တွေးမိ တွေးရာ ရေးမိ ရေးရာ (၄)

kotun winlattOctober 28, 20131min1022

p

လုပ်ပိုင်ခွင့်၊ လုပ်ကိုင်ခွင့် နှင့် အနင်းခံပြည်သူများ

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဒီမိုကရေစီဆိုနိုင်ငံဆိုသည်မှာ ပြည်သူများ၏ ဆန္ဒကို အလေးထားသည့် အစိုးရအုပ်ချုပ်သည့် နိုင်ငံ၊

တရားဥပဒေစိုးမိုးသည့်နိုင်ငံ ဖြစ်သည်။ ပြည်သူများ၏ ဆန္ဒကို အလေးထားဆောင်ရွက်ပေးသည်ဟု

နားလည်ထားခဲ့ပါသည်။ ထို့ပြင် ယနေ့မြန်မာနိုင်ငံကြီးမှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော

ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီ ချီတက်နေပါသည်ဟု ကြွေးကြော်ထားပြန်ရာ

အားရကျေနပ်ဖွယ် ကောင်းလှပေသည်။ သို့သော် အမှန်တကယ်ရော ကြွေးကြော်သံအတိုင်း ချီတက်နေကြပါ၏လော။

အပြောင်းအလဲတွေကရော အောက်ခြေအဆင်အထိရောက်ရှိပါ၏လော.. ဟုမေးခွန်းထုတ်မိသည်မှာ

အကြိမ်ကြိမ်ပင်။ ကျေးလက်တောရွာများတွင်နေထိုင်ကြသည့် အခြေခံလူတန်းစားများအတွက် မျှတမှု၊ တရားဥပဒေ၏

အကာကွယ်ပေးမှုအစရှိသည့် အခွင့်အရေးများရရှိနေကြပါ၏လော..။ ယခုဖြစ်ရပ်မှာ ဒေသခံ

အခြေခံလူတန်းစားများအပေါ် လုပ်ပိုင်ခွင့်ဟူသည့် ဝိသေသတစ်ခုဖြင့် အနိုင်ကျင့်မှု

တစ်ခုအဖြစ် မြင်တွေ့ကြားသိရပေသည်။

ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို ပြုပြင်ရန်အတွက် အစိုးရမှ ကုမ္ပဏီများကို လမ်းပိုင်းအလိုက်

ခွဲဝေပြီး နေရာချထားပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသကို ဖြတ်သန်းသွားသည့်

၎င်းလမ်းမကြီးကို အဆင့်မြင့်တင်ရန်အတွက်၊ သို့မဟုတ် ပြုပြင်ရန်အတွက် တာဝန်ယူရသည့် ကုမ္ပဏီ၏ အမည်မှာ

ဆုထူးပန် ဖြစ်ပေသည်။ နာမည်လေးမှာ စိတ်ဝင်စားစရာကောင်းလှသလို အားကျစရာလည်း ကောင်းလှပေသည်။

ဆုထူးဆုမြတ်ကို အရယူမည်ဟူသော အမည် .. ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များတွက်တော့ ဆုကြီးပန် ဆုထူးပန်

ဆိုသည့် စကားမှာ ယောက်ျားကောင်း ယောက်ျားမြတ်များသာ ခံယူကြ၊ ဆုတောင်းကြသည့် ဆုကြီးတစ်ခု သို့မဟုတ်

တကယ့်ကို စိတ်ထားမြင့်မြတ်သူတို့၏ စိတ်ထား၊ လုပ်ရပ်များအဖြစ် နားလည် သဘောပေါက်ထားကြပေသည်။

ကျွန်တော်တို့ ဒေသခံပြည်သူများ သွေးချွေးများဖြင့် ရင်းနှီးပြီး ကတ္တရာလမ်းအဖြစ် ဖန်တီးထားခဲ့သည့်

ဗျူဟာလမ်းမကြီးသည် ပြုပြင်သူမဲ့နေရာမှ နိုင်ငံတော်မှ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးလိုက်သည်… လုပ်ကိုင်ခွင့်

ရသွားသည့် ကုမ္ပဏီက ဆုထူးပန်ဆိုတော့ ကျွန်တော်တို့ ဒေသခံတွေမှာ မကြာခင် ယိုယွင်းပျက်စီးနေသည့်

ကတ္တရာလမ်းမကြီးမှ ဖြောင့်ဖြူးမည်းနက်နေသည့် ကတ္တရာလမ်းမကြီးအဖြစ် တွေ့မြင်ရတော့မည်။ လှတောသား

စကားနှင့် ပြောရမည်ဆိုလျှင် “ကျောက်ခဲစားသွား အစာကြေမည့် လမ်း”မှ “မှန်ပေါ်လိမ့်ရမည့်

လမ်း”ဖြစ်လာတော့မည်ဟု စိတ်ကူးပုံဖော် မျှော်လင့်ပြီး ကြည်နူးနေခဲ့ကြရပေသည်။ ကုမ္ပဏီမှလည်း စစချင်းတွင်

လမ်းသားဖို့ခြင်း လုပ်ငန်းကို ကားအစီးရေများစွာဖြင့် လုပ်ပြလိုက်တော့ ကျွန်တော်တို့၏ မျှော်လင့်ချက်တွေ ပိုမို

အရောင်တောက်စေခဲ့၏။ သို့သော် ကျွန်တော်တို့တွေ၏ မျှော်လင့်ချက်များက ဆုထူးပန်ကုမ္ပဏီမှ

ခင်းလိုက်သည့် မြေသားသဲကျောက်မှုန့်များနှင့် အတူ တဖြည်းဖြည်း တလွင့်လွင့် ပျောက်ကွယ်သွားခဲ့တော့သည်။

ရက်မှ လ၊ လမှ နှစ်သို့ တဖြည်းဖြည်းကူးပြောင်းလာခဲ့သော်လည်း မပြောင်းလဲသည်မှာ

ကျွန်တော်တို့၏ မော်လူးဒေသကို ဖြတ်သန်းသွားသည့် ရွှေဘို – မြစ်ကြီးနား မော်တော်ကားလမ်းမကြီး၏

အင်းတော်-မော်လူး-နန့်စီးအောင်လမ်းပိုင်းပင်၊အခြားလမ်းပိုင်းများကို တာဝန်ယူထားကြသည့် ကုမ္ပဏီများမှာ လမ်းကို

ကတ္တရာလမ်းအဖြစ် ဖြည်းဖြည်းချင်းဆောင်ရွက်ခဲ့ကြရာ လမ်းပိုင်းတော်တော်များမှာ ကောင်းမွန်နေပြီဖြစ်သည်။

ကုမ္ပဏီမှ လမ်းကို မြေသားဖို့ခြင်းကိုသာပြုလုပ်ပြီး ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား

လမ်းအသုံးပြုခများကိုမူ လမ်းဂိတ်များဖွင့်လှစ်ပြီး ပုံမှန်ကောက်ခံနေသည်။ ဒေသခံပြည်သူတို့က

လမ်းမပြင်ဘူးလားဟု မေးသောအခါဝယ် သုံးနှစ်စီမံကိန်းနဲ့ ဆောင်ရွက်မှာပါ .. ပထမအဆင့်အနေနဲ့

လမ်းသားတင်နေတုန်းမို့ မပြင်နိုင်သေးပါဟု ပြန်ဖြေ၏။ ဤသို့ဤပုံ အပြောကောင်းခဲ့သည့် ဆုထူးပန်ပင်…။

“လူအကြောင်းပေါင်းမှသိ”ဟူသည့် ဆိုရိုးကဲ့သို့ပင် ကုမ္ပဏီအကြောင်းကျတော့ အချိန်ကြာလျှင် သိရပါတော့သည်။

လမ်းပြုပြင်ခြင်းကို ဗန်းပြလျှက် ရွှေတူးဖော်ခြင်း၊ သစ်ထုတ်ခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းစသည့် စသည့်

လုပ်ငန်းများဆီသို့ ဦးတည်သွားပါတော့သည်။ ထိုပြင့် လမ်မခင်းသော်လည်း လမ်းခင်းကျောက်များကိုတော့

အင်းတော်-ကသာမော်တော်ကားလမ်းဘေးတွင် ထုတ်လုပ်ပြီး ရောင်းစားနေသည်ဟု သတင်းထွက်လာပါတော့သည်။

ထိုပြင့် သူတို့ကုမ္ပဏီဋ္ဌာနအဖြစ် နေရာယူထားသည့် နဘား-ကသာ-

အင်းတော် မော်တော်ကားလမ်းဆုံရှိ မြေကွက်ကြီးမှာလည်း ကုမ္ပဏီပိုင် အဖြစ်သို့ မည်သို့မည်ပုံပြောင်းလဲသွားရသည်

မသိချေ။ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးမှ အင်းတော်-နန့်စီးအောင် မော်တော်ကားလမ်းပိုင်း ယိုယွင်းနေကြောင်း

တင်ပြရာဝယ် ဆုထူးပန်ကုမ္ပဏီက တာဝန်ယူ ပြင်ဆင်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု

ကြားသိရပြန်တော့ ဪ..ဖြစ်ရလေခြင်း လူကြီးမင်းတို့ရယ်..ဟုသာ ဒေသခံတွေ ညာဉ်းချင်းချနေကြတော့၏။

ဒီလို..ဖြစ်ရပ်မျိုးတွေနှင့် အင်းတော်-မော်လူး-နန့်စီးအောင်လမ်းပိုင်းမှာ ထိုနည်းလည်းကောင်း၊

ထိုနည်းလည်းကောင်းဆိုသည့် ရွှေမန်းတင်မောင် သီချင်းလိုပင် မူလအစမှ မူလအစအတိုင်းပင် မပြောင်းမလဲ

ရှိနေပါတော့သည်။ လမ်းကိုမပြုပြင်သော်လည်း ဒေသခံများသည် စားဝတ်နေရေးကို ဖြေရှင်းရန် သံတိုင်လေးများဖြင့်

နဖူးကချွေး အဝီစိကျအောင် မြေကြီးကိုတူးဆွပြီး

တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေသည့် မော်လူးကျေးရွာအနောက်ဘက်

ထုံးတောင် ကျောက်စိမ်းတွင်းမှာ ပြဿနာသွားရှာပါတော့သည်။ မော်လူးဒေသတွင် ကျောက်စိမ်းထွက်ရှိသည့် နေရာသုံးခုလောက်ရှိရာ

သူရောင်းမှော်၊ ဥသျှစ်ကုန်းမှော်၊ ထုံးတောင်မှော်ဟူ၍ အမည်နာမသတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။

ထိုကျောက်စိမ်းတွင်းများမှာ လွန်ခဲ့သော နှစ်ပေါင်း တော်တော်ကြာကြာကပင် ဒေသခံများ

တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေကြသည့် နေရာဖြစ်သည်။ ထိုသို့

တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေခြင်းအား၂၇.၉.၂၀၁၃ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က ကုမ္ပဏီမှ

တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မော်လူးရဲစခန်းမှ

စခန်းမှူးတို့အားခေါ်ဆောင်လျှက် မော်လူးဒေသ၊ ဂွေ့ကြီး-နန့်ရုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊

ထုံးတောင်ကျောက်စိမ်းတွင်းတွင် တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေကြသည့် ဒေသခံများကိုပါ ခေါ်ယူကာ

ထိုကျောက်စိမ်းထွက်ရာ ထုံးတောင်သည် ဆုထူးပန်ကုမ္ပဏီက အစိုးရထံမှ

လုပ်ကိုင်ခွင့်ရထားသည့် ကျောက်စိမ်းလုပ်ကွက်တစ်ခုဖြစ်ကြောင်း၊ သို့အတွက် ဒေသခံပြည်သူများက

တူးဖော်လုပ်ကိုင်ခွင့် မရှိကြောင်း၊ အကယ်၍ တူးဖော်လုပ်ကိုင်ခြင်းကို တွေ့ရှိပါက ဥပဒေအရ

အရေးယူမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း၊ ဒေသခံပြည်သူများက အစိုးရထံမှ လုပ်ကိုင်ခွင့် ရသည်ဖြစ်စေ

မရသည်ဖြစ်စေ မိမိတို့ဒေသရှိ ကျောက်စိမ်းတွင်းလေးတွင် တစ်နိုင်တစ်ပိုင်တူးဖော်ခွင့်သည် ပြည်သူတို့၏

ရပိုင်ခွင့်ဖြစ်သည်ဟု ထင်မှတ်ထားကြပေသည်။ ထို့အတွက်ကြောင့်လည်း

တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြခြင်းဖြစ်သည်။

တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်သူများအား ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်

အာဏာပိုင်များသည် ကျောက်စိမ်းတူးဖော်နေကြသည့် ဒေသခံပြည်သူအချို့ကို ဖမ်းဆီးအရေးယူရန်

အားထုတ်ပါတော့သည်။ အသိပညာအားနည်းကြရှာသည့် ဒေသခံပြည်သူများမှာ အာဏာပိုင်အဖွဲ့အစည်းများက

ဖမ်းဆီးရန် လာရောက်သောအခါ ဘာများခုခံပြောဆိုတတ်ကြပါမည်နည်း။ မျက်ရည်လည်ရွှဲ

ဒူးဖက်တောင်းပန်ကြရုံသာရှိတော့သည်။ ကုမ္ပဏီများကျတော့ အစိုးရထံမှ ခွင့်ပြုချက်ရထားသည်ဟူသည့်

စကားလေးတစ်ခွန်းဖြင့် ဒေသခံပြည်သူများကို အာဏာပိုင်များနှင့် ပေါင်းကာ ယခုလို အနိုင်ကျင့်၍ ရသည်ဆိုလျှင်

အစိုးရထံတွင် လမ်းပြင်ပါမည်ဟု လက်မှတ်ရေးထိုးကာ လမ်းမပြင်ပဲ ဒေသထွက် သယံဇာတပစ္စည်းများကို

ရနိုင်သလောက် အမြတ်ထုတ်နေသော ထိုကုမ္ပဏီအားဒေသခံပြည်သူများကရော မကျေနပ်ကြောင်း၊ နိုင်ငံတော်မှ

ဥပဒေအရ အရေးယူပေးသင့်ကြောင်း ပြောဆိုတင်ပြခွင့် ဆန္ဒထုတ်ဖော်ခွင့် မရှိလေသလော။ သူတို့

လမ်းမပြင်ပဲနေသည်ကိုပင် မသိကျိုးကျွန်ပြုနေကြသော သက်ဆိုင်ရာလူကြီးများ၊ ပြည်သူတို့၏ လုံခြုံရေးကို

တာဝန်ယူထားကြသော အာဏာပိုင် အဖွဲ့အစည်းကလည်း ပြည်သူများအား အကာကွယ်မပေးပဲ

အစိုးရထံမှလုပ်ကိုင်ခွင့် ရရှိထားပါသည်ဆိုသော စကားလေးတစ်ခွန်း

အကြောင်းပြချက်လေးတစ်ခုဖြင့် ဒေသခံပြည်သူများအပေါ်

တရားမဝင်လုပ်ငန်းဖြစ်သည်… ကျောက်စိမ်းတုံးလေးတစ်ခုကို လက်ဝယ်ထားရှိလျှင်ပင် ဖမ်းဆီး၍ရသည်..စသည်ဖြင့်

စသည်ဖြင့် ပြောဆိုနေကြသည်။ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင်

သံတိုင်အတိုလေးကိုင်ကာ ဆင်းရဲပင်ပန်းကြီးစွာ ရှာဖွေစားသောက်နေကြရသည့် ဒေသခံများအပေါ်

ဥပဒေကြောင်းများအရ အရေးယူနိုင်ကြောင်း ပြောဆိုနေသည်မှာ သဘာဝမကျလှချေ။ ဤသို့ဤပုံ ကုမ္ပဏီများက

လုပ်ပိုင်ခွင့်ဆိုသည့် အကြောင်းပြချက်၊ ဟိုလူကြီးလက်မှတ်၊ ဒီလူကြီးလက်မှတ်စသဖြင့်

ဖိန့်လုံး၊လှိမ့်လုံးများကိုသုံးနှုန်းပြီး ဒေသခံပြည်သူများ၏ စားဝတ်နေရေးအား အနိုင်ကျင့်ကာ လုယူနေသည်မှာ မိမိတို့

ကုမ္ပဏီအားပေးထားသည့် ဆုထူးပန်ဟူသည့် အမည်နာမနှင့် မည်သို့မှစပ်ဟပ်မှု မရှိ။ ဒေသတစ်ခုသို့ လာရောက်ပြီး

တာဝန်ကိုမဆောင်ရွက်ပဲ ဒေသတွင်း သယံဇာတပစ္စည်းများကို မရရသည့်နည်းဖြင့် ထုတ်ယူနေသည့် ကုမ္ပဏီ

အဖွဲ့အစည်းများရှိနေသမျှကာလပတ်လုံး အခြေခံလူတန်းစားတို့၏ ဘဝမှာ နင်းပြားဘဝမှ အဘယ်သို့လျှင်

အထက်အဆင့်သို့ တက်လှမ်းနိုင်ပါမည်နည်း။ သို့အတွက် အစိုးရထံမှ လုပ်ကိုင်ခွင့်များရယူကာ တာဝန်ယူထားသည့်

လုပ်ငန်းကို မဆောင်ရွက်ပဲ ဒေသထွက်သယံဇာတပစ္စည်းများကို ထုတ်ယူပြီး မိမိအကျိုးကိုသာ ကြည့်ရှု့သည်

ကုမ္ပဏီမျိုးကို နိုင်ငံတော် အစိုးရအနေဖြင့် လုပ်ပိုင်ခွင့် လုပ်ကိုင်ခွင့်များ မပေးအပ်သင့်ဟု ထင်မြင်ယူဆမိပါသည်။

 

လေးစားစွာဖြင့်….

K.T.W.L

2 comments

  • KZ

    October 28, 2013 at 5:24 pm

    ဟာဗျာ။
    အခု အစိုးရက အရင် အစိုးရနဲ့ ဘာကွာလို့တုန်းးးးး
    တူတူပဲလေ။
    အဝတ်လဲထားတာပဲရှိပါတယ်ဆို။

    နိုင်ငံက နောက်ဆုံး အရည်ညှစ်ထားတဲ့ ကြံဖတ်ဘဝ ရောက်တဲ့ထိ နှိတ်စက်ချင်သေးလို့ အချိန်ဆွဲထားတဲ့ ဟာကို။
    ပြောင်းလဲပြီလို့ အော်နေတဲ့သူတွေ ဘာကိုကြည့်ပြီး အော်နေတုန်းမသိ။
    ဟိုး လူများစု လူတန်းစားအတွက် မပြောင်းလဲသေးပါဗျာ။

    သက်တမ်းမကုန်မချင်း အစိုးရသူတို့နဲ့ ပုလဲနံသင့်တဲ့ သူတွေပဲ ကောင်းစားဦးမှာပါ။

    🙁

  • kyeemite

    October 29, 2013 at 4:11 pm

    အမှန်ပဲဗျာ..ပြောင်းလဲဖို့ အများကြီးလိုပါသေးတယ် 🙁

Leave a Reply