ကျွန်တော်နှင့် လောကဇောက်ထိုး

စဆရ ႀကီးOctober 20, 20131min1092

ကျွန်တော်နှင့် လွဲချော်ခြင်းများသည် နေသားတကျ ရှိနေပြီထင့်။ အရာရာတိုင်း လွဲချော်မြဲ လွဲချော်လျက်သာတည့်။

ထို့အတွက်ကြောင့်ပင် ကျွန်တော်သည် လောကကြီးကို ဇောက်ထိုးလေ့လာခဲ့ပါ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုရင်စိုင်းတစ်ယောက် ငယ်ဘဝကတည်းက အဲဒါဘုရားဟဲ့ဆိုပြီး လက်အုပ်ချီ၊ ကန်တော့၊ ကန်တော့ ဆိုသည့် တိုက်တွန်း၊ အကျပ်စေခိုင်း၊ အမိန့်သံပါသော စကားတစ်ခွန်းကြားတွင် သူတို့ ရှစ်ခိုးခိုင်းရာကို လက်အုပ်ချီမိုးပြီး ရှစ်ခိုးခဲ့ရဖူးသည်။ တစ်ခါတစ်ရံ အပြင်ခေါ်သွားသော အခါတွင်မတော့ အဲ့ဒါ သိပ်တန်ခိုးကြီးတာ၊ ကန်တော့လိုက်လေဆိုလို့ ကန်တော့ရပြန်ပါလေရော။ ဘာရယ်ညာရယ်မသိ၊ ဘေးနားက သူများတွေ မျက်လုံးကြီးမှိတ်ပြီး တစ်ချို့က နှုတ်ခမ်းတစ်လှုပ်လှုပ်နှင့်၊ တစ်ချို့က မျက်လုံးကြီးမှိတ်၊ လက်အုပ်ကြီးချီလျက် ငြိမ်လျက်သားနှင့် အတော်လေးကြာသောအခါမှ ပုဆိန်ပေါက် ကန်တော့လိုက်သည်ကို လေ့လာဖန်များသောအခါ ကိုရင်စိုင်းလဲ မျက်လုံးကြီးကိုမှိတ်၊ တော်တန်လောက်ပြီဟု ထင်သော အခါတွင်မှ ပုဆိန်ပေါက် ကန်တော့ပြီး မိဘတွေ အလိုကျ နေခဲ့ရဖူးလေသည်။ ဘုရားဆိုတာ ဘာလဲမပြောနိုင်ကြ၊ သူတို့ကိုယ်တိုင်လဲ ဘာယုံကြည်ကြသည်ကိုလဲမသိပဲ ကိုရင်စိုင်းခမည်းတော် ရှေ့တန်းထွက်ကာနီး ဘုရားတစ်ခါရှစ်ခိုးသည်ကိုသာ မြင်ရခြင်း၊ အိမ်မှာ ငွေကြေးအဆင်မပြေသောအခါ မာတာမိခင်တစ်ယောက် ဘုရားစင်ရှေ့တွင် တစ်တွတ်တွတ် ဘာမှန်းမသိသော ဂါထာများရွတ်ပြီး ပုတီးကြီးတစ်စိပ်စိပ်နှင့်၊ ငွေကြေးအတော်အတန်ချောင်လည်သွားသောအခါ အိမ်ရှိဘုရားစင်တွင် တောင်ပေါ်တွင် အတော်လေး ရက်ရှည်ခံသော ခြံထွက် အယ်စတာပန်းများသာ ခန့်ခန့်ကြီးရှိ်လျက်သားနှင့်၊ အတော်လေးအဆင်ပြေသောအခါတွင်မတော့ ရွှေဖလားခေါ် တစ်ပွင့် ဂန္ဒမာပန်းများ ဝေဝေဆာဆာနှင့်။

ကိုရင်စိုင်းတစ်ယောက် အတော်လေး နားမလည်နိုင်ပေ။

ကိုရင်စိုင်းသေသွားသော်လည်း ကိုရင်စိုင်းမသေသည့်အကြောင်း၊ ယခုလက်ရှိ ရှင်သန်နေရသည်မှာလည်း ယခင်ဘဝတစ်ခုက လူတစ်ယောက်ကြောင့်သာ ဖြစ်ကြောင်း၊ ယခုကိုရင်စိုင်းလုပ်နေသမျှသည်လည်း နောင်လူသားတစ်ယောက်အတွက်သာဖြစ်ကြောင်း ပြောဆိုကြလေ၏။ စေ့စေ့တွေးသော်မျှ ရေးရေးမပေါ်ပေ။

ကိုရင်စိုင်း သိပ်မကောင်းပါ၊ သို့သော် ကိုရင်စိုင်းလူကောင်းတစ်ယောက်ဖြစ်အောင်နေကြည့်၏။ လူတော်တစ်ယောက်ဖြစ်အောင် နေကြည့်၏။ ဖြစ်မလာ။

ဘာကြောင့်ဖြစ်မလာသလဲ မေးတော့ အဲ့ဒီအတိတ်ဘဝက လူကြီးတစ်ယောက် လုပ်ချင်တာ လုပ်ခဲ့ရလို့ ယခုလက်ရှိကိုရင်စိုင်းတစ်ယောက် ခံစားနေရခြင်းဖြစ်၏။ ကိုရင်စိုင်း မကောင်းတာမှန်သမျှ အကုန်လုပ်ကြည့်၏။ ပါတ်ဝန်းကျင်ကတော့ လူကောင်းကြီးတစ်ယောက်အနေနှင့်သော်လည်းကောင်း၊ လူကြီးလူကောင်းတစ်ယောက်အနေနှင့်သော်လည်းကောင်း လက်ခံကြပြန်လေ၏။ မကျေနပ်သည်နှင့် မေးကြည့်ပြန်၏။ တတ်သိနားလည်ကြသူများကို ဆိုလိုပါ၏။ အဲ့ဒါ အတိတ်ဘဝက အတော်လေးကောင်းမှုတွေ လုပ်ခဲ့သောကြောင့်ဆိုကြ၏။

နားမလည်ပါ..

အတော်လေးကို နားလည်ရခက်ပါ၏။

ကိုရင်စိုင်းအတွက်တော့မူ အတော်လေး ကသောင်းကနင်းနိုင်လှ၏။

သို့နှင့်ပင် ကိုရင်စိုင်းကို အတော်လေး ကသောင်းကနင်းဖြစ်အောင် လုပ်ခဲ့သော အတိတ်ဘဝက လူဆိုသည်ကို နေရာပေါင်းစုံရှာကြည့်၏။ ရှာလို့မတွေ့ခဲ့ပါ။

ထိုအခါလူများပြောကြပါ၏။ ယခုလက်ရှိဉာဏ်ပညာလေးဖြင့် မမြင်နိုင်ပါကြောင်း၊ ဒီ့ထက်အဆင့်မြင့်မှ မြင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့သိမြင်ရင် ဒီလိုကျင့်ကြံအားထုတ်ရန်လိုကြောင်း အသီးသီး အကြံပေးကြ၏။

ကိုရင်စိုင်း ခေါင်းကိုသာ တစ်ချက် ယမ်းပြလိုက်သည်။ ယုတ္တိမတန်သော၊ နယူတန်၏ လက်ရှိကမ္ဘာ၏ တည်မြဲအမှန်တရားတစ်ခုကိုသာ ကိုရင်စိုင်း ပိုလက်ခံတော့သည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပါးတစ်ဖက်ကို လာရိုက်သည်ကို နောက်ပါးတစ်ဖက်ထိုးပေးလိုက်လျင် သင် ဘာဖြစ်မည် ထင်လိမ့်သနည်း။

သင်၏ ဝမ်းနည်း၊ နာကျည်း၊ ကျွေးကျော်သံကို တစ်စုံတစ်ယောက်သာ ကြားခဲ့ရလျင် သင်ဆိုသော ပစ္စုပ္ပန်လူသားတစ်ယောက်ကို ဘာများ ဆောင်ကျဉ်းပေးမည်ထင်သနည်း။

သင်ကြုံတွေ့နေရသော ခက်ခဲ၊ နာကျည်း၊ ကြမ်းတမ်းသော ဘဝများသည် အဘယ်သူက အလိုရှိသောကြောင့် ဖြစ်နေရသနည်း။

ငယ်ငယ်တုန်းကတော့ စာကြောင်းလေးတစ်ပုဒ်ကို အမှတ်ရနေပါသည်။ ဇာတ်လမ်းအပြည့်အစုံတော့ နောင်များ အလျဉ်းသင့်တော့မှပေါ့။

“GOD see the truth, but wait” ဆိုတာလားပဲ။

အဲလိုလေးတွေလဲ ရှိပြန်သေးတယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုရင်စိုင်းတစ်ယောက်တော့ အစွန်းတွေက လွတ်ထွက်အောင်သာ နေကြည့်သည်။ အခြေအနေမကောင်းတော့ နွားလည်လှီးတယ်ဆိုတာ ဘယ်လိုကောင်းမှုကုသိုလ်တစ်ခုကို ပြုနေခြင်းဖြစ်ကြောင်း သနားစရာကောင်းလောက်အောင် ပြောပြတာခံနေရချိန်၊ တစ်ဖက်ကလည်း တရုတ်ပြည်က စားဖိုမှူးတွေ ဘယ်လို မြွေအရှင်လတ်လတ်သားကို ပြင်ဆင်ချက်ပြုတ်တယ်ဆိုတာကို မြင်နေရချိန်၊ ငါးအရှင်လတ်လတ် (တစ်ပိုင်းကျက်ကို) စားပြနေသည်ကို မြင်ရသည့်နောက်..

စိတ်တွေ အတော်လေးရှိလာခြင်းရှိသည့်နောက်..

Free Thinker တစ်ယောက်အဖြစ်သာ ခံယူချင်မိပါကြောင်း

စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)

2 comments

  • TNA

    October 20, 2013 at 2:26 pm

    အင်း ကိုရှုံးစာဖတ်ရတာ အတော်လေးကို စိတ်ဓါတ်ကျနေပုံရတယ် ကိုရှုံးရေ။ အခုတလော အဆင်မပြေမှု့ တွေများနေတဲ့လူချင်းမို့ အထွေအထူးတော့မပြောလိုတော့ပါဘူးရယ်။ ကိုယ်လဲ Free Thinker ဖြစ်အောင်ပဲကြိုးစားနေလိုက်အုံးမယ်။

  • Ma Ma

    October 20, 2013 at 3:53 pm

    Free Thinker ဆိုတာကို သဘောကျတယ်။
    ဒါပေမယ့် တခါတရံ ကိုယ့်ဦးဏှောက်နဲ့ လိုက်မမီတာတွေကို ကိုယ့်ထက်ပညာဉာဏ်ကြီးမားသူ အဆင့်မြင့်သူတွေဆီက သင်ယူရပါတယ်။
    လောကဓာတ်ပညာနဲ့စာရင် အများကြီး ကျဉ်းမြောင်းတဲ့ သချင်္ ာတို့ သိပ္ပံတို့ဆိုတဲ့ ဘာသာရပ်တွေမှာတောင် ဆရာ့ဆီက သင်ကြားရသေးတာပဲ။
    အဲဒီလိုမသင်ယူပဲ အမှားအမှန်ကို သေသေချ ာချ ာ ပိုင်းပိုင်းခြားခြား နားမလည်ပဲ မှားယွင်းဆုံးဖြတ်မိရင် အခက် 🙁

Leave a Reply