သမိုင်းဝင်မြသလွန်စေတီတော်

Thiha Phone MoOctober 16, 20131min1250

 မဟာသက္ကရာဇ် (၁၂၃) ခုနှစ်တွင် သဗညုတဘုရားသခင်သည် ရဟန္တာငါးရာခြံရံလျှက်သုနာပရန္တတိုင်း၊ လယ်ကိုင်းအရပ်တွင် စူဠပုဏသူကြွယ်လှူအပ်သော စန္ဒကူးနံ့သာကျောင်းတော်ကို              အလှူခံတော်မူ၍ ခုနှစ်ရက်ပတ်လုံးသီတင်းသုံးတော်မူခဲ့သည်။ထိုမှတဖန်ဆားပွက်တောင်ည်ိုတိုခြံရံအပ်သော ကောလာသဘစက္ကိန်းတဲ တောင်ထိပ်တွင် ရှေးနောင်တာ်ဘုရားများကဲ့သို့ သီတင်းသုံးတော်မူသည်။သိကြားမင်းသည် မြသားအတိပြီး သော သလွန်တော်ကို မြတ်စွာဘုရားထံသို့ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

          ထိုအခါ ဧရာဝတီမြစ်အရှေ့ဘက် တောအုပ်၌နေထိုင်သော ဘောသော၊ဘော်ကျော်၊ဘောသူရ၊ ဘောရသ၊ညီအစ်ကိုလေးဦးသည် နှမငယ် ယက္ခသာဂီ၊ယက္ခဒါလီတို့အား မပြောဘဲ ကြစုသီး၊ဖန်ခါးသီးများဖြင့် မြတ်စွာဘုရားသခင်အား လှူဒါန်းပူဇော်ကြသည်။မြတ်စွာဘုရားသခင်က ဘီလူးညီနောင်တို့အား မြသားသလွန် တော်ကို ပေးအပ်တော်မူခဲ့သည်။ဘီလူးညီနောင်တို့သည် မိမိတို့နေထိုင်ရာ တောအုပ်တွင် သလွန်တော်ကို ဌာပနာ၍ မြစေတီ ကို တည်ထားကိုးကွယ်ရာ သိကြားမင်းက မြတ်စွာဘုရား မှတ်သားခပ်နှိပ် ဗျာဒိတ်တော်နှင့် မညီသဖြင့် စေတီတော်ကို ဖြိုဖျက်ကာ သလွန်တော်ကို ဆောင်ယူခဲ့သည်။သလွန်တော်အား ဒိဗစက္ခူ၊ ဒိဗသောတ၊ဒိဗဃာနမည်သော ရသေ့ညီနောင်သုံးဦးထံတွင် အပ်နှံထားခဲ့ပေသည်။

          မဟာသက္ကရာဇ် (၁၂၈) ခုနှစ်တွင် သိကြားမင်းသည် ရတနာအတိပြီးသော ရွှေလှေကြီးနှစ်စင်းကို ပတ္တမြားပြဿဒ်ပေါက်စေလျှက် တစ်စင်း၌ နဝရတ်ကိုးပါးစီခြယ်အပ်သော ကဿပဘုရားသခင်၏     ရွှေသား သလွန်တော်တစ်စင်းတွင် ဂေါတမဘုရားသခင်၏ မြသားသလွန်တော်တို့ကိုတင်ဆောင်လျှက် ပဲ့နင်းပဲ့ချိန်နှင့် တကွ တပ်သားအစုံ စည်မောင်းသံသာ တူရိယာတီးမှုတ်သော လူသဏ္ဍန်      ရွှေရုပ်ခပ်သွင်းကာ ယန္တရားခလုတ်၊ လက်နက်ကိုင် စက်ရုပ်တိ်ု့ တီထွင်စီရင်ခဲ့ပြီး ကျောက်ဖျာကြီးလေးချပ်ကာရံလျှက် အမိုးကျောက်ဖျာဖုံးအုပ်စီမံ ဌာပနာသွင်းပြီးလျှင် ဘီလူးညီနောင်တို့ လူသားစစ်စစ်ဖြစ်မှသာ ဘုရားတည်၍ သင့်လျော်မည့်အကြောင်း ရသေ့သုံးပါးထံလျှောက်ထားပြီး တာဝတိံသာသို့ ကြွသွားခဲ့သည်။

          ရသေ့သုံးပါးစံရာအရပ် အရှေ့မြောက် တစ်ဝါးရိုက်ခန့်တွင် မဟာဂါမရွာကြီးတည်ရှိပြီး သုဘောဂ သူကြွယ်သည် ရသေ့သုံးပါးအား ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်းခဲ့သည်။သူဌေးကြီးက သလွန်တော်ဌာပနာ ရာ နဂုတ္တမ တောင်ထိပ်၌ စေတီတော်မြတ်တည်ထားကိုးကွယ်လိုကြောင်း လျှောက်ထားလေရာ ဘောသော၊ ဘောကျော်လူဝင်စားဖြစ်မှသာ ထိုသူတို့နှင့် အတူတကွ စေတီတော်တည်ထားရမည်ဖြစ်ကြောင်းမြွက်ကြား ခဲ့သည်။ဘောသော၊ဘောကျော် ညီနောင်တို့ သည်  လူ့ဘဝသို့ရောက်ရှိသော် ဂဟေပတိသူကြွယ်၏ သမီး ပုဏဝတီ နှင့်          လက်ဆက်စေခဲ့သည်။

          ဘောကျော်လူဝင်စားသည် သုဘောဂသူကြွယ်နှင့်အတူ နဂုတ္တမတောင်ထိပ်၌ သလွန်တော်မြတ်အား စေတီတည်ထားလိုကြောင်း လျှောက်တင်ရာ ရသေ့ကြီးသုံးပါးက ကြည်ဖြူစွာခွင့်ပြုတော်မူကြသည်။ထို့နောက် သိကြားမင်းစီရင်အပ်သော ဌာပနာတိုက်အထက်မှ သံတောင်(၃၅)တောင် အမြင့်ဆောင်သော  မြသလွန်   စေတီတော်ကို  အောင်မြင်စွာတည်ထားကိုးကွယ်ခဲ့ကြသည်။သက္ကရာဇ် (၄၁၂) ခုနှစ်တွင် ပုဂံပြည့်ရှင် စောလူးမင်းသည် ရှင်အရဟံမထေရ်မြတ်၏ မိန့်ကြားချက်အရ မြသလွန်စေတီတော်                      အပါအဝင် ရှစ်ဌာနကို ပြုပြင်တည်ထား ကိုးကွယ်တော်မူခဲ့သည်။မြသလွန်စေတီတော်သည် မကွေးမြို့၊မြောက်ဘက်အစွန်၊ဧရာဝတီမြစ်အရှေ့ဘက် ကမ်းပါးထိပ်တွင် ရွှေရောင်တဝင်းဝင်းနှင့်             ကြည်ညိုဖွယ်ရာ စံပယ်တော်မူနေသည်ကို မြန်မာနိုင်ငံ အရပ်ရပ်မှ  ဘုရားဖူး၊ဥပါသကာများ လာရောက်ဖူးမြော်ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်ပေတော့သည်။မြသလွန် စေတီဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်    လဆန်း (၁၄) ရက်နေ့မှ လပြည့်ကျော် (၂၀)ရက်နေ့အထိ ခြိမ့်ခြိမ့်သဲ ခမ်းနားစည်ကားစွာ ကျင်းပလျှက် ရှိသည်။