လိမ်ညာတတ်သူ

ဆုျမတ္မိုးOctober 22, 20131min1279

ဟန်ဆောင်ပန်ဆောင်စကားလုံးတွေနဲ့တွယ်တာမှုတွေကိုအမြဲရောင်စဉ်လွင့်အောင်ကြိုးစားနေတဲ့ကိုယ်ဟာ တကယ်တော့ လိမ်ညာတတ်သူတစ်ယောက်ပါ။ သူငယ်ချင်းလေးမှာချစ်သူရှိတယ်ဆိုတဲ့အသိတစ်ခုတည်းနဲ့တင် ကိုယ့်စောင့်စည်းခြင်းအလွှာခပ်ထူထူနဲ့ ကိုယ့်သေတွင်းကိုခက်နက်နက်တူးရင်း ကိုယ်ပြုံးရုံလေးပြုံးနေခဲ့တာပါ ။ “အရမ်းကိုရိုးသားဖြူစင်တဲ့သူငယ်ချင်းတွေလေ ..ဟာ ဘာမှမဆိုင်ပါဘူး တကယ်ကိုသူငယ်ချင်းစစ်စစ် ။ ကိုယ့်သူငယ်ချင်းလေးက ဘယ်သူ့အပေါ်မဆိုသဘောကောင်းတာ အဲဒီလိုမဟုတ်ရပါဘူး ” ကဲ သူငယ်ချင်းလေး ကိုယ်လူတိုင်းကိုလိုက်ညာမိပြန်ပြီ ။ ကိုယ့်စောင့်ထိန်းထားတဲ့အလွှာထူထူကိုမကွာကျစေမယ့်အရေးအတွက် ညာခြင်းတွေအပ်ကြောင်းထပ်အောင် ၊ မုသားတွေချောင်းစီးအောင်ညာခဲ့ပြန်ပြီ..။ ကိုယ်ဟာ လိမ်ညာတတ်သူပါသူငယ်ချင်းလေးရယ် ။

“သူငယ်ချင်းလေးကိုချစ်နေတယ်မလား”တဲ့ ။ သွေးအေးအေးနဲ့ကိုယ်လိမ်ညာလိုက်ပြန်ပြီသူငယ်ချင်းလေးရယ် ။ အတွေးထဲမှာ တရေးရေးမြင်ယောင်လာတဲ့သူငယ်ချင်းလေးမျက်နှာကို ကိုယ်သတ္တိနည်းစွာရင်မဆိုင်ရဲဘဲ ခေါင်းအုံးအောက်မှာမျက်နှာဝှက်ရင်း ရှိုက်ကြီးတငင်ငိုကြွေးရင်း ကိုယ်ဟာသူငယ်ချင်းလေးကိုစိတ်အနှောင့်အယှက်ပေးမိပြီဆိုတဲ့အတွေးနဲ့ညနက်ခဲ့ရတယ် ။ သူငယ်ချင်းလေး ကိုယ်ဟာ ချစ်သူရှိပြီးသားလူတစ်ယောက်ကို နီးစပ်ခြင်းဆိုတဲ့အကြောင်းပြချက်ခပ်နဲ့နဲ့ နဲ့ ကိုယ့်ဘက်ပါအောင်ဆွဲယူချင်တဲ့ အတ္တကြီးတဲ့သူမှမဟုတ်တာ ။ ပြီးတော့ အလိုလျောက်ဖြစ်လာတဲ့ခံစားချက်တွေကို ဖန်တီးမှုတွေနဲ့ အရောင်ကြွအောင်ပုံဖော်ဖို့သတ္တိနည်းတဲ့သူတစ်ယောက်ပါ ။ “သူငယ်ချင်းလေးမှာလည်းချစ်သူရှိတယ်..ကိုယ့်မှာလည်းချစ်သူရှိတယ် မဆိုင်တာကိုဆွဲမထည့်နဲ့ အဖြူစင်ဆုံးသူငယ်ချင်းတွေ” ဆိုပြီး ခပ်တည်တည်ငေါက်တတ်တဲ့မရိုးသားတဲ့သူပါ သူငယ်ချင်းလေးရယ် ။ စည်းနဲ့ သိက္ခာကို ဘဝထက်တန်ဖိုးထားတဲ့ မာနခပ်ကြီးကြီးနဲ့ကိုယ်ဟာ မရှိတဲ့ချစ်သူကို ဖန်တီးယူဖို့ဝန်မလေးပေမယ့် ချစ်သူရှိနေတဲ့သူငယ်ချင်းလေးကို ဖွင့်ဟဝန်ခံဖို့မရဲတဲ့သူပါ ။

သူငယ်ချင်းလေးကိုအရမ်းတွယ်ကပ်သလိုဖြစ်သွားသလား ။တကယ်တော့ သူငယ်ချင်းလေးမျက်နှာကိုငေးရင်း သူငယ်ချင်းလေးဘေးနားမှာနေရဖို့က ကိုယ့်အတွက်ပိုအရေးကြီးနေလို့ပါ ။ သူငယ်ချင်းလေးသွားလေရာနောက်ကိုတကောက်ကောက်လိုက်ချင်တဲ့ ၊သူငယ်ချင်းလေးကိုပဲတွယ်တာမိတဲ့ကိုယ့်အဖြစ်ကို အပြစ်မြင်မလားပဲ ။ ဒါပေမယ့် သူငယ်ချင်းလေးက လှိုင်းထန်တတ်တဲ့ပင်လယ်ပြင်ကြီးလို အပြောကျယ်ကျယ်နဲ့ နက်ရှိုင်းကာ မှန်းဆရက်ခက်လွန်းနေပြန်တယ် ။ မထင်မှတ်ဘဲ သူငယ်ချင်းလေးရဲ့မျက်နှာအပြောင်းအလဲမှာ ကိုယ့်အတွက်သည်းခံနိုင်စွမ်းကုန်ပြီဆိုတဲ့ အရိပ်အခြေနေကိုဖတ်မိလိုက်တဲ့အခါ ကိုယ်သွေးအေးအေးနဲ့ လှည့်ထွက်နိုင်အောင်ကြိုးစားခဲ့ရတယ် ။သူငယ်ချင်းလေးချစ်သူအတွက်သစ္စာတရားလိုအပ်လို့နေမှာပါ ဆိုတဲ့နားလည်မှုတစ်ခုနဲ့အတူ မရှိခြင်းကွက်လပ်တွေကို ကိုယ်တစ်ယောက်တည်းကျားကန်ခဲ့တယ် ။ သူငယ်ချင်းလေးကို ကိုယ်ပိုင်ဆိုင်ရမှ မှမဟုတ်တာ ။

တလောကလုံးကိုလိမ်ညာလို့ရတဲ့ကိုယ်ဟာ ကိုယ့်ရင်ဘတ်ကိုညာဖို့တော်တော်လေးကြိုးစားယူခဲ့ရတယ်သူငယ်ချင်းလေးရယ် ။ သူငယ်ချင်းလေးနဲ့ကိုယ်နဲ့မဆိုင်ဘူး..မဆိုင်တော့ဘူး သူငယ်ချင်းလေးကိုယ့်ကိုမခင်တွယ်တော့ဘူးဆိုတဲ့ အသိတွေကို ကိုယ့်ခေါင်းထဲကိုယ်ခပ်ပြင်းပြင်းလေးရိုက်သွင်းရင်း သူငယ်ချင်းလေးကိုစိတ်နာသင့်တယ်လို့ကြွေးကြော်လို ကြွေးကြော်..အော်..ကိုယ်ရူးပုံများရယ်နော် ။ ဒါပေမယ့် ကိုယ့်နှလုံးသားက သူငယ်ချင်းလေးကိုမမုန်းနိုင်ဘူး စိတ်မနာနိုင်ဘူးတဲ့ ။ ဦးဏှောက်နဲ့နှလုံးသားလွန်ဆွဲတဲ့ပွဲမှာ စည်းဆိုတဲ့ မဲတစ်မဲပိုရခဲ့တဲ့ ဦးဏှောက်ကနိုင်ခဲ့ပေမယ့် နှလုံးသားကတဆတ်ဆတ်ခုန်လိုက်တိုင်း ၊သူငယ်ချင်းလေးရယ်လို့ တမ်းတလိုက်တိုင်း နာနာကျင်ကျင်ခံစားရတဲ့ရင်ဘတ်ကပဲအောင့်အောင်လာတယ် ။ မုန်းဖို့ကိုနှလုံးသားက ငြင်းဆန်ပေမယ့် ချစ်ဖို့ကို ဦးဏှောက်ကခွင့်မပြုတဲ့အခါ မျိုသိပ်ခြင်းတပုံတပင်နဲ့ နာကျင်ခြင်းတနင့်တပိုးနဲ့ ခံစားလိုက်ရတာက ကိုယ်ပါသူငယ်ချင်းလေးရယ် ။ ဘယ်သူမှမသိနိုင်တဲ့ချစ်ခြင်း…သူငယ်ချင်းလေးတောင်သိချင်မှသိမယ့်ကိုယ့်ရင်ထဲခံစားချက်တွေကို ကိုယ်တိုင်မျိုချရင်း ကိုယ့်ကိုကိုယ်ပြန်ခါးသီးခဲ့တဲ့ ကိုယ့်အဆိပ်နဲ့ကိုယ်လောင်ကျွမ်းနေရတဲ့ ကိုယ့်အဖြစ်ရယ်လေ ။

“သူငယ်ချင်းလေးမှာချစ်သူအသစ်ရနေပြီ”ဆိုတဲ့သတင်းစကားကို ကိုယ်ကြားလိုက်တဲ့အချိန်မှာ ကိုယ်တစ်စုံတစ်ရာကိုသေသေချာချာနားလည်လိုက်မိတယ်။ဘဝချင်းတွေ နှိုင်းဆမရအောင်ဝေးကွာသွားပြီးတဲ့နောက်မှာ ကိုယ်ဟာသူငယ်ချင်းလေးရဲ့လက်ကိုတွဲပြီး ပန်းတွေဝေနေတဲ့မင်္ဂလာခန်းမထဲကို တူနှစ်ကိုယ်တွဲပြီးလျှောက်မယ့်သူမဟုတ်နိုင်တော့သလို ကိုယ်တခါတလေစိတ်ကူးယဉ်ဖူးတဲ့ သူငယ်ချင်းလေးလက်ကိုတွဲပြီးကမာ္ဘပတ်ခွင့်ရမယ့်သူလည်းမဟုတ်တော့ဘူး။ ကိုယ်တို့ဘဝတွေဆက်စပ်လို့မရအောင်ဝေးကွာသွားခဲ့ကြပြီ သူငယ်ချင်းလေးရယ် ။ နားလည်မှုနည်းပါးခဲ့တဲ့ကိုယ့်အတိတ်ကအမှားတွေ ၊ သူငယ်ချင်းအနားမှာအမြဲရှိနေချင်တဲ့ကိုယ့်စိတ်ကပဲ ကိုယ့်ကိုပြန်ဒဏ်ခပ်သလားပဲ ကိုယ်တို့တွေအတိုင်းအဆမရှိဝေးကွာသွားခဲ့ရတယ်သူငယ်ချင်းလေးရယ် ။ သတိရတမ်းတစိတ်ကို မာနတရားနဲ့သာ ပြန်လည်မထူမတ်နိုင်ခဲ့ဘူးဆိုရင် ကိုယ်လေ တကယ်ပဲသေဆုံးသွားလိမ့်မယ် ။ သူငယ်ချင်းလေးကိုအမြဲသတိရနေခဲ့တာ ။ ပျော်ရွှင်နေတဲ့သူငယ်ချင်းလေးရဲ့အကြောင်းတွေ ၊သူငယ်ချင်းလေးရဲ့သတင်းကောင်းတွေ ၊သူငယ်ချင်းလေးရဲ့အောင်မြင်မှုတွေကို ထပ်တူထပ်မျှဝမ်းသာရင်း ခုနေ “သူငယ်ချင်းလေးကိုချစ်ခဲ့ဖူးလား” လို့ဘယ်သူလာမေးမေး ကိုယ်လိမ်ညာတတ်သူလေ..ခပ်ပြုံးပြုံးနဲ့ “ပေါက်ပေါက်ရှာရှာ..ရူးနေလား မတွေ့တာတောင် နှစ်ပေါက်နေပြီ…သူ့ဖြင့်မိန်းမရတော့မယ်”လို့ ကိုယ်ပြန်ဖြေမိမယ်ထင်တယ် သူငယ်ချင်းလေး ။ ဝေးကွာခဲ့ရသောအိပ်မက်တွေထဲက ၊ ပြန်မရတော့သောအတိတ်တွေထဲက ရင်ဘတ်ထဲမှာအနက်ရှိုင်းဆုံးတစ်နေရာမှာ သူငယ်ချင်းလေးရှိနေခဲ့ဖူးကြောင်း ရယ်ရွှန်းပတ်ရွှန်းနဲ့လည်း ကိုယ်အခုထိပြန်မပြောနိုင်သေးဘူး ။ ကိုယ်တိုင်ခပ်ထူထူကာထားခဲ့တဲ့ စည်း တွေရဲ့နောက်မှာ မျှော်လင့်ခြင်းတွေနဲ့အသားတကျအသက်ရှင်ဖူးခဲ့တဲ့ သတ္တိနည်းနည်းနဲ့ ပေပေတေတေမာနကြီးဖူးတဲ့ကိုယ်ဟာ သူငယ်ချင်းလေးကို တိတ်တိတ်ကလေးတွယ်တာဖူးတဲ့အကြောင်း ကိုယ့်ကိုကိုယ်တောင်ဝန်ခံဖို့သတိ္တနည်းစွာနဲ့ သူငယ်ချင်းလေးကို ရိုးရိုးသားသားခင်တာပါလို့  ဒီနေ့အထိ ကိုယ့်ကိုကိုယ်လိမ်ညာနေတုန်းပါပဲ ။

9 comments

  • KZ

    October 22, 2013 at 3:24 pm

    “”တနယ်ချင်းလို့ ပေါ ဘေမဲ့ ခိုး ချိ ရ ဒူ လေး ချိဘူးဒယ်။””

    အဲလို သီချင်းကို မဆိုမိပဲ………………………….

    “”တနယ်ချင်းကို ရည်းစားမလုပ်ဖို့ ဘယ်သူတွေ စပြောခဲ့လဲ။ နင် လမ်းမှာ ချနင်းဖို့ အတွက် ငါ့ ဘဝကို ပုံပေးခဲ့တယ်…”

    “””နင့် ရည်းစား ပထမတစ်ယောက်ကို ဒုက္ခပေးတာ ငါ ပါပဲ။
    နင့် ရီးစား ဒုတိယ တစ်ယောက်ကို ဂုံးတိုက်တာလည်း ငါပါပဲ။
    နင့် ရီးစား တတိယ တစ်ယောက်ကို ရန်ရှာတာလည်း ငါပါပဲ”””

    ဟိ။
    ဂလို သီချင်းမျိုးကိုပဲ ဆိုပြီး လိုချင်တာကို ရအောင် သာယူပစ်။
    :chit:

    အဆင်ပြေရင် မမေ့နဲ့နော်။

    အဆင်မပြေရင် မေ့လိုက်ပါ။

    😀

    • ရွှေမိုးတိမ်

      October 22, 2013 at 3:25 pm

      သိပ်ပြောတတ်တာပဲ 😀

  • ရွှေမိုးတိမ်

    October 22, 2013 at 3:24 pm

    တစ်ခါတစ်လေမှာ အဖြူရောင်မုသား က မသုံးမဖြစ်သုံးရတဲ့ အခြေအနေတွေလည်း ရှိတတ်တာပေ့ါနော် …

  • မဟာရာဇာ အံစာတုံး

    October 22, 2013 at 4:10 pm

    အင်းး ဘယ်လို ပြောရမလဲ …
    သူငယ်ချင်းနဲ့ ချစ်သူ …
    ချစ်သူနဲ့ သူငယ်ချင်းးး
    ချစ်သူလို သူငယ်ချင်းးးး
    သူငယ်ချင်းလို ချစ်သူ ……..
    သိတော့ဘူးဂျာ ….
    ဒါတွေ တွေးဒေါ့ဘူးးးး
    ဖတ်တွားဘာဒယ်လို့ …

  • alinsett

    October 22, 2013 at 5:47 pm

    ယောကျာ်းေလေး နဲ့ မိန်းကလေး
    သူငယ်ချင်းဖြစ်တဲ့အခါ. . . . . , .

    ဒီလို ဇာတ်လမ်းလေးတွေ
    တကယ့်အပြင်မှာလည်းးး
    အများကြီးပေါ့လေ

    အဲ

    ဒီဇာတ်လမ်းလေးကိုက
    လက်တွေ ့လောက ဆီက
    ရောက်ရှိလာတဲ့ ရသ လေးပေါ့

    :kwi:

  • Mr. MarGa

    October 22, 2013 at 8:25 pm

    သူငယ်ချင်းလေးပါပဲ
    သူငယ်ချင်းလေးပဲတဲ့ကွယ်….
    အခြေအနေတွေ အမျိုးမျိုးကြားမှာ
    သံယောဇဉ်တစ်ကြိုး တိုးလာတဲ့အခါ
    ဖွင့်ပြဖို့လည်း အခွင့်မသာ
    ရှေ့တိုးဖို့ဟာ ခက်နေတာ…..
    ဒီလိုနဲ့….
    ဒီလိုနဲ့…သာ
    ဘေးကနေသာ စောင့်ရှောက်ရင်းးးးပါ

  • ခင် ခ

    October 22, 2013 at 10:13 pm

    သူငယ်ချင်းကို သူငယ်ချင်းထက်ပိုလို့ သူငယ်ချင်းထက်ပိုဖို့ ဖွင့်ပြောမိတဲ့အခါ သုငယ်ချင်းကပြန်ပြီးပြောတယ် သူငယ်ချင်းလိုဘဲခင်ချင်ပါတယ် သူငယ်ချင်းရယ်မို့ သူငယ်ချင်းလိုဘဲနေသွားကြတာ အခုထိလည်း သူငယ်ချင်းပါဘဲလေ။

  • kyeemite

    October 23, 2013 at 9:54 am

    သူငယ်ချင်းချစ်သူလေး…တော့မဖြစ်ဖူးဘူးဗျာ
    ငယ်ငယ်ထဲက မိန်းကလေးတွေနဲ့ သူငယ်ချင်းမဖြစ်ခဲ့လို့ပဲ… 😀

  • black chaw

    October 23, 2013 at 10:20 am

    အင်း ငယ်ငယ်ကတော့…
    သူငယ်ချင်းလေးချစ်တယ် ဘယ်လိုပြောရမလဲ
    ကိုယ်ဒီလို သိတ်သိတ် ချစ်နေတယ်
    ဆိုတဲ့
    ထူးအိမ်သင် သီချင်းလေးဆိုပြီး…
    အီခဲ့ဘူးပါတယ်…။
    အခုကတော့…
    အင်းအသက်တွေလည်း ကြီးပြီဆိုတော့…
    ကိုယ်ချင်းစာပေးနိုင်တယ်ဆိုတာလောက်နဲ့ပဲ…။
    :mrgreen:

Leave a Reply