လွတ်လွတ်လပ်လပ်စားရတာထက် ခိုးစားရတာ အရသာပိုရှိတယ်ဆိုတဲ့ နန်းခင်ဇေယျာ

အာဂOctober 23, 20131min37632

• အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။

– အချက်အပြုတ်က ငယ်ငယ်ကတည်းက ဝါသနာပါတယ်။(၈)တန်းနှစ်လောက် ကတည်းက ညီမတို့က အိမ်မှာစချက်ရတယ်ပေါ့။

• ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကိုမှတ်မိသေးရင်ပြောပြပေးပါဦး။

– အဲဒီလိုမျိုးကြီးတော့ မမှတ်မိဘူး။ မနက်အစောကြီးတော့
နေ့တိုင်းချက်နေရတာ ပါပဲ။ မနက်ဆို ဈေးသွားတယ်။ ဟင်းချက်တယ်။
ဟင်းချက်ပြီးရင်ကျောင်းသွားတယ်။

• အဲဒီလို ပထမဆုံးစချက်တဲ့ဟင်းတုန်းကအရသာကရောဘယ်လိုရှိခဲ့လဲ။

– အရသာက သိပ်တော့မကောင်းဘူး။ ဒါပေမယ့်နောက်ပိုင်းအမေသင်ပေးတော့ အဆင်ပြေသွားတယ်။

•ညီမချက်တဲ့ဟင်းတွေထဲမှာမှမိသားစုတွေရော သူငယ်ချင်းတွေပါကြိုက်တဟင်းပွဲလေးဆိုရင်ဘာဟင်းပွဲဖြစ်မလဲ။

– လူကြိုက်အများဆုံးဆိုရင် ညီမချက်တာကို အများဆုံးအိမ်က မိသားစုတွေပဲစားတယ်။ ပြောကြတာကတော့ ကြက်သားကို
ကြက်သွန်ဖြူနဲ့ ငရုတ်သီးနဲ့ချက်တဲ့ ဟင်းက အရမ်းစားလို့ကောင်းတယ်လို့ပြောကြတာပါပဲ။ အဲဒီဟင်းက ကြက်သားကာလသား ဟင်းလိုပါပဲ။ဒါပေမယ့် ဒီကဟင်းက ဒီမှာချက်တဲ့ဟင်းလိုတော့ မဟုတ်ဘူးရှမ်းပြည်မှာချက်တဲ့ ကာလသားဟင်းပုံစံပါ။

• နန်းခင်ချက်တဲ့ဟင်းတွေကို သူငယ်ချင်းတွေဖြစ်ဖြစ်၊မိသားစုဝင်တွေဖြစ်ဖြစ် စားပြီးတော့ ကောင်းတယ်လို့ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။

– ပျော်တယ်ပေါ့နော်။ ညီမက ဟင်းချက်လို့ရှိရင်လက်ဆိတ်လည်းရှိတယ်လို့လည်းပြောကြတယ်။
အဲဒီလိုမျိုးချီးမွမ်းရင်တော့ အရမ်းလည်းပျော်တယ်။နောက်ထပ်လည်း ထပ်ပြီးတော့ ချက်ချင်နေမိတယ်။

• အချက်အပြုတ်ကို ဘယ်သူတွေဆီက ညီမကအဓိကသင်ယူခဲ့ပါသလဲ။

– အဓိကက အဘွားသင်ပေးတယ်။ နောက် အမေတို့၊အဖေတို့နဲ့ အဒေါ်တွေဆီကလည်း သင်ယူခဲ့ပါတယ်။

• နန်းခင်တို့က တိုင်းရင်းသူဆိုတော့ အခြားဟင်းဆန်းဆန်းလေးတွေဘာတွေရော ချက်စားဖြစ်လား။

– အင်းညီမတို့ဆိုရင် ပဲပုပ်ငရုတ်သီးချက်တို့၊ မျှစ်သုပ်တို့အဲဒီလိုဟင်းတွေဆိုရင် ချက်လည်းစားဖြစ်တယ်။ညီမတို့ဘက်မှာ နာမည်လည်းအရမ်းကြီးတယ်။

•ငယ်ငယ်တုန်းကကြိုက်ပြီး အခုမကြိုက်တဲ့ ဒါမှမဟုတ်ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစားအစာရောရှိလား။

– အဲဒီလိုတော့ မရှိပါဘူး။ ညီမက အစားအသောက်ဆိုရင်အကုန်ကြိုက်ပါတယ်။

•ငယ်ငယ် အစားအသောက်နဲ့ ပတ်သက်ပြီးအမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

– အဲဒီလိုမျိုးတော့ ရှိခဲ့တယ်။ ညီမ ထမင်းစားနေချိန်မှာစကားပြောလိုက်ရင် ထမင်းလုံးက အပေါ်တက်ပြီးတော့
နှာခေါင်းထဲဝင်သွားတာမျိုး ဖြစ်ဖူးတယ်။ အဲဒီအချိန်ကျရင်အနေရအရမ်းခက်တာပဲ။ ဘယ်လိုမှကို နေလို့မရဘူး။
အဲဒါကတော့ ဘဝမှာ အကြောက်ဆုံးပဲ။ အခုချိန်အထိလည်းကြောက်တုန်းပဲ။ ဒါကြောင့် အခုထိ ထမင်းစားပြီဆိုရင်
စကားလည်း သိပ်မပြောဘူး။ ရယ်တာမျိုးလည်း မလုပ်ဘူး။၉ တန်း၊ ၁ဝ တန်းလောက်ကတည်းက စဖြစ်တာ
အခုအသက်အထိဖြစ်တုန်းပဲ။အဲဒါကိုတော့ ကြောက်တယ်။နောက် ကျောင်းတက်တုန်းကလည်း မုန့်ဆို ခဏ၊ ခဏ
ခိုးစားတယ်။ ခိုးစားလွန်းလို့ ဆရာမတောင် မုန့်နံ့တွေရတယ်။ဒါပေမယ့် အပြင်မှာ လွတ်လွတ်လပ်လပ် စားရတာထက်
ခိုးစားရတာအရသာပိုရှိတယ်။ (ရယ်လျက်)

• ညီမရဲ့ တစ်နေ့တာ စားသောက်မှုပုံစံလေးကရော။

– မနက်စာကိုတော့ အိပ်ရာကထထခြင်း ညီမစားတယ်။များသောအားဖြင့် ထမင်းပဲစားဖြစ်ပါတယ်။ နေ့လယ်စာလည်း
ထမင်းပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ညီမတို့ကနယ်မှာနေကတည်းက ထမင်းပဲ အဓိကစားဖြစ်တော့လေ။
ညစာကိုတော့ လျော့စားဖြစ်ပါတယ်။

•ညစာကိုရော မိသားစုနဲ့ အပြင်မှာထွက်စားဖြစ်သလား။ညစာစားပြီးရင်ရော အချိုတွေဘာတွေ တည်းလေ့ရှိလား။

– ညစာကိုတော့ မိသားစုနဲ့ အပြင်မှာလည်း ထွက်စားဖြစ်ပါတယ်။အင်း ညစာစားပြီးရင်တော့ ညီမက အသီးတွေ အမြဲစားတတ်တဲ့
အကျင့်တော့ရှိတယ်။

•ညီမ စားဖူးသမျှအစားအစာတွေထဲမှာတစ်သက်မမေ့လောက်အောင်ဖြစ်တဲ့အစားအသောက်မျိုးရောရှိလား။

– အဲဒီလိုမျိုးတော့ မရှိဘူး။ ညီမက အစားအသောက်နဲ့ပတ်သက်ရင်အကုန်လုံးကြိုက်တယ်။

•ဒါဆိုရင် ထူးထူးဆန်းဆန်းဖြစ်တယ်လို့ထင်တဲ့အစားအသောက်ရောရှိလား။

– ထူးထူးဆန်းဖြစ်တယ်ထင်တဲ့ အစားအစာဆိုရင်ညီမ ပြိုင်ပွဲသွားတုန်းက ဂျပန်မှာ သူတို့ကျွေးတဲ့ သားစိမ်း၊
ငါးစိမ်းတွေကို ပြောရမလိုပါပဲ။ ဒါပေမယ့် အဲဒီအစားအသောက်တွေကိုတော့ ညီမမကြိုက်ပါဘူး။ဂျပန်စာတွေကို ဘယ်လိုမှစားလို့မရဘူး။

•အိမ်ကအမေတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

– အမေချက်တဲ့ ဟင်းတွေထဲမှာဆိုရင် ကြက်သွန်ဖြူ၊ငရုတ်သီးဆားထောင်းကို သံပရာသီးလေးညှစ်ထားတာတို့
ပဲသီးဟင်းရည်နဲ့ ပဲပုပ်ကြော်တို့ကို ညီမအကြိုက်ဆုံးပါပဲ။

•နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင်ဘယ်နိုင်ငံက ဘယ်အစားအသောက်ကိုကြိုက်လဲ။

– နိုင်ငံတကာအစားသောက်တွေမှာဆိုရင်တော့ဥရောပအစားအစာတော်တော်များများကို ကြိုက်ပါတယ်။
နောက် တုံယမ်းတို့၊ ချဉ်စပ်တို့လည်းကြိုက်ပါတယ်။

•နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံကဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါသလဲ။

– နိုင်ငံခြားကိုရောက်လို့ရှိရင်တော့ မြန်မာပြည်ကဝက်သားဟင်းတို့၊ ကြက်သားဟင်းတို့ကို သတိရတယ်။

•ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊
တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့်အစားအစာမျိုးပေါ့။

– အဲဒီလိုမျိုးတော့မရှိပါဘူး။

• နန်းခင်စားဖူးသမျှ အစားအစာတွေထဲမှာဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာ ပြောပြပါဆိုရင်။

– စားဖူးသမျှထဲမှာ ဈေးကြီးပြီးတော့ မတန်တာဆိုရင်ဟိုတယ်တစ်ခုမှာ ညီမစားခဲ့ရတဲ့ အစားသောက်တစ်ခုပေါ့။
သူတို့ထမင်းလေးကို လေးထောင့်အတုံးလေးတုံးထားပြီးခွက်သေးသေးလေးထဲထည့်ထားတာ။ စားလိုက်ရင်လည်း
၂ လုပ်လောက်ပဲ စားရတယ်။ ဝလည်းမဝဘူး။နောက် အစားအသောက်ဆိုရင်လည်း သေးသေးလေးတွေ။
အဲဒါကို ၁ဝ ဒေါ်လာလောက်ပေးခဲ့ရတယ်။ ဒါပေမယ့်အရသာကတော့ ကောင်းတယ်။

• စားဖူးသမျှထဲမှာ ဈေးပေါပြီးတော့ စားလို့ကောင်းတဲ့အစားအစာဆိုရင် ဘယ်ဟာဖြစ်မလဲ။

– ဈေးပေါပေါနဲ့ စားလို့ကောင်းတာဆိုရင်တော့သင်္ဘောသီးထောင်းလို့ပဲထင်တယ်။

• စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားဖြစ်လဲ။

– ညီမကတော့ အိမ်မှာလည်းစားဖြစ်တယ်။စားသောက်ဆိုင်မှာလည်း စားဖြစ်တယ်။ ဒါပေမယ့်စားသောက်ဆိုင်မှာ ပိုစားဖြစ်ပါတယ်။

•နန်းခင်အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကိုပြောပြပေးပါဦး။

– ညီမက အသီးအနှံဆိုရင် အကုန်လုံးနီးပါးကြိုက်ပါတယ်။အကြိုက်ဆုံးသီးနှံ့ဆိုရင် သရက်သီး၊ နာနတ်သီးပါ။
အရွက်ထဲမှာဆိုရင်တော့ ဆူကာရွက်ကြိုက်တယ်။ကိုက်လန်အရွက်ကြိုက်တယ်။ သားငါးတွေထဲမှာဆိုရင်
ကြက်သားကြိုက်တယ်။ ဝက်သားကိုတော့အဆီမကြိုက်ဘူး။ ကြော်တာ ကြိုက်တယ်။

•နန်းခင်နဲ့မတည့်တဲ့ အစားအစာတွေရောရှိလား။မကြိုက်တဲ့အစားရောရှိလား။

– အဲဒီလိုတော့မရှိဘူး။ အကုန်တည့်တယ်။ အကုန်ကြိုက်တယ်။

• အစားသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာရွံစရာတွေဘာတွေရော တွေ့ဖူးလား။ ရွံတတ်လား။

– အင်းရွံတတ်တယ်။ အစားအသောက်စားနေတုန်းဘေးကနေပြီး နှပ်ချေးညှစ်တာတို့၊ နောက်အစားအသောက်တွေထဲမှာ ဆံပင်မွေးတွေပါလာရင်တော့လုံးဝစားလို့ မရတော့ဘူး။

•အစားသောက်စားနေတုန်း ဘေးနားက သူငယ်ချင်းတွေကရွံစရာတွေ ဘာတွေပြော ရင်ရော။

– အဲဒီလိုမျိုးဆိုရင်တော့ ညီမမကြိုက်ဘူး။

•အစားသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ယှဉ်ကျေးမှုကိုဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

– ထင်မြင်မိပါတယ်။ မြန်မာနိုင်ငံကချက်တဲ့ဟင်းကတခြားနိုင်ငံကချက်တဲ့ ဟင်းနဲ့မတူဘူး။ တချို့နိုင်ငံကလူတွေဆိုရင် မြန်မာပြည်ကိုလာရင် မြန်မာအစားသောက်ကိုစမ်းပြီးတော့ စားကြည့်ကြတယ်လေ။

• အခုညီမချက်ပြတဲ့ဟင်းကို စားမယ့်ပရိသတ်များအတွက်စကားလက်ဆောင်က။

– စမ်းပြီးတော့ လိုက်လုပ်စားကြည့်ပါလို့။သခွားသီးကြော်ဆိုရင်လည်း လူတိုင်းလုပ်မစားတဲ့ဟင်းထဲမှာပါတယ်လေ။ ဒီတော့ စားဖြစ်အောင်လုပ်စားကြည့်ပါလို့ ပြောချင်ပါတယ်။

နန်းခင်ဇေယျာ ရဲ့ သခွားသီးကြော်
……………………

သခွားသီကြော်ပြုလုပ်ပုံ
…………………………….
.
သခွားသီးကို လှအောင် ဓားလေးနဲ့
အခွံများအကြားလေးဖြစ်အောင်လှီးလိုက်ပါ။
ထို့နောက် သခွားသီးကို ရေနွေးဖြောပါ။
ပြီးရင် ကြက်သွန်ဖြူကိုဆီသတ်ပါ။
ထို့နောက် ပုစွန်ခြောက်နှင့် သခွားသီးကိုထည့်ပါ။
အချိုအငန်အတွက်ခရုဆီ၊ ကြက်ပြုတ်ရည်ထည့်ပါ။
ငရုတ်ကောင်းမှုန့်လေး နည်းနည်းပေါက်ပေးပါ။
ထို့နောက် သမအောင်မွေးပြီး တရုတ်နံနံ၊
ကြက်သွန်မြိတ်၊ နှမ်းမည်းတို့ကို အပေါ်မှဖြူးပေးပါ။
ကြက်ဥ(သို့)ဘဲဥကို အကြေကြော်ပြီး အပေါ်မှ
ဖြူးပေးပြီးသုံးဆောင်နိုင်ပါပြီ။

နန်းခင်ဇေယျာ ရဲ့ ဂေါ်ရခါးသီးသုပ်
………………….


ဂေါ်ရခါးသီးသုပ်ပြုလုပ်ပုံ
…………………………….

ကြက်သွန်နီကိုလှီး၊ ရေဆေးပြီး စစ်ထားပါ။
ဂေါ်ရခါးသီးကိုလည်း အစိမ်းလိုက်လှီး၊
ရေးဆေးပြီးစစ်ထားပါ။ ပြီးရင် ဂေါ်ရခါးသီးနှင့်
ကြက်သွန်နီကိုရောပြီး မြေပဲဆံ၊ နှမ်းမည်း၊
နှမ်းဖြူ၊ ကြက်သွန်ဖြူဆီသတ်၊ ဆား၊ သကြား၊
သံပရာသီးတို့ထည့်ပြီး သမအောင်ရောနယ်ပါ။
မိမိလိုချင်တဲ့ အရသာရအောင်အချဉ်ကြိုက်လျှင်
အချဉ်ပိုထည့်။ အဆိမ့်ကြိုက်လျှင် အဆိမ့်ပိုထည့်ပြီး
ကြက်သွန်ကြော်လေးများဖြူးပြီးလျှင် စားသုံးနိုင်ပါပြီ။

32 comments

  • alinsett

    October 23, 2013 at 6:20 pm

    အော်

    ခေါင်းစဉ်လေးတင် ဖတ် လိုက်တာ
    ရင်ထဲမှာ ထိတ်ခနဲ
    ဟဲဟဲ

    အထဲဝင် ဖတ်လိုက်တော့ အစားအသောက်ကိတ်စကိုးးးးး

    :kwi:

  • padonmar

    October 23, 2013 at 9:27 pm

    လူစိတ်ဝင်စားအောင် ခေါင်းစဉ်ပေးတော်ပါပေတယ်
    ထူးဆန်းတဲ့အသုတ်တွေလည်းစမ်းကြည့်ပါမယ်

    • အာဂ

      October 24, 2013 at 4:48 pm

      တစ်ယောက်တည်းတော့မစားပါနဲ့…..အနော့်ကိုလည်းကျွေးပါဦး။

  • kai

    October 23, 2013 at 11:02 pm

    ဒါရိုက်ကိုထိတာပဲ..။
    .. အော်… အင်း..
    .. ခေါင်းစဉ်တို့ရဲ့အနုပညာ… :mrgreen:

    • အာဂ

      October 24, 2013 at 4:50 pm

      တဂျီးကလည်း အာချင်း ချင်းတွေဘဲ တိတယ်မုတ်လား..။ စာနယ်ဇင်း ကလိပညာ အဟက်

  • ကိုရင်စည်သူ

    October 24, 2013 at 12:38 am

    ခိုးစားရတဲ့ အသီးကပိုချိုပါတယ်… အူးအာဂ.. ဟုတ်ရား..
    ကျော့်က အနုပညာဆိုတာ.. ခိုးဆွဲလေ.. အဲ.. ခိုးခံစားလေ.. ခိုးပြီးခံစားလေ..
    ပိုပီး အရသာရှိလေ.. ထင်ဒါပဲလေ… သေချာသိချင်တော့
    ပတ်ကညော ဘဲကြီး ဂျီပွန်ကြီးကို မေးကျီ့ပေါ့ဗျာ.. :mrgreen:

    • အာဂ

      October 24, 2013 at 5:00 pm

      အော်ဂျပွန်က လူဂျီးလည်း ခိုးစားတယ်ပေါ့.. (ကျပ်ပေးလိုက်ခြင်း)

  • ဦးကျောက်ခဲ

    October 24, 2013 at 7:49 am

    ဟီး ဟီး… နန်းခင်လေးကိုတော့ မန့်လို့မဖြစ်ဘူး…
    အိမ်နီးချင်းမို့ အလွန့်အလွန် ရှော့ရှိပါ၏… လက်ရှောင်ပါရစေ…
    😀

    • အာဂ

      October 24, 2013 at 5:15 pm

      ဧကန်န အဆက်ဟောင်းတွေများလားမသိ

    • ကိုရင်စည်သူ

      October 24, 2013 at 5:33 pm

      ကြားမိဒါကတော့.. အူးကျောက်တို့ အိမ်းနားကပဲ.. အူးကျောက်လက်ပေါ်မှာ ကြီးလာတယ်ပြောတာပဲ… :mrgreen:

  • KZ

    October 24, 2013 at 9:19 am

    အဖြေတွေကို အားမရလိုက်တာအေ။
    ဂဂ နာ့ ကို မေးစမ်းဘာအေ။
    နာ အစားအသောက်ကို အပြောနဲ့တင် စားချင်စဖွယ်ဖြစ်အောင် ဖြေတတ်ပါတယ်။
    😀

    ကတောက်!!

    ချက်နည်းပဲ စိတ်ဝင်စားပြီး စားနည်း ကို မနှံ့စပ်ဘူးးးး

    အေးလေ!
    အဲလာကြောင့် အလှ မယ် ဖြစ်တာပေါ့။
    နာ့ လို စားဖို့ပဲ စဉ်းစားနေလို့ နာ ဘာမှ မဖြစ်တာပေါ့။
    အဟွတ်!!
    :kwi:

    • အာဂ

      October 24, 2013 at 5:22 pm

      ဒေါ်ခိုင်ဇာ စလယ်ဗယ်လတီ ဖြစ်အောင်လုပ်ပါ။ အနော်လာဗျူးပါမယ်။ နိုက်နိုက်ချွတ်ချွတ်ကိုဘူး အဲ ဗျူးပါမယ်။

  • surmi

    October 24, 2013 at 10:54 am

    အဟမ်​းးးး….
    ခိုးဖတ်​ရတဲ့ စာ​တွေကလည်​း ရသ တစ်​မျိုးပါ…လို့ 🙂

    • ဦးကျောက်ခဲ

      October 24, 2013 at 11:21 am

      ဆြာဆာ ဘာကိုရည်ရွယ်လည်း တိဘာဒယ်…
      အတန်းနောက်မှာ ခိုးဖတ်ရတဲ့ ဂန္တဝင်စာပေတွေ မဟုတ်လား…
      ဟဲ ဟဲ မလန့်ပါနဲ့… ရည်းစားစာကို ပြောတာဘာ…
      😀

      • ကထူးဆန်း

        October 24, 2013 at 3:37 pm

        ဟိုပြောတော့ တစ်ရောင် စာအုပ်ကတော့ ဝါညစ်ညစ် လေးတွေလားဟင် …

    • အာဂ

      October 24, 2013 at 5:28 pm

      ငယ်ငယ် ကျောင်းသားဘဝက စာရေးဆရာ ရတနာဝင်းထိန်လား သတိတောင်ရမိသွားသေး..အူးရယ်။

  • Ma Ei

    October 24, 2013 at 11:08 am

    အစားတွေထက်…
    နန်းခင်လေး ပိုလှလာတယ်နော်…
    🙂

  • kyeemite

    October 24, 2013 at 1:26 pm

    ဂဃနဏ ဖတ်ကြည့်တော့ “ဂဂ” ရေးထားတာကြိုက်သွားတယ်(ခေါင်းစဉ်ကို)

    ခိုးစားရတာပိုကောင်းတာကို ကျုပ်လည်းလက်ခံပါတယ်”ဂဂ“ ရယ် 😀

    • အာဂ

      October 24, 2013 at 5:30 pm

      ကို ကြီးမိုက် (လေးမိုက်လို့ခေါ်ရင် မကြိုက်လို့ ငိ) ဘာတွေများခိုးစားနေသလဲဟင်..ဧကန်န တော့ဧကန်န ဘဲ..။

  • ရန်ကုန်သား

    October 24, 2013 at 1:49 pm

    ဟာဂျာ… ဂဂ နောက်တယ်…
    ဘာညားလဲလို့…

  • TNA

    October 24, 2013 at 2:43 pm

    ခေါင်းစဉ်ကြည့်ပြီးလန့်ထှာ ဂဂ ရယ်။

  • ကထူးဆန်း

    October 24, 2013 at 4:29 pm

    ဟိ ဟိ .. အခုတော့ အလကားဗျုးပြီလား ..ပိုက်ပိုက်ပေးရလားဟင် ..

    • အာဂ

      October 24, 2013 at 5:33 pm

      သူကလေးလည်း မြန်မာပြည်အကြောင်းနားလည်သွားဘီနဲ့တူတယ်။ခင်ဂျ..။ တပြားမှမပေးရပါဘူး။ ဒါကြောင့် ၂ခါတောင်ခေါ်ရိုက်ပစ်လိုက်တယ်။ ဓာတ်ပုံပြောပါတယ်။

  • Mr. MarGa

    October 24, 2013 at 4:45 pm

    ကောင်းမကောင်း ကတော့
    အိမ်မှာဆို ဘာလုပ်လုပ် သူများတွေ မသိအောင် နှိုက်မြည်း ခိုးစားနေကျ
    လူမြင်သူမြင်စားရင် အရသာက မပြည့်စုံဘူး ဗျ :mrgreenn:

    • အာဂ

      October 24, 2013 at 5:38 pm

      အတူတူဘဲ..အဲ့ဒီအကျင့် ဘယ်လိုပြင်ရမှန်းတောင်မသိဘူး မာမာရေ အနော့်ကို ဂဂ လို့ ခေါ်သလိုခေါ်ကြည့်တာ.။

  • Ma Ma

    October 24, 2013 at 4:50 pm

    သူ့အသုပ်လေးတွေ ကြည့်ရတာ စားချင်စရာပဲ။
    ဗျ ူ းဆရာ ဂဂ ရဲ့ ဗျ ူ းလေးတွေ စိတ်ဝင်စားစရာကောင်းတယ်။
    ခေါင်းစဉ်ပေးပုံကအစ။ 😀

    • အာဂ

      October 24, 2013 at 5:39 pm

      အငီး မြောက်တွားဘီ..။ ဒါနဲ့ အန်တီမမ အနော့်ကို မုန့်ကျွေးမယ်လို့ကျောထားတယ်နော် မေ့နေမှာချိုးလို့ 😀

      • Ma Ma

        October 25, 2013 at 7:39 am

        စားရမယ့်သူက မှတ်ထားမှပဲ။
        ကျွေးရမယ့်သူက ပြောပြောပြီး မေ့တတ်လို့။ :mrgreen:

  • Nyein Nyein

    October 24, 2013 at 9:36 pm

    ဂဂရယ် ခေါင်းစဉ်ကြည့်ပြီး ဘာများလဲလို့စိတ်ဝင်စားသွားတာ။ အထဲက အစားအသောက်တွေက ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ မေမေ့ကို လုပ်ကျွေးခိုင်းရမယ်။ 🙂

  • marblecommet

    October 25, 2013 at 5:42 pm

    ခိုးစားတဲ့အသီးပိုချိုမှန်း
    သင်းကလေး သိသွားပြီပေါ့…..

Leave a Reply