“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်းတစ်

“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင်   “(အခန်းဆက်ဝတ္တုရှည်)

အပိုင်းတစ်…….(အကြောင်းပါစရာလို့ဆိုကြတဲ့……………..သို့အသွား)

လပြည့်ရက်နီးလေလေ လှိုင်းတွေကထန်လေလေလို့ ပင်လယ်ကမ်းစပ်မှာနေသူတွေကတော့ပြောကြပါတယ်။
တဝေါဝေါအသံတွေနဲ့အတူ တဝုန်းဝုန်းပြေးလာတဲ့
လှိုင်းခေါင်းဖြူလေးတွေက သောင်စပ်အဆုံးထိအရှိန်ပြင်းပြင်းနဲ့   ပြေးလာခဲ့ပေမယ့်စက္ကန့်ပိုင်းလေးအတွင်းမှာဘဲ
လာရာလမ်းအတိုင်း ပင်လယ်ထဲကိုပြန်ပြီး ဆင်းသွားရပြန်ပါတယ်။
ဆင်းလိုက်တက်လိုက်လုပ်နေတဲ့ လှိူင်းတွေကြောင့် သဲပြင်တွေက
အံ့ဩစရာကောင်းလှစွာညီညာပြန့်ပြူး။
ပင်လယ်ကတွန်းလွှတ်လိုက်တဲ့ အခါ ကမ်းစပ်ကိုအားနဲ့မာန်နဲ့ပြေးတက်လာလိုက်၊
ပင်လယ်ကပြန် ဆွဲလိုက်ရင် လာရာလမ်းအတိုင်းပင်လယ်ရင်ခွင်ထဲကို

ပြန်ဝင်လိုက်နဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာ မရပ်မနား စုန်ချီဆန်ချီ။
ကျမတို့လူသားတွေကရော ပင်လယ်လှိုင်းကလေးတွေနဲ့ထူးမခြားနားပါဘဲ။
လောကကြီးထဲကို ဝင်လိုက်ကြ ပြန်ထွက်သွားလိုက်ကြ။
လရဲ့ဆွဲအားက ပင်လယ်ပြင်ကိုလှိုင်းတွေဖြစ်စေခဲ့တယ်ဆိုရင်
ကျမတို့လူသားတွေကို ဝင်စေထွက်စေအောင်ဖန်တီးနေတဲ့ဆွဲအားတွေကိုရော
ဘယ်သူများဖန်ဆင်းခဲ့သလဲလို့တွေးမိရင်ပြုံးမိပါတယ်။
ပင်လယ်ကမ်းစပ်မှာအေးဆေးထိုင်အုန်းရေသောက်ပျော်ပါးစွာဆော့ကစားနေသူ                                                                                                   လေညှင်းခံရင်းလမ်းလျောက်နေသူတွေကို ကျမငေးမောလို့ကောင်းနေတုန်း

“မမ” တယောက်ထဲလား” လို့ မေးလိုက်တဲ့  အသံကိုကြားလို့မော့အကြည့်မှာ
“အငယ်လေး”လို့ ကျမစိတ်ထဲမှာအမည်ပေးထားတဲ့ ကောင်လေးဖြစ်နေပါတယ်။
သူမေးလိုက်မှ ချောင်းသာကို တစ်ယောက်ထဲရောက်လာဖြစ်တဲ့အကြောင်းကို
ကျမ ပြန်တွေးမိပါတော့တယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကျမရန်ကုန်ကိုအလုပ်ကိစ္စနဲ့ ရောက်နေတဲ့အချိန် မန်းလေးမှာကျန်နေခဲ့တဲ့

“ကေသီ”က ချောင်းသာကို စနေတနင်္ဂနွေပိတ်ရက်မှာ သွားရအောင်ဆိုပြီး ဖုန်းဆက်လာပါတယ်။
ရန်ကုန်ရုံးက ကလေးမတွေကို လိုက်ဘိုု့အဖော်စပ်တော့ “မမနဒီကလဲ မိုးတွင်းကြီး ပင်လယ်ပြင်သွားပြီးဘာလုပ်မှာလဲ”ဆိုပြီး တစ်ယောက်မှ ခေါ်မရ။
ကျမကလဲ ပင်လယ်ပြင်ကို မြင်ဘူးချင်။
လှပတယ်ဆိုတဲ့ ပင်လယ်ပြင်ရဲ့ နေဝင်ချိန်လေးကို ခံစားကြည့်ချင်သလို
ဓါတ်ပုံလဲရိုက်ချင်လှပါတယ်။
ဒီတော့ ကေသီက ချောင်းသာသွားမယ်ဆိုတာကို  သဘောတူလိုက်တာပေါ့။
ကေသီတို့က မန်းလေးကနေ ပုသိမ်ကိုလာ။
ကျမက ရန်ကုန်ကနေပုသိမ်ကိုလာ။
အဲဒီကနေမှတစ်ဆင့်ချောင်းသာသွားကြမယ်ဆိုပြီးအစီအစဉ်တွေဆွဲကြတာပေါ့။
အဲဒါနဲ့ ပုသိမ်မှာရောက်နေတဲ့ ကျမရဲအရင်းနှီးဆုံးသော သူငယ်ချင်း ကိုတင့်ကို
လှမ်းဖုန်းဆက်ပြီး မေးရမြန်းရပါတော့တယ်။
ရန်ကုန်ကနေပုသိမ်ကိုမနက်ကနေညနေထိကားရှိတယ်ဆိုတာသိရ။
ပုသိမ်နေ ချောင်းသာကိုထွက်တဲ့ ကားကလဲမရှား။

ဒါပေမယ့် ပုသိမ်ချောင်းသာကားကတော့ညနေ(၂)နာရီကားက
နောက်ဆုံးကားလို့ဆိုပါတယ်။
ဒါနဲ့ဘဲ စနေ နေ့မနက် ကားနဲ့ ပုသိမ်ကိုလာပီးရင်ချောင်းသာဆက်သွားမယ်လို့
ကိုတင့်ကိုဖုန်းဆက်လိုက်တော့
“ရတယ် နဒီ ရေ နင်ပုသိမ်ရောက်တာနဲ့ငါ့ဆီဖုန်းဆက်လိုက် ငါလာကြိုပြီး
ချောင်းသာဂိတ်ပို့ပေးမယ်”လို့ ကိုတင့်က စီစဉ်ပေးပါတယ်။

ပြီးတော့မှ ကေသီဆီ ဖုန်းပြန်ဆက်ပြီးချိန်းရပါတယ်။
ကေသီနဲ့ ကိုဇော်တို့က သောကြာနေ့ ကျရင် ညနေ(၃)နာရီထွက်တဲ့

“ရာဇာအောင် “ကားနဲ့ မန်းလေးကနေပုသိမ်ကိုလာမယ်။
ပုသိမ်ရောက်တယ်ဆိုရင် သူတို့က ကျမကိုမစောင့်ဘဲချောင်းသာကိုသွား နှင့်မယ်။  တည်းခိုခန်းတွေဘာတွေစီစဉ်ထားမယ်။                                                        ချောင်းသာမှာဘဲဆုံကြမယ်ဆိုပြီး ချိန်းထားလိုက်ကြပါတယ်။
နောက်နေ့ နေ့လည်ကားနဲ့ပုသိမ်ကိုပြန်လာ။
ပုသိမ်က အိပ်စ်ပရက်နဲ့ အတူပြန်ကြမယ်။
ကျမက ရန်ကုန်မှာဆင်းနေခဲ့ သူတို့က မန်းလေးကိုဆက်ပြီး သွားမယ်ဆိုပြီးစီစဉ်ကြပါတယ်။
ချောင်းသာမှာကြာကြာနေချင်ပေမယ့် ကျမတို့အလုပ်ကခွင့်ယူလို့မရ။
အဲတော့ ရသလောက်ဘဲ နေမယ်ဆိုပြီး စိတ်ဆုံးဖြတ်လို့လာခဲ့ကြတာပါ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

စနေ့နေ့မနက်  လှိုင်သာယာကားကွင်းကိုသွားမယ်လုပ်တော့ မိုးတွေရွာနေပါတယ်။
ဒါနဲ့ မိုးအတိတ်စောင့်ရင်း မနက် (၇)နာရီလောက်မှဘဲ အိမ်ကထွက်ဖြစ်ပါတယ်။
ကျိုက္ကဆံILBC ကနေ ကားကွင်းကို တက္ကဆီငှားတော့ ၈၀၀ဝတဲ့။
သုံးစီးမြောက်မှာတော့ ခြောက်ထောင်နဲ့ဈေးတည့်သွားပါတယ်။
ကံကောင်းတယ်လို့ပြောနိုင်တာအဲဒီနေ့က လမ်းသိပ်မပိတ်တော့ ရှစ်နာရီကျော်ကျော်လောက်မှာ ကားဝင်းကိုရောက်သွားပါတယ်။
ကားဝင်းထဲဝင်တာနဲ့ ဧည့်ကြိုကောင်လေးတွေက “ပုသိမ် လား
ကားရှိတယ်”ဆိုပြီးကားနားပြေးလိုက်လာပါတယ်။
မေးကြည့်တော့ မနက်(၈)နာရီခွဲထွက်မယ့်ကားရှိတယ်လို့ဆိုလာပါတယ်။
ဒါနဲ့ဘဲသူတို့ပြောတဲ့ ကား နဲ့ဘဲလိုက်ဘို့ ဆုံးဖြတ်လိုက်ပါတယ်။
ကားမရှိဘဲ ကားဝင်းထဲမှာအကြာကြီးမစောင့်ချင်လို့ပါ။
ကျမရောက်တဲ့အချိန်ကလဲ ၈း၁၅ရှိနေပြီလေ။
အဲဒါနဲ့ လမ်းမှာ စိတ်ချရအောင်အပေါ့အပါးသွား။
ရေသန့်ဘူးတွေတစ်သျှူးတွေဝယ်။
ရန်ကုန်ပုသိမ် ကားလက်မှတ်ဖြတ်တဲ့အခါ  သုံးထောင် ဆိုတော့ ပြုံးမိပါတယ်။
ရန်ကုန်ပုသိမ်အဝေးကြီး မိုင်တစ်ရာကျော် ကို မှ သုံးထောင် ။
ရန်ကုန်မြို့ထဲကနေ ဘယ်လောက်မှ မဝေးတဲ့ လှိုင်သာယာဂိတ်ကို ကားခက ခြောက်ထောင်။

တစ်ခုတော့ရှိပါတယ် တစ်ယောက်ထဲစီးရတဲ့ကားနဲ့အများစုပေါင်းသွားတဲ့ကား ဒီလောက်တော့ ကွာနို်င်ပါတယ်။
ခဏနေတော့ ခရီးသည်တွေကို ကားပေါ်တက်ခိုင်းပါတယ်။
ကားလဲစထွက်ရော ပုသိမ်က ကိုတင့် ဆီကို လှမ်းဖုန်းဆက်လိုက်ပါတယ်။
ပုသိမ်ကိုလာနေပြီ ချောင်းသာကိုသွားမယ့်  နောက်ဆုံးကားနဲ့လက်မှတ်ဖြတ်ထားဘို့ ပေါ့။

ကျမ စီးတဲ့ကားကသိပ်အကောင်းကြီးတော့လဲမဟုတ်ပါဘူး။
နောက်မှသိရတာ အိပ်စ်ပရက်ကားကြီးတွေလဲရှိတယ်
လက်မှတ်ကြိုမှာထားလို့ရတယ် ကားခ သုံးထောင် ဘဲဆိုတာကိုပါ။
ကားမထွက်ခင်ကလေးမလေးတစ်ယောက်တက်လာပြီး မှတ်ပုံတင်တွေနံပါတ်တွေ
လူနာမယ်တွေမေးပြီး ပုံစံစာရွက်ကလေးထဲမှာ မှတ်သွားပါတယ်။
စံနစ်ကျတယ်ဆိုတဲ့သဘောပါဘဲ။
မိုးလဲက တိတ်လိုက်ရွာလိုက်ဆိုတော့ ခရီးသွားရတာအေးအေးဆေးဆေး။
ကားကလဲ သိပ်အမြန်ကြီးမဟုတ်ဘဲ ခပ်မှန်မှန်လေးမောင်းပါတယ်။
ပုသိမ်ကို ဘယ်အချိန်လောက်ရောက်မလဲဆိုတာသိချင်ပေမယ့်
“ရောက်ချိန်မေးခြင်းသီးခံပါ” ဆိုတဲ့စာတန်းမြင်မိတော့ မမေးရဲပါဘူး။
အိုင်တီခေတ်မှာ ကမ္ဘာကြီးသာအပြောင်းအလဲတွေအများကြိးဆိုပေမယ့်
ကျမတို့နိုင်ငံသူနိုင်ငံသားတွေရဲ့ အတွေးအခေါ်တွေကတော့
မပြောင်းမလဲရှိနေဆဲပါဘဲ။
ကျမက ပြူတင်းပေါက်နားမှာနေရာ ရတော့ အပြင်ကိုငေးမောလို့ကောင်းပါတယ်။
ကျမဘေးနားမှာလဲ ထိုင်သူမရှိသေးတော့ တစ်ယောက်ထဲလွတ်လွတ်လပ်လပ်။
ရန်ကုန်မြို့ဧရိယာကိုလွန်မြောက်တဲ့အခါမှာတော့မြင်ကွင်းတွေကလဲပြောင်းလဲလို့လာပါတယ်.။
စိမ်းစိုနေတဲ့လယ်ကွင်းတွေမြင်ရတာအေးအေးမြမြ။
ရေတွေပြည့်နေတဲ့အိုင်ထဲမှာ ရေကူးနေတဲ့ဘဲကလေးတွေတွေ့ရတာကလဲ ကြည်နူးစရာ။
ပန်းတနော်နဲ့ ပုသိမ်လမ်းခွဲအရောက်မှာတော့ ကားခဏအရပ်ဈေးသည်လေးတွေ
ဝိုင်းအုံလို့လာပါတယ်။
ပေါ်က်စီကြော်တွေကလဲ အကြီးကြီး။
ငုံးကြော် ငှက်ကြော်တွေကလဲ အကြီးကြီး။
စားချင်စရာတွေချည်းပါဘဲ။
ဒါပေမယ့် ဝယ်မစားဖြစ်ပါဘူး။
“ နဒီ နော်လမ်းမှာ ငှက်ကြော်တွေဘာတွေတွေ့ရင်ဝယ်မစားနဲ့။
တစ်ချို့တွေက ကြော်ထားတာမဟုတ်ဘူး ပြုတ်ပြီး
ဆီလူးထားတာ”လို့ဆိုတဲ့စကားကိုနားထဲကြားမိလို့ပါဘဲ။
အဲဒီပန်းတနော်လမ်းဆုံအရောက်မှာ ခရီးသည်တွေတက်လာတော့ ကားလဲပြည့်သွားပါတယ်။
ကျမထို်င်တဲ့နံဘေးမှာလဲ ကောင်လေးတစ်ယောက်ရောက်လာပါတယ်။
သူတို့အဖွဲ့က ငါးယောက်အုပ်စုပါ။
စုံတွဲနှစ်တွဲနဲ့ အဲဒီကောင်လေးနဲ့ ပါ။
ကားပေါ်တက်ကတည်းက သူတို့ထဲက အတွဲနှစ်တွဲက ကြွက်ကြွက်ညံနေအောင်
စကားတွေပြောကြပေမယ့် ကျမနံဘေးက ကောင်လေးကတော့ အိပ်ငိုက်ပြီးလိုက်လာပါတယ်။
ကျမကတော့ ငေးရင်းမောရင်း ကျမမမြင်ဘူးသေးတဲ့မြင်ကွင်းတွေကိုကြည့်ရင်းပေါ့။
လမ်းဘေးတစ်ဘက်ချက်က အိမ်လေးတွေရှေ့မှာလှေကလေးတွေရှိနေတာကိုလဲမြင်ရ။
မြောင်းသာသာလောက်ရှိတဲ့ နေရာလေးမှာ လှေကလေးတွေသွားနေတာမြင်ရတော့
အညာသူကျမမှာအထူးအဆန်းတွေဖြစ်လို့။
တစ်ခါတစ်ခါ ကျမနံဘေးက ကောင်လေးက အိပ်ငိုက်နေရင်း သူ့ခေါင်းက
ကျမဘက်ကိုစောင်းကျလာတတ်ပါတယ်။
အဲဒီအခါမျိုးမှာ သူဖျပ်ကနဲလန့်နိုးသွားရင် ခပ်ပြုံးပြုံးနဲ့ “ဆောရီး”
လို့ပြောပြီးပြန်အိပ်လိုက်။
ပြန်နိုးလိုက်ဆောရီးလိုက်နဲ့ဘဲ ထမင်းစားဘို့ကားခဏနားပါတယ်။
ကျမကတော့ ဘာမှ  စားချင်စိတ်မရှိတော့ ကော်ဖီမစ် တစ်ခွက်မှာသောက်။
ကျမနံဘေးက ကောင်လေးနဲ့ သူ့အုပ်စုကတော့ စကားတွေပြောရင်းတဝါးဝါးတဟားဟား။
အဲဒီအချိန်လမ်းတစ်ဖက်မှာရှိနေတဲ့ ဈေးသည်လေးတွေကို မြင်တော့
ကျမဓါတ်ပုံရိုက်ချင်စိတ် ပေါက်လာတာနဲ့ အိတ်ဆောင်ကင်မရာလေးနဲ့ လှမ်းရိုက်လိုက်ပါတယ်။
ကျမစိတ်ထဲမှာတစ်ယောက်ယောက်က ကျမကိုကြည့်နေတယ်လို့ခံစားမိတော့
နောက်ပြန်လှည့်အကြည့် ကျမကို တအံ့တဩောနဲ့ကြည့်နေတဲ့ ကောင်လေးကိုမြင်လိုက်တော့
စိတ်ထဲမှာရှက်မိသလိုလို။

သိပ်မကြာခင်မှာဘဲ ကားပြန်ထွက်ပါတယ်။
ကားထွက်လို့မှာ မကြာမီ စိတ်ပျက်စရာကောင်းလှတဲ့သတင်းကိုပေးမယ့်
ဖုန်းသံကိုကြားရပါတော့တယ်။
“နဒီ နင်ဘယ်ရောက်နေပြီလဲ” ဆိုတာကိုအစချီလို့ မနေ့မနက်က ကေသီ အဖွား

ရေချိုးခန်းထဲမှာ ချော်လဲပြီးဆေးရုံတင်ထားရတဲ့အကြောင်း။
သူဆေးရုံစောင့်ရမှာမို့မလာဖြစ်တဲ့အကြောင်း။
အရမ်းအားနာတဲ့အကြောင်း။
ကျမကို မနက်ကတည်းက ဖုန်းခေါ်နေတာ ခေါ်လို့မရတဲ့အကြောင်း
တန်းစီပြီးပြောပါတော့တယ်။
ကျမက ကားပေါ်အရောက် ကိုတင့်နဲ့ဖုန်းပြောပြီးကတည်းက ဖုန်းကို
အိတ်ထဲ ထည့်ထားမိတာပါ။
ငေးမောနေတော့ ဖုန်းသံကို ဂရုမစိုက်မိ။
အခုဖုန်းလာတာတောင်မှ ဘေးနားကထိုင်လာတဲ့ကောင်လေးက
“မမ ဖုန်းလာနေတယ်ထင်တယ်နော်” လို့သတိပေးမှ ဖုန်းလာတာသိတာပါ။
“ရတယ်  ကေသီ တစ်ယောက်ထဲဖြစ်နေလဲ ချောင်းသာကို ငါရောက်အောင်သွားတော့မယ် ၊
ဒီအထိရောက်နေမှ ပြန်မလှည့်တော့ဘူး
သိပ်လဲ စိတ်ပူမနေနဲ့ ငါ ဆယ့်ခြောက်နှစ်မ မဟုတ်ဘူး” လို့ပြောလိုက်ပါတယ်။
ကျမ ဖုန်းပြောပြီးတဲ့ အခါ ကောင်လေးက
“ ကျနော်တို့လဲ ချောင်းသာကို သွားမှာ ၊အေးဆေး” လို့ပြောတော့ စိတ်ထဲမှာ
အားရှိသွားသလို။
ကျမကလဲ သာယာတဲ့မြင်ကွင်းတွေကို ကြည့်ရင်း ကောင်လေးကလဲ အိပ်ငိုက်ရင်း
ကားစပယ်ယာလေးရဲ့ အော်သံကိုနားထောင်ရင်း
ပုသိမ်ကိုရောက်ဖို့သိပ်မလိုတော့ဘူးဆိုတာကိုသိလာရပါတယ်။
နာရီကြည့်လိုက်တော့ ဆယ်တစ်နာရီခွဲခါနီးနေပါပြီ။
လမ်းမကြီးအတိုင်းလာနေရင်းပန်းခြံတစ်ခုနားအရောက်မှာတော့ကောင်လေးက

သူတို့ဆင်းတော့မယ်ဆိုပြီး အထုပ်တွေပြင်ကြပါတယ်။
သူတို့က “အမလဲ ချောင်းသာဂိတ်သွားမှာဆို ဒီမှာဆင်းလိုက်
ကားဝင်းက ဟိုး အဝေးကြီးထိဝင်သွားမှာ”လို့ပြောရင်း
ကျမကိုပါသူတို့နဲ့လိုက်ခဲ့မလားလို့ခေါ်ပါတယ်။
ကျမက လာကြိုမှာ လို့ပြောလိုက်ပေမယ့်သူတို့နဲ့ ဘဲ အတူတူဆင်းလိုက်ပါတယ်။
ကျမတို့ဆင်းတဲ့နားလေးမှ အင်တာနက်ဆိုင်တစ်ဆို်င်မြင်လိုက်ရတော့ ဝမ်းသာသွားပါတယ်။
သူတို့ကတော့ သုံးဘီးဆိုင်ကယ်နဲ့ ချောင်းသာဂိတ်ကိုသွားမယ်ပြောပါတယ်။

ကျမကလဲ အင်တာနက်ဆိုင်ထဲကိုရောက်မှ ကိုတင့် ကိုလှမ်းဆက်ပါတယ်။
“ နင်ဘယ်နားမှာလဲ “ လို့ကိုတင့်ကမေးတော့ ကျမ မဖြေတတ်တာနဲ့ အင်တာနက်ဆိုင်က
ကောင်လေးကို ဖုန်းပေးပြီး ပြောခိုင်းရပါတယ်။
သူတို့ပြောပြီးမှ “ မိနဒီ ဘယ်မှ လျောက်မသွားနဲ့ အဲဒီဆိုင်ကဘဲစောင့် ငါလာခေါ်မယ်”
လို့ပြောမှ ကျမလဲ မေးလ်ဖွင့်ပြီး စစ်ရပါတော့တယ်။

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး

24-10-2013
*****************************************************************

27 comments

  • Ma Ma

    October 24, 2013 at 9:44 am

    ကိုပေါက်လက်ဆောင် အတွေးပါပါ (ပါးပါး မဟုတ်) လေးတွေတောင် မဖတ်ရတာ ကြာပေါ့။
    ခြေဆင်းလေးတော့ ဖတ်ပြီးသွားပြီ။ နောက်ဆက်မှာတွေကို မျှော်နေပါတယ်။ 🙂

  • မမရေ
    ဒီပိုစ်လေးက ဇွန်လပိုင်း လုလင်နဲ့ချောင်းသာက အပြန်မှာရေးထားတာပါ။
    စိတ်တိုင်းမကျလို့ပြင်ရင်းပြန်ရေးရင်းနဲ့ကြာသွားတာပါ။
    အားလုံးခြောက်ပိုင်း ခွဲပြီးတင်ပေးပါမယ်

  • surmi

    October 24, 2013 at 10:39 am

    အစ်​ကိုက​တော့ တကယ်​့စာ​ရေးဆရာပီသပါ့ဗျာ…
    နယ်​ပယ်​တစ်​ခုကို​ရောက်​ရင်​ တစ်​ပုဒ်​ထွက်​လာတယ်​..
    မနှစ်​တုန်​းကလည်​းတရုပ်​ပြည်​ဘက်​သွားရင်​း ခမ်​းဟွမ်​ ဆိုတဲ့ဝတ္ထု​ရေးဖြစ်​ခဲ့တယ်​..ဆို​တော့.
    ကဲ…. ​စောင်​့ဖတ်​​နေမယ်​ဗျား…

  • TNA

    October 24, 2013 at 3:03 pm

    ဆက်လက်စောင့်မျှော်နေပါတယ်လေးပေါက်ရေ။

  • kyeemite

    October 24, 2013 at 3:56 pm

    အော်..နဒီတဲ့လား..
    နာမည်လေးကလှလိုက်တာ..
    စောင့်ပြီးအားပေးဖတ်ရှု ခံစားပါ့မယ် ကိုပေါက်ရေ… 🙂

  • kyeemite

    October 24, 2013 at 4:00 pm

    ဒါနဲ့ စကားမစပ်ဗျာ…
    ခုနောက်ပိုင်း ပို့စ်တွေမှာဖြစ်ဖြစ်
    ကွန်မန့်တွေမှာဖြစ်ဖြစ် စာကြောင်းရဲ့ ထိပ်စာလုံးတွေ ပျောက်ပျောက်နေတတ်တာဖီလင်အောက်သဗျာ..
    သဂျီး ဝက်ဆိုဒ်ကြောင်ပဲထင်ပါရဲ့.. :hint:

  • ဗုံဗုံ

    October 24, 2013 at 4:01 pm

    မျှော်နေပါသည်….မျှော်နေပါသည်…ဖေပေါက်… :mrgreen:

  • Mr. MarGa

    October 24, 2013 at 4:56 pm

    နဒီ ဆိုတော့
    သွားမြင်မိတာ ဟို ပါဠိစာသားလေး
    ဘာတဲ့… ဣတ္ထိဝင်္က နဒီဝင်္က ဆိုလား…..
    အခုထိတော့ အစပဲ ရှိသေးတော့
    ခရီးသွား အတွေ့အကြုံလေးတွေပဲ ဖတ်သွားတယ်ဗျာ။

      • Mr. MarGa

        October 25, 2013 at 10:15 am

        စမ်းကြည့်ဦးမယ်ဗျာ
        နောက်တစ်ခါ သွားရင် စမ်း ရေးကြည့်မယ်…

  • ၂ခါဖတ်ပြီး ဆန့်တငင်ငင်ခံဇားသွားတယ်ဖေပေါက်
    ခရီးသွားရသလေးတွေကိုသဘောကျတယ်..
    ဆရာမကြီးကလျာတို့လို ဝတ္ထုုရေးခါနီးထည့် ရေးမယ့်ဒေသကို အရင်သွားတတ်တဲ့အထဲ
    ဖေပေါက်လည်းပါမယ်ထင်ရဲ့

    • နန်းတော်ရာသူရေ
      ဆရာမကြီး ကလျာ
      ဆရာမကြိး ယုဝတီခင်စိန်လှိုင် တို့ကအင်မတန်ကို တော်လွန်းလို့
      ဇာတ်လမ်းဖွဲ့ပုံလှလွန်းလို့
      ဗဟုသုတတွေစုံလွန်းလို့
      လေးစားခဲ့ရတဲ့စာရေးဆရာမကြီးတွေပါခင်ဗျာ.
      သူတို့ကတော့ ရောက်အောင်သွားပြီး ရေးကြတာပါ၊
      ကျနော်ကတော့ ရောက်ခဲ့တာလေးကိုပြန်ပွားတာပါ။
      ကိုဆာမိပြောသလို တစ်နေရာ တစ်ခါရောက် တစ်ပုဒ်ထွက်ပါဘဲ။
      ဒါပေမယ့် ရန်ကုန်ဇာတ်လမ်းမရေး ရသေးဘူးဗျ။
      ရေးစရာ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။

  • alinsett

    October 24, 2013 at 9:03 pm

    လေးပေါက်ရေ…
    ခေါင်းစဉ်လေးကလည်း..ကဗျာဆန်ဆန်နဲ ့..ချစ်စရာလေး…
    ဇာတ်ဆောင်လေးတွေရဲ ့နာမည်လေးတွေကလည်း.ချစ်စရာလေးတွေ…

    ဆက်လာမယ့်…အရှိန်နဲ ့ အတူ..စီးမျောဖို ့… စောင့်မျှော်နေပြီနော်..။

  • အလက်ဆင်းရေ
    ခါတိုင်း ပိုစ်တွေနဲ့ မတူ တာ ကျနော် ဒီပို့စ် ကို ပြန်ပြီးပြင်ရေးရတာပါဘဲ။
    ခါတိုင်းပိုစ်တွေဆို တစ်ထိုင်တည်း ရေးတာပါ။
    ပြင်လည်းနည်းနည်းပါးပါး။
    ဒါပေမယ် ဒီပိုစ်ကတော့ အဓိပ္ပါယ်ကောက်လွဲမှာစိုးလို့
    ကျနော်အကြိမ်ကြိမ်ပြန်ဖတ် စာဖတ်တာ စေ့စပ်တဲ့ ညီမတော် နှစ်ယောက်ဆီပို့ပြီး
    သူတို့ဝေဖန်တာ နားထောင်ပြီ း ပြန်ရေးတဲ့ပို့စ်။
    ဒါကြောင့် လေး လ ကြာမှ တင်နိုင်ခဲ့တာပါ။

  • KZ

    October 25, 2013 at 11:42 am

    လေးပေါက် ဝတ်ထု ဖတ်ပြီး ချောင်းသာသွားချင်စိတ်ပေါ်လာပြီတော့။
    ဝါး နဲ့ချိန်းသွားဦးမှ။
    ပြီးမှ ဝါး က မလိုက်နိုင်တော့ လမ်းမှာ ချောင်းသာကို ရုပ်ရှင်လာရိုက်တဲ့ စိုင်းစိုင်း နဲ့ အတူထိုင်။
    ခုခွိ ခုခွိ။

    :chit:
    လေးပေါက် အနော့ကို အဲလို ဇာတ်လမ်းမျိုးရေးပေးပါ။
    😀

  • ကေဇက်လေးပေါက် က ကေဇက်အတွက်ခံစားပြီး တစ်ပုဒ်ရေးပေးလိုက်ရမလား ခြင်္သေမြို့သူနဲ့ချစ်မိတဲ့ကောင်လေးတစ်ယောက်အကြောင်း လေးပေါက် ဇာတ်လမ်းတစ်ခုရထားပါသည်

    • KZ

      October 25, 2013 at 12:48 pm

      ရေးပေးပါ လေးပေါက်။
      ခွိခွိ။
      မင်းသားနာမည်ကို ကောင်းပြည့် လို့ ပေးပေးပါ။
      မင်းသမီး ကေဇီ နဲ့ မင်းသား ကောင်းပြည့်။
      အဟိ၊ ခွိခွိ၊ ခုခိ ခုခိ!!

      😀

      • ကျော်စွာခေါင်

        October 25, 2013 at 2:54 pm

        ဆိတ်သားကြိုက်တဲ့ ခြင်္သေ့မလေး
        ဇွတ်ဘဲ….
        ….
        ….
        သိပါတယ်.. ချောင်းသာရောက်လဲ လွဲ ဦးမှာကို…။
        လွဲမှာပေါ့…….စားသောက်ဆိုင်တန်းဘဲ စိတ်ကရောက်နေမှာကိုးးးးးး

        • KZ

          October 25, 2013 at 3:00 pm

          ဟယ်။
          ဒီလူဂျီးးးးးး
          အနော့ အကြောင်းတွေ သိကုန်လည်း တိတ်တိတ်နေလေ။

          ဇာတ်လမ်းထဲ ထည့်ရေးခိုင်းလိုက်မယ်။
          ဘာမှတ်လဲ။
          😀

  • ကျော်စွာခေါင်

    October 25, 2013 at 2:51 pm

    ကိုပေါက်
    ဝတ္တုခေါင်းစဉ်လေးကိုက အနုပညာဆန်နေလိုက်တာ..
    အဲ့ ဘက်တွေ တခါမှ မရောက်ဘူးပါဘူး..ကိုယ်ကလည်း ရေမကူးတတ်တော့..။
    ဒါပေမယ့် ခရီးသွား ဗဟုသုတလဲ ရ..
    ဝတ္တုလေးလဲ စိတ်ဝင်စားလို ့ ဆက်ဖတ်မှာပါ..။

  • ကိုခေါင်ရေ

    အနုပညာဆန်ဆို ရှေးကဗျာလေးတစ်ပုဒ်ထဲက စာသားလေးကိုမှီငြမ်းပြီးယူလိုက်လို့ပါ။
    လှိုင်ထိပ်ခေါင်တင်ရဲ့ ကဗျာလေး တပုဒ်မှာ သုံးထားတာက
    “နွဲ့ယိမ်း နွဲ့ယိုင်” တဲ့ဘယ်လောက်များ လှလိုက်ပါသလဲ။
    ကျနော်လဲ တကယ်တမ်းပြောရရင်ရေကြောက်ပါတယ်။
    ရောက်ဘူးချင်လွန်းလို့ ချောင်းသာကို နာမည်ခံလောက်ရောက်ခဲ့တာပါ.။
    ဇွန်လမှာ ကျနော်ရန်ကုန်ရောက်တုံး ရွာသား လုလင်နဲ့ကျနော် သွားခဲ့ကြတာပါ။
    သွားရင်းနဲ့ချောင်းသာနောက်ခံဇာတ်လမ်းတစ်ခုရေးဖို့စိတ်ကူးရောက်လာပါတယ်။
    အဲဒီရန်ကုန်ကအပြန်မှာ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းရဲ့ ညီမလေးကို
    တွေ့လိုက်တဲ့အခါ မာကြောင်းသာကြောင်းမေးရင်းကနေ
    ဒီဇာတ်လမ်းလေးကို ပြန်သတိရလာတာနဲ့ ရေးဖြစ်သွားတာပါ။.
    ဖတ်မိသူ မရှုံးစေရဘူး လို့ ရဲရဲကြီး အာမခံပါတယ် ဗျိုး။

  • padonmar

    October 27, 2013 at 7:44 pm

    ကိုပေါက်ရေ
    ဒီပို့စ်ထဲ ဓာတ်ပုံလေးတွေ လိုတဲ့နေရာလေး ထည့်ထည့်ပေးရင် ပိုလှမလားလို့။
    (၂)ထဲက ကလေးလေး ဓာတ်ပုံရိုက်တာ ရှက်လို့ ဆိုတာမျိုး တွေ့ဖူးတယ်လေ။ဖိုတို အက်ဆေးလေးသဘောမျိုးပေါ့။

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 1:55 pm

    အမယ် .. အမယ် ..
    အတွေး ပါးပါးလေး မဟုတ်တော့ဘူးဗျဲစ် ..
    အဆွေး ပါးပါးလေး …. တဲ့ ….
    မမရဲ့ မောင်လေး .. အဆွေးပါးပါးလေး ….

    ကဲ … ဒက်ဒီပေါက်လေး ..
    ဘယ်လို ဆက်မတုန်း နောက်တစ်ပုဒ် ကူးလိုက်ဦးမလေးးးးး

Leave a Reply