့် မိသားစုလိုက်ခရီးထွက်ရမည့်အရေးမှာတော့ တစ်နှစ်ပတ်လုံး ကြိုတင်စုဆောင်းထားကာမှ တော်ကာကျမည်မို့ ကျောင်းရက်ရှည်မပိတ်တဲ့သားတော်မောင်တွေကိုအကြောင်းပြကာ တစ်ကိုယ်တည်းပဲ မိဘရပ်ထံပြန်ခဲ့ရသည်။

×××××××××××××

 

 

“မင်းအမေကထွေထွေထူးထူးရောဂါရယ်လို့မရှိပါဘူးကွာ မိညိုက သက်သက်စိတ်ပူပြီးဖုန်းဆက်ခေါ်နေတာ”

 

“ရောက်လာတော့လည်း တွေ့ရတာပေါ့အဖေရယ်”

 

သားဖြစ်သူ အစိုးရဝန်ထမ်းတစ်ယောက်ရဲ့အခြေအနေကို နားလည်စွာဖြင့် ပြောနေရပေမယ့် အဖေကိုယ်တိုင်က ကျွန်တော့်ကိုတွေ့ချင်စွာ မျှော်နေတယ်တယ်ဆိုတာ သိသာပါသည်။

မြေးတွေပါ ပါမလာသဖြင့် တပူပူလုပ်နေရှာတဲ့အမေကတော့ ကျွန်တော်ရောက်ပြီးနောက်တစ်ရက်မှာပဲ အိပ်ယာထဲကထလို့ သားတော်မောင်စားရန် မီးဖိုချောင်သို့ပင် ကိုယ်တိုင်ဝင်မယ်တကဲကဲလုပ်နေတော့ပြီ။

 

ညိုညိုကော၊ကျွန်တော်ပါ မိခင်ကြီးအတွက် စိတ်အေးရပြီဖြစ်တာမို့ အမေ့နားတကပ်ကပ်လုပ်နေစရာမလိုတော့။ အမေကိုယ်တိုင် ညိုညိုနှင့်အတူချက်ပြုပ်နေစဉ် အရင်ရက်တွေတုန်းကအမှုမဲ့အမှတ်မဲ့နေမိသော အိမ်ရှေ့ ဗာဒံပင်အောက်က အဖေ့ရဲ့ပီစီအိုဖုန်းဆိုင်လေးသို့ထွက်လာခဲ့မိသည်။

 

“လာခဲ့ငါ့သား မင်းလည်းအိမ်ထဲမှာချည့်ညောင်းနေပြီ အဖေကရှေ့ကိုခေါ်ချင်သား မင်းအမေကအလွမ်းသည်နေတာနဲ့ လွှတ်ထားတာ”

 

ကျန်းမာရွှင်လန်းနေဆဲဖြစ်တဲ့အသက်(၇၀)ဝန်းကျင်အရွယ် ဖခင်ကြီးအနီးံ စိတ်ချမ်းသာစွာဝင်ထိုင်ရင်းက သားအဖနှစ်ယောက် ထွေရာလေးပါးတွေပြောဖြစ်ကြသည်။

 

“ဒါနဲ့အဖေ အခုခေတ်ဆက်သွယ်ရေးက ဖုန်းမျိုးစုံပေါ်နေတော့ အဖေ့ရဲ့ဖုန်းဆိုင်ကအလုပ်ဖြစ်သေးရဲ့လား”

 

အဖေက ခပ်ပြုံးပြုံးနှင့် ကျွန်တော့်ထံကြည့်ရင်း

 

“ဖြစ်ပါသေးတယ်ကွာ..အဖေတို့ပင်စင်ယူပြီးကတည်းက ဒီဖုန်းလေးနဲ့ပဲထမင်းစားလာတာ မင်းညီမကျောင်းပြီးသွားပြီးအလုပ်ရတဲ့အထိပဲမို့လား…အဲ့ဒီအချိန်တွေတုန်းကတော့ ဒီပီစီအိုဖုန်းတွေပဲ လူတွေကအားကိုးနေရတာဆိုတော့ ဒီထက်အများကြီးအလုပ်ဖြစ်တာပေါ့ကွာ..အခုတော့လည်း အရင်လောက်ဘယ်ဟုတ်တော့မလဲ”

 

အဖေ့အပြောကြောင့် အလုပ်ရပြီးနောက် အိမ်ထောင်ကျသွားတာမို့ မိဘအပေါ်တာဝန်မကျေနိုင်တဲ့ ကိုယ့်ကိုယ်ကို ရှက်သလိုလိုခံစားလိုက်ရသည်။အဖေက ကျွန်တော့်စိတ်ကိုသိသည်ထင့် ရယ်ရယ်မောမောနှင့်ပင်

 

“အဖေတို့ပီစီအိုလေးတွေမှာလည်း သူ့မိတ်နဲ့သူပြောတဲ့လူတွေရှိနေပါသေးတယ်ကွ မင်းမယုံရင် စောင့်ကြည့်နေ”

 

×××××××××××××××

 

အဖေနဲ့ပြောနေရင်းမှာပဲ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် ရောက်လာသည်။သူမလက်ထဲမှာလည်း လက်ကိုင်ဖုန်းလေးတစ်လုံးကိုင်လို့..သူမ လက်ထဲမှာဖုန်းရှိရက်နှင့် ပီစီအိုဖုန်းဆိုင်ကိုဘာကြောင့်လာပါလိမ့်လို့ တွေးနေဆဲမှာပင် ကောင်မလေးက စားပွဲပေါ်ကဖုန်းခွက်ကိုကောက်နှိပ်တော့သည်။

 

“ဟဲလို..အမေလား အမေရေ သမီးကိုဖုန်းခေါ်ပါဦး ဒီလအဆောင်လခရော၊ကျောင်းလခပါသွင်းလိုက်ရလို့ပိုက်ဆံပြတ်နေပြီ ဖုန်းဘီလ်လုံးဝပြတ်သွားမှာစိုးလို့ ပီစီအိုကချည့်အထွက်ကောလ်တွေခေါ်နေရတယ်..”

 

ကောင်မလေးက စကားနည်းနည်းဆက်ပြောအပြီး ဖုန်းချလိုက်ကာ

 

“၁၀ဝမို့လားဘဘ”

 

“အေးအေး..၂မိနစ်ကို ကွက်တိကျအောင်ပြောတတ်ပါပေ့ကွယ်”

 

ကောင်မလေးက စပ်ဖြီးဖြီးနှင့်

 

“ပြောတတ်ဆို မျက်လုံးက ဖုန်းဒိုင်ခွက်ကမိနစ်တွေကို မျက်ခြေမပြတ်ကြည့်နေတာကိုး ဟိဟိ..”

 

ကောင်မလေးက လက်ထဲမှာလိပ်လာတဲ့ ၁၀၀-တန်လေးကို ကမ်းပေးပြီး ပြန်ထွက်သွားလေသည်။

 

“တွေ့လားသား..အနောက်လမ်းထဲကအဆောင်နေတက္ကသိုလ်ကျောင်းသူတွေလေ.. တက္ကသိုလ်ကျောင်းသူတွေဆိုတော့ သူများဖုန်းကိုင် လိုက်ကိုင်ချင်ကြသေးပေမယ့် ဖုန်းဘီလ်ကလည်း၅၀၊ ပီစီအိုကလည်း ၅ဝဆိုတော့ ငွေဖြည့်ကတ်တစ်လုံးတည်းမထည့်နိုင်တော့အထွက်ကောလ်တွေကို ဆိုင်မှာပဲခေါ်ကြတဲ့ ခြွေတာရေးကျောင်းသူတွေပေါ့..”

 

“ဟုတ်ပါ့အဖေရေ…ပီစီအိုမှာခေါ်တော့လည်း တစ်လုံးတည်းမကုန်တော့မသိသာဘူးမို့လား..”

 

×××××××××

 

ညိုညိုက အိမ်ထဲမှထွက်လာကာ ဆီဆမ်းထားသော မုန့်ခေါပြင်တစ်ပန်းကန်နှင့်ရေနွေးဓာတ်ဗူး လာချပေးသည်။

 

ခဏနေတော့ အိမ်ရှေ့မှာဆိုက္ကားတစ်စီးရပ်လာပြီး မိန်းမဝဝကြီးတစ်ယောက်ဆင်းလာကာ

 

“ဈေးသွားရင်း အရင်ဝင်ခဲ့ရတာအစ်ကိုရေ…စောစောတင်ထားမှ စိတ်အေးအေးချက်ပြုတ်နိုင်မှာ”

 

မိန်းမကြီးကတပြောပြောနဲ့ ဖုန်းနံပါတ်တွေနှိပ်နေသည်။

 

“ဟေး မကျင်လား..အင်းအင်း ၅တစ်လုံးပတ်မယ် အရင်အတိုင်းပဲ..အေးအေး ကျန်တာတွေက -××-××-×× ဟုတ်ပြီနော် ဒါဖြင့်စိတ်ချမယ် အင်းအင်း…အိမ်ဖုန်းနဲ့ခေါ်ရင် အဖိုးကြီးကပွမ်နေမှာဆိုးလို့ ဈေးသွားရင်းစောစော တင်လိုက်တာဟေ့”

 

“’ဒါမျိုးတွေကလည်း ကျိတ်ကျိတ် ကျိတ်ကျိတ် ရှိနေတုန်းလေသားရ”

 

မိန်းမဝဝကြီးပိုက်ဆံရှင်းကာ ထွက်သွားတာနဲ့ အဖေက ကျွန်တော့်ဘက်လှည့်ပြောလိုက်တာပင်။

 

×××××××××

 

အဖေကသူ့နံဘေးကဓာတ်ဘူးကိုဆွဲကာ ရေနွေးများထည့်ပေးနေတုန်း

 

၃အိမ်ကျော်ရှိ ကာရာအိုကေစားသောက်ဆိုင်မှ ကောင်မလေးတစ်ယောက်ပြေးထွက်လာတာမြင်နေရသည်။

 

“ဟော လာပါဦးမယ်..အဲဒီအိမ်က အခုကာရာအိုကေစားသောက်ဆိုင်လိုလို၊အနှိပ်ခန်းလိုလိုဖွင့်ထားတာလေ.. တောကခေါ်ထားတဲ့ ကောင်မလေးတွေအများသား”

 

“ဆိုင်ရှင်လင်မယားအလှူသွားတုန်းလစ်လာတာဘဘကြီးရေ..လုပ်ပါဦးရွာကိုခေါ်ပေးဦး”

 

အဖေက အလွတ်ရနေပုံရသော ဂဏန်းတို့ကိုနှိပ်လျက်က

 

“ညည်းတို့အလုပ်က ညဘက်မှလူရှုပ်တာမို့လားသမီးရဲ့”

 

“နေ့ဘက်ကျတော့လည်း ..မပြောချင်ပါဘူးဘဘကြီးရယ်…အနှိပ်ခန်းရှိတယ်လေ..လျှောက်မပြောနဲ့နော် သမီးတို့ကိုအပြင်ထွက်ရင်မကြိုက်ဘူး”

 

ကောင်မလေးကလေသံလေးနှင့်စိုးရိမ်တကြီးပြောကာ အဖေကမ်းပေးသောဖုန်းလက်ကိုင်ကိုဆွဲယူလိုက်သည်။

 

“ဦးကြီးထွေးလား …မိကြည်ပါ..အမေတို့ကိုခေါ်ပေးပါဦး..သမီးစောင့်နေမယ်သိလား အဲ့ကပဲပြန်ခေါ်လိုက်နော်”

 

ကောင်မလေးက ဖုန်းချပြီး ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း…ထိုကောင်မလေးထွက်လာသော စားသောက်ဆိုင်ထဲမှ ခပ်ဖိုင့်ဖိုင့်ရုပ်ကြမ်းကြမ်း အသက်၅၀ဝန်းကျင်လူတစ်ယောက်ထွက်လာနေတာတွေ့လိုက်ရစဉ်

 

“ဟယ်..ဆိုင်ထဲကဧည့်သည်ပဲ..အဲ့ဒီလူကြီးကတောထဲကသစ်ကုန်သည်လေးဘဘရဲ့..မြို့ကိုရောက်တိုင်း ဆိုင်ကအတွဲခန်းမှ သူ့အငယ်လေးနဲ့လာလာတွေ့နေကျ”

 

ကောင်မလေးက ပါးစပ်ကလည်း ဟိုပြောဒီပြော ပြောကျင့်ရှိပုံရသည်။

 

××××××××××

 

သစ်ကုန်သည်ဆိုသူကြီးကတော့ ထိုကောင်မလေးရှိသည်ကိုပင်ဂရုမထားပဲ ဆိုင်ထဲတန်းတန်းဝင်လာကာ

 

“ဖုန်းဆက်ဦးမယ်နော်ညီလေး”

 

ကျွန်တော့်ဘက်လှည့်ပြောသဖြင့် အဖေက

 

“ဒီကလေးမရဲ့ဖုန်းတော့စောင့်နေတယ် မောင်ရင်သိပ်ကြာမှာဆိုရင်တော့”

 

“မကြာဘူး မကြာဘူး ကျုပ်ကခဏပဲဦးလေး…ကျုပ်ဖုန်းက ဘတ်ထရီကျနေလို့ပါ ဟဲဟဲ”

 

သူ့ရဲ့လက်ကိုင်ဖုန်းကိုမြှောက်ပြစဉ် အဖေကခေါင်းညိတ်ကာခွင့်ပြုလိုက်သည်နှင့်

 

“ဟဲလို..ဪ..အင်းအင်း ဦးရောက်နေတာကြာပြီ..အခုထွက်ခဲ့လေကွာ..အင်းပါ အပြင်ဆိုင်ကခေါ်တာပါ။သိပါတယ် သိပါတယ် မြန်မြန်သာထွက်ခဲ့နော် ”

 

သစ်ကုန်သည်ကြီးက သူ့ဟာသူရှိုးတို့ရှန့်တန့်နှင့်ခပ်ပြုံးပြုံးဖြစ်ကာ အဖေ့ထံလှည့်ပြောသည်။

 

“တွေ့လားမကြာပါဘူး..ရော့ဦးလေး..အမ်းမနေနဲ့တော့”

 

၂၀ဝတန်တစ်ရွက် စားပွဲပေါ်တင်ပြီး ခပ်သုတ်သုတ်ပြန်လျှောက်သွားသဖြင့် ဘာမှပြောခွင့်မသာလိုက်ကြတော့။

 

“တွေ့လားတွေ့လား သူ့ကောင်မလေးနဲ့တွေ့ရတော့မှာမို့အူမြူးနေတာလေ..သူ့ဖုန်းကြီးနဲ့ခေါ်ရင် အိမ်ပြန်ရောက်တာနဲ့ သူ့မိန်းမကြီးက ဖုန်းကိုယူစစ်တာဆိုလား…”

 

ကောင်မလေးက တော်တော်စပ်စုထားပုံရစွာ ဖောက်သည်ချနေစဉ် သူမရဲ့ဖုန်းကအတူတူဝင်လာတော့သည်။

 

×××××××××

 

ကာရာအိုကေစားသောက်ဆိုင်က စပ်စုမလေးပြန်သွားသည်နှင့်..အဖေနဲ့ကျွန်တော် ကျွန်တော့်သားတွေအကြောင်း ပြောဖြစ်ကြသည်။

 

၁ဝမိနစ်လောက်အကြာစကားကောင်းနေပြီးတော့မှ ဆိုင်ရှေ့မှာဆိုင်ကယ်တစ်စီးရပ်လာသဖြင့် စကားစဖြတ်လိုက်ကြ သည်။

 

ဆိုင်ကယ်ပေါ်မှ စတစ်ကော်လံအဖြူလက်ရှည်၊ပိုးပုဆိုးအစိမ်းကွက်တို့ဝတ်ဆင်ထားသော ဌာနဆိုင်ရာတစ်ခုခုမှ ဖြစ်ပုံရတဲ့

ဝန်ထမ်းနှစ်ယောက်ဆင်းလာကြသည်။သူတို့ကလည်း ခါးမှာဖုန်းကိုယ်စီချိတ်လျက်သား။

 

အဖေ့ထံခေါင်းတစ်ချက်သာညိတ်ပြလျက် ဖုန်းကိုကောက်နှိပ်တော့သည်။

 

“ဟဲလို..××××ဆိုင်ကလား၊ အင်း ညကျရင်တစ်ခန်းချန်ထားပေးပါဗျာ..မနေ့တုန်းက ကျုပ်ဆက်ထားသေးတယ်လေ..ဪ အင်းမှတ်မိရင်ပြီးတာပဲ ..VIPနော်..ဟုတ်ပြီ ဟုတ်ပြီ အဆင်ပြေအောင်လုပ်ပေးထားနော် ”

 

ဖုန်းကိုချပြီးတာနဲ့ ပိုက်ဆံငါးရာတန်ထုတ်ပေးသဖြင့် အဖေက ၄၅၀-တိတိအမ်းပေးလိုက်တာကို အိတ်ကပ်ထဲထည့်ပြီး ဆိုင်ကယ်ဖြင့် ပြန်မောင်းထွက်သွားကြသည်။

 

“ဒါမျိုးတွေကလည်း အညှီအဟောက်ဆိုင်တွေကိုဘွတ်ကင်လှမ်းချိတ်တာ ဆိုင်ဖုန်းမှာ caller ID တပ်ထားရင် သူတို့ ဖုန်းနံပါတ်တွေ သွားပေါ်နေမှာမလိုလားတဲ့လူတွေပေါ့ကွာ”

 

×××××××××××××××

 

ကျွန်တော်တို့သားအဖ မုန့်ခေါပြင်ပန်းကန်ကိုလက်စသတ်ပြီးချိန်မှာ ညိုညိုကအိမ်ထဲမှထွက်လာပြီး

 

“အဖေနဲ့အစ်ကို ဗိုက်ဆာရင်စားလို့ရပြီနော်”

 

“အမလေးဟာ နင့်မုန့်ခေါပြင်တွေတောင် အခုမှလက်စသတ်ရတာ”

 

“ဟယ်..ညီမလေးပို့ထားတာဖြင့်ကြာလှပေါ့”

 

“နင့်မုန့်ခေါပြင်ထက် စိတ်ဝင်စားစရာတွေငေးနေရလို့ညိုညိုရေ ဟားဟားဟား”

 

ညိုညိုက မျက်လုံးလေးကလယ်ကလယ်ဖြစ်နေတုန်း အဖေကပါ ပြုံးစိစိနှင့်

 

“ကဲ..အဖေ့ရဲ့ပီစီအိုဖုန်းဆိုင်မှာ ဘယ်လိုလူမျိုးတွေ လာဆက်နေတတ်သေးသလဲဆိုတာ မင်းမြင်ပြီမဟုတ်လား..ဒါတောင် လက်ကိုင်ဖုန်းတွေလုံးဝမကိုင်နိုင်သေးတဲ့ လူတန်းစားတွေအများကြီးရှိသေးတယ်ငါ့သားရ…

အဲ..မင်းရဲ့သား ငါ့မြေးတွေခေတ်ရောက်လာရင်တော့ အဖေ့တို့လို ပီစီအိုဖုန်းဆိုင်လေးတွေ ရှိချင်မှရှိတော့မပေါ့ကွာ…အခုတော့ ဆက်လက်ချီတက်နေမြဲပဲဟေ့”

 

အဖေ့ရဲ့ကြွေးကြော်စကားကြားမှ ညိုညိုက နားလည်သွားဟန်ုုဖြင့် ပြုံးလျက်သား ခေါင်းတညိတ်ညိတ်လုပ် နေတော့လေသည်။

 

××××××××××××××××××××××

 

26-9-2013

08:08(PM)

နန်းတော်ရာသူ

 

 

41 comments

  • TNA

    October 14, 2013 at 8:28 pm

    စိတ်ဝင်စားစရာကောင်းလိုက်တာရှင်။ ဒီလိုဒီလိုလေးတွေလဲရှိသေးတယ်ဆိုတာ အခုမှပဲသိရတော့တယ်။

      • TNA

        October 14, 2013 at 9:03 pm

        ဘာဆုပေးမှာလဲဟင် 😀

        • alinsett

          October 14, 2013 at 10:56 pm

          သားရဲ ့ဒါ်ဖွားမေဂျီးကို ပေးချင်တယ်..။
          ဆုပေးတဲ့ သူတွေ ဒေါ်ဖွားမေကိုထည့် ပေးပေးပါ..။
          ရွာထဲက.. လူပျိုးသိုးကြီးတွေကို… ပေးရင် အဆင်ပြေပါတယ် ။
          ————–

          :kwi:

          မမနန်းတော်ရာသူရေ…
          ဒီလို..ရသနဲ့သုတကို သမမျှတအောင် ရောပြီး ဖန်တီးပြတတ်တဲ့…
          မမနန်းတော်ရာသူရဲ ့ စာပေလက်ရာကို….
          အခုပြန်ဖတ်လိုက်ရလို ့…ကျေနပ် ဝမ်းသာ မိပါကြောင်းးးး

        • ဂဇက်ကဆုပေးရင် မမသဲကိုစင်္ကာပူကရတဲ့ပိုက်ဆံအိတ်လက်ချောင်ပေးမယ်
          စလုံးမမတွေမကြားစေနဲ့နော်
          😀

        • မမရဲ့ရသစာပေလေးတွေကို တခဲနက်အားပေးတတ်တဲ့အလက်ဆင်းလေးရေ
          ဘားအံကိုသွားမယ်ဆို ၁၁ လပိုင်း ရရက်နေ့ဝန်းကျင်မှသွား
          ကရင်ပြည်နယ်နေ့ရှိလို့တအားစည်တယ်
          🙂

  • ကျော်စွာခေါင်

    October 15, 2013 at 1:49 am

    တရုပ်မလေးလို လှတဲ့ နန်းတော်ရာသူ
    မထင်မှတ်ထားတဲ့ အကြောင်းလေးကို ပထမဆုံး ဖတ်ဘူးသွားတာ..
    အကြောင်းအရာဖွဲ့စည်းမှုလေးရယ်..အရေးအသားလေးက ရိုးရိုးလေးနဲ ဲ့ ကောင်းတယ်..
    ဒီလိုမျိုးလည်း ရှိတာဘဲနော်..
    စ…ဖတ်တုန်းက စာရေးသူကို ယောကျင်္ားလေးထင်နေတာ..နောက်မှ သိတာ
    တော်တယ်.. မန်းလေးကို လာရင် ထိုးမုန် ့ဝယ်ကျွေးပါ..။

    • စာကိုကော လူကိုပါအားပေးတာကျေးကျေးပါ ကိုကျော်စွာရေ
      ထိုးမုန့်တော့စားတော့ပါဘု
      ဂျယ်လီပူတင်းလေးတွေပဲကြိုက်လို့ပါ
      :mrgreen:

      • နန်းတော်ရာသူ
        ကိုကျော်စွာ ကညည်းကို ထိုးမုန့်ဝယ်ကျွေးခို်ငးတာအေ့
        တေချာလဲ ဖတ်ပဲနဲ့
        သူက ညည်းကို မန်းလေးက မှတ်နေတာအေ့

  • sorrow weaver

    October 15, 2013 at 8:52 am

    အလိုလေး..အဲ့လိုမျိုးလဲရှိသေးတယ်နော်…အဟီး …

    • မိဘတွေလည်းအိမ်မှာ ဖုန်းခေါ်ပေးနေဆဲမို့ ရှိတတ်တာလေးတွေကို
      ဇာတ်လမ်းအဖြစ်ပုံဖော်ထားတာပါ
      🙂

  • အရိပ်စစ်

    October 15, 2013 at 10:34 am

    အမြင် တစ်မျိုးလေး နဲ့ ဖတ်လို့ အရမ်းကောင်းပါတီ…..

  • Mr. MarGa

    October 15, 2013 at 12:48 pm

    တို့ ယောက်ခမကတော့
    သိကြား ယောက်ခမ လို့ မပြောရဘူး
    ရေးသွားလိုက်တာ သွက်လို့
    ဖတ်ရင်းနဲ့ မမြင်ဖြစ်တဲ့ ထောင့်ကလေးတွေကနေ မြင်လာတယ်။
    ဒီလို ဒီလိုလေးတွေလည်း ရှိတာပဲ ဆိုတာကိုလေ
    တစ်ခါတစ်ခါကျ
    ဒီအလုပ်ကလည်း ကုသိုလ်လည်းရ ဝမ်းလဲဝတဲ့အထဲ ပါဦးမယ်ထင်တယ်နော်

    • အိမ်ပြန်ရောက်တုန်းအားပုဂျိပြောပြတာလေးတွေ နားထောင်ခဲ့ပြီး အခုလိုရေးချင်စိတ်လေးပေါက်လို့ ဇာတ်လမ်းလေးလုပ်ဖြစ်တာပါ။ရေးထားတာတောင်နည်းနည်းကြာပြီဂျားလေးရဲ့
      🙂

  • နန်းတော်ရာသူရေ
    ကျနော်ဒီလို စာလေးတွေကို အရမ်းသဘောကျတယ်။
    ဝေဖန်လေကန်ရေးတွေကိုဘဲ ရေးနေတာကြာလာတော့ စိတ်ညောင်းတယ်။
    ဒါကြောင့် တစ်လ လုံးလုံး စာမရေးဖြစ်ဘူး။
    ရသဘက်ကို ပြန်လှည့်နေတယ်။
    ဒီ ပိုစ်လေးကို တကယ်ကြိုက်တယ် လူ့ဘဝအဖွဲ့လေးမို့

    • နန်းတော်ရာသူကရသဘက်ပဲအားသန်တာမို့ ဝေဖန်ရေးတွေသိပ်ရေးလေ့မရှိဘူးဖေပေါက်ရေ။
      သူများရေးတာတွေပဲအားပေးဖြစ်တယ်
      တခါတလေတော့အရွှန်းစာလေးတွေရေးချင်မိတယ်။
      ဝတ္ထုတိုမရေးအားတဲ့အခါ ပေါ်ပင်ပေါ့လေ
      🙂

  • KZ

    October 15, 2013 at 3:44 pm

    သော်လေး ပြန်လာပြီ။
    အမလေ ကိုယ့်အိမ်နားက ပီစီအိုမှာ လာမဲ့ ဖုန်းစောင့်ရင်း တော်တော်ကြာထိုင်ဖူးလို့ ဂလို ဇာတ်လမ်းမျိုးတွေ ကြားဖူးမြင်ဖူးခဲ့ပါရဲ့။
    မရေးတတ်တော့ ရေးရကောင်းမှန်းမသိ။
    ငါ့ညလေး ရေးတော့လည်း ဖတ်လို့ ကောင်းချက်။

    :chit:

    • ညလေးတို့လည်း ငယ်ငယ်ကအိမ်မှာကြိုးဖုန်းမရှိခင်ကဆိုအဲ့လိုပါပဲ။
      ဖတ်လို့ကောင်းတယ်ပြောလို့ ကျေးဇုအာဘွား

      :chit:

  • padonmar

    October 15, 2013 at 10:09 pm

    နယ်မှာနေတုံးက ရေဒီယိုဖုန်းတွေပေါ်ခါစပေါ့။
    အဲသလို မိနစ်နဲ့ ခေါ်တဲ့ ဖုန်းဆိုင်လေးလုပ်မိတာ
    အရှိန်နဲ့ အကြာကြီးပြောပြီးမှ မိနစ်တွေကြည့်လန့်သွားတဲ့သူတွေ တွေ့ဖူးတယ်။
    အခုတော့ နန်းတော်ရာသူခေါ်ရာနောက် ပါသွားမိတယ်။

  • Ma Ma

    October 16, 2013 at 12:17 pm

    ဒီလို ဒီလို လိုအပ်ချက်တွေရှိနေတယ်ဆိုတော့………
    ပီစီအိုဖုံးတွေ ခေတ်မကုန်နိုင်ဘူးဆိုတာ သိလိုက်ရတယ်။
    မထင်မှတ်တာတွေမို့လို့ အံ့လည်း အံ့ဩမိပါရဲ့။
    😕

    • ဖုန်းဆိုင်ဖွင့်ထားတဲ့လူတွေကတော့ ကောင်းကောင်းသိမှာပေါ့
      တနေ့တနေ့ရေးဇရာဇာတ်လမ်းတွေပေါလိုက်မယ့်ဖြစ်ခြင်း ကျေးဇုမမ
      🙂

  • ဦးကျောက်ခဲ

    October 16, 2013 at 1:37 pm

    အဲသည့် ပီစီအိုဖုံးတွေ ယိုးဒယားမှာလည်း ခေတ်စားလိုက်သေးတယ်…
    နယ်ဝေးပြောရင်သက်သာတယ်ဆိုတော့ ရွာမှာလို စားပွဲလေးနဲ့လေ…
    နောက်ဆုံး သက်ဆင်အသားကိုက်လို့ဝမှ ဖုန်းဈေးချပေးလိုက်လို့ ပျောက်သွားတာ…
    မယုံမရှိနဲ့ ဘန်ကောက် – ချင်းမိုင် ၁မိနစ် ၁၂ဘတ်…
    😀

    • ပျောက်နေတဲ့ဖေကျောက်ကြီးတက်လာအားပေးတာ တအားးးးး
      😀
      ဒါဖြင့် ထိုင်းကလည်း သာမီးတို့အိမ်နီးချင်းပီသတာပေါ့နော်
      :mrgreen:

  • ဦးဦးပါလေရာ

    October 17, 2013 at 4:37 pm

    ဒီပိုစ့်လေးကို ကြိုက်တယ် …
    ထူးခြားတဲ့ အမြင်ရှု့ဒေါင့်လေး ကိုသဘောကျမိပါတယ်…။

    ပီစီအိုကတော့ အစိုးရက (ဆက်သွယ်ရေးက) အခုချပေးထားတာတွေ ရုပ်သိမ်းသွားရင်လဲ ကိုယ့်ဖုံးနဲ့ ကိုယ် တပိုင်တနိုင်လုပ်နေတာလေးတွေ ကျန်နေဦးမှာပါ..
    သူ့ရဲ့ အသုံးတည့်မှု့တွေက တစ်မျိုးကိုး…

  • ခင် ခ

    October 17, 2013 at 7:50 pm

    ခင်ခရန်ကုန်မှာ စတိုးဆိုင်လေးဖွင့်တုန်းက အခန်းဌားစဉ်ပါတဲ့ ဖုန်းကို ပီစီအိုလုပ်ဖူးတယ် ဆိုင်လခပေးရမယ့်ငွေကို သူနဲ့တင်ပြည့်လောက် ခဲ့တယ်ဗျ။
    ကျုပ်ပီစီအိုလေးကို ပြန်လွမ်းသွားပြီဗျာ။

    • အိမ်မှာလည်းမိဘတွေက အိမ်ရှေ့ဖုန်းလေးချထားတာပါဦးခရေ
      အိမ်ရောက်တဲ့အခါ ဖုန်းလာခေါ်တဲ့လူတွေကိုတွေ့နေရတုန်းပဲ
      သိပ်မမြတ်ပေမယ့် လုပ်နေကျဆိုတော့မဖြုတ်ဖြစ်ဘူးတဲ့
      😀

  • Crystalline

    October 19, 2013 at 2:10 pm

    အားပေးပြီးတာကြာလှပေါ့..ဖုန်းနဲ့ဖတ်တော့ကွန်မင့်မပေးဖြစ်ဘူး.. အရေးအသားလေးကိုအရမ်းသဘောကျတယ်.. :))

  • Foreign Resident

    November 4, 2013 at 5:55 am

    “တွေ့လားတွေ့လား သူ့ကောင်မလေးနဲ့တွေ့ရတော့မှာမို့အူမြူးနေတာလေ..
    သူ့ဖုန်းကြီးနဲ့ခေါ်ရင် အိမ်ပြန်ရောက်တာနဲ့ သူ့မိန်းမကြီးက ဖုန်းကိုယူစစ်တာဆိုလား…”
    😛

  • ရဲစည်

    November 9, 2013 at 12:33 pm

    အင်း …. ဇကာတင်ထဲ ပါနေတော့
    ဆုရပါစေ ဆုတောင်းပေးပါတယ်ဗျို့ ..
    ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့အင်မတန်ကောင်းပါတယ်ဗျာ
    ဒါမျိုးရေးတတ်ချင်တာ … ဒါပေမဲ့ လုပ်ယူလို့မရတဲ့ အနုပညာဆိုတော့ ခိုးသင်သွားပါတယ်ဗျို့

  • naywoon ni

    November 9, 2013 at 1:10 pm

    ​ကောင်​းလိုက်​ပုံများက​တော့ ပီစီအို ဖုန်​းနား​ရောက်​သွားသလိုပဲ ​လောကမှာ ဒါမျိုး​တွေလည်​း ရှိတတ်​တာပဲ အဲဒိထဲ​တော့ တို့မပါဘူး 😛

  • ကပ္ပိယ သာဒင်​

    November 9, 2013 at 2:17 pm

    ကပ္ပိယက စာသိပ်​မတတ်​​တော့ မ​ဝေဖန်​တတ်​ပါ။
    သို့ပင်​သို့ငြား အလွန်​နှစ်​သက်​မိပါ​တယ်​
    ပိုက်​ဆံ​ပေးပြီး ငှါးဖတ်​ဖူးတဲ့ ဝတ္ထု​တွေလိုပဲ​ကောင်​းတယ်​။
    သာဒင်​ ထင်​တာ​ပြောရင်​
    ဆန်​ကာတင်​မက ဆု ပါရနိုင်​မည်​ဖြစ်​​လေသတည်​း

  • yiwai

    November 23, 2013 at 2:36 pm

    ဝါကျတွေ ထောက်နေတာကလွဲလို့ ကြိုက်တယ်ဗျ အမြင်လေးတွေကို။

    • အရေးတယူအားပေးတဲ့
      အဘဖော၊ရဲစည်၊နေဝန်းနီ၊ကပ္ပိယသာဒင် တို့ရေ ကျေးဇူးအများကြီးတင်ပါတယ်နော်
      အမြင်အတိုင်း ပြောပြပေးတဲ့ yiwai ကိုလည်းကျေးဇူးပါ။

  • Wow

    November 25, 2013 at 1:23 pm

    ဂယ်ဆုရသွားဘီမို့ မုန့်ကျွေးပါ… ထမင်းဖိတ်ကျွေးပါ.. ကော်ဖီတိုက်ပါ… ပြန်ရင် ပင်လယ် ငါး၊ ငါးခြောက်တွေ လက်ဆောင်ပေးပါ… :mrgreen:

Leave a Reply