အချစ် ဆိုသည်မှာ

အချစ် ဆိုတာကို ဘယ်လို အဓိပ္ပါယ်ပဲဖွင့်ဖွင့် လူတိုင်းလိုလို ကြုံဖူးကြတဲ့ကိစ္စပါ ၊

တစ်ချို့က အချစ်ဆိုတာ ပူလောင်သတဲ့ ၊

တစ်ချို့က အချစ်ဆိုတာ နွေးထွေးသတဲ့ ၊

တစ်ချို့က အချစ်ဆိုတာ အေးမြသတဲ့ ၊

တစ်ချို့က အချစ်ဆိုတာ ခါးသက်သတဲ့ ၊

တစ်ချို့က အချစ်ဆိုတာ ချိုမြသတဲ့ ၊

တစ်ချို့က အချစ်ဆိုတာ အသက်ရှည်ဆေးတဲ့ ၊

ပြောကြတာတော့ စုံနေတာပါပဲ ၊

တကယ်တော့ အချစ်ကို ရရှိခဲ့ရင် အေးမြမပေါ့ ၊

မရရင်တော့လည်း ပူလောင်ခြင်းတွေကြားမှာ အသည်းကွဲဝေဒနာတွေနဲ့ပေါ့ ၊

ကျနော် ငယ်ငယ်က အချစ် ဆိုတာကြီးနဲ့ စတွေ့ချိန်မှာ ကံကြမ္မာက မျက်နှသာ မပေးခဲ့ပါဘူး ၊

ဟုတ်မလိုလို ဟုတ်မလိုလိုနဲ့ အဖျားရှုးသွားခဲ့တာပါကလား ၊ အေးလေ တွေဝေနေတာကိုက

ကျနော့်အမှားပေါ့ ၊ ဒုတိယမြောက် ကြုံရသူက ကျနော် စာသင်ပေးရသူ ၊

သူက ဝင်ငွေကောင်းတဲ့ အစိုးရ အရက်ဆိုင် မန်နေဂျာရဲ့   သမီး ၊ ငွေသုံးသလောက် စာညံ့သူကလေး ၊

အိမ်မှာ ကျူရှင်ဖွင့်တော့ မျက်စောင်းထိုးအိမ်မှာ နေတဲ့သူ ကျူရှင်လာတက်တယ် ၊

အမေက မြန်မာ အင်္ဂလိပ် ဘောဂဗေဒ ကျနော်က ပထဝီ သမိုင်း သင်္ချာ

ကျန်တာတွေကို တစ်ခြားဆရာက သင်တယ် ၊ သူ နဲ့ ကျနော်က စာသင်ရင်း ငြိတာပေါ့လေ ၊

၅ နှစ် ငယ်တဲ့ သူက ကျနော့်ကို ကိုကို တဲ့ ၊

ဒါပေမယ့် သိပ်မကြာပါဘူးဗျာ ၊ အမေက သိရော ၊ ဂျီတီအိုင် ကျောင်းသားလေး ကျနော့်ခမျာ

ကြောက်ရတဲ့ အမေ့ ဒါးကြိမ်း ကြိမ်းသံတွေကြားမှာ အသည်းတွေ တစ်စစီကြွေ ၊

လေ လိုက်တဲ့ စိတ်ဗျာ ၊ အချစ်ဦး မဖြစ်ခဲ့ပေမယ့် ကျနော့်အချစ်ကို ပထမဆုံး တုန့်ပြန်ခဲ့သူမို့ ရည်းစားဦးလို့ ပြောရမလား ၊

လက်ကလေးတောင် ကိုင်ခွင့်မရပဲ ကွဲခဲ့ကြပါတယ် ၊

သူ စာညံ့တာ စာစိတ်သိပ်မဝင်စားတာ အလှမက်တာ အဲဒါတွေဟာ အမေ့စွဲချက်တွေပေါ့လေ ၊

အဲသလိုနဲ့ ခြောက်သွေ့ကာလတွေကို ဖြတ်သန်းလို့ အချစ်ကိုတာ ခါးသည်းလှပါကလားလို့ ယုံစားစေလာခဲ့တယ် ၊

နောက် နှစ်တွေတော်တော်ကြာတော့ ကိုယ့်မိန်းမ ဖြစ်လာမယ့်သူနဲ့ ဆုံခဲ့တယ် ၊

သူ့ကြောင့် သူ့သား အသည်းကွဲရရှာတယ်လို့ ယူဆရှာတဲ့ အမေက အသာအယာ သဘောတူခဲ့တယ် ၊

ဟိုကလည်း အမေ အမေနဲ့ ဟုတ်နေခဲ့ကြတာပဲ ၊ နောက် ယူဖြစ်ခဲ့တယ် ဆိုပါတော့ ၊

အစကတော့ အေး ဆေးပါပဲ ၊ မောင်ရေ လှိုင်ရေနဲ့ ဟုတ်လို့ ၊ အနေကြာလာတော့မှ မိန်းမ မပီသချင်တဲ့ စရိုက်တွေ စ လာခဲ့တယ် ၊

ဝင်ငွေချင်း ခြေရာတိုင်းလာတယ် ၊ အမေနဲ့လည်း ရန်ဖြစ်ပြီး စကားမပြောတော့ပြန်ဘူး ၊ ကျနော်က ကလေးတွေမျက်နှာနဲ့ အသေအလဲသည်းခံခဲ့တယ် ၊

နောက်ဆုံးတော့ လင်ကို လင်လို့ မထင်တော့တဲ့သူနဲ့ ဇာတ်အပြတ် ဖြတ်လိုက်တယ် ၊

အချစ်ဆိုတာ ဘယ်လိုဟာကြီးတုန်းဗျာ ၊

ကဲ  အဲဒီ အချစ်ဆိုတာကြီး မေ့ပစ်ရင်း နေတတ်သလို နေခဲ့တယ် ၊

ဒါပေမယ့် ကံဇာတ်ဆရာက တစ်မျိုးထွင်လာပြန်ရော ၊

ကိုယ့်ထက် အတော်ငယ်တဲ့ တစ်ယောက်နဲ့ ဆုံဖြစ်ခဲ့တယ် ၊ သံယောဇဉ်ဖြစ်ခဲ့တယ် ၊

ဒါပေမယ့်တွေ များလှတဲ့ ကျနော့်ဘဝမှာ အဲဒီ ဒါပေမယ့် လှချင်တဲ့ ဇာတ်လမ်းလေးဟာ ဘာမှန်းမသိ အဆက်ပြတ်သွားတယ် ၊

၆ လလောက်ကြာတော့ သူ အချစ်ဆိုတာနဲ့ တွေ့နေ ပျော်နေ ကျေနပ်နေတာကို သူ့ Facebook wallကနေ ကျနော်မြင်နေရတယ် ၊

စစချင်းတော့ တင်းတာပေါ့လေ ၊ ဒါပေမယ့် အရွယ် နဲ့ အတွေ့အကြုံက ကျနော့်ကို သိပ်မတုန်လှုပ်စေတော့ဘူး ၊

ဒီလိုနဲ့ နောက် ၄ – ၅ – ၆ လလောက် နေလာရင်း သူ့သူငယ်ချင်းတစ်ယောက်နဲ့ဆုံမိပြီး သူ့ဖုန်းနံပါတ်ရခဲ့တယ် ၊

သူ့ အကြောင်း တစ်ချို့လည်း သိခဲ့ရတယ် ၊ သူ အသည်းကွဲနေပါသတဲ့ ၊

ပထမဆုံး မက်ဆေ့ချ်ပို့တုန်းက ချက်ချင်း မက်ဆေ့ချ်ပြန်လာတယ် ၊ သူ့ကို ဖုန်းခေါ်ပါ တဲ့ ၊

ဒီတစ်ခါတော့ ကံဇာတ်ဆရာက ကြည်နူးဘွယ် အခန်းတွေကို ကစေခဲ့တယ် ၊

ဒါပေမယ့် သေချာတာက ကျနော် သူ့ကို မပိုင်သင့်မှန်း သိသလို သူကလည်း ကျနော့်ဘဝနဲ့ သဘောထားကို နားလည်လာတယ် ၊

ဟုတ်ကဲ့ ကျနော် သူ့ကို အရမ်း ချစ်တယ် အရမ်း မြတ်နိူးတယ် အရမ်း တန်ဘိုးထားတယ် ၊ ဒါပေမယ့် စည်း ဘောင် တွေ အပြည့်လေ ၊

အဲဒီအတွက် ကျနော် ဘာတွေ လုပ်ပေးနေသလဲ ?

ပြန်လည်တုန့်ပြန်မှု မလိုသော ဖြူစင်တဲ့ သံယောဇဉ်တွေနဲ့ ကူညီနိူင်သမျှ နှစ်သိမ့်နိူင်သမျှ ကျနော်လုပ်ပေးနေတယ် ၊

ကြီးကြီးကျယ်ကျယ် ပြောတာ မဟုတ်ပါဘူး ၊ သူ့ဘဝကောင်းစားတိုးတက်ဖို့ သွန်သင်ပြတာက အစ အရိုးသားဆုံး စိတ်ထားနဲ့

ဖေးမကူညီပေးနေပါတယ် ၊

သူ ပျော်နေရင် သူ ပြုံးနေရင် သူ အဆင်ပြေနေရင် ကျနော် ကျေနပ်ပြီ ၊ ဘာမှ ထပ်မလိုတော့ဘူး ၊

သူ့ကို ချစ်တယ်ဆိုတဲ့စကား မပါပဲ ကျနော့်မေတ္တာတရားကို သူ နားလည်သွားစေခဲ့ပြီ ၊

သူ ကျနော့်အပေါ် သံယောဇဉ် ကြီးနေမှန်း ကျနော် သိလာပြီ ၊

ဒါပေမယ့် ကျနော်တို့ နှစ်ယောက်လုံး မသွားသင့်တဲ့လမ်းကို ရဲရဲကြီး ရှောင်ခဲ့ကြတယ် ၊

ရိုးသားရှင်းသန့်တဲ့ စကားလုံးတွေကြားမှာ ဆက်နေသွားကြမှာက အသေအချာပါ ၊

နောင်တစ်ချိန် သူလည်း သင့်တော်သူနဲ့ တွေ့ဦးမှာပဲလေ ၊ အဲဒီအခါ ကျနော်က သာယာပါစေကြောင်း ရင်နာခြင်း ကင်းစွာ ဆုတောင်းပေးမှာပါ ၊

ကဲ   ရင်ထဲမှာ ငြိမ်းချမ်းလိုက်တာ ၊

အဲဒါကကော အချစ်လို့ ခေါ်သလားဗျာ ၊

 

 

18 comments

  • KZ

    October 23, 2013 at 5:09 pm

    သူ့ အကျိုးကို လိုလားရင်
    သူ့ အကျိုးကို ပျက်စီးကြောင်း မလုပ်ဘူးဆိုရင် စေတနာ လို့ပဲ ပြောရမှာပေါ့။
    မပိုင်ရလည်း စိတ်အေးချမ်းချမ်းနဲ့ ဒီလိုရှေ့ဆက်နိုင်တယ်ဆိုရင် မတော်လောဘ မရှိဘူး ဆိုရမယ်။

    အချစ်မှာ ပါဝင်တဲ့ အဓိက ပါဝင် ပစ္စည်း ၂ မျိုးမှာ များသင့်တာ များနေပြီဆိုတော့ စိတ်အေးချမ်းအောင် အဓိက ထားပြီး ရှေ့ဆက်လျှောက်ပါဗျာ။

    အနော့ သဘောထားတစ်ခုကိုပြောသွားတာနော်။

    😀

  • sorrow weaver

    October 23, 2013 at 5:20 pm

    ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ ..အချစ်လို့ခေါ်သလား ..

  • alinsett

    October 23, 2013 at 5:58 pm

    အော် အချစ် အချစ်
    အတော်လည်း ဆန်းကြယ်သားးး

    မနေ့ကပဲ
    ဒေါ်ဖွားမေ နဲ့ အန်တီပေါက်အကြောင်း ပြောာတယ်
    ဟောအခု
    ဦးမျိုးတို့က အချစစ်အကြောင်းစာဖွဲ့ပြီ။
    ဦးမျိုးးးးး
    ဦးမျိုးးးး

    🙂

    အဟိ ဂျစ်လို့စတာပါ

  • ဦးကျောက်ခဲ

    October 24, 2013 at 8:55 am

    ဆြာမျိုးရေ… သာဓု ခင်ဗျ…
    မမှီနိုင်တဲ့ပန်း တုံးခုလှမ်းရင် ကြွေတတ်သလို…
    မဖြစ်နိုင်တာ မဖြစ်သင့်တာကို အသိတရားရှိရှိ နောက်ဆုတ်လိုက်တာလည်း…
    ရေရှည်မှာ ၂ဦးလုံးအတွက်၊ အကျိုးရှိပါတယ်…
    တကယ်တော့ အချစ်ဆိုတာ ပိုင်ဆိုင်လိုမှု တစ်ခုတည်းအတွက်မှ မဟုတ်တာ…
    🙂

    • Myo Thant

      October 24, 2013 at 9:15 am

      ကိုကျောက်ရေ
      နောက်ဆုတ်တာ ဟုတ်ဘူးဗျ
      ရပ်ထားတာ ၊ 🙂

    • sorrow weaver

      October 24, 2013 at 9:37 am

      ကြည့်ကြည့်…ဦးကျောက်စ် ….အချစ်အကြောင်းဆို….မန့်တာကိုက ပညာရှင်ဆန်တယ်…အဟီး ..သင်ပေးပါဆိုတော့ …ဝေ့လည်ဝေ့လည် လုပ်တယ်…ကောင်းလားအဲ့တာ….

  • surmi

    October 24, 2013 at 9:29 am

    အဟမ်​းးးးးး……
    ရပ်​နားခွန်​​ဆောင်​ရပါမယ်​ 🙂
    ဟဲဟဲ… ​နောက်​တာပါ
    တကယ်​​တော့…
    ကျ​နော်​လည်​း အချစ်​ဆိုတာကြီးကိုမသိဘူး …

    • Myo Thant

      October 24, 2013 at 1:50 pm

      မယုံပါဘူးဗျာ
      အခုတော့ ညို့ကိုမေ့ပြီပေါ့လေ
      ခရက်ဒစ်တူ မျက်ဝန်းညို 🙂

  • ဗုံဗုံ

    October 24, 2013 at 11:10 am

    အချစ်ဆိုသည်မှာ…..
    အ တဲ့ လူတွေချစ်တာ..
    လည် တဲ့လူတွေက မချစ်ကြဘူး….
    မီးကတော့ မအူမလည်ရယ်… :mrgreen:

    • Myo Thant

      October 24, 2013 at 1:45 pm

      မအူမလည်ဆိုရင်တော့
      ငါ့သား ဒုက္ခများရမယ်ထင်တယ်
      ဖြစ်ပါဘူး ၊ ပြန်စဉ်းစားဦးမှ 🙂

  • kyeemite

    October 24, 2013 at 1:40 pm

    အော်…အချစ်..အချစ်
    မီပြောချင်တော့ဝူး အူးမျိုးရာ…
    ပေါ်ကုန်မှာစိုးလို့ :mrgreen:

    သာဒု သာဒု သာဒု :mrgreenn:

  • TNA

    October 24, 2013 at 2:51 pm

    အချစ်ဆိုသည်မှာ အံ့ဩမှု့များနဲ့ဆန်းကျယ်သောကဗျာတဲ့။ အချစ်ဆိုသည်မှာ ကြေကွဲခြင်းများရဲ့ အာရုဏ်ဦးအလှတရား။ တကယ်ဆိုရင်အချစ်ဟာဖြေရှင်းခွင့်မရှိတဲ့ပြသနာ။ အချစ်ဟာအဖြေရှာမရတဲ့ ပုတ်စာ တဲ့ မခိုင်ကြီးဆိုတဲ့ဟိုအဆိုတော်ပြောဒါ။

  • Mr. MarGa

    October 24, 2013 at 8:10 pm

    အချစ်ကိုဗျာ
    ပြောကြပါတယ် အမျိုးမျိုးပဲ
    သတ်မှတ်ကြတယ် အမျိုးမျိုးပဲ
    ဘယ်သူတွေ ဘယ်လိုပြောပြော
    ကိုယ့် အဘိဓမ္မာနဲ့ ကိုယ်ပဲပေါ့ဗျာ
    သူ သတ်မှတ်တာနဲ့ ကိုယ် သတ်မှတ်တာ တူချင်မှ တူမှာကိုး
    အဓိက ကတော့
    ကိုယ့် သတ်မှတ်ချက်နဲ့ ကိုယ် ကျေနပ်နေရင် ပြီးတာပါပဲနော့…….
    စကားမစပ်
    ကျွန်တော်ကတော့ အချစ်အတွက် ဂလိုလေးလည်း လုပ်ခဲ့ဖူးတယ်ဗျ
    http://myanmargazette.net/187879 အဲလိုလေး အဲလိုလေး :mrgreenn:

  • Wow

    October 25, 2013 at 10:11 am

    ဒါပေမဲ့ အနော်သိသလောက်တော့ ယောက်ကျားလေးတွေက တကယ်ချစ်ရင် ရအောင်ယူတယ် … ရအောင်မယူတာ .. ရယူနိုင်လောက်အောင် မချစ်လို့တဲ့.. ဒါ ယောက်ကျား အများစုရဲ့ Character နော်… “He is just not that into you” ဇတ် လမ်းလေးကို ကျိကျိ… :kwi:

    • Myo Thant

      October 25, 2013 at 10:42 am

      ဘယ်လောက်ချစ်ချစ်ဗျာ
      ဖြစ်ဖို့မသင့်ဘူး လို့ ယူဆပြီးတဲ့အခါ
      ဘာလို့ မဖြစ်သင့်လည်ဆိုတာတော့ ကိုယ့်ဟာကိုယ် သိတာပေါ့နော်
      စ ပြီးမှတော့ မထူးတော့ပါဘူးလို့ ရူးရူးမိုက်မိုက် လုပ်လိုက်လို့ မဖြစ်ဘူးလေ ၊
      ကြီးမှ မမိုက်ချင်တော့ပါဘူးဗျာ ( ကိုမိုက်ကို ပြောတာ ဟုတ်ဘူးနော် ) 🙂

  • ကျော်စွာခေါင်

    October 25, 2013 at 3:24 pm

    ကိုမျိုး

    ဘယ်လောက်ချစ်ချစ်ဗျာ
    ဖြစ်ဖို့မသင့်ဘူး လို့ ယူဆပြီးတဲ့အခါ
    ဘာလို့ မဖြစ်သင့်လည်ဆိုတာတော့ ကိုယ့်ဟာကိုယ် သိတာပေါ့နော်
    စ ပြီးမှတော့ မထူးတော့ပါဘူးလို့ ရူးရူးမိုက်မိုက် လုပ်လိုက်လို့ မဖြစ်ဘူးလေ ၊

    ကောင်းလိုက်တဲ့ ဆုံးဖြတ်ချက်.. ဒါလဲ ချစ်ခြင်းပါဘဲ။

  • အရီးခင်

    October 25, 2013 at 3:59 pm

    အချစ် စာတွေမှာ ပေါက်ကရဝင်နှောက်ရင်
    နီ တော့မှာမို့ နီ မဲ့သူလက်ညောင်းမှာ သနားတာကြောင့်
    ဒီလောက်ပါဘဲ ကိုမျိုးရယ်။ 😉

    ဟိုဘက် မောင်ဘလှိုင် ရဲ့ Post မှာ မန့်ထားသလို ဖြစ်ခဲ့လိုက်တာတွေ အားလုံးက “It is written” လို့ မှတ်လိုက်တာ စိတ်ဖြေသာမလားဘဲ။

    • Myo Thant

      October 25, 2013 at 4:04 pm

      အရီးရေ
      ဝင်မန့်လို့ ကျေးကျေးပါနော

Leave a Reply