ငုံးဥဝက်သားလုံးကြော် easy cook

weiweiOctober 23, 20131min29912

လွယ်ကူပြီး စားလို့ကောင်းတယ် .. တွက်ချေလည်းကိုက်ပါတယ် ..
ဝက်သားလုံးကြော်ကို ကလေး လူကြီး အားလုံး ကြိုက်ကြတယ် … ကလေးတွေထမင်းဗူးထဲထည့်ပေးရတာလဲ အဆင်ပြေတယ် ..
လုပ်ရိုးလုပ်စဉ် နည်းဟောင်းတွေကို ငြီးငွေ့သွားလို့ အစမ်းထွင်ကြည့်လိုက်တာ အဆင်ပြေတယ် ..
ချက်တုန်းက ပို့စ်တင်ဖို့ မရည်ရွယ်ခဲ့မိလို့ အဆင့်ဆင့်ဓါတ်ပုံ မရိုက်မိလိုက်ဘူး .. နောက်တစ်ခေါက်ကြော်မှ တင်မယ်စိတ်ကူးပေမယ့် လွယ်လွန်းလို့ အဆင့်ဆင့်ပုံတွေ မလိုလောက်တာမို့လို့ ရှိတဲ့ပုံနဲ့ပဲ ညွှန်းလိုက်ပြီနော် …

ပါဝင်သောပစ္စည်းများ
ဝက်သားကြိတ်ပြီးသား (စီးတီးမတ်မှ) ၁၅၀ဝ ကျပ်ဖိုး (အလေးချိန်မမှတ်မိတော့လို့ပါ)
ငုံဥ …………. ၁၅ လုံး
ဝက်သားထဲထည့်နယ်ဖို့အတွက် … ဆား၊ သကြား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကော်မှုန့်၊ တရုတ်မဆလာ (သို့မဟုတ်) ငရုတ်ကောင်းမှုန့်
ကြက်ဥ …. တစ်လုံး
ပေါင်မုန့်ခြောက်မှုန့် (အပေါ်ယံအပွဖြစ်လိုလျှင် သုံးနိုင်သည်)

ပြုလုပ်ပုံအဆင့်ဆင့်

ငုံးဥများကို အရင်ပြုတ်ပြီး အခွံခွာထားပါမယ်။ ကြိတ်ပြီးသားဝက်သားထဲကို ဆား၊ သကြား၊ ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူနဲ့ဂျင်းအနဲငယ်၊ ကော်မှုန့် စတီးဇွန်း ၂ ဇွန်းနဲ့ အနံ့အတွက် ကြိုက်နှစ်သက်ရာ တရုတ်မဆလာမှုန့် သို့မဟုတ် ငရုတ်ကောင်းမှုန့် ထည့်ပါမယ်။ ခေါက်ထားသောကြက်ဥတစ်လုံးမှ တစ်ဝက်ခန့်ထည့်ပြီး အားလုံး သမအောင်ရောနယ်ပါမယ်။ ၁၅ မိနစ်လောက် နှပ်ထားပြီးနောက် ဝက်သားလုံး လုံးပြီး ကြော်ပါမယ်။ ငုံးဥပြုတ်ကို ဂျုံမှုန့်နဲ့ ခပ်ပါးပါးကပ်လိုက်ပြီးမှ ဝက်သားလုံးနဲ့ အပေါ်က လုံးအောင် ကပ်ပါမယ်။ ပြီးရင် ကြက်ဥခေါက်ထားတဲ့အရည်ထဲ ခဏနှစ်လိုက်ပြီး ပေါင်မုန့်ခြောက်မှုန့်ကပ်ပြီး ဆီပူအိုးထဲထည့်ကြော်ပါတယ်။ ဆီကို ဝက်သားလုံးမြုပ်အောင်ထည့်လျှင် ပိုအဆင်ပြေပါတယ်။ နီညိုရောင်ဖြစ်လာလျှင် ဆယ်ပြီး ပန်းကန်ထဲ ထည့်လို့ရပါပြီ။
တွဲဖက်စားဖို့ အချဉ်အတွက် နှစ်သက်ရာ ပြုလုပ်စားနိုင်ပါတယ်။ ကျွန်မကတော့ အိမ်မှာလုပ်နေကျဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထောင်းထားတဲ့ထဲကို သံပုရာသီးညှစ်ထည့်ပြီး ဆား သကြားအနဲငယ်ထည့်ထားတဲ့အချဉ်နဲ့ တွဲဖက်စားလေ့ရှိပါတယ်။

ငုံးဥအစာသွတ်ဝက်သားလုံးကြော်
ငုံးဥအစာသွတ်ဝက်သားလုံးကြော်

အလုံးကြီးကြီးဖြစ်သွားတော့ အမြင်လှတယ် .. တွက်ချေကိုက်တယ် .. အရသာလဲကောင်းပါတယ် ..
ဝက်သားမစားရင် ကြက်သား၊ အမဲသား၊ ဆိတ်သား နှစ်သက်ရာနဲ့ ကြော်ကြည့်လို့ရပါတယ် ..

12 comments

  • ဦးကျောက်ခဲ

    October 24, 2013 at 7:58 am

    ကျောက်စ်ကတော့ ဝက်သားလုံးဆို အသီးအရွက်နဲ့ ဟင်းချိုချက်တာများတယ်…
    အဲဂလို ကြော်လိုက်ရင် အပေါ်တဝက်အောက်တဝက်၊ မြည်းတာနဲ့ကုန်ရော…
    ဟောင်ကောင်မှာတော့ ထမင်းနပ်ခါနီးရင်…
    ပန်းကန်ပြားလေးနဲ့ အပေါ်ကတင်ပြီး ပေါင်းလည်းစားကြသေးတယ်…
    ဝက်ကတော့… လာထားပဲ… ဟီး ဟီး
    😀

  • KZ

    October 24, 2013 at 9:04 am

    ဝေ။
    ဒီနည်းက စားကောင်းမှာသေချာတယ်။
    အနော် ဝက်သားလုံး ကြော်ရင် အထဲက မကျက်သလိုဖြစ်တတ်လို့ ပြုတ်ကြော် ကြော်ရတာများနေပြီ။
    အင်မတန်ကျေးဇူးတင်ပါတယ်။

    :chit:

    • weiwei

      October 24, 2013 at 9:17 am

      ဆီများများမှာ မီးအေးအေးနဲ့ အချိန်ကြာကြာလေး ကြော်ရင် ကျက်ပါတယ် ..
      စိတ်ထဲကနေ မကျက်ဖူးလို့ ထင်နေမိပြီး မစားရဲတာမျိုးဖြစ်တတ်တယ် .. တကယ်တော့ အသားဆိုတာ သိပ်ပူတဲ့ဆီနဲ့တွေ့လိုက်ရင် ကျက်သွားတာပါပဲ …

  • surmi

    October 24, 2013 at 9:59 am

    နဲနဲမရှင်​းလို့…
    ဒီလိုပါ…ဝက်​သားနယ်​ပြီးသားကိုအရင်​လုံးပြီး​ကြော်​..
    ပြီးမှ ငုံးဥနဲ့ထပ်​ပြီးကပ်​.. အဲသလိုလား..
    ဒါမှမဟုတ်​..
    ငုံးဥကိုအတွင်​းမှာခယးပြီး နယ်​ပြီးသားဝက်​သား​တွေနဲ့ လုံး​ကြော်​ရမှာလား…
    အဲဒါ​လေး လုပ်​ပါဦး 🙂

  • Ma Ma

    October 24, 2013 at 10:04 am

    ဝေဝေရေ- လုပ်စားကြည့်ချင်လို့ မရှင်းတာလေး မေးချင်တယ်။
    ဝက်သားလုံးကြော်ကို ခွဲပြီး ငုံးဥကို အလယ်က ထည့်ရတာလား။
    ဒါမှမဟုတ် ဝက်သားလုံးကြော်ကို ချေ ပြီး ငုံးဥအပေါ်က ကပ်ရတာလား။

  • weiwei

    October 24, 2013 at 10:18 am

    ငုံးဥပြုတ်ကို အလယ်က ထားပါတယ် ..
    ဂျုံမှုန့်နဲ့ ခပ်ပါးပါးအရင်ကပ်မယ် .. ဝက်သားနယ်ထားတာတွေကို ခပ်ပြားပြားလေးလုပ်ပြီး အလယ်က ငုံးဥထည့်ပြီး အလုံးပုံဖြစ်အောင် ပြန်ဝိုင်းလိုက်တာ ဖြစ်ပါတယ် .. ပြီးမှ ကြွပ်အောင်ကြော်တာပါ …
    မရှင်းမရှင်းဖြစ်သွားတာ ဆောရီးပါ ..
    တခြမ်းခြမ်းထားတဲ့ ပုံလေးပါလိုက်ရင် ပိုအဆင်ပြေမှာ .. ဓါတ်ပုံရိုက်ဖို့ မေ့သွားလို့ ..

    • Ma Ma

      October 24, 2013 at 3:41 pm

      အတွေးချော်တာ ဝေဝေရေ။
      အဲလိုတော့ ထင်သား။ သေချာအောင် မေးကြည့်တာ။ 😀

  • surmi

    October 24, 2013 at 10:23 am

    ​ကျေး​ကျေးစ်​… မ​ဝေ
    🙂

  • Ma Ei

    October 24, 2013 at 11:05 am

    ကြက်သားလုံးကြော် လုပ်စားဖြစ်ပေမယ့်
    ငုံးဥထည့်တဲ့ Idea လေးပိုမိုက်မယ်နော်…
    ခြမ်းထားရင် လှမယ်…
    Sunday အတွက် စာရင်းမှတ်လိုက်ပါတယ်..
    :chit:

  • TNA

    October 24, 2013 at 1:23 pm

    ရှယ်ပဲ။ အဆန်းလေး လုပ်စားကြည့်လိုက်အုံးမယ်မဝေရေ ကျေးကျေးပါ :sar:

  • kyeemite

    October 24, 2013 at 2:01 pm

    ဗဲရီးဂွတ် တဲ့ အီးဇီးကွတ်ပါလား
    မှတ်သွားပြီးမဒမ်မိုက်ကို ကြော်ကျွေးခိုင်းရမယ် 🙂

  • alinsett

    October 24, 2013 at 8:48 pm

    စားချင်စဖွယ်….

    ကိုယ်တိုင် က အဲဒီလို..လုပ်ကိုင် စားသောက်ရမှာပျင်းတတ်သော..ယောကျာ်းမို ့…
    သူများကျွေးမှ စားရမှာဖြစ်ပါတယ်…ခညာ…

    :kwi:

Leave a Reply