ပဲပိစပ်နှင့် ကျန်းမာရေး အန္တရာယ်

Zaw WonnaAugust 5, 20101min740

ပဲပိစပ် (Soybean) သည် အရိုးပွခြင်းကို ကာကွယ်ပေးသည့်အပြင်ကလေးငယ်များအတွက် သင့်တော်သော အစားအစာ တစ်ခုအဖြစ် လက်ခံထားကြသည်။ သို့သော် ပဲပိစပ်သည် မြုံခြင်းနှင့် ကင်ဆာအပါအဝင်  ရောဂါမျိုးစုံတို့နှင့် ဆက်စပ်နေခဲ့သည်။ ထိုသို့ ကျန်းမာရေးနှင့် ပတ်သက်သော ပြဿနာများစွာရှိသော်လည်း ပဲပိစပ်
စိုက်ပျိုးရေး လုပ်ငန်းသည် အကျိုးအမြတ် ကြီးမားသောကြောင့် ကမ္ဘာပေါ်တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျှက် ရှိကြသည်။

ပဲပိစပ်နှင့် ပတ်သက်သော ထုတ်ကုန်များနှင့် မျိုးရိုးဗီဇ ပြုပြင်ထားသော ပဲပိစပ် နှစ်မျိုးစလုံးသည် ကျန်းမာရေးအပေါ်တွင် အကျိုးသက်ရောက်မှု ရှိပါသည်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှုသည် ပုံမှန်မဟုတ်သော ပရိုတိန်းနှင့် အဆိပ်ဓါတ်ကို သာမန်အပင်များထက် ပိုမိုထုတ်လုပ်စေသည်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော
ပဲပိစပ်များသာမက သဘာဝ ပဲပိစပ်သည်လည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်။ မျောက်ငယ်များကို ပဲပိစပ်ကျွေးကာ စမ်းသပ်ရာတွင် ကြီးလာသောအခါ ရန်မူတိုက်ခိုက်လိုစိတ် များလာသည်ကို တွေ့ရှိရသည်။

ပဲပိစပ်တွင် ပါဝင်သော estroginic ဒြပ်ပေါင်းသည် ဦးနှောက်၏ ဖွံ့ဖြိုးမှုကို အနှောက်အယှက် ဖြစ်စေသည်။ အခြားလေ့လာမှု တစ်ခုအရ အထီးများတွင် လိင်စိတ်ကိုပြုပြင်သော hypothalamus ၏ဖွံ့ဖြိုးမှုကို ထိခိုက်စေကြောင်း တွေ့ရှိရသည်။ ကလေးငယ်များအတွက် အထူးထုတ်လုပ်ထားသော ပဲပိစပ်
ထုတ်ကုန်ပစ္စည်းများအား မွေးကာစ တိရစ္ဆာန်အထီးများကို ကျွေး၍ စမ်းသပ်ရာတွင် လေ့လာသင်ကြားမှု၌ အခက်အခဲရှိကြောင်းတွေ့ရှိရသည်။ ထိုအချက်အရ ယောက်ျားလေးများအနေဖြင့် ပညာသင်ကြားရာတွင် အခက်အခဲ ဖြစ်စေနိုင်သည်။ အခြားလေ့လာမှုများအရ အထီးများတွင် prostate ဂလင်းကို သေးငယ်စေကြောင်း တွေ့ရှိရသည့်အတွက် ကလေးငယ်များတွင် မိန်းကလေးဆန်သော အပြုအမူများ ဖြစ်ပေါ်နိုင်သည်ဟု ဆုံးဖြတ်နိုင်သည်။

အမများတွင်လည်း ဦးနှောက်မှ oxytocin ထုတ်လုပ်မှုကို ကျဆင်းစေပါသည်။ ကြွက်ငယ်များဖြင့် စမ်းသပ်ရာတွင် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု လျော့ကျစေသည့်အပြင် ပုံမှန် အမနှင့်သက်ဆိုင်သော အပြုအမူများအပေါ် ဆိုးကျိုး သက်ရောက်စေကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် ပဲပိစပ်သည် estrogen နှင့် testosterone ကို ပြောင်းလဲစေခြင်းကြောင့် တိရစ္ဆာန် အထီးနှင့်အမ နှစ်မျိုးလုံး၏ လိင်နှင့်ပတ်သက်သော အပြုအမူများ အပေါ်တွင် မလိုလားအပ်သော အကျိုးသက်ရောက်မှုများ ရှိကြောင်း အထက်ပါ လေ့လာမှုများအရ သိရှိနိုင်ပါသည်။

Ref: http://www.newsmaxhealth.com/dr_blaylock/soy_can_be_dangerous/2010/07/29/336758.html