လူသေလူဖြစ်ဝါဒ နှင့် ကျောက်ကွင်းအရေးတော်ပုံ (သို့မဟုတ်) အစဆွဲထုတ်ခြင်း

အရင်ဆုံး စကားပလ္လင်ခံပါရစေ။ ဘာသာရေးနဲ့ ပတ်သက်လာရင် ကျွန်မက အခုမှ စလုံးရေးစ အဆင့်ပဲ ရှိပါသေးတယ်။ ဒီစာကို ရေးရတာကလည်း သိလွန်း၊ တတ်လွန်းလို့ ရေးတာမဟုတ်ပါဘူး။ သိချင်လို့ ရေးတာပါ။ လေ့လာကာစအချိန်၊ ကိုယ်ဉာဏ်မီသလောက်လေးနဲ့ တွေးကြည့်နေတဲ့အချိန်မှာ လမ်းလွဲသွားမှာ၊ အတွေးချော်သွားမှာ၊ အစွန်းရောက်သွားမှာလည်း စိုးပါတယ်။ ဒါကြောင့် စိတ်ထဲမတင်မကျ ဖြစ်နေတာလေးတွေကို ဒီမှာ အစဆွဲထုတ်လိုက်ပါတယ်။ အားလုံးပဲ ဝိုင်းဆွေးနွေးပေးကြပါလို့ ပြောချင်ပါတယ်။ (Zawgyi Font နဲ့မို့လို့ တစ်ချို့သတ်ပုံတွေမှားတာရှိရင် ခွင့်လွှတ်ပေးပါ။)

 

*************************************************************

ဟိုနေ့က UMFCCI မှာ ကျင်းပတဲ့ စာအုုပ်အရောင်းပွဲတော်ကို သွားတဲ့အခါ ရှင်ဥက္ကဌရဲ့ ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ရောင်းတာတွေ့ပါတယ်။ ဒီစာအုပ်ကို တွေ့နေတာတော့ ကြာပါပြီ။ ပထမဆုံး စာအုပ်အဟောင်းဆိုင်တွေမှာတွေ့တယ်။ နောက် လှည်းတန်းက စာအုပ်ဆိုင်တွေမှာ တွေ့တယ်။ အခု ဒီမှာထပ်တွေ့တယ်။ (လူသေလူဖြစ်ဝါဒစာအုပ် နောက်တစ်အုပ်ကိုပါ ထပ်တွေ့ခဲ့ပါတယ်။) ကျွန်မစိတ်ထဲ မတင်မကျတော့ ဖြစ်သွားပါတယ်။ ရှင်ဥက္ကဌရဲ့ ဝါဒက လူသေလူဖြစ်ဝါဒပါ။ အဲဒီဝါဒကို အဓမ္မဝါဒအဖြစ် သတ်မှတ်ထားတယ်လို့ သိထားပါတယ်။ ဘယ်လိုသိလဲဆိုတော့ ကျွန်မဆီမှာ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်စဉ် (၁) မှ (၁၆) ထိ ဆုံးဖြတ်တော်မူခဲ့သော အဓမ္မဝါဒ ဝိနိစ္ဆယကျမ်း (အကျဉ်းချုပ်) ဆိုတဲ့ စာအုပ် ရှိပါတယ်။ ပြုစုသူ – ဦးညွန့်မောင် (ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်)၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ငြိမ်း) ဆိုပြီး ပါရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်း (IDF) က ထုတ်ဝေတာပါ။

 

စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာလေးတွေကို ပြောပြပါရစေ။

 

၁။ ကျောက်သင်္ဘောဝါဒ

၂။ လူသေလူဖြစ်ဝါဒါနုဝါဒ (သမ္မာဒိဌိသုတေသနနှင့် ရွှေအဘိဓမ္မာဝါဒ)

၃။ ကြောင်ပန်းတောရဝါဒ

၄။ ကျောက်ပုံတောရဝါဒ

၅။ ဦးမာလာဝရ (ရေတာရှည်) ဝါဒ

၆။ ဓမ္မနီတိဝါဒ

၇။ မိုးညို (မြောက်ဥက္ကလာပ) ဝါဒ

၈။ ထွန်တုံးလက်ကျန် ဦးထင်ဝါဒ

၉။ တွံတေးဦပုညာစာရ သိမ်သမုတ်ခြင်းဆိုင်ရာဝါဒ

၁၀။ မော်လမြိုင်၊ ရွှေဝါမြိုင်ကျောင်း နယ်သိမ်း သိမ်သမုတ်မှုဆိုင်ရာဝါဒ

၁၁။ စမ်းကလေးဝါဒ

၁၂။ မိုးကုတ်ဝိနစယ

၁၃။ ဘိက္ခုနီဘာဝါဘာဝဝိနိစ္ဆယ

၁၄။ အောင်ဆန်းတောရဝါဒ

၁၅။ မိုးညှင်းမြို့၊ အရှေ့ရိပ်သာ၊ ဦးခေမိန္ဒဝါဒ

၁၆။ မြစ်ကြီးနား ဝိစိတ္တသာရဝါဒ

 

နောက်ဆက်တွဲ ဝိနိစ္ဆယ အကြောင်းအရာများ

 

-ဆူးလေ ဦးမြင့်သိန်းဝါဒ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာ အမှတ် (၅၀))

-ဦးမြတ်သိန်းထွန်းဝါဒ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာ အမှတ် (၅၂))

-ဉာဏစာဂီဝါဒ (နိုင်ငံတော်သံမဟာနာယကအဖွဲ့ ညွှန်ကြားလွှာအမှတ် (၃၇))

 

နိုင်ငံတော်သံဃဝိနစ္ဆယအဖွဲ့အမှတ် (၉) ဝိနည်းဓိုရ်ဆရာတော်များ၏ ဝိနစ္ဆယချမှတ်ချက်

(၁၉၈၃ – ခုနှစ်က မိုးပြာဂိုဏ်းအမှုဟောင်း)

 

စာအုပ်ထဲမှာပါသမျှ ဝါဒတွေနဲ့ ပတ်သက်တဲ့စာအုပ်တွေ၊ အခွေတွေ ဘာကိုမှ ထုတ်ဝေခွင့်မရှိဘူးလို့လည်း သိထားပါတယ်။ ဒါကြောင့် ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို တွေ့လိုက်တဲ့အချိန်တိုင်း မတင်မကျခံစားရပေမယ့် သေချာတော့ မစမ်းစစ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ သေချာကြည့်မှ ဖြစ်တော့မယ်ဆိုပြီး ဟိုးငယ်ငယ်တုန်းက တစ်ခေါက်ဖတ်ဖူးခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ဝယ်လာပြီး ပြန်တိုက်ကြည့်မိပါတယ်။

 

ပထမဆုံး စာအုပ်ထဲမှာပါတဲ့ အဓမ္မဝါဒဟု ဆုံးဖြတ်ခံရသော လူသေလူဖြစ် ဝါဒါနုဝါဒဆိုင်ရာ စာအုပ်စာတမ်းများ ဆိုတဲ့ စာရင်း(၃၄) ခုမှာ တိုက်ကြည့်တော့ ကျောက်ကွင်းအရေးတော်ပုံဆိုတဲ့ စာအုပ်မပါပါဘူး။ ဒီတော့ ဇဝေဇဝါဖြစ်သွားပြန်ပါတယ်။ ဒါပေမယ့် စာအုပ်ကို ဖတ်ကြည့်တဲ့အခါကျတော့လည်း စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေက ဓမ္မ အဓမ္မ နှိုင်းယှဉ်ချက်နှင့် အဓမ္မဝါဒဟု ဆုံးဖြတ်ချက် ဆိုတဲ့ အချက် (၂၁) ချက်ထဲက တစ်ချို့အချက်တွေနဲ့ ငြိနေပြန်ရော။ ဒါကြောင့် အဲဒီ (၂၁) ချက်ရယ်၊ ကျောက်ကွင်းအရေးတော်ပုံစာအုပ်ထဲက ကျွန်မ မကျေမလည်ဖြစ်တဲ့ အချက်တွေရယ်ကို သီးခြားပို့စ်တွေတင်ပါမယ်။ (တစ်ခါတည်းတင်ရင် အရမ်းရှည်သွားမှာ စိုးလို့ပါ။)

 

နောက်ပြီး ကျွန်မ ဒီစာတွေရေးနေရတာဟာ ဘာပြဿနာကိုမှ ဦးတည်ခြင်းမဟုတ်ဘဲ ကျွန်မရဲ့ ဘာသာရေးအသိအတွက် ရည်ရွယ်ရုံသက်သက်ပါပဲလို့ ထပ်ပြောချင်ပါတယ်။ နောက်ပြီး အခုဒီပို့စ်မှာ မန့်မယ်ဆိုရင် အကျဉ်းလေးပဲ မန့်ပေးကြပါဦးနော်။ နောက်ပို့စ်မှာမှ တစ်ချက်ချင်းစီကို သေချာဝေဖန်ပေးကြပါလို့ တောင်းဆိုပါတယ်။

 

လေးစားစွာဖြင့်

လုံမလေးမွန်မွန်

36 comments

  • kai

    October 22, 2013 at 1:49 pm

    ရှင်ဥက္ကဌက.. အတွေးအခေါ်ပိုင်းမှာ.. အခုခေတ်အပါအဝင်..ခေတ်အဆက်ဆက်ထဲ.. ထိပ်တန်းထဲပါတယ်လို့.. ယူဆမိတယ်…
    အဓမ္မဝါဒ.. ဓမ္မဝါဒတွေဘေးချိပ်ပြီး.. တလေးတစားဖတ်ကြည့်စေလို…။

    ဆိုတော့..
    မကျေမလည်ဖြစ်တဲ့ အချက်တွေကို.. ဆွေးနွေးနိုင်ကြဖို့..တင်ပေးမှာကို.. ကြိုဆိုပါတယ်လို့…
    သိသလောက်ဝင်ဆွေးနွေးပါမယ်လို့… :mrgreen:

  • alinsett

    October 22, 2013 at 2:00 pm

    ကျွန်တော်ကတော့
    သူူများတွေ ဆွေးနွေးတာကိုပဲ စောင့်ဖတ်တော့မယ်
    :kwi:

  • မဟာရာဇာ အံစာတုံး

    October 22, 2013 at 2:38 pm

    လူတွေဟာ မွေးကတည်းက ဖန်ခွက်ကလေး တစ်လုံးကို ကိုင်ပြီးတော့ မွေးဖွားလာတယ်။

    အဲ့ဒီ ဖန်ခွက်ထဲကို အစကနဦး မိဘက သောက်စရာ တစ်စုံတစ်ရာကို လောင်းထည့်ပေးလိုက်တယ်။
    မိဘ မဟုတ်ရင် အနီးအပါး ဆွေမျိုးညှာတိက လောင်းထည့်ပေးလိုက်တယ်ပေါ့။

    ဖန်ခွက်ထဲမှာ သောက်စရာ ဆိုတော့ သောက်ရမှာပေါ့နော်။
    ဒါပေမယ့် … မသောက်ကြဘူး။
    အပြင်ဘက်က မြင်နေရတဲ့ ဖန်ခွက်ထဲက အရည်ရဲ့ အရောင်အဆင်းကို ကြည့်ပြီး ဝေဖန်ကြတယ်။

    ရှေးရှေးက လူတွေကလည်း အဲ့ဒါက ငန်တယ်။ ချိုတယ်။ ခါးတယ်။ ဖန်တယ်။ စပ်တယ်။ အေးတယ်။ ပူတယ်။
    … စသည်ဖြင့် ပြောပေးကြတယ်။ ဝေဖန်ပေးကြတယ်။
    အခြား ခွက်တစ်လုံးကို ညွှန်ပြပြီး အဲ့ဒါ သောက် .. အဲ့ဒါကမှ ကောင်းတာ … လို့ ပြောတတ်တဲ့ လူတွေလည်း ရှိသေးတယ်။

    အချို့အချို့တွေက ….
    သူများ မကောင်း ပြောတာနဲ့ ကိုယ့်ခွက်ထဲရှိတဲ့အရည်ကို သွန်ပစ်ပြီး
    သူများ ညွှန်တဲ့ အရည်ကို ထည့်ကြတယ်။

    အချို့အချို့တွေက ….
    ဒီလောက် တစ်ယောက်တစ်ပေါက် ပြောနေကြတာ .. မသောက်တာပဲ ကောင်းတယ် ဆိုပြီး
    ဖန်ခွက်ထဲမှာ ရှိနှင့်နေတဲ့ အရည်ကို သွန်ပစ်ကြတယ်။

    တကယ်တော့ … ဖြစ်သင့်တာဟာ …
    ကိုယ့်ခွက်ထဲ ရှိနှင့်နေတဲ့ အရည်ကို သေချာသောက် …
    သေချာ အရသာ ခံပြီးမှ …
    ကောင်း၊ မကောင်း အရင်ဆုံး ဝေဖန်ဆန်းစစ်သင့်တယ်။

    ကိုယ့်ခွက်ထဲက အရည်ကို သေချာ အရသာ မခံဘူးသေးဘဲနဲ့
    သူများ ခွက်ထဲက အရည်ကို ဘေးက ဝေဖန်နေခြင်းဟာ အမှန်တော့ မဖြစ်သင့်ဘူးလို့ ထင်မိတယ်။

    ကျော်လည်း ကျော့်ခွက်ထဲက အရည်ကို သောက်တော့ သောက်တယ်။
    ဒါပေမယ့် .. သေချာ အရသာ သိသေးဘူးရယ်။

    ===========

    အွမ် …. အိပ်ချင်မူးတူးနဲ့ ဘာဒွေ ရေးမိတွားဒုန်း တိဝူးးး
    ပြန် မဖျက်ချင်ဒေါ့လို့ ဒီတိုင်းဘဲ မန့်လိုက်ဒယ်နော် …
    ဘာဖစ်ဖစ် ကွန်မန့် ရှေရှေလေးဆိုဒေါ့ လူရှိန်တွားဒါပေါ့လို့ .. ဟီးးးးး
    :mrgreen:

  • KZ

    October 22, 2013 at 3:29 pm

    ကျောက်ကွင်း အရေးတော်ပုံကို ဖတ်ဖူးတယ်။

    လူသေလူဖြစ်တော့ မဖတ်ဖူးဘူးးးး

    ဘာကိုပဲဖတ်ဖတ် အတတ်နိုင်ဆုံး အစွဲ ကင်းကင်း စိတ်ဗလာနဲ့ ဖတ်ဖြစ်တယ်။

    နောက် ပို့(စ) တွေ စောင့်ဖတ်ပါ့မယ်။

    🙂

  • Lay Pai

    October 22, 2013 at 3:37 pm

    ကျွန်တော်ကတော့ ဘာမှ ကို မသိတာ
    ဒါပေမဲ့ အခုပို့ နဲ့ ဆက်စပ် မဲ့ ပို့ တွေ ကိုတော့ ဆက်ဖတ်ဖြစ်မယ်လို့ ထင် တယ်။

  • weiwei

    October 22, 2013 at 3:44 pm

    စာသိပ်တော်တဲ့သူတွေမှာ အဲဒီလိုဖြစ်တတ်တယ်လို့ ထင်မိတယ် … စာတွေတတ်လွန်းပြီး လိုင်းကြောင်သွားတာမျိုး ..

    ကျောက်ကွင်းအရေးတော်ပုံစာအုပ်ဖတ်ဖူးပါတယ် … အားရစရာအောင်းအောင် စကားနိုင်လုတဲ့နေရာမှာ သိပ်တော်ပါတယ် ..
    အဲဒီလို ဆရာတော်တစ်ပါးက လူသေလူဖြစ်ဝါဒ ကျောက်သင်္ဘောဝါဒ စသဖြင့် အဓမ္မဝါဒတွေ ဆက်ဖြစ်လာတာ အံ့ဩမိတယ် …
    ခရစ်ယာန်ဘက်က ဝါဒပြိုင်ခဲ့တဲ့ ခေါင်းဆောင်ဟာလဲ အရင်တုန်းက ဘုန်းကြီးဖြစ်ခဲ့ပြီး ဓမ္မာစရိယဘွဲ့တောင် ရခဲ့သေးတယ်လို့ ဖတ်ခဲ့ရတယ် ..
    အဲဒါကို ကြည့်ခြင်းအားဖြင့် စာဆိုတာ သုံးတတ်ရင်ဆေးဖြစ်ပြီး မသုံးတတ်ရင် ဘေးဖြစ်တတ်တယ်လို့ပဲ သတ်မှတ်ချင်ပါတယ် ..

  • ခင် ခ

    October 22, 2013 at 3:52 pm

    အယူဝါဒ တွေမှာ မိမိယုံကြည်သက်ဝင်လက်ခံတဲ့ အယူဝါဒ သည် ကောင်း၏။
    အခြား မိမိယုံကြည်သက်ဝင်မှု မရှိတဲ့ အယူဝါဒသည် အယူလွဲဝါဒ ပင်ဖြစ်၏။
    အဲဒီအတိုင်းပါဘဲ ကိုယ့်ဘက်ကကြည့်တော့ လက်ဖဝါး သူ့ဘက်ကကြည့်တော့ လက်ဖမိုး ဆိုတဲ့ သဘောသဘာဝလိုပါဘဲ။ ဒါပေမယ့် တစ်ခုတော့ ခင်ခ လက်ခံထားတာရှိတယ် အယူဝါဒ တိုင်းမှာ ကောင်းကွက်လေးတွေရှိတတ်တယ် အဲဒီကောင်းကွက်လေးတွေကို ကိုယ်ယုံကြည်ရာ အယူဝါဒနဲ့ ကိုက်ညီလို့ လုပ်နိုင်ရင် ပိုအကျိုးရှိမယ်ဆိုတာဘဲ။ ဥပမာ – ခရဇ်ယာန်တွေ ဆန်းဒေး တိုင်း ဘုရာကျောင်းသွားရှစ်ခိုးတဲ့ ဓလေ့ရှိတယ်၊ ကျွန်တော်တို့ ဘာသာက အဲဒီလို အပတ်တိုင်းပုံမှန် အများစု ဘုရားမသွားကြဘူး။ အဲဒီအလေ့အထကို သဘောကျပြီး တစ်ပတ်ကိုတစ်ရက် ကျွန်တော်တို့ ဘုရားသွား ကောင်းမှုလုပ်ရင် ပိုကောင်းမယ်လို့လက်ခံတယ်။
    မြန်မာနိုင်ငံဟာ ထေရဝါဒအများဆုံး လွမ်းမိုးထားတဲ့ တိုင်းပြည်ဖြစ်လို့ ကျန်ဝါဒတွေက အဓမ္မဝါဒအဖြစ် သတ်မှတ်တာဖြစ်ပါတယ်။ သူတို့၏အယူဝါဒတွေက မှားနေတာလို့တော့ တပ်အပ်ပြောလို့မရဘူးဗျ။ ဘာသာအယူဝါဒတိုင်းကို ဖတ်သင့်တဲ့စာပေလို့ သဘောထားပြီး ဖတ်သင့်သလို ဖြန်ဝေခြင်းကိုလည်း ပိတ်ပင်ဖို့မလိုဘူးလို့ ယူဆပါတယ်။ ကိုးကွယ်မှုဆိုတာကတော့ ကိုယ်ဘယ်လမ်းစဉ်ကို လက်ခံနိုင်လည်း ယုံကြည်သလဲ စသည့် မိမိလက်ခံနိုင်မှုနဲ့ဘဲဆိုင်ပါတယ်။
    ထေရဝါဒကို အခြားဘာသာတွေ လွမ်းမိုးမှုများတဲ့တိုင်းပြည်မှာ ဖြန့်ဝေခဲ့ရင်လည်း ထိုတိုင်းပြည်က ကျွန်တော်တို့ ထေရဝါဒကို အဓမ္မဝါဒအဖြစ် သတ်မှတ်လိမ့်မယ်လို့ ယူဆပါတယ်လေ။

    ဆရာကြီး မဟာရာဇာ အံစာတုံးရေ တကယ်တော့ … ဖြစ်သင့်တာဟာ …ကိုယ့်ခွက်ထဲ ရှိနှင့်နေတဲ့ အရည်ကို သေချာသောက် …သေချာ အရသာ ခံပြီးမှ …ကောင်း၊ မကောင်း အရင်ဆုံး ဝေဖန်ဆန်း စစ်သင့်တယ်။ ဆိုပေမယ့်လဲ တစ်ငုံနှစ်ငုံလောက်ဘဲသောက်ရသေးပေမယ့် မနေနိုင်လွန်းလို့ ဆက်မသောက်ဖြစ်သော်လည်း သောက်မိသလောက်အရသာလေးနဲ့ ပြောဖြစ်သွားတာပါနော်။

  • kyeemite

    October 22, 2013 at 4:13 pm

    စိတ်ဝင်စားတဲ့ အကြောင်းအရာပဲ
    ကျုပ်ကတော့ ရှင်ဥက္ကဋ္ဌ ပြောသမျှ အားလုံးလက်မခံ(နားမလည်လို့လည်းပါတယ်)
    နိုင်ပေမဲ့ ဆရာတော်ကိုတော့ တော်တော်လေးစားပါတယ်။ အထင်လည်းကြီးမိတယ်။
    နောက်မှပဲဆက်မန့်မယ်နော

  • ဦးဦးပါလေရာ

    October 22, 2013 at 5:47 pm

    အဲဒီကျောက်ကွင်းအရေးတော်ပုံ ဆိုတဲ့
    ခရစ်ယာန် နဲ့ ဗုဒ္ဓ ဝါဒ စကားနိုင်လုတဲ့ပွဲက
    ဘယ်လိုဖြစ်လာတာလဲဆိုတာကလဲ အရေးကြီးပါသေးတယ်။
    အဲဒီစာအုပ်ထဲပါသလို ဖြစ်လာတာမဟုတ်ဘူးလို့ ဆိုသူတွေရှိခဲ့ပါတယ်..
    သဘောကတော့ –
    တမင် ဆင်ပြီး လုပ်ခဲ့ တဲ့ ဟာမျိုးပေါ့…
    အဲဒါထားပါတော့ …
    အဲဒီပွဲကြောင့် ဘယ်ဘာသာမှ မနိုင်ပါဘူး
    နှစ်ဘာသာလုံးရှုံးပါတယ်။

    ဘာသာရေးဆိုတာ စကားတတ်ခြင်း စကားကတ်ခြင်းကို ယှဉ်ထိုးပြီး အမှတ်ပေးကိုးကွယ်ရတာမျိုးမဟုတ်ပါဘူး…။
    မိမိရဲ့ စိတ်နှလုံးနဲ့ မိမိယုံကြည်ရာကို မြတ်နိုးကိုးကွယ်ရခြင်းပါ…။

    ငယ်ငယ်တုန်းကတော့ ဘာသာရေး ငြင်းခုံတဲ့စကားဝိုင်းတွေဆို သိပ်သဘောကျတာ
    လက်ဝှေ့ပွဲကြည့်ရသလိုပေါ့…။ ဒါမှ မဟုတ် တရုတ်သိုင်းကားလိုပေါ့ နော ….။
    ကိုယ်တိုင်လဲ အရှုံးမပေးစတမ်း ငြင်းဖူးပါတယ်..။

    ကြီးလာတော့ ..
    အဲဒါတွေကို ပျင်း သွားတယ်။
    အဲဒါတွေကို ရဲရဲတင်းတင်း ကျောခိုင်းလိုက်ဖို့ သတ္တိတွေ ရ လာတယ်။

    ကျောင်းဆောင်မှာတုန်းက တညမှာ သူငယ်ချင်းတွေ အဆောင်အခန်းထဲစုပြီး
    ဆောင်းညရဲ့ အလှ အရသာကို ဆေးလိပ်မီးခိုးတလူလူနဲ့ တယောက်တပေါက် ဖွဲ့ဆိုနေကြတယ်..
    အဲဒီတုန်း … သူငယ်ချင်းတစ်ယောက်က ပြူတင်းပေါက်ကို ထ ဖွင့်လိုက်တယ်…
    ဆောင်းလေအေးအေးကလေး ဝေ့ကနဲ ဝင်လာတော့ စကားပြောတာရပ်လိုက်ကြပြီး ဝရံတာကို ထွက်ခဲ့မိကြတယ်….
    အဲဒါ … အဲဒါ မှ . ….
    ဆောင်းည အစစ် ….။

    • Mr. MarGa

      October 22, 2013 at 7:09 pm

      ဦးပါ ရဲ့ ဥပမာ ကို ဖတ်ပြီး
      ပြောချင်တာကို ဒက်ထိ သိသွားတယ်…..
      လေးစားပါတယ်ဗျာ။

    • Char Too Lan

      October 23, 2013 at 2:08 pm

      ဘာသာရေးဆိုတာ စကားတတ်ခြင်း စကားကတ်ခြင်းကို ယှဉ်ထိုးပြီး အမှတ်ပေးကိုးကွယ်ရတာမျိုးမဟုတ်ပါဘူး…။
      မိမိရဲ့ စိတ်နှလုံးနဲ့ မိမိယုံကြည်ရာကို မြတ်နိုးကိုးကွယ်ရခြင်းပါ…။
      ငယ်ငယ်တုန်းကတော့ ဘာသာရေး ငြင်းခုံတဲ့စကားဝိုင်းတွေဆို သိပ်သဘောကျတာ
      လက်ဝှေ့ပွဲကြည့်ရသလိုပေါ့…။ ဒါမှ မဟုတ် တရုတ်သိုင်းကားလိုပေါ့ နော ….။
      ===============================
      ဦးပါပြောတဲ့အတိုင်းပဲ အဲ့လိုတွေပြောတာတာမျိုးတွေ့တဲ့အခါ
      ကောင်းတာလေးတွေမှတ်သားရုံကလွဲပီး ဘာမှမကျန်ပါဘူး
      အဲ့လိုအပြိုင်အဆိုင်ပြောတာတွေထဲမှာ လွန်ခဲ့တဲ့၂နှစ်လောက်က သဂျီးမင်းတို့ ဦးကြောင်ကြီးတို့ ဆြာဆူးတို့အဖွဲ့တွေ ဆွေးနွေးပြောဆိုထားတာတွေလဲ တော်တော်များများကောင်းပါတယ် မှတ်သားစရာတွေလဲပါတယ် ပျော်စရာတွေလဲပါတယ် ရီစရာတွေလဲပါတယ်

  • Mr. MarGa

    October 22, 2013 at 7:04 pm

    ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
    အစ ဆွဲထုတ်တာမို့ အစပဲ ဖော်ကြည့်လိုက်မယ်
    ကျောက်ကွင်း အရေးတော်ပုံကို ဖတ်ဖူးတယ်
    အကြောင်းအရာကို ကြည့်တယ်။
    ဝါဒဖြန်တဲ့ပုံစံ၊ ဝါဒတစ်ခုဆီကို ဆွဲခေါ်ထားတဲ့ပုံစံ မတွေ့ရ။
    မနေ့က အစဖော်မိလို့ အဲဒီအကြောင်းတွေ ရှာတယ်။
    (ပိုများမှ ပြန် ကိုးကားပြီး ထပ် သုံးသပ်မယ်။)
    လောလောဆယ် အခု တင်ပြထားချက်အရ ကောက်ချက် ဆွဲရမယ်ဆိုရင်
    ဒီစာအုပ်နဲ့ ဝါဒနဲ့ကို ခွဲမြင်မိတယ်။
    လူသေလူဖြစ် ဝါဒါနုဝါဒဆိုင်ရာ စာအုပ်စာတမ်းများ ထဲမှာ ဒီစာအုပ် မပါဘူး။
    ဟုတ်ပြီ…အဲဒီစာရင်းကို ဘယ်သူတွေ ပြုစုသလဲ…
    (ဘာပဲဖြစ်ဖြစ် စာရင်းထဲမပါလို့ ဒီစာအုပ် ထုတ်လို့ရတယ်။ ထုတ်နိုင်တယ်) အဲလိုပဲ မြင်လိုက်တယ်။
    ဝါဒ တစ်ခု အနေနဲ့တော့ နောက် ပို့စ်မှ ဝင် ပွားမယ်နော့

  • black chaw

    October 23, 2013 at 10:30 am

    အင်း…
    ဦးဘလက်က အသက်ကြီးပါပြီ မွန်မွန်ရေ…။
    ဆိုတော့…
    ကိုပါလေရာကြီး ကွန်းမန့်ထဲမှာရေးသွားတာလေး
    သိတ်ကြိုက်ပါတယ်…။
    ဘာတဲ့…။

    ကြီးလာတော့ ..
    အဲဒါတွေကို ပျင်း သွားတယ်။
    အဲဒါတွေကို ရဲရဲတင်းတင်း ကျောခိုင်းလိုက်ဖို့
    သတ္တိတွေ ရ လာတယ်။

    တဲ့…။
    ပျင်းတယ်ပဲ ဆိုဆို…သတ္တိရှိလာတယ်ပဲ ပြောပြော…
    ဘာသာရေးအကြောင်း ပြောကို မပြောချင်တော့ပါဘူးကွယ်…။
    ဟေးဟေး…။
    :mrgreen:

  • Foreign Resident

    October 23, 2013 at 11:09 am

    Mr. MarGa says:
    ” လောလောဆယ် အခု တင်ပြထားချက်အရ ကောက်ချက် ဆွဲရမယ်ဆိုရင်
    ဒီစာအုပ်နဲ့ ဝါဒနဲ့ကို ခွဲမြင်မိတယ်။
    လူသေလူဖြစ် ဝါဒါနုဝါဒဆိုင်ရာ စာအုပ်စာတမ်းများ ထဲမှာ ဒီစာအုပ် မပါဘူး။ ”

    မှန်ပါတယ် ။ ကျောက်ကွင်း အရေးတော်ပုံကို ဖတ်ဖူးပါတယ်။
    ကျောက်ကွင်း အရေးတော်ပုံ စာအုပ် e book / soft copy လဲ ရှိနေပါတယ်။
    လိုချင်တဲ့သူတွေကို e mail နှင့် ပို့ပေးနိုင်ပါတယ် ။

    ကျောက်ကွင်း အရေးတော်ပုံစာအုပ်ဟာ ၊
    ဗုဒ္ဓ ဘာသာ နှင့် ခရစ်ယာန် ဘာသာ စကားနိုင် လုပွဲအကြောင်း ရေးထားတာပါ ။

    အဲဒီ စာအုပ် ထဲမှာ ရှင် ဥက္ကဋ္ဌ ရဲ့ လူသေလူဖြစ် ဝါဒ အကြောင်း မပါပါဘူး ။
    ဒါကြောင့် ၊ ကျောက်ကွင်း အရေးတော်ပုံစာအုပ် ကို ထုတ်ခွင့်ပြုတာ ဖြစ်မှာပါ ။
    ဘာသာရေး စာအုပ်တွေဟာ သာသနာရေး ဝန်ကြီး ဋ္ဌာန ခွင့်ပြုချက်ပါမှ ထုတ်ရတာပါ ။

    • အဓိကက အဲဒါသိချင်တာ…
      လူသေလူဖြစ်ဝါဒတော့ မပါဘူး.. ဒါပေမယ့် တစ်ချို့အချက်တွေ ပါနေတယ်…
      အဲဒီစာအုပ်က ဝါဒဖြန့်စာအုပ်မဟုတ်ဘူး.. ဖတ်လို့လည်း ကောင်းတယ်.. ဒါပေမယ့် အဓမ္မဝါဒလို့ သတ်မှတ်ထားတဲ့ အချို့အချက်တွေပါနေတယ်… အဲဒါကြောင့် အစဆွဲထုတ်လာတာပါ… 🙂

  • koyinmaung

    October 23, 2013 at 11:50 am

    ကျောက်ကွင်းအရေးတော်ပုံစာအုပ်ပုံနှပ်ထုတ်ဝေတဲ့စာအုပ်မှာတကယ်က တယောက်နဲ့တယောက်
    အတိုက်အခံပြောကြတာ အပြည့်အစုံမပါသေးပါဘူး ဘာသာရေးထိခိုက်မဲ့အပြင်းစားတွေက နောက်ဆက်တွဲ
    စာကူးစက်နဲ့သီးသန့်ထွက်တာတွေရှိခဲ့ဘူးပါတယ်….
    ရှင်ဥက္ကဌရဲ့စာအုပ်တွေထဲမှာ ရွှေချိန်ခွင်ရှင်းတမ်းတို့ရှင်ဥက္ကဌတပည့်ဦးကိုလေးရေးတဲ့၃၁ဘုံဝါဒ ဗုဒ္ဓလက်မခံခြင်းတို့ရှင်အရိယဓမ္မရေးတဲ့ဗုဒ္ဓဝါဒပြသနာများဆိုတဲ့စာအုပ်တွေဟာတချိန်ကအင်မတန်နာမည်
    ကြီးခဲ့ပါတယ်လူသေလူဖြစ်စာအုပ် ပြသနာဖြစ်တော့..အဲ့ဒီစာအုပ်ကိုပြန်လည်ရှင်းထားတဲ့စာအုပ်လဲထွက်ခဲ့ဘူးပါတယ်..
    ၃၁ဘုံဝါဒဗုဒ္ဓလက်မခံခြင်းဆိုတဲ့ အယူအဆတွေကို တချိန်ကတိပ်ခွေဇာတ်လမ်းတွေခေတ်စားချိန်
    လူငယ်နိုင်လင်း ထုတ်ဝေခဲ့တဲ့ ဗြူဟာဘုံ..ဘုံကမာ္ဘ..ဘုံရှင်းတမ်း ဆိုပြီးအခွေတွေမှာ ဦးထွန်းဝေ(ရုပ်ရှင်သရုပ်ဆောင်)တို့ပါဝင်အသံသွင်းခဲ့ကြပါသေးတယ် မကြာပါဘူး..
    ဘုရားတရားတော်တွေနဲ့သွေဖီတယ်ဆိုပြီးဆရာတော်ကြီးတွေခေါ် ဆုံးမတာခံခဲ့ကြရပါတယ်
    သတင်းစာထဲမှာကိုထည့်ပြီးပုံနဲ့တကွ ဆရာတော်တွေကိုတောင်းပန်နေတဲ့ပုံပါလာခဲ့ဘူးပါတယ်..
    မဝေပြောတာမှန်ပါတယ် စာတွေသိပ်တတ်တော့ဝိနည်းလွတ်လက်တလုံးခြားပြောနိုင်ဆိုနိုင်ကြတဲ့
    ဆရာတော်ကြီးတွေဖြစ်ကုန်ကြတာပါ….
    ရှင်ဥက္ကဌဆရာတော်ဆို ခရစ်ယာန်ကျမ်းစာအုပ်တွေကို မြန်မာပြည်ကဘာသာပြန်တဲ့စာအုပ်တွေကို
    ဖတ်တာမဟုတ်ဘဲ မူရင်းစာအုပ်တွေကိုမှရှာဖတ်ခဲ့ကြတာဆိုတော့..
    ဘာသာပြန်တဲ့အခါမြန်မာပြည်နဲ့မသင့်တော်တဲ့အပိုဒ် ချန်ခဲ့တာတွေကိုဆရာတော်ကသိနေတယ်…
    ရွှေချိန်ခွင်ရှင်းတမ်းဆိုတဲ့စာအုပ်ထဲမှာဆို..ထာဝရဘုရားသခင်ရဲ့ပုံသတန်(စာလုံးပေါင်းမှာယင်ပြင်သာဖတ်လိုက်ပါ)ကိုသမ္မာကျမ်းစာအခန်းဘယ်လောက်မှာဆိုပြီး ဖေါ်ပြထားတာတွေတောင်ရှိခဲ့ဘူးပါတယ်..
    ဖတ်ခဲ့ဘူးတာကိုရေးပြမယ်နော်..ဘာသာရေးပုတ်ခတ်တာတော့မဟုတ်ပါဘူး..ထာဝရဘုရားသခင်ရဲ့
    ပုံသတန်ဟာ မျက်လုံးကအနီရောင်တကိုယ်လုံးဖုံးနေတဲ့အမွေးအမျှင်တွေကအဖြူရောင် လက်သည်းတွေက
    အရှည်ကြီးတွေလို့ရေးပြထာတယ်…ဆရာတော်ရေးထားတာတွေရှိသေးတယ် သိတ်ဝင်စားယင်နောက်မှထပ်ရေးအုံးမယ်..
    ဒါပေမဲ့ဘာသာရေးထိခိုက်တဲ့အတွက်မပြောကြတာလဲကောင်ပါတယ်လေ……

  • surmi

    October 23, 2013 at 12:24 pm

    အင်​း…… မွန်​မွန်​…..မွန်​မွန်​ …
    ဒီက​လေး .. တယ်​လက်​​ဆော့သကိုးးးးးးးး….
    မုဆိုး​ကျော်​ အဘခိုင်​ပစ်​ကွင်​း​တော့​ရောက်​​တော့မယ်​…
    .
    .
    .
    အနိစ္စ !!¡¡¡

    • မောင်ဘလိူင်

      October 23, 2013 at 5:39 pm

      ဟုတ်ပ ဦးဦးဆာမိ ရေ..လွန်မလေး မုံမုံတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။
      ဟိဟိ။ ကျွန်တော်တော့ သူများငြင်းတာပဲ ဖတ်တော့မယ်။ တစ်ခုတော့
      ပြောချင်တယ်။ ငြင်းမယ် ဆို ဒဿန အခြေခံလေး ရှိဖို့ကောင်းမယ်။
      ဖီလိုဆိုဖီ ကကြီး ခခွေးလောက် မသိဘဲမငြင်းကြရင် နားဝင်ဆိုးသဗျ။
      ယုတ္တိ ထုတ်ရင်လည်း သဘာဝယုတ္တိ ၊အာဂမ္မ ယုတ္တိ၊ သာဓကယုတ္တိ
      လေးများ ထုတ်ကြပါ။ ဒဿနလောကမှာ အဆိုနဲ့အမြင်ဆိုတာရှိတယ်။
      အဆိုကိုပဲ အရေးလုပ်ငြင်းကြလေ့ရှိပြီးတော့ အမြင်ဆိုရင် အရေးတောင်
      မလုပ်ကြဘူးဆိုတာ သတိချပ်စေလိုတယ်။

  • padonmar

    October 23, 2013 at 8:11 pm

    ဘာသာရေးဆိုတာ ငြင်းဖို့မဟုတ် ကိုယ်တိုင် အချိန်လေးတခုပေးပြီးကျင့်သုံး ကြည့်ပါ
    စိတ်ကိုအေးချမ်းစေတာသေချာရင် ဆက် ကျင့်သူံးပါ

  • ကျော်စွာခေါင်

    October 24, 2013 at 2:28 am

    လုံလုံ…
    စာမရေးဖြစ်ဘူးပြောပြီး ညီမလေးက ရေးမယ့်ရေးတော့… တစ်ကယ့်စာကို တင်လာတာဘဲ..။
    တမျိုးတော့ ကောင်းတယ် လုံလုံ… လူငယ်တွေ က ဘာသာရေးရဲ ့ပြသနာအချို ့ကို စိတ်ဝင်စားလာတာ ကောင်းတယ်လို ့မြင်ပါတယ်..။ ဦးခေါင် တပိုင်းတစ်စ ငယ်တုန်းက ဖတ်ခဲ ့ရတာက လူသေ လူဖြစ် စာအုပ်ပါ.. အစအဆုံး မဖတ်ရဘူး..
    ကျောက်ကွင်းက နောက်မှဖတ်ရတာပါ…။
    ဒိစာတွေ တင်မယ်ဆိုလည်း ဘာသာရေးအရ ပြသနာ မရှိနိုင်ပါဘူး..ဒါဟာ တစ်ချိန်က သူနိုင်ကိုယ်နိုင် ပြိုင်ပြိး ပြောရတာလေ..။
    သူတို ့ဘက်ကလည်း ပြောတာဘဲ.. ဆရာတော်ဘက်ကလည်း ပြောတာဘဲ…။
    အခု ဖြစ်နေတာ မဟုတ်ဘူး…
    ခုမှ လာပြီး ငါ့ဘာသာကို ပြောရကောင်းလားဆိုပြိး ဖြစ်စရာ မလို ဘူး…
    ဥပမာ ဟစ်တလာတို ့ဂျာမနီက ဥရောပ မှာ တော်တော် ဆိုးခဲ့ကြပေမယ့် ဒီနေ ့ရရောပမှာ ဂျာမနီက ထုတ်တဲ့ ပစ္စည်းမို ့ တို ့နိုင်ငံက မသုံးဘူးဆိုတာ မရှိဘူး..
    ဟစ်တလာက ဟစ်တလာ
    မိတ်ဒ်အင် ဂျာမနီက …မိတ်အင် ဂျာမနီဘဲ..။
    ခုချိန်မှာ ဆွေးနွေးမယ်ဆိုလဲ..ကျောက်ကွင်းကနေ လူသေ လူဖြစ်ထိဆက်လာနိုင်တာမို ့ ဝင်ဆွေးနွေးသူသာလျှင် သတိထားရလိမ် ့မယ်..။
    ပင်လယ်ရေနက်ထဲ ရေနစ်ဘူးသူမှ ပင်လယ်ရေ ငံလွန်းလို ့ ခါးပါ ခါးတဲ့ အရသာ သိနိုင်မယ်
    ရေခဲမြစ်ထဲ လှေမှောက်ဘူးသူ သာ ရေရဲ ့အေးခဲ နာကျင်မှုကို သိမယ်..။
    ဘာသာတရားဆိုတာ စိတ်ကူးယဉ်ပြီး သိပါတယ် လို ့ လုပ်ကောင်းတဲ့အရာ မဟုတ်သလို…
    ရဟန်းတစ်ပါးရေးထားတဲ ့အနက်ကို မစဉ်းစားဘဲ.. အဓ္ဓမ ဝါဒီလို ့ သံယောင်မလိုက်မိဘို ့လိုတယ်…။
    တစ်ချို ့ အယူအဆတွေက မှန်ရဲ ့သားနဲ ့ အချိန်အခါအရ တစ်ခြားအယူအဆဘက်ကို အားသန်နေရင် မြှုပ်ကွယ်တတ်တယ်..
    ဖုံးပစ်တတ်တယ်..။
    အဓိက ပြောချင်တာတော့ လေ့လာပါ…စဉ်းစားပါ..ဝေဖန်မယ်ဆို သတိထားပါ…။
    စာတွေ တော့ လာဖတ်မှာပါ.. ဆွေးနွေးတာကိုတော့ မသေချာဘူး…။
    ဘာလို ့လည်းဆိုတော့ ကိုယ်က ဆရာတော်နဲ ့အနီးကပ် မနေခဲ့ဘူးတော့ …
    ဆရာတော် ဘာကို ကျင့်ကြံ အားထုတ်လို ့ ဘယ် အမြင် ဖြစ်ခဲ့တာ ကိုယ်မှ မဆန်းစစ်နိုင်တာ..။
    တရားသဘောက နက်တယ် လုံလုံရေ..။

    • kai

      October 24, 2013 at 4:52 am

      ရဟန်းတစ်ပါးရေးထားတဲ ့အနက်ကို မစဉ်းစားဘဲ.. အဓ္ဓမ ဝါဒီလို ့ သံယောင်မလိုက်မိဘို ့လိုတယ်…။

      အဲဒါလေးကြိုက်လို့ ထပ်ကုဒ်တာပါ…။
      တကယ်တော့.. သူတပါးအတွေးအခေါ်..အယူအဆကို.. အဓမ္မဝါဒ ဆိုပြီးပိတ်ဆို့တားဆီးသူတွေသာ .. ပိတ်စို့တားဆီးရုံနဲ့အားမရ.. အတွေးအခေါ်ရှင်ကို.. လူအင်အားနဲ့ဝိုင်းအနိုင်ကျင့် ကိုယ်ပြုတဲ့ဥပဒေဆိုတာကြီးနဲ့.. ချုပ်ချယ်တားဆီးချုပ်နှောင်သူတွေသာ.. အဓမ္မဝါဒီ.. လူသားမဆန်သူ.. ငရဲလားမယ့်သူတွေဖြစ်တယ်လို့..
      ….ထပ်ဖြည့်ချင်… :mrgreen:

  • အားလုံးကို ကျေးကျေးပါ။ အာတီဒုံပြောထားသလို ဘာသာရေးဆိုတာ ကိုယ်တိုင်ကျင့်ကြည့်မှ သိတယ်ဆိုတာ လုံးဝလက်ခံပါတယ်။ အခု လုံမက အဓမ္မဝါဒလို့ သတ်မှတ်ထားတဲ့ဝါဒက စာအုပ်တွေထွက်လာတယ်။ စာအုပ်ကို ဖတ်ကြည့်တော့လည်း အချို့အချက်တွေက စဉ်းစားစရာပေါ့နော်။ ဥပမာ ဘုရားလက်ခံတဲ့ ဘုံ တစ်ခုမှမရှိဘူးလို့ ပြောထားတာမျိုးတွေ။ ဆိုတော့ ဘာသာရေးပေါ်မှာ အပြောနဲ့ ဝေဖန်ချင်တာမဟုတ်။ ဒီစာအုပ်ကို တရားဝင်တွေ့နေရခြင်းအပေါ် ဖြေန်ချင်တာသာ ဖြစ်ပါကြောင်း 🙂

    သူကြီးပြောသလိုဆို အဓမ္မဝါဒ ကြေညာချက်တွေက မှားတယ်ဆိုတဲ့သဘောလား

  • ဦးဦးပါလေရာ

    October 24, 2013 at 11:42 am

    ဒီနေရာမှာ တစ်ခုလောက် ထောက်ပြပြောဆိုချင်တယ်..
    မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာရဲ့ ဦးစီးရှေ့ဆောင် ရဟန်းတော်များက စုဝေးညီညွတ်ပြီး
    အယူဝါဒတစ်ခုကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ကြေငြာတယ်ဆိုတာ
    မိမိအယူနဲ့မတူလို့ မဟုတ်ပါ။ (လုံးဝ လုံးဝ မဟုတ်ပါ)။
    ဥပမာ – ခရစ်ယာန်၊ ဟိန္ဒူဝါဒအမျိုးမျိုး၊ အစ္စလာမ်၊ နတ်ကိုးကွယ်မှု့ … စတာတွေနဲ့တကွ
    အခြားအယူဝါဒများကို အဓမ္မဝါဒ လို့ ပြောလဲမပြော၊ သတ်လဲမသတ်မှတ်၊ ကြေလဲမကြေငြာ ပါ။

    မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာရဟန်းတော်များက အဓမ္မဝါဒအဖြစ်ကြေငြာတယ်ဆိုတာက
    မြန်မာနိုင်ငံမှာ အများက ယေဘုယျအားဖြင့် လက်ခံထားတဲ့ ထေရဝါဒအယူနဲ့မတူတဲ့
    အတွေးအခေါ်/ အဓိပ္ပါယ်ကောက်/ ဖွင့်ဆိုချက်/ ဟောကြားချက်/ ဝါဒဖြန့်ချိ ချက်တွေကို
    ၁- ဗုဒ္ဓသာသနာလို့ -အမည်ခံတာ
    ၂- အဲဒါမှ ဗုဒ္ဓသာသနာအစစ်လို့ ပြောဆိုတာ
    ၃- ဗုဒ္ဓသာသနာ ဖြစ်သယောင်ပြောဆိုတာ
    ၄- ဗုဒ္ဓသာသနာ အတွင်း အဝင်အပါဖြစ်သယောင်ပြောဆိုတာ
    ၅- လက်ရှိသံဂါယနာတင်ထားတဲ့ စံအဖြစ် ထုံးအဖြစ် သတ်မှတ်ထားတဲ့ ပိဋကတ်စာပေတွေနဲ့တကွ ဆက်စပ်တရားတော်တွေကို ဘုရားသာသနာအစစ်မဟုတ်ဘူးလို့ စွပ်စွဲပယ်ချတာ
    ……. အဲဒီအကြောင်းတွေကြောင့် မူလကိုယ့်ဘာသာအယူကိုနင်းပြီး ပစ္စည်းချင်းလဲပြီး-တံဆိပ်တော့ ခပ်တည်တည်ယူသုံးတာကို တားမြစ်ဖို့လိုအပ်တာကြောင့်
    ဓမ္မ(ဘုရားဟောတရား)မဟုတ်တဲ့
    အဓမ္မ(ဘုရားမဟောတဲ့တရား) တွေလို့ သတ်မှတ်ဆုံးဖြတ် ကြေငြာခြင်းဖြစ်ပါတယ်။

    အဲဒါဟာ သူတပါးအယူဝါဒကို တိုက်ခိုက်ခြင်းမဟုတ်ပဲ
    ကိုယ့်အယူဝါဒနဲ့ ကိုယ့်အယူဝါဒကိုးကွယ်သူတွေကို စောင့်ရှောက်ခြင်းသာဖြစ်ပါတယ်။

    မဟန ဘုန်းကြီးတချို့ နာမည်ပျက်တာ၊ ရဟန်းတချို့ အနေအထိုင်မကောင်းတာတွေကို
    တွေ့မြင်ရလို့ စိတ်ပျက်အကြည်ညိုပျက်နေရတဲ့အထဲ
    ထေရဝါဒရဟန်းတော်တွေဟာ အုပ်စုဖွဲ့အနိုင်ကျင့်တယ် သူတပါးဝါဒကို မတရားပိတ်ပင်တယ်လို့ ထင်မြင်စွပ်စွဲမိမှာစိုးလို့
    ချင့်ချိန်နိုင်အောင်ပြောရတာပါ…။

    ကိုယ့်အတွေးအခေါ်ကိုယ့်ယုံကြည်ချက်ကို
    ဗုဒ္ဓဝါဒလို့ဇွတ် အရိပ်ဝင်မခိုပဲ
    သတ္တိရှိရှိ ယုံကြည်ချက်ရှိရှိနဲ့ ကိုယ်ပိုင်ဝါဒအဖြစ် ကိုယ့်နာမည်တပ်ပြီး
    ဝါဒအသစ်တွေ အတွေးအခေါ်အသစ်တွေ ထူထောင်သင့်ပါတယ်။

    ဥပမာ-
    ကွန်ဖြူးရှပ်ဝါဒ …. လိုမျိုးပေါ့ ….

    ကျုပ်က ကွန်ဖြူးရှပ်ဝါဒကို မကြိုက်လဲမကြိုက် လုံးဝလဲ လက်မခံပါဘူး…
    ဒါပေမယ့် သူ့ရဲ့ သတ္တိနဲ့ ရိုးသားမှု့ကို
    သိပ်လေးစားတယ်….။

    (ကြုံလို့ပြောရရင် မိုးပြာအယူကို တစ်လုံးမှလက်မခံပေမယ့် သူ့အတွေးအခေါ်ကိုလဲ လေးစားပါတယ်)

  • ကိုရင်စည်သူ

    October 24, 2013 at 11:59 am

    ကိုရင်တို့ ဗုဒ္ဓဘာသာဝင်တော်တော်များက တရားတော်ရဲ့ အကာကိုပဲယူပြီး ကိုးကွယ်ပြီး
    အနှစ်ကို မေ့နေကြတာတော့ သတိပြုမိတယ်…
    သိပ်ကောင်းလွန်းခဲ့ဒဲ့ ဉာစ်နဲ့ ပါရမီဓါတ်ခံပါရင်တော့ စာလေးတစ်ကြောင်းတောင်
    ဖတ်ပြီး တရားအသိရသွားနိုင်ပါတယ်။ ဒါကြောင့် ဘာသာတရားအစစ်အမှန်ကိုးကွယ်ကြတဲ့
    သူတိုင်း ရေခံ မြေခံ ဓါတ်ခံ… ကောင်းတွေ ရှိသင့်ပါကြောင်း…

  • ဦးပါ ပြောသလိုပါပဲ။ အဓမ္မဝါဒဆိုတာ ကိုယ့်ဘာသာထဲက အတုအယောင်တွေကို အစစ်မဟုတ်ပါဘူးလို့ကြေညာတာပါ။ ကိုယ်တိုင်အားထုတ်ကြည့်မှသိမယ် ဆိုပေမယ့် အယူအဆအမှားတွေနဲ့ကျင့်ရင် ပိုအန္တရာယ်ကြီးပါတယ်။ ဉာဏ်နုသေးတဲ့အချိန်မှာ အမှားတွေကို ဖတ်လိုက်မိမယ်။ မမီမကမ်းဉာဏ်နဲ့ တွေးမိတဲ့အခါ အမှားကို လက်ခံမိသွားတယ်။ အဲဒီအမှားဆိုတာကလည်း ဘာသာခြားရဲ့ဝါဒမဟုတ်ဘဲနဲ့ သင်္ကန်းရုံထားတဲ့ ဘုန်းကြီးတွေရေးတဲ့ဝါဒ။ အတွင်းရန်က ပိုကြောက်ဖို့ကောင်းပါတယ်။

  • Foreign Resident

    October 25, 2013 at 7:37 am

    ဦးဦးပါလေရာ says:
    ဓမ္မ(ဘုရားဟောတရား) မဟုတ်တဲ့ အဓမ္မ(ဘုရားမဟောတဲ့တရား) တွေလို့
    သတ်မှတ်ဆုံးဖြတ် ကြေငြာခြင်းဖြစ်ပါတယ်။

    လုံမလေးမွန်မွန် says:
    ဦးပါ ပြောသလိုပါပဲ။ အဓမ္မဝါဒဆိုတာ ကိုယ့်ဘာသာထဲက အတုအယောင်တွေကို
    အစစ်မဟုတ်ပါဘူးလို့ကြေညာတာပါ။

    ဦးပါ နှင့် လုံမလေး ပြောခဲ့သလိုပါဘဲ ။
    ( ကြားရတာ နဲနဲ နားခါး သော်ငြား လည်း )
    ထေရ ဝါဒ နှင့် လွဲချော်တယ် ထင်တဲ့ တရားတွေကို ၊
    ထေရ ဝါဒ က အဓမ္မ ဝါဒ ဖြစ်ကြောင်း ၊
    ထေရ ဝါဒ မဟုတ်ကြောင်း ကြေငြာတာ အထိ ကို လက်ခံပါတယ် ။

    ဒါပေမယ့် ၊ ထေရ ဝါဒ နှင့် အယူမတူတဲ့ ဗုဒ္ဓ ဝါဒ တွေကို ၊
    ပုံနှိပ်ခွင့် မပေးတာ ၊ ထောင်ချတာ တွေကို ၊ လုံးဝ ( လုံးဝ ) လက်မခံနိုင်ပါဘူး ။

    ဥပမာ ။ ။ မိုးပြာ ဆရာတော် ဦး ညာဏ ဆိုရင် ထေရ ဝါဒ နှင့် ကွဲအောင် ဆိုပြီး ၊
    သူ့ ရဲ့ သင်္ကန်း ကိုတောင် မိုးပြာ ရောင် ပြောင်းလိုက်ပြီဘဲ ။
    ဘာမှ မိုးပြာ ဆရာတော် ဦး ညာဏ ကို ထောင်ချစရာ မရှိတော့ပါဘူး ။

    မိုးပြာ ဆရာတော် ဟောတာ တွေဟာ ၊ ဘုရားဟော မဟုတ်ဘူးလို့ ပြောရအောင်ကလဲ ၊
    ပစ္စည်း သက်သေ ( ဘုရား ဟောနေတုန်း အသံသွင်းထားတာ ၊ VCD ရိုက်ထားတာ )
    လူ သက်သေ ( ဘုရား ဟောနေတုန်း ကိုယ်တိုင် ကြားနာဖူးသူ ) ကလည်း မရှိ ။

    အဲဒီလို မ တရားမှုတွေကို အဆင်အခြင်မဲ့ လုပ်ဆောင်နေတာ တွေ့ရတဲ့ အတွက် ၊
    ထေရ ဝါဒ သံဃာ့ မဟာ နာယက အဖွဲ့ကို အထင်အမြင် သေး / ရှုံ့ချမိပါတယ် ။

    ကိုယ့် ရဲ့ ( ထေရ ဝါဒ ) အယူအဆ ဟာ ၊
    မခိုင်လုံ / ကျိုးကြောင်း မဆီလျှော် / တခြား ဝါဒ တွေနှင့် ယှဉ်ပြိုင် မဆွဲဆောင်နိုင်လို့သာ ၊
    အဲဒီလို ပြိုင်ဖက်ကို မ တရား ထောင်ချ ဖိနှိပ်နေရရှာတယ်လို့ ၊ ထင်မြင်မိပါတယ် ။

  • Ma Ma

    October 25, 2013 at 8:17 am

    ပိုစ့်နဲ့ကွန်မန့်တွေကိုဖတ်ပြီး မမန့်ရဲတော့ဘူး။
    အားလုံးက စာဂျို ုး စာဂျပိုးတွေချည်းပဲ။
    သိစရာတွေ အမျ ားကြီးပါလားလို့လည်း မြင်မိတယ်။
    နောက်ဆက်တွဲကွန်မန့်တွေ ပိုစ့်တွေကို စောင့်ဖတ်ပါမယ်။
    🙂

  • ဦးကျောက်ခဲ

    October 25, 2013 at 10:10 am

    အမှန်ပြောရရင်တော့ နိုင်ငံရေး၊ ဘာသာရေး၊ လက်လှမ်းမမှီတဲ့ သမိုင်း…
    ဦးကျောက်ခဲ လုံးဝ လုံးဝ မဆွေးနွေးလိုပါဘူး…
    ဒါပေမည့် ဖတ်ရတာ အတော်အူယားလာလို့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းပါရစေ…

    သံဃာ့ဝိနိစ္စယ ဆရာတော်ကြီးများလည်း ရဟန်းန္တာမဟုတ်ကြသလို…
    ဓမ္မတို့ အဓမ္မတို့ဆိုတာ လူတွေ ပညတ်တဲ့ ဖြတ်ထုံးတွေပါ…
    နောက်ပြီး ကမ႓ာအေး မ.ဟ.န ဆိုတာ ဘုန်းကြီးလူထွက် တစ်စုရဲ့ အာဘော်ပါ…
    သူတို့မနှစ်ခြိုက်တိုင်း အဓမ္မဝါဒလို့ အမည်တပ်တာ မနှစ်မြို့ပါဘူး…
    – ကျမ်းဂန်နဲ့ တိုက်စစ်တယ် ဆိုရင်…
    အဲသည့်ကျမ်းဟာ ဘုရားဟောအစစ်လားလို့ မေးပါရစေ…
    ဗုဒ္ဓရဲ့ ဓမ္မကို နှစ်၅၀ဝကျော် အာဂုံဆောင်လာပြီးမှ ပါဠိအက္ခရာတင်တာပါ…
    ပါဠိရဲ့အနက်က အလွန်ကျယ်ဝန်းသလို ရှေ့၊နောက်စာလုံးကြည့်ပြီး…
    လိုသလို အဓိပ္ပာယ်ဖွင့်လို့ရပါတယ်…
    ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ခဏခဏ သံဃာယနာတင်တာပါ…
    ဒါပေမည့် တခြား ထေရဝါဒနိုင်ငံတွေက ပြည်တွင်းရေးဆိုပြီး လက်မခံပါဘူး…
    အနီးစပ်ဆုံး Thailand တို့ Sri Lanka တို့ရဲ့ ပိဋကတ် ၃ပုံဟာ မြန်မာနဲ့ ထပ်တူမကျပါဘူး…

    စကားစပ်မိလို့ ပြောရရင်…
    ရဟန်းန္တာလို့ ကျော်ကြားတဲ့ စွန်းလွန်းဂူ၊ သဲအင်းဂူ ဆရာတော်ကြီးများ စာမတတ်ကြသလို…
    အဘယ် အဘိဓမ္မာဆရာ ဓမ္မကထိကရဲ့ကျေးဇူးနဲ့မှ ရဟန်းကိစ္စပြီးတာမဟုတ်ပါဘူး…
    နောက်ပြီး ဒါနဆိုတာ ကိုယ့်ရဲ့ သီလနဲ့ စာဂကိုယုံရင် အပ္ပရိကပါ…
    စာမေးပွဲမှာ ကိုယ့်ကိုယ်ကို ကိုယ်ယုံရင် ခိုးချဖို့ စာရွက်ဆောင်စရာ မလိုသလိုပေါ့…

    ပို့စ်နဲ့ ပက်သက်လို့ ပြောရရင်တော့…
    အပေါ်ကစာအုပ်တွေကို အများယောင်သလို အဓမ္မဝါဒလို့ သိမ်းကြုံးမရမ်းပဲ…
    ကိုယ်ပိုင် စဉ်းစားဉာဏ်နဲ့ ဖတ်ချင်ရင် ဖတ်ကြည့်၊ မဖတ်လိုလျင်လည်း ရပါတယ်…
    အနှစ်ပဲယူယူ၊ အကာပဲယူယူ၊ အကုန်လုံးပဲ ပစ်ပစ် ကိုယ့်သဘောကိုယ်ဆောင်ပါတယ်…
    အဓမ္မဝါဒလို့ အမည်တပ်၊ အားလုံးကို ပိတ်ပင်ရင်တော့… သူတပါးပါးစပ်မှာ ဘဝဆုံး…
    အစွန်းရောက်တဲ့ အမှောင်ခေတ်ကို ပြန်ရောက်သွားတော့မှာပေါ့…
    အဲသည့်လိုပါပဲ… မဟာယာနများကလည်း ထေရဝါဒကို အဓမ္မလို့ သတ်မှတ်ကြပေလိမ့်မယ်…

    ဆက်ပြောရင်လည်း ကိုယ်ပေါင်ကိုယ်လှန်ထောင်းရာကနေ ခုတ်ဖြတ်တဲ့အဆင့် ရောက်သွားလိမ့်မယ်…
    ဟုတ်ကဲ့… ထပ်ပြောပါရစေ ဦးကျောက်ခဲ FREE THINKER ပါ ခင်ဗျား…

  • Char Too Lan

    October 25, 2013 at 2:04 pm

    ဘလိတ်ဓါး၊ သင်ဒုံးဓါးကစလို့ ငှက်ကျီးဒေါင်ဓါးနဲ့
    ကင်ဒိုဓါး နင်္ဂါးနိုင်ဓါးတွေပါ အစုံရမယ် 😀 😛

  • myat pearl phyu

    January 31, 2014 at 4:31 pm

    အားလုံးကို ဖတ် မှတ် လေ့လာသွားပါတယ်ရှင်…
    ဗုဒ္ဓမြတ်စွာ သာသနာ ရောင် ဝါနေသို့ လင်းပါစေ…
    ဗုဒ္ဓမြတ်စွာ သာသနာ ရောင် ဝါနေသို့ လင်းပါစေ…
    ဗုဒ္ဓမြတ်စွာ သာသနာ ရောင် ဝါနေသို့ လင်းပါစေ…

  • kyeemite

    February 1, 2014 at 11:43 am

    အင်း…ကောင်းပါလေ့ဗျာ…
    ဒီနေ့ အာတီဒုံတင်တဲ့ “တော်ဝင်စင်တာရှေ့ စာအုပ်ရောင်းပွဲ” ပိုစ့်မှာ လူသေလူဖြစ်စာအုပ်တွေ့ခဲ့တယ်ပြောတယ်…သွားဝယ်အုံးမှ

  • ကျော်ဘသစ်

    February 1, 2014 at 12:45 pm

    ရှင်ဉာဏနှင့် ဥပဒေဝိပတ္တိ
    ………………………….

    နိုင်ငံတော်သံဃာ့ခုံရုံးက ရှင်ဉာဏကို အဓမ္မဝါဒီလို့ ဆုံးဖြတ်ပြီးတဲ့နောက် တစ်ဆက်တည်းမှာ အစိုးရအာဏာပိုင်များအနေနဲ့ “အဓမ္မဝါဒီ ရှင်ဉာဏကို အာဏာစက်နဲ့ လိုအပ်သလို အရေးယူသွားဖို့” လွှဲပြောင်းပေးအပ်ထားတဲ့စာ ဖတ်ရတယ်။

    ပထမသင်္ဂါယနာတင်စဉ်ကာလအတွင်း အဇာတသတ်မင်းက အာဏာစက်နဲ့ ကူညီခဲ့သလို “မြန်မာနိုင်ငံတော်အစိုးရအနေနဲ့လည်း (အဓမ္မဝိနိစ္ဆယ) ဓမ္မစက်၏နောက်က အာဏာစက် လိုက်ပါဆောင်ရွက်ပေးပါရန် အထူးအားဖြင့် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်” တဲ့။

    မြန်မာ့ဗုဒ္ဓဘာသာ၊ မြန်မာ့ဥပဒေ၊ မြန်မာ့နည်းမြန်မာ့ဟန် ကျမ်းဂန်အကိုးအကားတွေနဲ့ အခုလို မြန်မာဆန်ဆန် ပြစ်ဒဏ်စီရင်ဖို့ ဝကွပ်အပ်၊ လက်မှတ်ထိုး ပေးလိုက်တာဟာ မြန်မာ့လူများစုကြီးအမြင်မှာ မှန်ကန်သလိုလို ထင်ရပေမယ့် တကယ်တော့ ဒါဟာ အင်အားကြီးအုပ်စုက သဘောတူအစိုးရနဲ့ ခေါင်းချင်းရိုက်ပြီး အင်အားနည်းသူကို အနိုင်ကျင့်လိုက်တာဆိုတာတော့ ငြင်းမရဘူး။

    တကယ်တော့ သံဃာထုက အစိုးရဆီက အကူအညီတောင်းရမယ့် အာဏာစက်ဆိုတာ သံဃာ့ကိစ္စတွေမှာ သူခိုးဂျပိုး၊ အနှောက်အယှက်၊ ဘေးရန်တွေကနေ အကာအကွယ်ပေးဖို့ပဲ ဖြစ်တယ်။ အများစုနဲ့ အယူအဆ၊ သဘောထားကွဲလွဲသူကို ဖမ်းဆီးထောင်ချဖို့ မဟုတ်ဘူး။

    ဆိုပါစို့၊ သံဃာ့ခုံရုံးထုတ် စာထဲမှာ ကိုးကားထားတဲ့ အဇာတသတ်မင်းကိုပဲ ကြည့်။ ပထမဆုံး သင်္ဂါယနာတင်ကြမယ်ဆိုတော့ ရဟန်းတစ်ပါးက သံဃာထုကြီးထဲက ခွဲထွက်ပြီး “ငါကိုယ်တိုင် ဗုဒ္ဓဆီက တိုက်ရိုက်နာကြားထားခဲ့ရတဲ့တရားကိုပဲ အတည်ပြုမယ်၊ မင်းတို့လုပ်တဲ့ သင်္ဂါယနာထဲ မပါဝင်နိုင်ဘူး” ဆိုတော့ အဇာတစ်သတ်က အာဏာသုံးပြီး မဖြစ်မနေပါရမယ်ဆိုပြီး အဲဒီရဟန်းကို ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။

    နောက်ထပ်သာဓကတစ်ခုက ဒုတိယသင်္ဂါယနာတင်စဉ်က အဖြစ်အပျက်….။
    ရဟန်းတစ်ချို့ ဝိနည်းစည်းကမ်းတွေထဲက အချက်တစ်ချို့ကို ပယ်နှုတ်ဖို့ တင်ပြရာက သံဃာကြားမှာ ဂိုဏ်းကွဲမှု စဖြစ်တယ်။ အဲဒီတုန်းကလည်း အင်းအားကြီးအုပ်စုကနေ လက်ရှိအုပ်ချုပ်နေတဲ့ဘုရင်ကို လက်တို့ပြီး တစ်ဘက်အုပ်စုကို အာဏာစက်နဲ့ အသုံးပြုနှိပ်ကွပ်ပေးဖို့ မတောင်းဆိုခဲ့ကြဘူး။

    (အဲဒီတုန်းကသာ အင်အားကြီးတဲ့ဘက်က အင်အားသုံး ဖြိုခွင်းခဲ့မယ်ဆိုရင် အခုအချိန် ထေရဝါဒဆိုတာ ရှိမှာတောင် မဟုတ်တော့ဘူး။ အဲဒီအချိန်က ဝိနည်းပြင်ချင်တဲ့ မဟာသံဃိကဂိုဏ်းက ပိုပြီး အင်အားတောင့်တင်းနေခဲ့လို့လေ။ နောက်ဆုံးမှာ ငြိမ်းငြိမ်းချမ်းချမ်း လမ်းခွဲလိုက်ကြတယ်။)

    ကဲ… ဒါက ယနေ့အာဏာစက်ဆိုတာကို မတော်မတရားတဲ့နေရာမှာ တောင်းဆိုပြီး အာဏာစက်ပိုင်ရှင်ကလည်း အတင်းအဓမ္မအသုံးချခဲ့တဲ့ကိစ္စ၊

    ဓမ္မစက်ကိစ္စမှာလည်း စောဒကတက်စရာတွေ ရှိနေသေးတယ်။
    တကယ်တော့ အဓမ္မဝါဒီဆိုတာ ပါဠိပိဋကတ်တွေနဲ့ မညီတာကို ဟောပြောသူ၊ စာအုပ်ရေးသူတွေပဲ ရှိတာမဟုတ်၊ ပါဠိပိဋကတ်တွေနဲ့ မညီဘဲ ကျင့်သုံးနေထိုင်သူတွေကိုလည်း အဓမ္မဝါဒီခေါ်လို့ ရတယ်။ (ဥပမာတွေ ထုတ်ပြရရင်တော့ အများကြီးပါ။) အဲဒီလို အဓမ္မဝါဒီတွေကိုရော ဘယ်လိုလုပ်ကြမလဲ။

    ပြီးတော့ ဗုဒ္ဓကျမ်းဂန်တွေအလိုပဲ ထပ်ပြောရရင် သာသနာမှာ အဓမ္မဝါဒီနဲ့တင် မပြီးသေးဘူး။ ကျမ်းစာလာ ဝိနည်းစည်းကမ်းတွေကို (အနက်အဓိပ္ပါယ်တစ်မျိုးဖွင့်ဖို့၊ ပြင်ဆင်ဖို့ ကြိုးစားတာ မဟုတ်ဘဲ) လက်တွေ့ကျကျ မလိုက်နာတဲ့ အဝိနယဝါဒီတွေလည်း ရှိသေးတယ်။

    အသေးအမွှား အပြစ်ကလေးတွေ၊ အလယ်အလတ်အပြစ်တွေ၊ အကြီးစားအပြစ်တွေ…၊ တစ်ချို့အရာတွေဆို လိုက်နာဖို့ကို အသာထားလို့၊ ဒီအရာလုပ်ရင် အပြစ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာတောင် စိတ်မဝင်စားကြဘူး..၊ (ဥပမာ.. ဒီနေ့ခေတ် အခွန်မပါတဲ့ ကွန်ပြူတာ သုံးမယ်၊ ဝင်းဒိုးအတု သုံးမယ်၊ ခရက်လုပ်ထားတဲ့ ဆော့ဖဝဲ၊ မဝယ်ဘဲ ဆွဲချထားတဲ့ ဗီဒီယိုဖိုင်၊ အမ်ပီသရီးဖိုင်တွေ သုံးတာမျိုး။)

    အခုအချိန်မှာ ဒုတိယသင်္ဂါယနာကာလက ရဟန်းတွေနဲ့ မအပ်စပ်တဲ့အချက် (၁၀) ချက်ကို မပြုပြင်ချင်လို့ အကွဲခံခဲ့တဲ့ဂိုဏ်းမှာ မအပ်စပ်တဲ့ အဲဒီ (၁၀) ချက် ဆိုတာဟာ အရမ်းတောင် ရိုးသလို ဖြစ်နေကြပြီလေ။

    တကယ်တမ်း သာသနာကို ကာကွယ်မယ်၊ ဘုရားဟောကျမ်းစာတွေနဲ့ တိုက်ရိုက်ကျအောင် လက်တွေ့ကျကျ လုပ်ဆောင်မယ်ဆိုရင် အဲဒီလို ဝိနည်းစည်းကမ်းနဲ့ မညီတဲ့ကိစ္စတွေကိုလည်း အရေးယူသင့်ကြတယ် မဟုတ်ဘူးလား။ သံဃာ့ခုံရုံးအနေနဲ့ လိုက်လံတရားဆွဲ၊ အစိုးရကို လက်တို့၊ အာဏာစက်နဲ့ ဆောင်ရွက်ကြဖို့ရန် မေတ္တာရပ်ခံသင့်တယ် မဟုတ်ဘူးလား။ အစိုးရကလည်း ထောင်ချသင့်တယ် မဟုတ်ဘူးလား။

    အားလုံးကို ခြုံကြည့်လိုက်တော့ ရှင်ဉာဏအမှုကို အစိုးရက အသုံးပြုခဲ့တဲ့အာဏာစက်ဆိုတာ ဗုဒ္ဓဘာသာ သမိုင်းစဉ်လာနဲ့ မညီတဲ့ ပရမ်းပတာ အာဏာစက်သာ ဖြစ်ပြီး သံဃာ့ခုံရုံးက ဝိနိစ္ဆယဆိုတာလည်း လူညီရင် ဤကို ကျွဲဖတ်၊ တစ်ယောက်တည်း ကွဲထက်လာတဲ့အခါ အင်အားသုံး စီရင်ချက်ချတဲ့ အဓမ္မစက်သာ ဖြစ်တယ်။

    ရှင်ဉာဏဟာ အဲဒီလို တရားခံအစစ်ကို လွှတ်ထား၊ အုပ်စုကွဲသူကို မတရားပြုလေ့ရှိတဲ့ မြန်မာ့နည်းမြန်မာ့ဟန်၊ မြန်မာ့ဘာသာရေး၊ မြန်မာ့စက်တွေ ကြီးစိုးတဲ့ခေတ်ကြီးမှာ ကံဆိုးမိုးမှောင်ကျစွာ ကြားညပ်ခံလိုက်ရတဲ့ပုဂ္ဂိုလ်ပဲ..။
    ……………………………….

    င်္(FB မှာ ရေးထားတဲ့ နုတ်အဟောင်းကို ပြန်တင်လိုက်တာပါ…)။

    • ရာမည

      February 1, 2014 at 5:38 pm

      အရှင်ဘုရားလည်း မိုးပြာဂိုဏ်းကပါလား ဘုရား 🙂
      မိုးပြာဝိနိစ္ဆရ များ လူအများသိစေရန်
      ပို့စ်တင်ပြီး ဟောကြားတော်မူပါ ရန်
      ရိုသေစွာာလျောက်ထားအပ်ပါသည်
      ဆရာတော်ကျော်ဘသစ်ဘုရား 🙂

Leave a Reply