မျက်ဝန်းတွေထဲမှာအရိပ်တွေရှိနေတယ်။

နှလုံးသားမှာတော့ပျောက်ဆုံးနေခဲ့တဲ့ အရိပ်က

လမ်းခုလပ်တစ်ဝက်မှာ

ကျောခိုင်းသွားလေရဲ့….။

(၁)

မျက်လုံးချင်းဆုံလိုက်တယ်။ဖျတ်ခနဲပဲ။ ပြီးတော့ အကြည့်တွေလွှဲသွားတယ်။ လျှင်လွန်းတဲ့ ကိုယ့်အကြည့်တွေက သူမရဲ့မျက်ဝန်းထောင့်ကလေးကိုလစ်ခနဲမြင်ဖြစ်အောင် မြင်လိုက်မိသေးရဲ့။ သူမမှာ မျက်မှန်  လေးတောင် မပါလာတော့ပါလား။ နာကျည်း မုန်းတီးမှုတွေကြောင့်ဖယ်ရှားပစ်လိုက်တဲ့ မျက်မှန်လေးမှာ သမိုင်းတွေရှိတယ်ဆိုတာ သူမ မေ့သွားပြီလား။ ကိုယ်အဲဒီနေရာလေးကနေ သူမရဲ့ကျောပြင်ကို လိုက်ကြည့်နေမိတယ်။

မျှော်လင့်ချက်တစ်စုံတစ်ရာကလည်းကိုယ့်မှာရှိနေတယ်လေ။ သူမများ လှည့်ကြည့်လာဦးမလားလို့။ ခြေလှမ်းလေးတွေက ခပ်သွက်သွက်ကလေးလှမ်းမြဲ။လှည့်ကြည့်လိုက်ပါတော့လား။ လှည့်ကြည့်လိုက်ပါတော့လား။

ချက်ချင်းကိုယ်မေ့နေတဲ့သူမရဲ့အကျင့်ကို ခုမှသတိရတယ်။ သူမက ကျောခိုင်းပြီးရင် ဘယ်တော့မှ လှည့်မကြည့်တတ်တာ ခုထက်ထိအောင်ပါပဲလား။သူမလှည့်ကြည့်လာရင်ရော ကိုယ် သူမကို လိုက်ကြည့်နေတယ်ဆိုတာ အသိခံလို့ဖြစ်ပါ့မလား။ ဟင်သူမ ကိုယ်လေး ကိုယ့်ဘက်လှည့်လာတော့မယ်။

ဒါနဲ့ကိုယ့်ရဲ့ဦးတည်ရာလမ်းဘက်ကို ဆတ်ခနဲလှည့်လိုက်တယ်။

ဟူး…… သက်ပြင်းရှည်ကိုချလိုက်ပြီး ပြီးခဲ့တဲ့ အတိတ်ကို ပြန်တွေးရင်း လမ်းလျှောက်လာခဲ့တယ်။

(၂)

သူပါလား။

သူမ ချက်ချင်းအကြည့်တွေကို လွှဲလိုက်တယ်။ သူမရဲ့မျက်ဝန်းထဲကအဆွေးရိပ်တွေ သူတွေ့လို့မဖြစ်ဘူးလေ။ သွက်သွက်လက်လက်နဲ့ သူ့ကိုကျောခိုင်းဖြတ်ကျော်ပြီး လာခဲ့တယ်။ သူ သူမကိုကြည့်နေမလား။ဘုရားရေ ။ ရုတ်တရက် သူမ လန့်သွားတယ်။ သူမရဲ့ မျက်နှာထက်မှာ မျက်မှန်ကလေးမရှိတော့ဘူး။သူကတော့ ထင်လိမ့်မယ်။ သူမ နာနာကျည်းကျည်းနဲ့ အမှတ်တရတွေ ခုတ်မောင်းဖူးတဲ့ မျက်မှန်လေးကိုချွတ်သိမ်းလိုက်ပြီလို့။ သူမရဲ့ ထုံးစံအတိုင်းပဲ မျှော်လင့်တဲ့နေ့တွေဆို ဘာမှမဖြစ်လာဘူး။တစ်စုံတစ်ခုကို လုံးဝမမျှော်လင့်မိတော့မှာ ဘွားခဲဖြစ်လာတတ်တာ။

သူမခု မျက်ကပ်မှန်လေးတပ်ထားတယ်။ မျက်နာမှာ အစားထိုးလိုက်တဲ့ မျက်ကပ်မှန်လေးရှိနေတယ်ဆိုတာသူသိချင်မှသိမှာပါ။ အရင်တုန်းက  သူအကြံပေးဖူးတဲ့အတိုင်းသူမ မျက်ကပ်မှန်လေးတပ်ထားဖြစ်ပြီ။ သူ့ပေးတဲ့ မွေးနေ့လက်ဆောင် မျက်မှန်လေးကို သူမ သိမ်းထားတယ်လို့ပြောခွင့်မရရှိတော့ဘူး။

သူ သူမကို ရပ်ကြည့်နေမလား။ သူမရဲ့ကျောခိုင်းရာအရပ်မှာ သူရှိနေတယ်ဆိုတဲ့အသိက နှလုံးအိမ်ကိုနွေးနေသလို ဝမ်းနည်းမှုကိုလည်း ဖြစ်နေစေတယ်။ သူ ရပ်ကြည့်နေမလား။ သူမ သူ့ကိုလှည့်ကြည့်ချင်နေတယ်။ဒါပေမယ့် သူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့ အခါမှာဘယ်လိုမျက်နှာထားမျိုးနဲ့ ရင်ဆိုင်ရမလဲသူမ မသိဘူး။

သူမစွန့်စားလိုက်ပါတယ်။ ဆတ်ခနဲ သူမ သူ့ဘက်အလှည့်မှာ ချက်ချင်း ဝမ်းနည်းသွားရတယ်။ သူက ခေါင်းကလေးငုံ့ကာထုံးစံအတိုင်း လက်နှစ်ဘက်ကို ဘောင်းဘီအိပ်ကပ်ထဲနှိုက်ပြီး ငိုက်စိုက် ငိုက်စိုက်ထွက်သွားနေတာ။

တချိန်ကသူမ ဆိုတာ လမ်းခုလတ်မှာတွေ့ခဲ့တယ်လို့တောင်မှ မတွေးတော့ဘူးလား။

~~~~~~~~~~

အိပ်တန်းပြန်ငှက်တွေပျံလာကြပြီ

ဂီတာပေါ်မှာနားတဲ့ ငှက်တွေရေ

ခါတိုင်းလိုအလွမ်းတေးသွားလေး တီးခတ်ပေးစမ်းပါ

ငါ

ဒီည

ပန်းသီးတစ်လုံးကိုတမ်းတမ်းတတ ကိုက်စားချင်နေလို့

(၃)

Happy Birthday ဆိုတဲ့ Message ကလေးတစ်စောင်ကိုကြည့်ပြီး ကိုယ်ရင်တွေခုန်နေတယ်။ ဖုန်းနံပါတ်က ကိုယ်မသိတဲ့ နံပါတ်အစိမ်းတစ်ခု။ စိတ်ထဲမှာအလိုလိုသိနေတာရှိနေတယ်။ချက်ချင်းပဲ ဖုန်းခေါ်မိနေရင်းက ကိုယ်လက်တွေ ရပ်တန့်သွားရပြန်တယ်။ ပြောခဲ့ဖူးတဲ့စကားတွေကို လွန်ခဲ့ပြီလို့ထင်တဲ့ အတိတ်တစ်ခုမှာ ထားခဲ့ပြီးပြီ။ စကားလေး တစ်ခွန်းပြန်ပြောပြီး ရင်တေ ွပရမ်းပတာဖြစ်စေအောင် ကိုယ်ကိုယ်တိုင်က မလုပ်ချင်ဘူး။ နေ့လည်က သူမနဲ့ ဆုံတဲ့အခိုက်အတန့်မှာကိုယ် တစ်နေ့လုံးဘာမှမလုပ်ချင်ပဲ ဝမ်းနည်းနေခဲ့တယ်။ မလန်းမဆန်းတဲ့မျက်နှာမှာ ခံစားချက်တွေက ပေါ်ပေါ်ထင်ထင်နဲ့ဆိုတော့ သတိထားမိတဲ့သူတွေက ဘာဖြစ်လာတာလဲတဲ့။

အချိန်က လေးငါးလကျော်လာပြီ။ ခုဆိုရင် ဆောင်းအရိပ်တွေပါးပါးလေး ညကလေးတွေကို ခြုံလာကြပြီ။ ချမ်းလာရင် အနာဟောင်းတွေက ပြန်နာလာတတ်တယ်လို့ ကိုယ်ကြားဖူးတယ်။သေချာတယ် ခုညမှ ကိုယ် အနာက တဆစ်ဆစ်နဲ့ပြန်နာလာနေပြီ။

ကိုယ့်လက်တွေ စာလုံးလေးတွေကိုတစ်ချက်ချင်းပြန်ရိုက်တယ်။ ဒါပေမယ့်ကြက်ခြေခတ် Back Keyလေးနဲ့ အလိုလိုပြန်ဖျက်မိသွားတယ်။

ကိုယ်ပြောခဲ့ဖူးတဲ့ ငါက စိတ်ပြတ်တယ်ကွ။ ကျောခိုင်းပြီးရင် ပြန်လှည့်မကြည့်တတ်ဘူးဆိုတဲ့စကားကို ပြန်အမှတ်ရတယ်။

နာရီကိုကြည့်တော့ တစ်နာရီ။ သူမ အိပ်နေလောက်ပါပြီလေ။

(၄)

သူ အိပ်နေလောက်ပါပြီလေ။

ချက်ချင်းမတွေ့နိုင်ပေမယ့်သူမလက်တွေ သိပ်တုန်တာပဲ။ ရင်ထဲမှာလည်း ချားရဟက်ကြီးစီးရသလို တလှပ်လှပ်နဲ့ နေလို့ထိုင်လို့မကောင်းဘူး။ ဖုန်းကို ကုတင်ပေါ်ပြစ်တင်လိုက်ရင်း လက်လွန်သွားတဲ့ Message တစ်စောင်ကိုRecall ပြန်လုပ်ချင်တယ်။

ဒါတောင်စာက ရိုးရိုးလေး။ သူမသိတဲ့ သူမရဲ့ဖုန်းအသစ်နဲ့ပို့လိုက်တာတောင် သူက သိချင်သိနေနိုင်တာပဲ။ဒါလည်း သေချာချင်မှ သေချာမှာပါ။ သူက စိတ်ပြတ်တယ်ဆိုတော့  ပြီးခဲ့တဲ့ ဇာတ်လမ်းအကျဉ်းကို ပြန်ပြီး ဖတ်နေမယ့်သူမဟုတ်ဘူး။သူမကသာ စိတ်တွေ ဒီနေ့တစ်နေ့လုံး သူ့ဆီကိုပါသွားခဲ့တယ်။

ဒီနေ့သူ့မွေးနေ့ဆိုတာကိုလည်း သူမ သူနဲ့ဆုံတဲ့အချိန်မှာပဲ အမှတ်ရသွားမိတယ်။ ခြေလှမ်းတွေ ကလှမ်းနေပေမယ့် နောက်ကျောဆီမှာ ကျန်ခဲ့တယ်။

အရင်တစ်နှစ်ဒီကနေ့လိုမျိုးမှာ သူမ သူ့အတွက် ဘာတွေပေးဆပ်ဖူးခဲ့သလဲ။ သူကရော သူမကို ဘာတွေပေးဆပ်ခဲ့ဖူးသလဲ။အံဆွဲကလေးကိုဖွင့်နေတဲ့ကြားက ဒိုင်ယာရီစာအုပ်အစွန်းကလေးကို မြင်လိုက်ရရင်ပဲ ပြန်ပိတ်ပစ်လိုက်တယ်။

ဒဏ်ရာတွေကိုတစ်ရွက်ချင်းလှန်ကြည့်မလိုလား။

သူမပါးပြင်လေး နွေးနေတယ်။ နှုတ်ခမ်းကလေးတွေ နွေးနေတယ်။ ဒါ သူမ ဒိုင်ယာရီကိုမဖတ်မိသေးဘူး..။

~~~~~~~~~~~

မှန်ရာကိုဆိုမယ် စကားလေးရယ်

လေညှင်းတွေကိုယ့်ကိုနမ်းသွားတုန်းက

နွေးတေးတေးလေး

ဖျတ်ခနဲကိုယ့်လက်ထဲက

ပန်းသီးကိုငုံ့ကြည့်မိတော့

တစ်ခြမ်းကပဲ့နေတယ်

(၅)

မီးပွိုင့်မှာမီးစိမ်းနေပြီ။ သူ ထွက်သွားတော့ သူမ မှာ ဟာခနဲရင်ဘတ်ထဲမှာ ခုန်ဆင်းသွားပြီးကျန်ခဲ့တယ်။သူ မမြင်ရှာဘူးကိုး။ လမ်းသွားရင် ဘယ်နေရာကိုမှ လျှောက်မကြည့်တတ်တဲ့ သူ့အကျင့်တွေက အရင်လိုပဲလား။တကယ်ဆို သူ သူမကို မြင်သွားစေချင်တယ်။

ဒီတော့ရော သူမက နှုတ်ခမ်းထက်မှာ အပြုံးတစ်ခုကိုချက်ချင်းတပ်ဆင်ပြီးပြုံးပြနိုင်ပါ့မလား။ သူကရော သူမကို စကားတစ်ခွန်းဖြစ်ဖြစ်

“ဘယ်လာတာလဲ“လို့မေးလာခဲ့ရင်သူမရဲ့အသံတွေကို အဖျားတွေ မလှုပ်ခတ်စေပဲ တည်တည်ငြိမ်ငြိမ်နဲ့

“ဒီနားလေးပါပဲ“လို့ သူမ ပြန်ပြောနိုင်ပါ့မလား။

သူမဟန်ဆောင်မကောင်းပါဘူး။ ခံစားချက်ကို ရင်ထဲမှာ မြိုသိပ်မထားတတ်ပါဘူး။ ခုရက်ပိုင်းတွေမှာသူမ သူ့ကို လွန်လွန်ကျူးကျူး သတိတွေရနေတယ်။ အိပ်မက်ထဲမှာတောင် သူက သူမ နဖူးလေးကို လာနမ်းသွားခဲ့သေးတာ။ဒီမနက်မှာတော့ အိပ်မက်ဆိုတာ သိလိုက်ရတော့ ကြေကွဲမိုးတိမ်တွေ တရိပ်ရိပ်တက်လာပြီး လွမ်းမိုးတွေစွေနေမိတာခုထက်ထိ။

ရှေ့က သူထွက်သွားရာလမ်း တစ်လျှောက် သူမ ဆိုင်ကယ်လေးတဖြည်းဖြည်း လိမ့်ထွက်လာပြီး လေထဲမှာလွှင့်ပျံ့လာတဲ့သူ့ရေမွှေးနံ့ကို ရှူရှိုက်မိနေတယ်။

ဟောလေညှင်းလေးတွေ ပါးပြင်မှာ တိုးဝှေ့ထိသွားတော့ ရေမွှေးနံ့က သင်းနေတယ်။ ဒါ ကို သူ့အနမ်းလို့သူမ ယူဆပစ်လိုက်ရင် သူမ ရူးနေသလားလို့ပြောကြမလား ဟင်။

(၆)

ဟင်သူမ ကျန်ရစ်ခဲ့ပြီ။ မီးစိမ်းလေးပေါ်လာတော့ ချက်ချင်းထွက်လိုက်ရတော့ ကိုယ်က ဆိုင်ကယ်နဲ့မလိုက်ချင်သလိုလို။ နောက်ကြည့်မှန်ထဲမှာ သူမက ကိုယ့်ကိုငေးနေတာလား။ မသေချာပါဘူး။ သူမကအာရုံတစ်ခုခုကိုအဲလိုပဲ တစ်နေရာတည်းမှာ အကြာကြီးငေးနေတတ်တာပဲလေ။ သူမက သူ့ကိုမှတ်မိရင်တောင်တစ်နေ့ကလို မျက်နှာလွှဲသွားမှလား။ ကိုယ့်ရင်ဘတ်ထဲမှာတော့ လေပွေတွေက တိုက်နေဆဲပါပဲ။

တစ်ခါတစ်ရံတော့ရူးရူးမိုက်မိုက်နဲ့ သူမကို နုတ်ဆက်ပစ်ချင် စိတ်တွေဖြစ်ပေါ်တတ်တယ်။ ကိုယ်က သူမကို

“ဘယ်လာတာလဲ“လို့မေးလိုက်ရင် သူမက

“ဒီနားလေးပါပဲ“လို့ပြန်မဖြေရင် ဘယ်လိုရင်ဆိုင်ရမလဲ။ အဲလိုအခါမျိုးမှာ ကိုယ်က ရှက်ကိုးရှက်ကန်းနဲ့ လှည့်ထွက်သွားမိရင်သူမက ပြုံးသွားခဲ့မယ်ဆိုရင် ရင်ဘတ်ကြီးကလက်ခံနုိုင်ပါ့မလား။

သူမမျက်လုံးတွေကို ကိုယ်မနေ့ညကတောင် မြင်နေမိသေးတာ။ မျက်ဝန်းညိုလေးတွေက မျက်မှန်အောက်မှာအသက်ဝင်ခဲ့ဖူးတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ကိုယ့်လက်ကိုကိုင်ပြီး တစ်ချိန်ကျရင်ဆိုတဲ့စကားမျိုးတွေ သူမပြောခဲ့ဖူးတယ်။ ဒါပေမယ့် ခုကျတော့ အဲဒီ ထင်မြင်ချက်တွေက အချစ်မှာ ကွဲအက်သွားတဲ့ကြွေထည်ပစ္စည်းတစ်မျိုးလိုပဲ ပြန်ပြီး ဆက်စပ်ခွင့်မရှိတော့ဘူး။

ကိုယ်ပန်းသီးတွေကြိုက်ပါတယ်။ နောက်ကြည့်မှန်ကနေ မြင်နေရတဲ့ သူမ ဆိုင်ကယ်လေးကိုကြည့်ရင်း  ကိုယ့်ပန်းသီးလေး ပဲ့သွားပြီဆိုတာ သိလိုက်ရပြန်တယ်။

~~~~~~~~~~~~~~

 

(က)

နှုတ်ခမ်းဖူးဖူးလေးတွေ ရွာတယ်

ဆောင်းပါးပါးခြုံလိုက်တော့ ရပ်စဲသွားတဲ့မပွင့်တော့တဲ့ပန်း

ညတွေမှာ အိပ်တန်းပြန်ငှက်တွေ

တီးမယ့် ဂစ်တာမှာ ကြိုးနှစ်ချောင်းက ပြတ်သွားတယ်…..။

ကိုယ့် ဘောလ်ပန်ကလေးချလိုက်တော့ညက တိတ်ဆိတ်နေတယ်။ ရင်ဘတ်ထဲမှာတော့ အောင့်နေသလိုပါပဲ။

(ခ)

မျဉ်းပြိုင်တွေ ဆုံမှတ်မရှိဘူး

မိုးကုတ်စက်ဝိုင်းကျယ်ကြီးမှာ

တလက်လက်လေးပွင့်ချင်မိတော့

အရိပ်မှာ အမှောင်တွေ ကြီးစိုးနေပြန်တယ်

မဆုံနိုင်တော့ဘူးဆိုတာသူမ သေချာ ယုံကြည့်လိုက်ချင်ပြီ။ တိတ်ဆိတ်လွမ်းနေရတဲ့အဖြစ်ကနေ ရပ်တန့်လိုက်ချင်ပြီ။ဒါပေမယ့်လည်း သူမ ဘာကြောင့် ဘောလ်ပန်လေးကိုင်ပြီး ဒိုင်ယာရီကို ဖွင့်မိရပြန်ပါလိမ့်။

(ဂ)

လေညှင်းလေး ခပ်ပါးပါးနမ်းပါ

ခိုတွယ်ခဲ့ဖူးတဲ့ ရင်ခွင်ထဲက သင်းပျံ့တဲ့ရနံ့တွေနဲ့အိပ်စက်ဖို့

နှလုံးသားမှာ ကြင်နာမှုကိုပြန်ရှာတယ်

အေးပါတယ်

စိမ့်ခနဲ့ နာကျည်းမှုအောက်မှာ

သေဆုံးသွားတဲ့ အပင်ကသီးတဲ့ အသီးကလေးရှိတယ်….။

 ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းမမေးလိုက်ရခင်မှာပဲ

ပန်းသီးကလေး ပဲ့သွားခဲ့တယ်….

တကယ်တော့

လက်တစ်စုံရဲ့ ကြမ်းတမ်းမှုအောက်မှာ ပန်းသီးကလေးဟာ…။

(၇)

ကိုယ် ဆက်မရေးနိုင်တော့ဘူး။ဒိုင်ယာရီစာအုပ်ကိုပိတ်လိုက်တော့ ညတစ်နာရီ။

သူမ…………အိပ်နေလောက်ပြီထင်တယ်..။

(၈)

သူမ ဆက်ပြီးမရေးနိုင်တော့ဘူး။ဒိုင်ယာရီစာအုပ်ကိုအံဆွဲလေးထဲထည့်သိမ်းလိုက်တော့ စားပွဲတင်နာရီက ညတစ်နာရီ။

သူ……အိပ်နေလောက်ပြီထင်တယ်။

 

သော်ဇင်(လွိုင်ကော်)

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား