အချစ် ဆိုတာကို ဘယ်လို အဓိပ္ပါယ်ပဲဖွင့်ဖွင့် လူတိုင်းလိုလို ကြုံဖူးကြတဲ့ကိစ္စပါ ၊

တစ်ချို့က အချစ်ဆိုတာ ပူလောင်သတဲ့ ၊

တစ်ချို့က အချစ်ဆိုတာ နွေးထွေးသတဲ့ ၊

တစ်ချို့က အချစ်ဆိုတာ အေးမြသတဲ့ ၊

တစ်ချို့က အချစ်ဆိုတာ ခါးသက်သတဲ့ ၊

တစ်ချို့က အချစ်ဆိုတာ ချိုမြသတဲ့ ၊

တစ်ချို့က အချစ်ဆိုတာ အသက်ရှည်ဆေးတဲ့ ၊

ပြောကြတာတော့ စုံနေတာပါပဲ ၊

တကယ်တော့ အချစ်ကို ရရှိခဲ့ရင် အေးမြမပေါ့ ၊

မရရင်တော့လည်း ပူလောင်ခြင်းတွေကြားမှာ အသည်းကွဲဝေဒနာတွေနဲ့ပေါ့ ၊

ကျနော် ငယ်ငယ်က အချစ် ဆိုတာကြီးနဲ့ စတွေ့ချိန်မှာ ကံကြမ္မာက မျက်နှသာ မပေးခဲ့ပါဘူး ၊

ဟုတ်မလိုလို ဟုတ်မလိုလိုနဲ့ အဖျားရှုးသွားခဲ့တာပါကလား ၊ အေးလေ တွေဝေနေတာကိုက

ကျနော့်အမှားပေါ့ ၊ ဒုတိယမြောက် ကြုံရသူက ကျနော် စာသင်ပေးရသူ ၊

သူက ဝင်ငွေကောင်းတဲ့ အစိုးရ အရက်ဆိုင် မန်နေဂျာရဲ့   သမီး ၊ ငွေသုံးသလောက် စာညံ့သူကလေး ၊

အိမ်မှာ ကျူရှင်ဖွင့်တော့ မျက်စောင်းထိုးအိမ်မှာ နေတဲ့သူ ကျူရှင်လာတက်တယ် ၊

အမေက မြန်မာ အင်္ဂလိပ် ဘောဂဗေဒ ကျနော်က ပထဝီ သမိုင်း သင်္ချာ

ကျန်တာတွေကို တစ်ခြားဆရာက သင်တယ် ၊ သူ နဲ့ ကျနော်က စာသင်ရင်း ငြိတာပေါ့လေ ၊

၅ နှစ် ငယ်တဲ့ သူက ကျနော့်ကို ကိုကို တဲ့ ၊

ဒါပေမယ့် သိပ်မကြာပါဘူးဗျာ ၊ အမေက သိရော ၊ ဂျီတီအိုင် ကျောင်းသားလေး ကျနော့်ခမျာ

ကြောက်ရတဲ့ အမေ့ ဒါးကြိမ်း ကြိမ်းသံတွေကြားမှာ အသည်းတွေ တစ်စစီကြွေ ၊

လေ လိုက်တဲ့ စိတ်ဗျာ ၊ အချစ်ဦး မဖြစ်ခဲ့ပေမယ့် ကျနော့်အချစ်ကို ပထမဆုံး တုန့်ပြန်ခဲ့သူမို့ ရည်းစားဦးလို့ ပြောရမလား ၊

လက်ကလေးတောင် ကိုင်ခွင့်မရပဲ ကွဲခဲ့ကြပါတယ် ၊

သူ စာညံ့တာ စာစိတ်သိပ်မဝင်စားတာ အလှမက်တာ အဲဒါတွေဟာ အမေ့စွဲချက်တွေပေါ့လေ ၊

အဲသလိုနဲ့ ခြောက်သွေ့ကာလတွေကို ဖြတ်သန်းလို့ အချစ်ကိုတာ ခါးသည်းလှပါကလားလို့ ယုံစားစေလာခဲ့တယ် ၊

နောက် နှစ်တွေတော်တော်ကြာတော့ ကိုယ့်မိန်းမ ဖြစ်လာမယ့်သူနဲ့ ဆုံခဲ့တယ် ၊

သူ့ကြောင့် သူ့သား အသည်းကွဲရရှာတယ်လို့ ယူဆရှာတဲ့ အမေက အသာအယာ သဘောတူခဲ့တယ် ၊

ဟိုကလည်း အမေ အမေနဲ့ ဟုတ်နေခဲ့ကြတာပဲ ၊ နောက် ယူဖြစ်ခဲ့တယ် ဆိုပါတော့ ၊

အစကတော့ အေး ဆေးပါပဲ ၊ မောင်ရေ လှိုင်ရေနဲ့ ဟုတ်လို့ ၊ အနေကြာလာတော့မှ မိန်းမ မပီသချင်တဲ့ စရိုက်တွေ စ လာခဲ့တယ် ၊

ဝင်ငွေချင်း ခြေရာတိုင်းလာတယ် ၊ အမေနဲ့လည်း ရန်ဖြစ်ပြီး စကားမပြောတော့ပြန်ဘူး ၊ ကျနော်က ကလေးတွေမျက်နှာနဲ့ အသေအလဲသည်းခံခဲ့တယ် ၊

နောက်ဆုံးတော့ လင်ကို လင်လို့ မထင်တော့တဲ့သူနဲ့ ဇာတ်အပြတ် ဖြတ်လိုက်တယ် ၊

အချစ်ဆိုတာ ဘယ်လိုဟာကြီးတုန်းဗျာ ၊

ကဲ  အဲဒီ အချစ်ဆိုတာကြီး မေ့ပစ်ရင်း နေတတ်သလို နေခဲ့တယ် ၊

ဒါပေမယ့် ကံဇာတ်ဆရာက တစ်မျိုးထွင်လာပြန်ရော ၊

ကိုယ့်ထက် အတော်ငယ်တဲ့ တစ်ယောက်နဲ့ ဆုံဖြစ်ခဲ့တယ် ၊ သံယောဇဉ်ဖြစ်ခဲ့တယ် ၊

ဒါပေမယ့်တွေ များလှတဲ့ ကျနော့်ဘဝမှာ အဲဒီ ဒါပေမယ့် လှချင်တဲ့ ဇာတ်လမ်းလေးဟာ ဘာမှန်းမသိ အဆက်ပြတ်သွားတယ် ၊

၆ လလောက်ကြာတော့ သူ အချစ်ဆိုတာနဲ့ တွေ့နေ ပျော်နေ ကျေနပ်နေတာကို သူ့ Facebook wallကနေ ကျနော်မြင်နေရတယ် ၊

စစချင်းတော့ တင်းတာပေါ့လေ ၊ ဒါပေမယ့် အရွယ် နဲ့ အတွေ့အကြုံက ကျနော့်ကို သိပ်မတုန်လှုပ်စေတော့ဘူး ၊

ဒီလိုနဲ့ နောက် ၄ – ၅ – ၆ လလောက် နေလာရင်း သူ့သူငယ်ချင်းတစ်ယောက်နဲ့ဆုံမိပြီး သူ့ဖုန်းနံပါတ်ရခဲ့တယ် ၊

သူ့ အကြောင်း တစ်ချို့လည်း သိခဲ့ရတယ် ၊ သူ အသည်းကွဲနေပါသတဲ့ ၊

ပထမဆုံး မက်ဆေ့ခ်ျပို့တုန်းက ချက်ချင်း မက်ဆေ့ခ်ျပြန်လာတယ် ၊ သူ့ကို ဖုန်းခေါ်ပါ တဲ့ ၊

ဒီတစ်ခါတော့ ကံဇာတ်ဆရာက ကြည်နူးဘွယ် အခန်းတွေကို ကစေခဲ့တယ် ၊

ဒါပေမယ့် သေချာတာက ကျနော် သူ့ကို မပိုင်သင့်မှန်း သိသလို သူကလည်း ကျနော့်ဘဝနဲ့ သဘောထားကို နားလည်လာတယ် ၊

ဟုတ်ကဲ့ ကျနော် သူ့ကို အရမ်း ချစ်တယ် အရမ်း မြတ်နိုးတယ် အရမ်း တန်ဘိုးထားတယ် ၊ ဒါပေမယ့် စည်း ဘောင် တွေ အပြည့်လေ ၊

အဲဒီအတွက် ကျနော် ဘာတွေ လုပ်ပေးနေသလဲ ?

ပြန်လည်တုန့်ပြန်မှု မလိုသော ဖြူစင်တဲ့ သံယောဇဉ်တွေနဲ့ ကူညီနိုင်သမျှ နှစ်သိမ့်နိုင်သမျှ ကျနော်လုပ်ပေးနေတယ် ၊

ကြီးကြီးကျယ်ကျယ် ပြောတာ မဟုတ်ပါဘူး ၊ သူ့ဘဝကောင်းစားတိုးတက်ဖို့ သွန်သင်ပြတာက အစ အရိုးသားဆုံး စိတ်ထားနဲ့

ဖေးမကူညီပေးနေပါတယ် ၊

သူ ပျော်နေရင် သူ ပြုံးနေရင် သူ အဆင်ပြေနေရင် ကျနော် ကျေနပ်ပြီ ၊ ဘာမှ ထပ်မလိုတော့ဘူး ၊

သူ့ကို ချစ်တယ်ဆိုတဲ့စကား မပါပဲ ကျနော့်မေတ္တာတရားကို သူ နားလည်သွားစေခဲ့ပြီ ၊

သူ ကျနော့်အပေါ် သံယောဇဉ် ကြီးနေမှန်း ကျနော် သိလာပြီ ၊

ဒါပေမယ့် ကျနော်တို့ နှစ်ယောက်လုံး မသွားသင့်တဲ့လမ်းကို ရဲရဲကြီး ရှောင်ခဲ့ကြတယ် ၊

ရိုးသားရှင်းသန့်တဲ့ စကားလုံးတွေကြားမှာ ဆက်နေသွားကြမှာက အသေအချာပါ ၊

နောင်တစ်ချိန် သူလည်း သင့်တော်သူနဲ့ တွေ့ဦးမှာပဲလေ ၊ အဲဒီအခါ ကျနော်က သာယာပါစေကြောင်း ရင်နာခြင်း ကင်းစွာ ဆုတောင်းပေးမှာပါ ၊

ကဲ   ရင်ထဲမှာ ငြိမ်းချမ်းလိုက်တာ ၊

အဲဒါကကော အချစ်လို့ ခေါ်သလားဗျာ ၊

 

 

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..