ပုလဲတစ်လုံး (သို့) ဂြိုလ်မွှေတဲ့ပုလဲ (အပိုင်း ရ – ဇာတ်သိမ်း)

ကီနိုဟာ ဒေါသထွက်လာတယ်။ သူဟာ ကုန်းထလိုက်ပြီး သူမသွားရာနောက်ကို တိုးတိုးတိတ်တိတ်လိုက်သွားတယ်။ သူမရဲ့ပင်လယ်ဘက်ကိုဦးတည်သွားနေတဲ့ခြေသံကိုကြားနေရတယ်။ မြန်မြန်ဆန်ဆန်ပဲ သူမအနောက်ကို သူ အမှီလိုက်နေတယ်။ သူ့ဟာ ဒေါသစိတ်ဖုံးလွမ်းနေတယ်။ သူမဟာ ခြုံပုတ်တွေကိုကျော်ဖြတ်လာပြီးနောက် ရေစပ်နားကိုရောက်ခါနီးလာတယ်။ သူမဟာ ကီနို့ရဲ့ခြေသံကိုကြားလိုက်ရပြီး ပြေးသွားတယ်။ သူမဟာ လက်ကိုမြှောက်လိုက်တဲ့အချိန်မှာပဲ ကီနိုဟာ သူမလက်ကိုဖမ်းဆုပ်လိုက်ပြီး သူမလက်ထဲက ပုလဲကိုလုယူလိုက်တယ်။ သူမရဲ့မျက်နှာကို ရိုက်ချလိုက်ပြီး သူမကိုတွန်းလွှတ်လိုက်တယ်။ ဂျူနာဟာ ရေထဲကိုလဲကျသွားပြီး သူမတစ်ကိုယ်လုံးဟာ ရွှဲရွှဲစိုသွားတယ်။ ကီနိုဟာ သူမကိုငုံကြည့်လိုက်ပြီး သူဟာ အံတင်းတင်းကြိတ်ထားတယ်။ ကီနိုဟာ ဒေါသစိတ်နဲ့ ရှူးရှူးရှဲရှဲဖြစ်နေပေမယ့် ဂျူနာဟာ သူ့ကို သားသတ်သမားရှေ့ရောက်နေတဲ့ သိုးငယ်လို ကြောက်လန့်မှုကင်းတဲ့သနားဖွယ်မျက်ဝန်းအစုံနဲ့ ကြည့်နေတယ်။ ကီနိုဟာ ဒေါသစိတ်နဲ့ခက်ထန်ပြီး လူတောင်သတ်နို်င်တဲ့အခြေအနေမှာ ရှိနေတယ်ဆိုတာကို သူမသိပေမယ့် သူမဟာ သူ့ကို ပြန်လည်မခုခံ မတုန့်ပြန်ဘူး။ အချိန်အနည်းငယ်အတွင်းမှာပဲ သူဟာ သတိပြန်ဝင်လာပြီး သူ့ရဲ့အမူအရာဟာ စိတ်နဲ့ လူနဲ့မကပ်သလို သူမအနားကနေ ကမ်းခြေဘက်ကိုထွက်သွားတယ်။ သူ လှုပ်ရှားသံသဲ့သဲ့ကိုကြားလိုက်ရချိန်မှာတော့ ဓါးကိုဆွဲထုတ်လိုက်ပြီး ခုခံဖို့ပြင်ဆင်လိုက်ပေမယ့် ဒူးထောက်လဲကျသွားပြီး လက်တစ်စုံဟာ သူ့ရဲ့ အကျီတွေကို နိုက်ပြီး ရှာနေတယ်။ ကီနို့လက်မှာ ဆုပ်ထားတဲ့ ပုလဲဟာ လွတ်ကျသွားပြီး ခပ်ဝေးဝေးက ကျောက်တုံးလေးရှိတဲ့ဘက်ကို လိမ့်သွားတယ်။ ပုလဲဟာ လရောင်သဲ့သဲ့အောက်မှာ လင်းလက်နေတယ်။

ဂျူနာဟာ ရေထဲကနေ ထ လိုက်တယ်။ သူမ ခန္ဒာကိုယ်ဟာ နာကျင်နေပြီး သူမမျက်နှာဟာလည်း ရှုံ့မဲ့နေတယ်။ ဒါပေမယ့် သူမဟာ ကီနို့ကို ဒေါသမထွက်ပါဘူး။ ကီနိုပြောတဲ့ ငါယောကျင်္ားပါ ဆိုတဲ့စကားဟာ ဂျူနာအတွက်တော့ ကြားလေ့ကြားထမရှိ သူပြောလေ့ပြောထရှိတဲ့ စကားမဟုတ်ပါဘူး။ အဲဒီအဓိပ္ပါယ်ကတော့ သူဟာ ရှိသမျှ သူတတ်နိုင်သမျှ စွမ်းအား အသုံးချပြီး သူရည်မှန်းထားသလို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ဆိုတာကို သူမ နားလည်တယ်။ နောက် ကီနိုဟာ သူမဘဝအတွက် မရှိမဖြစ်ဆိုတာကို သူမသိတယ်။ ဒါကြောင့် သူဘယ်လိုပဲ ဆုံးဖြတ်ဖြတ် သူ့ရဲ့ ဆုံးဖြတ်ချက်နောက်ကို သူမလိုက်နာမှာပဲ။ သူမဟာ ကီနို့အတွက် အထောက်အပံ့ဖြစ်လာမယ့် အချိန်ကိုရောက်လာမှာပဲဆိုတာ သူမ သိတယ်။ သူမဟာ နာကျင်စွာနဲ့ မတ်မတ်ရပ်လိုက်ပြီးနောက် သူမမျက်နှာက ဒဏ်ရာကို ပင်လယ်ရေကို လက်နဲ့ခုပ်ပြီး ဆေးလိုက်တယ်။ နောက် ..သူမဟာ ကီနိုထွက်သွားရာဘက်ကို ဖြေးဖြေးချင်း လျှောက်သွားလိုက်တယ်။

ဂျူနာဟာ လျှောက်နေတဲ့အမှောင်ထဲကနေ အလင်းရောင်ပြပြရှိတဲ့ဘက်ဆီကို ရောက်ရှိလာတယ်။ သူမဟာ ခြုံပုတ်တွေကို ဖြတ်လာတဲ့အခါမှာတော့ ရုတ်တရက် လရောင်အောက်မှာ တောက်ပနေတဲ့ ကျောက်တုံးကြားက ပုလဲလုံးရဲ့ အရောင်ကို လှမ်းမြင်လိုက်တယ်။ သူမ ဒူးထောက်ပြီး ပုလဲလုံးကို ကောက်ယူလိုက်တယ်။ သူမဟာ ဆက်မသွားသေးပဲ ပုလဲကို ပင်လယ်ထဲပြန်သွားဖြစ်ရကောင်းနိုးနိုးနဲ့တွေဝေနေတယ်။ တိမ်တွေကြားထဲ တိုးဝင်သွားတဲ့ လရောင်ပြန်ထွက်လာချိန်မှာတော့ သူမဟာ သူမရဲ့ခပ်လှမ်းလှမ်းမှာ လဲကျနေတဲ့ ခန္ဒာကိုယ်နှစ်ခုရဲ့ သဏ္ဍာန်ကို လှမ်းမြင်လိုက်ရတယ်။ သူမ သေချာကြည့်လိုက်ချိန်မှာတော့ တစ်ခုဟာ ကီနိုဖြစ်ပြီး နောက်တစ်ခုက လည်ပင်းမှ သွေးစက်လက်ထွက်နေတဲ့ သူမ မသိတဲ့ လူစိမ်းတစ်ယောက်ရဲ့ ခန္ဒာကိုယ်ဖြစ်နေတယ်။

ကီနိုဟာ ဖြေးညှင်းစွာနဲ့လှုပ်ရှားနေပြီး သူ့ပုံစံဟာ ခြေလက်တွေမှာ ထိခိုက်ဒဏ်ရာရထားသလို မျိုးပေါ်နေတယ်။ နောက်ပါးစပ်ကနေလည်း တတွတ်တွတ်ရေရွတ်နေတယ်။ ဂျူနာသိလိုက်ပြီ။ သူမတို့ရဲ့ အေးချမ်းတဲ့ ဘဝဟောင်းလေးဟာ လုံးဝပျောက်ကွယ်သွားပြီဆိုတာကို သူမနားလည်လိုက်တယ်။ လူသေအလောင်းတစ်လောင်း ၊ ကီနိုရဲ့ ဓါးဟာ ကီနိုရဲ့နဘေးမှာ ကျနေတဲ့ မြင်ကွင်းဟာ သူမရဲ့စိတ်ကို ဒုံးဒုံးကျစေတယ်။ အရှေ့တုန်းက သူမဟာ သူမတို့ရဲ့ ဘဝဟောင်းကို ပြန်ရောက်ဖို့ ကြိုးစားခဲ့သမျှတွေအားလုံးဟာ အရာမထင်တော့ဘူး ၊ နောက် အခုအဖြစ်အပျက်ဟာ နောက်ပြန်လှည့်လို့မရတော့ဘူး၊ သူမ အတိတ်ကိုမေ့ပစ်မှရတော့မယ်။ အခြားရွေးချယ်စရာမရှိတော့ပဲ ကိုယ့်မိသားစုကိုယ်ပဲ ကယ်တင်ရမယ်ဆိုတာ သူမနားလည်လိုက်တယ်။ သူမခံစားနေရတဲ့ နာကျင်မှုတွေအကုန်ပျောက်ကွယ်ကုန်တယ်။ သူမဟာ လူသေအလောင်းကို ဆွဲပြီး ခြုံပုတ်တွေကြားထဲကို အမြန်သွင်းလိုက်တယ်။ နောက် ကီနို့ဆီကိုသွားပြီး သူမရဲ့ ရေစိုနေတဲ့ အဝတ်နဲ့ မျက်နှာကို သုတ်ပေးလိုက်တယ်။ ကီနိုဟာ လက်ရှိအချိန်ကို ပြန်ရောက်လာပြီါ် ညည်းတွားလိုက်တယ်။

“သူတို့ ပုလဲကို လုသွားပြီ၊ ငါ ပုလဲကိုဆုံးရှုံးလိုက်ရပြီ ၊ ခုတော့ အားလုံး သဲထဲရေသွန်ဖြစ်ရပြီ”

“ရှူး ……. တိုးတိုး .. ပုလဲက ဒီမှာ .. ကျွန်မ ကျောက်တုံးကြားမှာ ပြန်တွေ့ခဲ့တာ ၊ ကျွန်မပြောတာ ကြားလား ၊ ရှင် လူတစ်ယောက်ကို သတ်လိုက်ပြီ ၊ ဒါကြောင့် ကျွန်မတို့ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး၊ ထွက်ပြေးရမယ် ။ သူတို့ ကျွန်မတို့ဆီကို လိုက်လာလိမ့်မယ်… ရှင်နားလည်လား.. အလင်းရောက်မလာခင်ကျွန်မတို့ထွက်ပြေးမှရမယ်” လို့ ဂျူနာပြောလိုက်တယ်။

“ငါ တိုက်ခိုက်ခံရတာ ၊ ငါ့အသက်ကို ကာကွယ်ဖို့အတွက် ငါလုပ်လိုက်ရတာ”

“ရှင် မနေ့က ကိစ္စကိုမှတ်မိလား။ ဒီလိုပြောတာဟာ အရာထင်လိမ့်မယ်လို့ထင်သလား၊ မြို့ထဲက လူတွေကို မှတ်မိတယ်မဟုတ်လား ၊ သူတို့ကိုဒီလိုရှင်းပြလို့ အရာထင်မှာမဟုတ်ဘူး”

ကီနိုဟာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အမှားကို မြင်သွားတယ်။

“ဟုတ်တယ် .. မင်းပြောတာမှန်တယ် ၊ အရာထင်မှာမဟုတ်ဘူး၊ အိမ်ကိုပြန်ပြီး ကိုရိုတီတိုလေးကိုသွားခေါ်ခဲ့ ၊ နောက် ငါတို့မှာ ရှိသမျှ စားစရာအကုန်ယူခဲ့ ၊ ငါက ငါတို့ရဲ့ ကနူးလေကို အဆင်သင့်ပြန်ထားမယ်” လို့ ပြောလိုက်တယ်။

ကီနိုဟာ သူရဲ့ဓါးကို ကောက်ကိုင်လိုက်ပြီး သူရဲ့ ကနူးလှေထားတဲ့ဆီကို ဦးတည်သွားလိုက်တယ်။ လရောင်အောက်မှာ သူ့ရဲ့လှေရဲ့ဝမ်းဗိုက်က အပေါက်အကြီးကြီးကို မြင်တွေ့လိုက်ရတော့တယ်။ သူဟာ ဒေါသစိတ်နဲ့ဆူဝေသွားပြီး စိတ်ဟာလည်း တုံးတိုက်တိုက် ကျားကိုက်ကိုက် ဒုံးဒုံးကျသွားတယ်။ ခုဆိုရင် ကံကြမ္မာဆိုးဟာ သူ့မိသားစုကို တိုက်ခိုက်လိုက်ပြီ။ သူရဲ့ အဖိုးလက်ထက်ကထဲက သုံးစွဲခဲ့တဲ့ သူတို့ရဲ့ အသက်သွေးကြော လှေဟာလည်းဖျက်ဆီးခံလိုက်ရပြီ။ ဒါဟာ အတော်ကို လူမဆန်တဲ့ ဆိုးဝါးတဲ့ လုပ်ဆောင်မှုပဲ။ သူတို့လူမျိုးစုအတွက် မိသားစုရဲ့အသက်သွေးကြော လှေကို ဖျက်ဆီးတာဟာ လူကို သတ်တာထက် ပိုပြီး ဆိုးဝါးတဲ့အပြုအမူဖြစ်တယ်။ ဒီ သက်မဲ့လှေမှာ မိသားစုဆိုတာမရှိဘူး၊ နောက် သူ့ဟာသူ ကာကွယ်နိုင်စွမ်းမရှိဘူး။ နောက် အပေါက်ဖောက်ခံထားရတဲ့လှေဟာ အဲဒီအပေါက်ဟာ ဘယ်တော့မှ ပြန်ဖာတေးလို့မရတော့ဘူး။ ကီနိုရဲ့ ကြောက်ရွံ့တတ်တဲ့စိတ်ဟာ အဆုံးစွန်ကိုရောက်သွားပြီး ခက်ထန်မှုအသွင်ကိုပြောင်းလဲသွားတယ်။ ခုဆိုရင် ကီနိုဟာ တိရစာ္ဆန်တစ်ကောင်လိုပဲ မိသားစုကို ကာကွယ်ဖို့အတွက် မဲမဲမြင်ရာကို ခုခံဖို့ အဆင်သင့်ဖြစ်နေပြီ။ သူ့ရဲ့ ခေါင်းထဲက အကြောက်တရားတွေအကုန်ပျောက်ကွယ်ကုန်တယ်။ သူဟာ ခြုံတွေကြားထဲကနေထွက်ပြီး သူ့ရဲ့ တဲအိမ်ရှိရာဆီကို လျှောက်သွားလိုက်တယ်။ သူဟာ သူ့ရဲ့ အိမ်နီးချင်းတွေရဲ့ အခြား ကနူးလှေကို ယူဖို့ဆိုတာကတော့ အတွေးထဲတောင် မရှိပါဘူး။

မိုးလင်းလုလာပြီ။ အချို့တဲအိမ်လေးကနေ မနက်စာ ချက်ပြုတ်နေတဲ့ မီးခိုးတွေ လွင့်ပျံလာတယ်။ အပြင်မှာတော့ မိုးလင်းစ ငှက်ကလေးတွေပါ သီကြူူးနေကြပြီ။ စတင် တောက်ပလာတဲ့ နေရောင်ခြည်အောက်မှာ လရောင်ဟာ ပျောက်ကွယ်လာတယ်။ အဲအချိန်မှာပဲ သန့်စင်တဲ့မနက်ခင်းလေဟာ ပျောက်ကွယ်သွားပြီး လေဟာ အနံ့တစ်ခုနဲ့ ဖုံးအုပ်သွားတယ်။ ကီနိုဟာ သူ့ရဲ့ အိမ်ရှိရာကိုအပြေးသွားလိုက်တယ်။ ခုဆိုရင် ကီနိုဟာ ချီတုံချတုံမဖြစ်တော့ဘူး။ သူ့စိတ်မှာ တစ်ခုပဲရှိတော့တယ်။ ကီနိုဟာ ပုလဲကို သူ့ရဲ့ အိတ်ထောင်ထဲထည့်လိုက်ပြီး ထားကို အကျီအောက်မှာဖွက်လိုက်တယ်။ သူဟာ သူ့ရဲ့အရှေ့မနီးမဝေးမှာ တောက်လောင်နေတဲ့ မီးရောင်ကို လှမ်းမြင်လိုက်ရတယ်။ အဲဒီမီးတောက်ဟာ သူ့အိမ်ကဆိုတာကို ကီနိုသိလိုက်ပြီ။ သူ့အိမ်ဟာ အချိန်အနည်းငယ်အတွင်းမှာပဲ ပြာကျသွားနိုင်တယ်ဆိုတာ သူနားလည်တယ်။ သူပြေးနေတုန်းမှာပဲ သူ့ရဲ့အရှေ့မှာ အရိပ်တစ်ခုပြေးလာတာကိုမြင်လိုက်ရတယ်။ ဂျူနာ … ပုခုံးပေါ်မှာ ကိုရိုတီတိုလေးကို ကီနိုရဲ့ ခြုံစောင်နဲ့ ပါတ်ပြီး သူ့ဆီကို ဦးတည်ပြေးလာနေတယ်။

ကလေးဟာ ကြောက်လန့်မှုနဲ့ ဖုံးအုပ်နေတယ်။ ဂျူနာဟာလည်း မျက်လုံးအစုံဟာ ပြူးကျယ်နေပြီး ကြောက်ရွံ့ထိတ်လန့်နေတယ်။ အိမ်ဟာ မီးတောက်အောက်မှာ ပြာဖြစ်သွားတာကို ကီနိုလှမ်းမြင်နေရတယ်။ ဒါပေမယ့် ကီနိုဟာ ဂျူနာကို တစ်ခွန်းမှ မမေးဘူး။ ဘာကြောင့်ဆိုတာ သူသိတယ်။ ဒါပေမယ့် ဂျူနာပြောလာတယ်။

“တစ်အိမ်လုံးကို တူးဆွထားတယ်။ ကလေးရဲ့ ပုခက်ကိုတောင်မှ တစ်စစီလုပ်ထားကြတယ်။ နောက် သူတို့ဟာ အိမ်အပြင်ကနေပြီး မီးရှို့ကြတယ်။”

“ဘယ်သူလဲ” လို့ မေးလိုက်တဲ့ ကီနိုရဲ့မျက်နှာဟာ ကြောက်စရာကောင်းလောက်အောင် တင်းမာခက်ထန်နေတယ်။

“မသိဘူး … အမည်းရောင်တွေနဲ့ပဲ”

အခုဆိုရင် အိမ်နီးချင်းတွေဟာ သူတို့အိမ်ထဲကနေ ပြေးထွက်လာကြတယ်။ သူတို့ဟာ သူတို့ရဲ့ အိမ်တွေကို မီးမကူးစက်ဖို့အတွက် လှုပ်ရှားနေကြတယ်။ ရုတ်တရက် ကီနို ကြောက်စိတ်ဝင်လာတယ်။ အပြင်မှာ တောက်ပနေတဲ့ အလင်းရောင်ဟာ သူ့ရဲ့ ကြောက်စိတ်ကို နှိုးဆွလိုက်တယ်။ ခြုံဘေးမှာ လဲနေတဲ့လူသေအလောင်းအကြောင်း ကို သူ သတိရလိုက်ပြီး ဂျူနာ့ကို လက်တစ်ဖက်နဲ့ အလင်းရောင်ဖျာကျနေရာကနေ မှောင်ရိပ်ကျနေရာဘက်ကို ဆွဲခေါ်လိုက်တယ်။ သူဟာ ခဏ စဉ်းစားလိုက်ပြီး အိမ်တွေရဲ့အမှောင်ရိပ်ကိုအကာကွယ်ယူပြီး သူ့အစ်ကိုဖြစ်တဲ့ ဂျူရန်ရဲ့ တဲအိမ်ရှိရာထိ တဖြေးဖြေးခြင်းရွေ့လျားလာတယ်။ အပြင်မှာတော့ ကလေးတွေရဲ့အော်သံနဲ့ မီးလောင်နေတဲ့ထဲမှာ ရှိနေမယ့်ထင်တဲ့ သူ့ကို အော်ခေါ်နေတဲ့ အိမ်နီးချင်းတွေရဲ့ အော်သံတွေကိုကြားနေရတယ်။ ဂျူရန်ရဲ့အိမ်ဟာ ကီနိုရဲ့အိမ်အတိုင်း ပုံစံအတူတူပဲ။ သူတို့ဟာ အိမ်ရဲ့ထောင့်မှာထိုင်နေကြပြီး အပေါက်တွေကြားထဲကနေ အပြင်ကို ချောင်းကြည့်လိုက်ကြတယ်။ ဂျူရန်ရဲ့ မိန်းမဖြစ်သူ အပိုလိုနီယာ ဟာ အော်ဟစ်ငိုယိုနေပြီး အခြား သူ့ သူငယ်ချင်းတွေအော်ဟစ်နေတာကိုမြင်နေရတယ်။ သူမဟာ သူမရဲ့ ပုဝါကို ဝှေ့လို့ သူတို့ထုံးစံ သေဆုံးသွားတဲ့မိသားစုအတွက် ဆုတောင်းဖို့လုပ်နေတယ်။ အပိုလိုနီယာဟာ သူမကိုယ်သူမ ပုဝါအဟောင်းကို အသုံးြပြုနေတာကို သတိထားမိလိုက်ပြီး ပုဝါအသစ်ကို လာယူဖို့ သူမရဲ့အိမ်ဆီကို ပြန်လာတယ်။ သူမဟာ ပုဝါကိုထုတ်ယူမလို့ ပြင်ဆင်နေစဉ်မှာပဲ ကီနိုဟာ တိုးတိုး စကားလှမ်းပြောတယ်။

“အပိုလိုနီယာ .. မငိုနဲ့ .. ငါတို့ ဘာမှမဖြစ်ဘူး”

“မင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ” သူမ ပြန်မေးတယ်။

“ဘာမှ မမေးနဲ့ ၊ အစ်ကို ဂျူရန်ဆီကိုသွားပြီး သူ့ကို ဒီခေါ်လာခဲ့ ၊ ဘယ်သူမှ မသိစေနဲ့ ၊ အရေးကြီးတယ် အပိုလိုနီယာ”

“ကောင်းပြီ” လို့ သူမ ပြန်ပြောလို်ကတယ်။

မကြာမှီအချိန်လေးအတွင်းမှာပဲ ဂျူရန်ဟာ သူမနဲ့အတူ ပါလာတယ်။

ဖယောင်းတိုင်တစ်တိုင်ကို ထွန်းလိုက်ပြီး

“အပိုလိုနီယာ … တံခါးကိုသေချာကြည့်ထား ၊ ဘယ်သူတစ်ဦးတစ်ယောက်မှ ဝင်မလာစေနဲ့” လို့ပြောလိုက်တယ်။ သူဟာ အခြေနေအရပ်ရပ်ကို အကဲခတ်မိတယ်။

“ဒီမှာ ငါ့ညီ …”

“ကျွန်တော် အမှောင်ထဲကနေ တိုက်ခိုက်ခံခဲ့ရတယ်။ နောက် တိုက်ရင်းခိုက်ရင်းနဲ့ လူတစ်ယောက်ကို သတ်လိုက်မိတယ်”

“အဲဒါ ဘယ်သူလဲ”

“မသိဘူး .. မှောင်မည်းနေတယ် နောက် သူတို့ဟာ အဝတ်မည်းတွေဝတ်ဆင်ထားတယ်။”

“ဒီပုလဲ ဟာ ဂြိုလ်မွှေတဲ့ပုလဲပဲ၊ ဒီပုလဲကို မင်း အဲဒီ မကောင်းဆိုးဝါးတွေကို ရောင်းခဲ့သင့်တာ။ အဲဒါကိုရောင်းလိုက်တာမှ မင်းအေးအေးချမ်းချမ်းနေလို့ရသေးတယ်”

“အစ်ကိုရေ .. ခုဆိုရင် အခြေအနေဟာ အရမ်းကိုဆိုးဝါးနေပြီ။ ကျွန်တော့်ရဲ့ လှေကို သူတို့ဖျက်ပြီးပစ်တယ်။ အိမ်ကိုလည်းမီးရှို့ပစ်တယ်။ လူတစ်ယောက်လည်း ခြုံတွေကြားမှာ သေနေပြီ။ လွတ်မြောက်နိုင်တဲ့ လမ်းတွေအကုန်လုံးဟာ ဖျက်ဆီးခံထားရတယ်။ ကျွန်တော်တို့ကို အကို ဖွက်ထားပေးရမယ်”

ကီနို သူ့အစ်ကိုမျက်နှာကိုလှမ်းကြည့်လိုက်ချိန်မှာတော့ မျက်လုံးနဲ့ မျက်နှာအနေအထားဟာ စိုးရိမ်နေတဲ့အရိပ်အယောင်နဲ့ ငြင်းလိုတဲ့ အရိပ်အယောင်ကို တွေ့လိုက်တယ်။

“အကြာကြီးမဟုတ်ပါဘူး ၊ ဒီနေ့ တစ်နေ့ပါ.. ည အလင်းရောင်ပျောက် အမှောင်ရောက်ရင် ငါတို့ အခြားကို သွားမှာပါ” လို့ ကမန်းကတန်းပြောလိုက်တယ်။

“ ငါ မင်းတို့ကို ဖွက်ထားပေးမယ်”  လို့ ဂျူရန်ပြောတယ်။

“ဒါပေမယ့် ကျွန်တော် အစ်ကိုတို့အတွက် အန္တရာယ်မဖြစ်စေချင်ဘူး ၊ ညကျရင် ကျွန်တော်တို့သွားမှာပါ .. အစ်ကိုလည်း အန္တရာယ်မဖြစ်တော့ဘူးပေါ့”

“ငါမင်းကို ကာကွယ်ပေးမယ် ၊ အပိုလိုနီယာ … တံခါးကို ပိတ်လိုက်၊ ကီနိုဒီမှာရှိနေတယ်ဆိုတာ လေသံတောင် မထွက်စေနဲ့” လို့ပြောလိုက်တယ်။

သူတို့ဟာ တနေကုန် အိမ်ထဲက အမှောင်ရိပ်ထဲမှာ ထိုင်နေကြတယ်။ အပြင်က အိမ်နီးချင်းတွေရဲ့ သူတို့အကြောင်း ပြောနေသံတွေကို ကြားနေရတယ်။ နောက် ပြာပုံကြားမှာ သူတို့ရဲ့ အရိုးတွေရှိမလားလို့ ရှာဖွေနေတာကို အပေါက်သေးသေးတွေကြားကနေ မြင်နေရတယ်။ ဂျူရန်ဟာ အိမ်နီးချင်းတွေ  သံသယမဝင်စေဖို့အတွက် ကီနိုတို့မိသားစုကို ဖြစ်နိုင်ခြေရှိတာကို ပြောပြနေတယ်။ တစ်ယောက်ကို သူက

“ငါ ထင်တာတော့ သူတို့ဟာ ရန်ရှာသူတွေရဲ့ အန္တရာယ်ကနေလွတ်ဖို့ ကမ်းရိုးတန်းဘက်ကို ထွက်သွားတယ်ထင်တယ်။”

အခြားတစ်ယောက်ကိုကျတော့ “ကီနိုဟာ ဘယ်တော့မှ ပင်လယ်ကို ပစ်ပြီး ထွက်သွားလို့ရမှာ မဟုတ်ဘူး ၊ အခြား လှေတစ်စီးတွေ့သွားရင်တော့ မပြောတတ်ဘူး”

“အပိုလိုကတော့ ဒီအဖြစ်အပျက်တွေကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး နေမကောင်းဖြစ်နေပြီ” လို့ပြောပြန်တယ်။

အဲဒီနေ့က ပင်လယ်မှာ လေပြင်းထန်တဲ့အတွက် ဘယ်လှေမှ ပင်လယ်ထဲကို မထွက်ကြဘူး။ ဂျူရန်ဟာ အခြား အိမ်နီးချင်းတွေကိုပြောပြန်တယ်။

“ကီနိုတော့ သွားပြီ၊ သူ ပင်လယ်ထဲကိုသာ ထွက်သွားတယ်ဆိုရင်တော့ ခုဆိုရင်တော့ ပင်လယ်ထဲမှာ နစ်မြုပ်သွားလောက်ပြီ”

အနည်းငယ်ကြာတဲ့အချိန်မှာတော့ ဂျူရန်ဟာ အိမ်နီးချင်းတွေဆီကနေ ပစ္စည်းအနည်းငယ်ကို ချေးငှားယူပြီး အိမ်ပြန်လာတယ်။ သူယူလာတာတွေကတော့ ပဲအချို့နဲ့ ဆန်အနည်းငယ်တို့ဖြစ်တယ်။ နောက် ငရုတ်ကောင်းအချို့နဲ့ ဆားအနည်းငယ် ၊ ဓါးရှည်တစ်ချောင်း နှင့် ၁၈လက်မလောက်ရှည်တဲ့ ပေါက်ဆိန် တစ်လက် နဲ့ လက်နက်ကိရိယာအချို့ပါ ပါလာတယ်။ ကီနိုဟာ ဓါးသွားကို လက်နဲ့ထိပြီး စမ်းသပ်လိုက်တယ်။

ညနေခင်းရောက်လာတဲ့အချိန်မှာတော့ ဂျူရန်ဟာ ကီနို့ကို မေးလိုက်တယ်။

“မင်း ဘယ်ကိုသွားမှာလဲ”

“မြောက်ပိုင်းကို သွားမယ် ၊ မြောက်ဘက်မှာ အခြားမြို့တွေရှိတယ်လို့ ကြားဖူးတယ်။”

“ကမ်းခြေတွေကိုရှောင်သွား ၊ သူတို့ဟာ လူစုလူဝေးနဲ့ကမ်းခြေတစ်ဝိုက်မှာ ရှာဖွေနေကြတယ်။ သူတို့ဟာ မင်းကို လိုက်ရှာကြလိမ့်မယ်။ ပုလဲကော မင်းဆီမှာ ရှိနေတုန်းပဲလား”

“ရှိတယ် ၊ ငါ သိမ်းထားမယ်၊ ဒီပုလဲဟာ ငါ့ရဲ့ ကံကောင်းခြင်း လက်ဆောင်တစ်ခုလို့ထင်ထားတာ ၊ ခုတော့ ဂြိုလ်မွှေတဲ့ပုလဲပဲ ။ ဘဝနဲ့ရင်းပြီး ရထားတဲ့အတွက် ငါ ဒါကို သိမ်းထားမယ်” လို့ပြောနေတဲ့ ကီနိုရဲ့ မျက်လုံးအစုံဟာ ခါးသီးမှုနဲ့ ခက်ထန်နေတယ်။

ကိုရိုတီတိုလေးဆီက အသံတိုးတိုး ထွက်လာတာကြောင့် ဂျူနာဟာ ကလေးကို အသံတိတ်အောင် ချော့မော့လိုက်တယ်။

“လေတိုက်နှုန်းကောင်းတယ် ၊ ခြေရာခံနိုင်မယ် မထင်ဘူး”

သူတို့မိသားစုဟာ လရောင် ထွက်မလာခင် အမှောင်ထဲကို တိတ်ဆိတ်စွာနဲ့ ထွက်ခွာလာကြတယ်။ ဂျူနာဟာ အိပ်ပျော်နေတဲ့ ကိုရိုတီတာ ကလေးကို ကျောပိုးထားပြီး ပုဝါနဲ့တစ်ဖက်စွန်းနဲ့ ကာကွယ်ပေးထားပြီး အခြားတဖက်ကတော့ သူမမျက်နှာကို ဖုံးအုပ်ထားတယ်။ ဂျူရန်သောမတ်စ်ဟာ သူ့ညီရဲ့ ပါးကို နမ်းပြီး နှုတ်ဆက်လိုက်တယ်။

“ဘုရားသခင် စောင့်ရှောက်ပါစေ၊ အဲဒီပုလဲကို မင်းအရှုံးမပေးရဘူး”

“ဒီပုလဲဟာ ငါ့ရဲ့ အသက်ဝိညာဉ်ဖြစ်လာတယ်။ ငါ စွန့်လွှတ်လို်ကတာနဲ့ ငါ့ဝိညာဉ်ပါ ဆုံးရှုံးသလိုဖြစ်မှာပဲ ၊ ဘယ်တော့မှ မစွန့်လွှတ်ဘူး” လို့ ကီနို ပြန်ပြောလိုက်တယ်။

အပြင်မှာလေဟာ ပြင်းပြင်းထန်ထန် တိုက်ခတ်နေတယ်။ ဂျူနာနဲ့ ကီနိုဟာ သူတို့ရဲ့ အဝတ်အစားတွေကို တင်းတင်းစေ့လိုက်ပြီး နှာခေါင်းထိ ဖုံးအုပ်လိုက်ကြပြီး အပြင်ကို ထွက်လာကြတယ်။ ကောင်းကင်မှာ ကြယ်ရောင် မှိန်မှိန်လေးလင်းလက်နေတယ်။ သူတို့ဟာ မြို့တွေကို ရှောင်ပြီး လူမရှိတဲ့ မြို့စွန်တွေကိုရွေးလို့ သွားကြတယ်။ ကီနိုဟာ ကြယ်တွေရဲ့ အလင်းရောင်နဲ့ မြောက်ဘက်ကို ဦးတည်ပြီး သွားတယ်။ သူဟာ သဲမွမွ ပြည့်နေတဲ့လမ်းကို ဖြတ်လျှောက်လာတယ်။ ကီနိုဟာ သူ့ရဲ့ ခြေထောက်အောက်က သဲပြင်ကို ရှပ်ပြီး တိုက်ခတ်နေတဲ့လေကို ခံစားသိရှိနေရတယ်။ အဲဒီလေကြောင့် သဲပေါ်မှာ သူတို့ခြေရာ မထင်နိုင်ဘူးဆိုတာကို သူသဘောပေါက်လို့ သူ ကျေနပ်နေမိတယ်။ သူ့ရဲ့ အနောက်ကနေ ကပ်လိုက်လာတဲ့ ဂျူနာရဲ့ ခြေသံကိုသူကြားနေရတယ်။ သူတို့ဟာ တိတ်ဆိတ် မြန်ဆန်စွာနဲ့ လျှောက်လှမ်းလာကြတယ်။

နာရီပေါင်းများစွာ ကြယ်တွေရဲ့ အကူအညီနဲ့ လျှောက်လာကြတယ်။ ဘယ်သူမှ သူတို့ကို မမြင်ကြဘူး။ နောက်ဆုံးသူတို့ဦးတည်ရာကိုရောက်ရှိလာကြတယ်။ သူတို့ဟာ သဲလမ်းပေါ်က လှည်းဘီးရာအချို့ကိုတွေ့နေရပြီ။ တိုက်ခတ်နေတဲ့လေဟာလည်း ငြိမ်သက်သွားတဲ့အတွက် သူတို့ရဲ့ခြေရာတွေဟာ ထင်နေနိုင်တယ်။  ဒါပေမယ့် မြို့ကိုရောက်ဖို့ သိပ်မဝေးတော့ဘူး။ ကီနိုဟာ ခြေရာမကျန်ဖို့အတွက် လှည်းဘီးရာတွေပေါ်ကနေ သေချာ ဂရုတစိုက်လျှောက်လာတယ်။ ဂျူနာဟာလည်း သူ့အတိုင်း အနောက်ကနေ ဂရုတစိုက်လိုက်လျှောက်လာတယ်။ အခြား လှည်းတစ်စီးစီး မနက် ဖြတ်သွားရင် သူတို့ရဲ့ ခြေရာတွေပျောက်သွားလိမ့်မယ်။

တစ်ညလုံးသူတို့ ဟာ မနားမနေ လျှောက်လာကြတယ်။ ကိုရိုတီတိုလေး အိပ်ယာနိုးလာရင် ဂျူနာဟာ ကျောဘက်ကနေ ရင်ခွင်ထဲပြောင်းပြီး ပြန်အိပ်ပျော်သည်အထိ ချော့သိပ်တယ်။

ကီနိုဟာ ရုတ်တရက် အန္တရာယ်ရဲ့ အငွေ့အသက်ကို ခံစားမိလိုက်တယ်။ သူဟာ ဓါကို ထုတ်ပြီး ကာကွယ်ဖို့အသင့်ပြင်ထားလိုက်တယ်။ သူတို့ဟာ ခြုံကြားထဲကို တိုးပြီး ဝပ်တွားလိုက်တယ်။ တညလုံးလျှောက်လာပြီး ဒါဟာ ကီနို့တို့အတွက် ပထမဆုံး ရပ်တန့်ခြင်းပဲ။ ဂျူနာဟာ ကလေးကို ချော့ဖို့ ပြင်ဆင်လိုက်ပြီး ကီနိုကတော့ သစ်ကိုင်းတစ်ကိုင်းကို ခုတ်ပြီး လမ်းပေါ်မှာထင်နေတဲ့သူတို့ရဲ့ ခြေရာတွေကို ဖျောက်ဖျက်ဖို့ ပြန်ထွက်သွားတယ်။ ဒါပေမယ့် သူရောက်တဲ့အခါမှာတော့ ဘာခြေရာမှ မကျန်တော့တာကြောင့် သူဟာ ဂျူနာရှိတဲ့ဆီကို ပြန်သွားတယ်။

ဂျူနာဟာ အပိုလိုနီယာထည့်ပေးလိုက်တဲ့ ပြောင်းဖူးကိတ် အနည်းငယ်ကို ကီနိုကိုပေးလိုက်တယ်။ နောက် သူမဟာ ခဏ အိပ်စက်လိုက်တယ်။ ကီနိုကတော့ မအိပ်စက်ပဲ အရှေ့ကိုပဲ စူးစိုက်ကြည့်နေတယ်။ ဂျူနာ နိုးလာချိန်မှာတော့ နေအတော်မြင့်နေပြီး အပူရှိန်ဟာ ပြင်းထန်နေပြီ။ မနီးမဝေးက ခြုံပုတ်ဆီကနေ နေရောင်နဲ့ထိလို့ အနံ့တစ်မျိုးထွက်ပေါ်နေတယ်။ ကီနိုဟာ သူမသိထားပြီးသား အကြောင်းအရာကို သူမကို သတိပေးပြောလိုက်တယ်။

“အဲလို အပင်တွေကို သတိထား ၊ သွားမထိနဲ့၊ အဲဒါကို ထိပြီး မင်းမျက်လုံးကို သွားထိလိုက်တာနဲ့ မျက်စိကန်းသွားမယ်။ နောက် အဲဒီအပင်က အကိုင်းကို သွားမချိုးရဘူး။  ချိုးလိုက်ရင် အနီရောင် အရည်တွေထွက်လာလိမ့်မယ်။ အဲဒီ အရည်တွေက မကောင်းတဲ့ ကံကြမ္မာဆိုးကို ယူဆောင်လာတတ်တယ်။”

သူမဟာ သူ့ကို အနည်းငယ်ပြုံးကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ ဒါတွေအားလုံးက သူမသိပြီးသားအရာတွေလေ။

“သူတို့ လိုက်လာမှာလား ၊ သူတို့ ငါတို့ကို လိုက်ရှာမယ်ထင်သလား” လို့ သူမမေးလိုက်တယ်။

“လိုက်ရှာလိမ့်မယ် ၊ ငါတို့ကိုတွေ့တဲ့ ဘယ်သူမဆို ငါတို့ရဲ့ ပုလဲကို လုယူသွားလိမ့်မယ်”

“ပုလဲဝယ်သူတွေပြောသလိုပဲ ပုလဲဟာ မတန်ဘူးဆိုရင်ရော ၊ ဒါမှမဟုတ် ဒါတွေဟာ အထင်မှားတာဖြစ်နိုင်တယ်”

ကီနိုဟာ အိ်တ်ထဲက ပုလဲကိုထုတ်ယူလိုက်ပြီး နေရောင်အောက်မှာ ကြည့်လိုက်တယ်။ ပုလဲရဲ့အရောင်တောက်ပမှုဟာ သူ့မျက်လုံးကိုပါ ပြာဝေစေတယ်။

“မဟုတ်ဘူး၊ တကယ်သာ ဒီပုလဲဟာ တန်ဖိုးမရှိဘူးဆိုရင် သူတို့ဟာ ခုလို လုယူဖို့ကြိုးစားမှာမဟုတ်ဘူး”

“မင်းကို တိုက်ခိုက်တာ ဘယ်သူလဲ ၊ ပုလဲဝယ်တဲ့သူတွေလား”

“ငါမသိဘူး ၊ သူတို့ကို ငါ မမြင်ရဘူး”

“ငါတို့ ဒီပုလဲကိုရောင်းပြီး အနည်းဆုံး ရိုင်ဖယ်တစ်လက်တော့ရမယ်”

သူဟာ စိတ်ကူးထဲက ရိုင်ဖယ်သေနတ်ကို ကိုင်ဖို့ကြိုးစားလိုက်ပေမယ့် သူ့မျက်လုံးထဲမှာ မြင်လာတာက လည်ပင်းကနေ သွေးတွေထွက်ပြီး သေနေတဲ့ လူသေအလောင်းကိုပဲ။

နောက်သူဟာ အလောတကြီးထပ်ပြောလို်က်ပြန်တယ်။

“ဘုရားကျောင်းအကြီးကြီးမှာ ငါတို့ လက်ထပ်ပွဲကျင်းပမယ်”

ပုလဲထဲမှာ သူ တကယ် ထပ်မြင်လိုက်တာက အရင်တစ်ညက သူရိုက်လိုက်တဲ့ မျက်နှာပေါ်က ဒဏ်ရာနဲ့ အိမ်ကိုပြန်သွားတဲ့ ဂျူနာ့ရဲ့ပုံရိပ်ပါ။

“ငါတို့ သားလေးဟာ စာသင်ရမယ်”

ပုလဲထဲမှာ ကိုရိုတီတာလေးရဲ့ နေမကောင်းတဲ့ ဆေးရှိန်နဲ့ မျက်နှာလေးကို မြင်မိပြန်တယ်။

ကီနိုဟာ ပုလဲကို အိတ်ထဲကို ပြန်ထည့်လိုက်တယ်။ သူ့နားထဲမှာ ပုလဲရဲ့ သံစဉ်ဟာ အတိတ်နိမိတ်မကောင်းတဲ့ အန္တရာယ်ရှိတဲ့အရာအဖြစ် ဆူညံနေတယ်။ နေရောင်ဟာ တဖြေးဖြေး ပူပြင်းလာတာကြောင့် ကီနိုနဲ့ဂျူနာဟာ ပိုကြီးမားတဲ့ ခြုံပုတ်အရိပ်ဘက်ကိုရွှေ့လာကြတယ်။ ကီနိုဟာ မျက်လုံးကို ဦးထုပ်နဲ့ကာလိုက်ပြီး သူ့ရဲ့ ခြုံစောင်ကို မျက်နှာပေါ်မှာကာလိုက်ပြီး အိပ်လိုက်တယ်။ ဒါပေမယ့် ဂျူနာကတော့ မအိပ်ဘဲ ငြိမ်သက်စွာနဲ့ ထိုင်စောင့်နေတယ်။ သူမရဲ့ ပါးစပ်ဟာ ကီနိုရိုက်ထားတဲ့ဒဏ်ကြောင့် ဖူးယောင်နေဆဲပဲ။ သူမရဲ့ ပေါက်ပြဲနေတဲ့ မေးစေ့က ဒဏ်ရာကိုလည်း ယင်ကောင်အုံနေတယ်။ ဒါပေမယ့် သူမဟာ နေရာမရွေ့ မလှုပ်မယှက် ငြိမ်သက်နေဆဲပဲ။ ကိုရိုတီတိုလေး နိုးလာချိန်မှာတော့ သူမဟာ သူမအရှေ့မှာချလိုက်ပြီး ကလေး ဆော့ကစားနေတာကို ပြုံးပြီးကြည့်နေတယ်။ သူမဟာ သစ်ကိုင်းလေးကိုကောက်လိုက်ပြီး သူ့ကို ကလိထိုးကစားလိုက်တယ်။ နောက် သူမ သယ်လာတဲ့အိတ်ထဲကနေ ရေအနည်းငယ်တိုက်လိုက်တယ်။ ကီနိုဟာ အိပ်မက်မက်နေတယ်။ လက်တွေဟာ တိုက်ခိုက်နေသယောင်ရှိပြီး နောက် လည်ချောင်းသံနဲ့ ထအော်လိုက်ပြီး ရုတ်တရက် ထထိုင်လိုက်တယ်။ မျက်လုံးအစုံဟာ ဒေါသနဲ့ပြူးကျယ်နေတယ်။ သူနားစွင့်လိုက်တော့ အဝေးက ရှဲရှဲမြည်သံတွေပဲကြားနေရတယ်။

“ဘာဖြစ်တာလဲ” ဂျူနာ မေးလိုက်တယ်။

“ရှူး …”

“မင်း အိပ်မက်မက်နေတာပါ”

“ဟုတ်ချင်ဟုတ်မှာပေါ့”လို့ ပြောပေမယ့် သူဟာ ဂနာမငြိမ်ဖြစ်နေတယ်။

ဂျူနာဟာ ကီနိုကို ပြောင်းဖူးကိတ်အနည်းငယ်ပေးလိုက်တယ်။ ဒါပေမယ့် ကီနိုဟာ ဂနာမငြိမ်ဖြစ်နေဆဲပဲ။ သူဟာ အဝေးကို လှမ်းကြည့်လိုက်ပြီး သူ့ရဲ့ဓါးကို စမ်းလိုက်တယ်။ ကိုရိုတီတာလေးဆီက အသံထွက်လာချိန်မှာတော့ သူဟာ ဂျူနာကိုပြောလိုက်တယ်။

“ကလေးကို ငြိမ်အောင်လုပ်လိုက်”

“ဘာဖြစ်တာလဲ” ဂျူနာပြန်ပေးမယ်။

“ငါ မသိဘူး”

သူ ထပ်ပြီး နားစွင့်လိုက်တယ်။ မျက်လုံးဟာ အရောင်တောက်သွားတယ်။ သူ တိတ်ဆိတ်စွာနဲ့ မတ်တပ်ထရပ်လိုက်ပြီး ခြုံပုတ်တွေဆီကနေ လမ်းဘက်ကို သွားလိုက်တယ်။ ဒါပေမယ့်သူဟာ လမ်းပေါ်ကိုမတက်ဘူး။ သစ်ပင်တွေကြားကနေပဲ ပုန်းလျိုးကွယ်လျိုးသွားနေတယ်။ အဲချိန်မှာ ရွေ့လျားနေတဲ့အရာတွေကို သူမြင်လိုက်တယ်။ ခန္ဒာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီး သစ်ပင်ကိုကွယ်လို့ သစ်ကိုင်းတွေကြားကနေ ချောင်းကြည့်လိုက်တယ်။ အဝေးက ရွေ့လျားနေတဲ့ အရာဝတ္တု သုံးခုကိုသူမြင်လိုက်တယ်။ နှစ်ခုဟာ ဖြေးညင်းစွာနဲ့ ရွေ့လျားနေပြီး နောက်တစ်ခုကတော့ မြေပေါ်ကို ကန်းကြည့်ပြီး သွားနေတာကို သူအဝေးကနေတောင်မှ မြင်နေရတယ်။ သူသိလိုက်တယ်။ သူတို့ဟာ ခြေရာခံတဲ့သူတွေပဲဆိုတာကို။ သူတို့ဟာ ကျောက်တောင်ပေါ်မှာနေတဲ့ တောင်ဆိတ်တွေရဲ့ ခြေရာကိုတောင်မှ ကောက်နိုင်စွမ်းရှိကြတယ်။ သူတို့ဟာ အဲဒီဘက်မှာ အရမ်းထူးချွန်တယ်။ သူတို့ဟာ လှည်းဘီးရာပေါ်မှာပဲ လျှောက်လာခဲ့ပေမယ့် အဲဒီလူတွေဟာ ခြေရာခံနိုင်စွမ်းရှိကြတယ်။ သူတို့ရဲ့ အနောက်မှာတော့ မြင်းပေါ်မှာ အမည်းရောင်ဖုံးအုပ်ထားတဲ့လူတစ်ယောက်ဟာ ရိုင်ဖယ်သေနတ်ကို ကိုင်ပြီး သေနတ်ဟာ နေရောင်အောက်မှာ တောက်ပြောင်နေတယ်။

ကီနိုဟာ သစ်ပင်နောက်ကို ကပ်နိုင်သမျှ ကပ်လိုက်တယ်။ သူဟာ သူ ခြေရာဖျက်ခဲ့တဲ့ လမ်းဘက်ကိုလမ်းကြည့်လိုက်တယ်။ အဲဒါကိုက သူတို့အတွက် ခြေရာကောက်နိုင်တဲ့အရာဖြစ်နေတယ်။ သူဟာ အဲဒီခြေရာခံတဲ့လူတွေအကြောင်းကိုကောင်းကောင်းသိတယ်။ သူတို့ဟာ မြို့ပေါ်မှာ နေထိုင်နိုင်စွမ်းဟာ သူတို့ရဲ့ အမဲလိုက်စွမ်းရည်ကြောင့်မို့ဖြစ်တယ်။ ခုဆိုရင် သူတို့မိသားစုဟာ အမဲလိုက်ခံနေရပြီ။ သူတို့ဟာ ကီနိုတို့ကို ခြေရာခံမိသွားပြီ။

ခြေရာခံသူတွေဟာ ခဏရပ်တန့်နေချိန်မှာပဲ ကီနိုဟာ သူ့ရဲ့ ဓါးကို အသင့်ပြင်လိုက်တယ်။ သူသိတယ်။ သူ လုပ်ကိုလုပ်ရမယ်ဆိုတာကို။ ခြေရာခံသူတွေဟာ သူ ဖျောက်ထားတဲ့ ခြေရာတွေရှိတဲ့နေရာကို ရောက်တာနဲ့ မြင်းနဲ့လူကို သူ့ဆီကို ဦးဆောင်ခေါ်လာမယ်။ အဲကျရင် အဲဒီ မြင်းနဲ့လူကို အမြန်သတ်ပြီး သူ့ရဲ့သေနတ်ကိုလုယူမယ်။ ဒါဟာ သူ့ရဲ့ ကျန်တဲ့ နောက်ဆုံး တစ်ခုတည်းသောအခွင့်အရေးပဲ။ လူသုံးယောက် တဖြေးဖြေးနီးလာချိန်မှာတော့  ကီနိုဟာ သူ့ရဲ့ ဖိနပ်ကို ချွတ်ပစ်လိုက်တယ်။ ဒါမှ သူတို့ဟာ သူ့ရဲ့ခြေသံကို သတိမထားမိမှာဖြစ်တယ်။ နောက် သူ ဖိနပ်ကြောင့် ချော်မလဲနိုင်တော့ဘူး။ ဂျူနာဟာ သူမတို့ နဂိုက ပုန်းအောင်းနေတဲ့နေရာကို ပြန်ရောက်လာတယ်။ သူမဟာ မြင်းခွာသံအချို့ကိုကြားလိုက်ရပြီး ကိုရိုတီတိုလေးဟာလည်း မငြိမ်မသက်နဲ့ လှုပ်ရှားနေတယ်။ သူမဟာ ကလေးကို အမြန်ပွေ့ချီလိုက်ပြီး သူမရဲ့ တဘက်အောက်ကိုထည့်ပြီး နို့အနည်းငယ်တိုက်လို့ ငြိမ်အောင် လုပ်လိုက်တယ်။ ခြေရာခံသူတွေ နီးသထက်နီးလာချိန်မှာတော့ ကီနိုဟာ သစ်ကိုင်းတွေကြားကနေ သူတို့ရဲ့ခြေထောက်တွေနဲ့ မြင်းရဲ့ ခြေထောက်ကိုပါမြင်လာရတယ်။ အကျီအဖြူရောင်တွေအောက်က ခြေထောက်တွေအပြင် ဖိနပ်သံတွေကိုပါ ကြားလာရတယ်။ ခြေရာကောက်သူတွေဟာ ကီနိုခြေရာဖျောက်ဖျက်ထားတဲ့ နေရာကိုရောက်တဲ့အခါမှာတော့ ခဏရပ်ပြီး စူးစမ်းကြတယ်။ မြင်းဟာလည်း ပတပ်ရပ်လိုက်ပြီး နှာမှုတ်သံကိုပြုလိုက်တယ်။ ခြေရာခံသူတွေဟာ လှည့်ပြီး မြင်းရဲ့ အမူအရာကို လေ့လာလိုက်တယ်။ ကီနိုဟာ အသက်တောင် ရဲရဲမရှူဝံ့ပေမယ့် မျက်နှာဟာ ချွေးစီးတွေနဲ့ ပြည့်နေတယ်။ ခြေရာခံသူတွေဟာ မြေကြီးပေါ်ကို ကုန်းပြီး ဖြေးငြင်းစွာနဲ့ ခြေရာခံနေကြတယ်။ သူတို့နောက်ကနေ မြင်းစီးလူဟာ လိုက်ပါလာတယ်။ သူတို့ဟာ ရပ်လိုက်ပြီးနောက် ပါတ်ဝန်းကျင်ကိုအကဲခတ်ပြီး ရှာဖွေနေကြတယ်။ ကီနိုသိတယ်။ သူတို့မကြာခင်ဒီနေရာကို ပြန်ရောက်လာမယ်ဆိုတာကို။  ကီနိုဟာ နောက်ပြန်လှည့်ပြီး သူ့ခြေရာကို ဖျောက်ဖျက်ဖို့ အစီအစဉ်မရှိဘူး။ အရာတော်တော်များများဟာ ခြေရာလက်ရာပျက်နေတယ်။ ခုကီနိုမှာ စိုးမိုးနေတာက ကြောက်ကန်ကန်ပြီး တိုက်ခိုက်ဖို့ အရာတစ်ခုပဲ။ ခြေရာခံသူတွေ သူတို့ကိုခြေရာခံမိမှာ သူသိတယ်။ တိုက်ခိုက်ဖို့အပြင် သူ့မှာအခြားရွေးစရာလမ်းမရှိဘူး။ သူဟာ ချောင်းကြည့်နေရာကနေ ဂျူနာတို့ပုန်းနေတဲ့ဆီကို အလျင်အမြန် ပြန်လာတယ်။ သူမဟာ သူ့ကို လှမ်းကြည့်တယ်။

“ခြေရာခံသူတွေရောက်နေပီ .. ဒီနားကိုလာ..”

သူ့ရဲ့အမူအရာဟာကူရာကယ်ရာမဲ့ပြီး ဝမ်းနည်းအားငယ်နေတယ်။

“ငါ့ကိုငါပဲ ဖမ်းခံလိုက်မယ်။”

ဂျူနာဟာ သူ့ရဲ့လက်ကိုလှမ်းကိုင်လိုက်ပြီး “ရှင့်မှာ ပုလဲရှိတယ်၊ သူတို့ဟာ ပုလဲကို လုယူပြီးတာနဲ့ ရှင့်ကို ချမ်းသာပေးမယ်လို့ ထင်သလား”

“သူတို့ ပုလဲကို ရှာတွေ့လိမ့်မယ်” လို့ သူဟာ ပုလဲရှိတဲ့ အိပ်ထောင်နေရာကို လက်နဲ့အုပ်လို့ ပြောလိုက်တယ်။

“လာပါဦး .. ဒီကိုလာဦး” လို့ သူမပြောလိုက်တယ်။

သူ့ဆီက ဘာအဖြေမှ မကြားရချိန်မှာတော့ သူမဟာ ဆက်ပြောလိုက်တယ်။

“သူတို့က ကျွန်မကိုရော ချမ်းသာပေးမယ်ရှင်ထင်သလား၊ ကလေးကိုရော အသက်ရှင်ခွင့်ပေးမယ်ထင်သလား” လို့ မေးလိုက်တယ်။

သူမရဲ့စကားဟာ ကီနို့ရဲ့အသိစိတ်ကိုလှုပ်နှိုးလိုက်တယ်။ သူ့ရဲ့နှုတ်ခမ်းတွေဟာ တင်းတင်းစေ့ သွားပြီး မျက်လုံးတွေဟာ ပြန် ခက်ထန်သွားတယ်။

“လာ .. ငါတို့ တောင်တွေရှိတဲ့ဘက်ကိုသွားမယ်။ သူတို့ကို ခြေရာဖြတ်ချင်ဖြတ်နို်င်လိမ့်မယ်”

သူဟာ မြေကြီးပေါ်က သူတို့ သယ်ဆောင်လာသမျှပစ္စည်းတွေကိုကောက်ကိုင်လိုက်တယ်။ ဒါပေမယ့် သူဟာ ဓါးကို ညာဘက်လက်မှာ ကိုင်ထားတယ်။ သူတို့ဟာ ခြုံပုတ်တွေဆီကနေ ထွက်လို့ မြောက်ဘက်က တောင်တွေရှိရာဘက်ကို ဦးတည်လျှောက်လာကြတယ်။ နေရောင်ဟာ တဖြေးဖြေး လျော့လာချိန်မှာတော့ သူတို့ဟာ တောင်တစ်လုံးရှိရာဘက်ကိုနည်းကပ်လာတယ်။ ကီနိုဟာ တောင်ရဲ့အမြင့်ဆုံးနေရာကို ပြေးတက်သွားလိုက်တယ်။ ဒီတောင်ဂတုံးမှာ တကယ်တော့ ဘာမှမရှိဘူး။ တစ်ခုလုံးဟာ ကျောက်တုံးတွေနဲ့ပဲပြည့်နက်နေပြီး ရေတောင်ရှာမရနိုင်ဘူး။ ကီနို တုန်လှုပ်သွားတယ်။ ဘာဆက်ဖြစ်နို်ငတယ်ဆိုတာ သူသိလိုက်ပြီ။ ခြေရာကောက်သူတွေဟာ မကြာခင်အချိ်န်မှာပဲ သူတို့ လမ်းမှားလိုက်နေတာကို သတိပြုမိပြီး ပြန်လာနိုင်ပြီး နောက်ဆုံး သူတို့ အနားယူခဲ့တဲ့နေရာကို ရှာတွေ့သွားနိုင်တယ်။ အဲကနေမှာ သူတို့ကိုရှာဖို့ဆိုတာ သိပ်ကိုလွယ်သွားပြီ။ ကီနိုဟာ သူတို့ကို စိတ်ကူးထဲမှာ မြင်ယောင်လာတယ်။ ခေါင်းထဲမှာလည်း အန္တရာယ်ရဲ့အသံတွေပြည့်နှက်နေတယ်။ လမ်းဟာ ပိုပြီး ကျယ်ပြန့်လာတယ်။ ကျောက်တုံးတွေဟာလည်း ပိုပြီး ကြီးမားလာတယ်။ ခုဆိုရင် ကီနိုဟာ သူ့မိသားစုဟာ ခြေရာခံသူတွေနဲ့ အနည်းငယ်ဝေးတဲ့နေရာကိုရေကြ်နေပြီ။ သူဟာ အမြင့်ဆုံးကျောက်ပေါ်တက်လို့ ရန်သူ့ခြေရာကိုလှမ်းကြည့်လိုက်ပေမယ့် သူဘာမှမတွေ့ရဘူး။ ဂျူနာဟာ အရိပ်တစ်နေရာမှာ ဆောင့်ကြောင့်ထိုင်နေတယ်။ သူမဟာ ကိုရိုတီတိုလေးကိုရေအနည်းငယ်တိုက်နေတယ်။ ကလေးဟာ ရေကိုအငမ်းမရသောက်လိုက်တယ်။ ကီနိုပြန်ရောက်လာတယ်။ သူဟာ သူမရဲ့ ခြေကျင်းဝတ်ကို ကြည့်နေတာကို သူမသတိထားမိတော့ စကပ်နဲ့ဖုံးအုပ်လိုက်တယ်။ ခြေထောက်မှာတော့ ကျောက်ခဲတွေကြောင့် ရှတဲ့ဒဏ်ရာတွေနဲ့။ နောက် သူမဟာ ရေဘူးကို သူ့ကိုလှမ်းပေးလိုက်တယ်။ ဒါပေမယ့် သူဟာ ခေါင်းခါလိုက်ပြီး ခြောက်သွေ့နေတဲ့နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်တယ်။

“ဂျူနာ … ငါ ဆက်သွားမယ်.. မင်းတို့ ပုန်းနေ၊ သူတို့ကို ငါ တောင်တွေဘက်ဆီကို မျှားခေါ်သွားမယ်။ သူတို့ကျော်သွားတာနဲ့ မင်း မြောက်ပိုင်းကို ဦးတည်ပြီး လော်ရီတို ဒါမှမဟုတ် ဆန်တာရိုဆလီရာကိုသွား။ ငါ သူတို့လက်က လွတ်တာနဲ့ မင်းရှိရာကို လိုက်လာခဲ့မယ်။ ဒါဟာ တစ်ခုထဲသောနည်းလမ်းပဲ။

သူမဟာ သူ့ရဲ့မျက်လုံးအစုံကို ခဏတာ စိုက်ကြည့်ပြီးပြောလိုက်တယ်။

“မသွားဘူး ၊ ကျွန်မတို့ ရှင်နဲ့အတူသွားမယ်”

“ငါတစ်ယောက်ထဲဆို ပိုပြီး ခရီးတွင်တယ် ၊ မြန်မြန်သွားနိုင်တယ်။ မင်း ငါနဲ့အတူတူသွားတာဟာ ကလေးကို ပါ အန္တရာယ်ဖြစ်စေလိမ့်မယ်”

“မသွားဘူး”

“ဒါ ငါ့ရဲ့ ဆန္ဒပဲ ..မင်းလုပ်ရမယ်”

သူဟာ သူမရဲ့ မျက်နှာကို အကဲခတ်လိုက်ပေမယ့် ကြောက်ရွံ့မှုအရိပ်အယောင်မတွေ့ရဘူး။ သူမရဲ့မျက်လုံးအစုံဟာတောက်ပြောင်နေတယ်။ သူဟာ ပုခုံးကို တွန့်လိုက်တယ်။ သူမရဲ့ အမူအရာကြောင့် သူပါ အားရှိလာတယ်။ ကီနိုဟာ ခြေရာကောက်သူတွေ အလွယ်တကူ ခြေရာမခံမိအောင် လမ်းကိုအဖြောင့်အတိုင်း တောင်တွေဆီ ဦးတည်မသွားတော့ပဲ ကွေ့ပတ်လျှောက်တယ်။ တစ်ခါတစ်ရံ ဦးတည်ရာပြောင်းပြီး သဲလွန်စကိုချန်ခဲ့ပြီး အခြားဘက်ကို ပြန်လျှောက်တယ်။ နေရောင်ဟာတဖြေးဖြေးပျောက်ကွယ်လာတယ်။ ကီနိုဟာ ရေရှိမယ်ထင်ရတဲ့ ဘက်ကိုလျှောက်လာတယ်။ အဲဒီဘက်ဟာ အဝေးကနေတောင်မှ ခြေရာခံဖို့လွယ်တယ်ဆိုတာသိပေမယ့် ရေမရှိတော့တဲ့ ဘူး ဟာ အဲဒီဘက်ကိုမသွားဖို့ မတားမြစ်နိုင်ဘူး။ အညိုရောင်ကျောက်တုံးတွေကြားက ပါတ်ကြားအပ်နေတဲ့ နေရာမှာတော့ စမ်းချောင်းလေးရှိနေတယ်။ မိုးရွာရာကနေ တောင်ကျရေအဖြစ်စီးဆင်းနေတဲ့ရေတွေကနေ ဖြစ်လာတဲ့ရေချောင်းအသေးလေး။ တိရိစ္ဆာန်တွေဟာလည်း ဒီမှာပဲ ရေသောက်ဆင်းကြတယ်။ ငှက်ကလေးတွေဟာလည်း ချောင်းလေးနံဘေးမှာပဲ အနားယူကြတယ်။ ဒီနေရာလေးဟာ တောင်ကုန်းပေါ်က အိုအေစစ်လေးလိုပဲ။ ချောင်းလေးရဲ့ဘေးမှာတော့ သီးပင်တွေပေါက်ရောက်နေတယ်။ ချောင်းထဲကို တောင်ကြားတွေက စီးဆင်းလာတဲ့ ရေဟာ အနည်းငယ်သာရှိပေမယ့် ချောင်းလေးကိုတော့ ပြည့်စေနိုင်တဲ့အပြင် ပတ်ဝန်းကျင်ကိုပါ စိုပြေစိမ်းလန်းနေစေတယ်။ ကီနိုနဲ့ဂျူနာ ချောင်းလေးနားကိုရောက်ချိန်မှာတော့ မိုးစုံးစုံးချုပ်လုပ်နေပြီ။ ဂျူနာဟာ ကန်လေးဘေးကိုရောက်တဲ့အချိန်မှာတော့ ပထမဆုံး ကိုရိုတီတိုလေးရဲ့မျက်နှာကို သန့်စင်ပေးလိုက်တယ်။ နောက် သူမရဲ့ဘူူးထဲကိုရေဖြည့်ပြီး ရေတိုက်လိုက်တယ်။ ကလေးဟာ ပင်ပန်းပြီး အသံသဲ့သဲ့ပေးလို့ ငိုနေတာ ဂျူနာနို့တိုက်လိုက်မှ ရပ်သွားတယ်။ ကီနိုဟာလည်း ကန်လေးကနေရေကို ဆာဆာနဲ့ သောက်နေတယ်။ ခဏနေတော့ သူဟာ ရေကန်ဘေးမှာ အညောင်းခဏဆန့်လို့ ဂျူနာကလေးကို နို့တိုက်နေတာကို ငေးကြည့်နေတယ်။ နောက် ကီနိုဟာ ရေ စီးဆင်းတဲ့ ထိပ်ကို သွားပြီး အဝေးကို သေချာလှမ်းကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့မျက်လုံးအစုံဟာ နေရာတစ်နေရာမှာရပ်တန့်သွားပြီး သူဟာ အေးစက်သွားတယ်။ တောင်စောင်းအောက်မှာ သူတွေ့လိုက်ရတာက ပုရွက်စိပ်များလို လှုပ်နေတဲ့ ခြေရာကောက်သူနှစ်ယောက်နဲ့ သူတို့အနောက်က ပိုပြီးကြီးတဲ့ အစက်အပျောက်တစ်ခု …

ဂျူနာဟာ သူ့ကိုလှမ်းကြည့်လိုက်ချိန်မှာတော့ ကီနိုရဲ့ နောက်ကျောပြင်ဟာ လှုပ်ရှားတုန်လှုပ်နေတာကို တွေ့လိုက်တယ်။

“ဘယ်လောက် ဝေးသေးလဲ” သူ တိတ်တဆိတ်ပဲ မေးမြန်းလိုက်တယ်။

“သူတို့ ဒီနေရာကို ညနေလောက်ဆိုရောက်ပြီ” လို့ ကီနိုပြန်ဖြေတယ်။

“ငါတို့ အနောက်ဘက်ကို သွားရမယ်” လို့ပြောရင် သူဟာ ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ ရေစီးဆင်းတဲ့ တောင်ကြားအက်ရဲ့ အနောက်ဘက် ပေသုံးဆယ်လောက်မှာ သူတွေ့လိုက်ရတာက ရေတိုက်စားခံထားရတဲ့ လှိုင်ခေါင်းလေးတွေပဲ။ သူဟာ သူ့ရဲ့ ဖိနပ်ကိုချွတ်လို်က်ပြီး အပေါ်ကိုတက်သွားပြီး လှိုင်ခေါင်းလေးတွေကိုလိုက်ကြည့်လိုက်တယ်။ လှိုင်ခေါင်လေးတွေဟာ ပေအနည်းငယ်ပဲ နက်ပြီး အခေါင်းပေါက်ပုံစံရှိနေကြပြီး အနောက်ကို ပြေပြေလေးဆင်းသွားတယ်။ ကီနိုဟာ အကြီးဆုံးလှိုင်ခေါင်းကို ရှာပြီး အတွင်းထဲကိုဝင်ကြည့်လိုက်ချိန်မှာတော့ အပြင်ကနေ မမြင်နိုင်ဘူးဆိုတာ တွေ့လိုက်တယ်။ သူဟာ ဂျူနာရှိရာကို အမြန်ပဲ ပြန်ဆင်းလာတယ်။

“မင်းအပေါ်ကို တက်ရမယ်၊ ဒါဆို သူတို့ မတွေ့ချင်မတွေ့နုိုင်ဘူး”

ဘာမှ ပြန်မမေးဘဲ ဂျူနာဟာ သူမရဲ့ရေဘူးကို ရေဖြည့်ပြီးပြင်ဆင်လလိုက်တယ်။ နောက် ကီနိုဟာ သူမကို ကူညီပြီး လှိုင်ခေါင်းထဲကို တင်ပေးလိုက်တယ်။ နောက် အစားအသောက်တွေကိုပါယူလာပေးလိုက်တယ်။ ဂျူနာဟာ လှိုင်ခေါင်းပေါက်ဝမှာထိုင်ပြီး ကီနိုလုပ်သမျှကို ကြည့်နေတယ်။ သူမတွေ့နေရတာက ကီနိုဟာ သဲပြင်ပေါ်က သူမတို့ရဲ့ခြေရာတွေကို ဖျောက်ဖျက်ဖို့ မကြိုးစားပဲ ချောင်းလေးဘေးက သစ်ပင်တွေပေါ်တက်လို့ စပျစ်သီးတွေကို ခူးနေတယ်။ နောက် ပေတစ်ရာလောက်အကွာက အခြားသစ်ပင်ကိုလည်း  ထိုနည်းတူ တက်လိုက်ပြီး ပြန်ဆင်းလာတယ်။ သူဟာ ချောမွတ်နေတဲ့ကျောက်တုံးပေါ်ကနေပြီး ဂျူနာရှိတဲ့ လှိုင်ခေါင်းပေါ်ကိုတက်တဲ့နေရာမှာ ဘာခြေရာလက်ရာမှမကျန်အောင် သေချာဂရုစိုက်လုပ်နေတယ်။ နောက်ဆုံးမှာတော့ သူဟာ ဂျူနာ ရှိနေတဲ့ လှိုင်ခေါင်းလေးရဲ့ အခြားတစ်ဘက် ဘေးချင်းကပ်ရပ်က လှိုင်ခေါင်းဆီကိုရောက်သွားတယ်။

“သူတို့ အပေါ်ကို ဆက်တက်သွားရင် ငါတို့ ဆင်းပြေးကြမယ်။ ငါစိုးရိမ်တာက ကလေးငိုမှာကိုပဲ။ ကလေးမငိုဖို့ မင်းသေချာသတိထားလုပ်ရမယ်”

“သူ ငိုမှာမဟုတ်ပါဘူး ၊ သူသိတယ်.. ငိုမှာမဟုတ်ဘူး” လို့ ဂျူနာဟာ ကလေးကို စိုက်ကြည့်လို့ပြောလိုက်တယ်။

ကီနိုဟာ လှိုင်ခေါင်းရဲ့အပေါက်ဝမှာ လက်ပေါ် မေးတင်ပြီးလဲလျောင်းနေတယ်။ သူဟာ အပြင်မှာ အမှောင်ထု ဝင်လာတာကို စောင့်ကြည့်နေတယ်။ ခြေရာခံသူတွေဟာ သူတို့ရှိတဲ့နေရာကိုရောက်ဖို့ အချိန်ကြာနေတယ်။ ကီနိုချန်ခဲ့တဲ့ထင်ယောင်ထင်မှားခြေရာတွေကြောင့် သူတို့ဟာ ခြေရာခံဖို့ မလွယ်ဖြစ်နေတယ်။ နောက်ဆုံး သူတို့ ရေကန်နားရောက်ချိန်မှာတော့ မိုးစုန်းစုန်းချုပ်နေပြီ။ ရိုင်ဖယ်ကယ်ထားတဲ့ သူစိမ်းဟာ ထိုင်ပြီးနားနေတယ်။ ခြေရာကောက်သူနှစ်ယောက်ဟာလည်း သူနဲ့မနီးမဝေးမှာပဲ ထိုင်ပြီး ဆေးလိပ်သောက်နေကြတယ်။ ကီနိုဟာ သူတို့စားသောက်နေတာတွေ ၊ နောက် သူတို့ တိုးတိုးပြောနေသံတွေကိုပါကြားနေရတယ်။ မိုးချုပ်လာပြီ။ တောင်စောင်းဟာ ပိုပြီး မှောင်မိုက်လာတယ်။ ရေသောက်ဆင်းလာကြတဲ့တိရစ္ဆာန်တွေဟာလည်း လူနံ့ကြောင့် ကြောက်လန့်ပြီး ပြန်ပြေးကုန်ကြတယ်။

ကီနိုဟာ သူ့ရဲ့အနောက်က ခပ်တိုးတိုး ရေရွတ်သံကိုကြားလိုက်ရတယ်။ ဂျူနာ ရေရွတ်နေတာ။ ကိုရိုတီတိုလေးကို တိတ်တိတ်နေဖို့ သူမ ချော့နေတာဖြစ်တယ်။ ကီနိုဟာ ခလေးရဲ့ ငိုသံသဲ့သဲ့ကိုကြားနေရတယ်။ နောက် ဂျူနာရဲ့ အသံကိုပျောက်ဖို့ သူမပဝါနဲ့ ဖုံးလို့ ကြိုးစား ကာကွယ်နေသံကိုပါ သူကြားနေရတယ်။ ရေကန်ဘေးနားမှာတော့ လူနှစ်ယောက်ဟာ အိပ်နေပြီး တစ်ယောက်က မအိပ်ဘဲ ကင်းစောင့်နေတယ်။ မီးခြစ်ဆံအလင်းရောင်အောက်က တောက်ပနေတဲ့ သေနတ်ကိုပါ သူတွေ့လိုက်ရတယ်။ မီးခြစ်ဆံ မီးသေသွားပြီး အလင်းရောင်ပျောက်သွားပေမယ့် ကီနို့မျက်လုံးထဲမှာ သူတို့ရဲ့ ပုံစံကို မြင်နေရဆဲပဲ။ နှစ်ယောက်ဟာ အိပ်နေပြီး နောက်တစ်ယောက်ကတော့ သဲပေါ်မှာ ဒူးကြားထဲ ရိုင်ဖယ်သေနတ်ကိုညှပ်ပြီး ထိုင်နေတယ်။ ကီနိုဟာ လှိုင်ခေါင်းရှိရာဆီကိုဖြေးဖြေးချင်းရွေ့သွားတယ်။ ဂျူနာရဲ့မျက်ဝန်းအစုံဟာ ကြယ်ရောင်မှိန်မှိန်အောက်မှာ တောက်ပနေတယ်။ ကီနိုဟာ သူမအနားကိုကပ်ပြီး တိုးတိုးပြောလိုက်တယ်။

“လမ်းတစ်ခုရှိတယ်”

“ဒါပေမယ့် သူတို့ရှင့်ကိုသတ်လိမ့်မယ်”

“ငါ သေနတ်နဲ့တစ်ယောက်ဆီကို အရင်သွားမယ်။ အဲကောင်ဆီကိုအရင်ဆုံးရှင်းပစ်ရမယ်။ ဒါဆိုရင် ရပြီ။ ကျန်တဲ့နှစ်ယောက်က အိပ်နေတာ”

သူမရဲ့လက်အစုံဟာ ပုဝါအောက်ကနေထွက်လာပြီး ကီနို့လက်မောင်းကိုဖမ်းဆုပ်လိုက်တယ်။

“သူတို့ဟာ ရှင့်ရဲ့ အဖြူရောင်အဝတ်အစားကို ကြယ်ရောင်အောက်ကနေ သတိပြုမိလိမ့်မယ်”

“မဟုတ်ဘူး ၊ လရောင် မလင်းခင် ငါသွားမှဖြစ်မယ်”

သူဟာ ပြောစရာစကားလုံးရှာလိုက်တယ်။ နောက်…

“တကယ်လို့ သူတို့ ငါ့ကိုသတ်ခဲ့ရင် ၊ ငြိမ်ငြိမ်ပဲ ဆက်နေ နေ .. သူတို့ ထွက်သွားတော့မှ လိုရီတို မြို့ကို ဆက်သွား”

သူမလက်ဟာ တုန်ရီသွားပြီး ကီနိုရဲ့ခါးကို လှမ်းကိုင်လိုက်တယ်။

“ငါတို့မှာ ရွေးစရာလမ်းမရှိဘူး၊ ဒါဟာ တစ်ခုထဲသောလမ်းပဲ၊ မဟုတ်ရင် သူတို့ ငါတို့ကိုမနက်မှာ ရှာတွေ့သွားမယ်”

သူမဟာ အသံ ခပ်တုန်တုန်နဲ့ ပြောလိုက်တယ်..

“ဘုရားသခင် စောင့်ရှောက်ပါစေ”

သူဟာ သူမအနားကို တိုးကပ်သွားပြီး ကလေးရှိရာကို စမ်းလိုက်တယ်။ ခဏလေး ကလေးခေါင်းပေါ်ကို လက်နဲ့အုပ်ထားပြီး ..နောက် ..ကီနိုဟာ ဂျူနာရဲ့ပါးပြင်ကို စမ်းပြီး ထိလိုက်တယ်။ ဂျူနာဟာ လှိုင်ခေါင်းအဝင်ဝမှာ အဖြူရောင်ဟာ အမှောင်အောက်မှာ ပေါ်လွှင်ပြီး သူတို့ သတိထားမိနိုင်တာကြောင့် ကီနိုတစ်ယောက်သူ့ရဲ့အဖြူရောင် အဝတ်အစားကို ချွတ်ပစ်နေတာတွေ့လိုက်ရတယ်။ သူ့ရဲ့ နဂိုမူလ အညိုရောင်အသားအရောင်ဟာ အမှောင်ထဲမှာ သူ့ကိုပိုပြီး လုံခြုံစေနိုင်တယ်။ သူ့ရဲ့လည်ပင်းမှာ ဓါးကိုချည်လိုက်တာကြောင့် လက်နှစ်ဖက်လုံးဟာ လွတ်လပ်သွားတယ်။ သူဟာ သူမဆီကို ထပ်မလာတော့ပဲ လှိုင်ခေါင်း ပေါက်ဝကနေ အမှောင်ထဲကို တိုးဝင်ပျောက်ကွယ်သွားတယ်။ ဂျူနာဟာ အပေါက်ဝကိုတိုးပြီး အပြင်ကိုလှမ်းကြည့်လိုက်တယ်။ ကလေးဟာ သူမရဲ့ကျောပေါ်က ခြုံစောင်အောက်မှာအိပ်နေတယ်။ ဂျူနာဟာ ဒီ မကောင်းတဲ့အရာတွေမှ လွတ်ကင်းပါစေကြောင်း တီးတိုးဆုတောင်းလိုက်တယ်။ သူမ အပြင်ကိုလှမ်းကြည့်ချိန်မှာတော့ အပြင်မှာသိပ်မမှောင်တော့ဘူး။ အရှေ့ဆီမှာ လရောင်ဟာ ပေါ်ထွက်စပြုလာတယ်။ အောက်ကိုငုံကြည့်လိုက်ချိန်မှာတော့ ဆေးလိပ်သောက်နေတဲ့ သူကို တွေ့နေရတယ်။ ကီနိုဟာ ကျောက်တုံးအစွန်းကနေပြီး အိမ်မြှောင်တစ်ကောင်လို တွားသွားဆင်းသွားတယ်။ သူဟာ လည်ပင်းမှာချိတ်ထားဓါးကို ကျောပေါ်ပြောင်းချိတ်လိုက်ခြင်းနှင့် ဓါးနဲ့ ကျောက်တုံးတိုက်သံမဖြစ်အောင် လုပ်လိုက်တယ်။ အသံတစ်စိုးတစိမှမထွက်ဟာ သူဟာတိတ်တဆိတ်လှုပ်ရှားနေတယ်။ အသံထွက်လိုုက်တာနဲ့အောက်က လူတွေကို တပ်လှန့်လိုက်သလိုဖြစ်သွားမှာကို သူသိတယ်။ ဒါပေမယ့် ညဟာ ငြိမ်သက်တိတ်ဆိတ်နေတာတော့မဟုတ်ဘူး။ ချောင်းထဲမှာနေတဲ့ ဖားတွေဟာ ဆူုညံနေကြတယ်။ ပုစဉ်းရင်ကွဲတွေဟာလဲ တကျီကျီအော်မြည်နေသံတွေနဲ့ ညဟာ အသက်ဝင်နေတယ်။ ကီနိုဟာ တရွေ့ရွေ့နဲ့ တစ်လက်မခြင်း သတိကြီးစွာထားပြီးအောက်ကို ဆင်းနေတယ်။ ကီနိုဟာ အသက်ရှူသံပါမထွက်အောင်လို့ ပါးစပ်ကိုဟထားတယ်။ သူဟာ အမှောင်အောက်မှာပျောက်ကွယ်နေတာမဟုတ်ဘဲနဲ့ တကယ်လို့သာ ကင်းစောင့်နေသူဟာ အပေါ်ကိုမော့ကြည့်လိုက်တာနဲ့ သူ့ကိုတွေ့ရမှာဖြစ်တယ်။ ဒါကြောင့်သူဟာ ကင်းစောင့်သူသတိမထားမိအောင် တရွေ့ခြင်း လှုပ်ရှားနေရတာကြောင့် သူဟာ အောက်ခြေကိုရောက်ဖို့ အချိန်တော်တော်ကြာကြာယူနေရတယ်။ သူ့ရဲ့နှလုံးဟာ လှုပ်ရှားနေပြီး ရင်ဘတ်၊ လက်နဲ့ မျက်နှာဟာ ချွေးရွဲရွဲစိုနေတယ်။ သူဟာ အသက်ကို ခပ်ပြင်းပြင်ရှူလိုက်ပြီး သူ့စိတ်ကိုငြိမ်သက်အောင်ထိန်းသိမ်းလိုက်တယ်။ ခုဆိုရင် သူ့အောက်က ရန်သူဟာ သူနဲ့ခြေလှမ်း ၂ဝအကွာမှာပဲရှိတော့တယ်။ ကီနိုဟာ မြေကြီးပေါ်မှာ ကျောက်ခဲရှိနေမလားဆိုတာကို  ပြန်မှတ်မိဖို့ကြိုးစားလိုက်တယ်။ သူ့ရဲ့ခြေထောက်တွေဟာ ရှည်လျားလှတဲ့ တွယ်တက်လှုပ်ရှားမှုကြောင့် ကျဉ်ထုံနေတာကို သူခံစားမိတယ်။ လရောင်ဟာမကြာခင်မှာပဲ ထွန်းလင်းတော့မယ်။ သူ့မှာအချိန်သိပ်မကျန်တော့ဘူး။ လရောင်ထွက်မလာခင် သူ လုပ်ငန်းစရမယ်။ သူဟာ ကင်းစောင့်သူရဲ့ ပုံစံကိုပါလှမ်းမြင်နေရပြီ။ ဒါပေမယ့် အိပ်နေတဲ့ လူနှစ်ယောက်ကတော့ သူ့ရဲ့အောက်တည့်တည့်မှာရှိနေတယ်။ ကီနိုရှာရမှာက ကင်းစောင့်တဲ့သူပဲ။ နောက် မြန်မြန်သူ့ကို လက်စတုံးရမယ်။ သူဟာ ဓါးဆီကို လက်လှမ်းပြီး အသင့်ပြင်လိုက်တယ်။ ကီနိုရဲ့လှုပ်ရှားမှုဟာနောက်ကျသွားပြီ။ လရောင်ဟာ ထွက်လာပြီး ထွန်းလင်းသွားတယ်။ ကီနိုဟာ အနောက်ကို ပြန်ဆုတ်ပြီး ကပ်နေလိုက်တယ်။ လရောင်ဟာ မှောင်တစ်ဝက်လင်းတစ်ဝက် ရှိနေတယ်။ ခုဆိုရင် ကီနိုဟာ ကန်ဘေးမှာထိုင်နေတဲ့ ကင်းစောင့်ကိုလှမ်းမြင်နေရပြီ။ သူဟာ လရောင်ကို မော့ကြည့်ပြီး နောက်ထပ် ဆေးလိပ်တစ်လိပ်ကိုမီးညှိလိုက်တယ်။ သူနောက်ထပ် စောင့်လို့မရတော့ဘူး။ ကင်းစောင့် ခေါင်းကိုလှည့်လိုက်တာနဲ့ သူဟာ ခုန်လွှားပြီး အနားရောက်ပြီး သားဖြစ်နေရမယ်။ ကီနိုရဲ့ခြေထောက်အစုံကတော့ တောင့်တင်းနေတယ်။ အဲအချိန်မှာပဲ အပေါ်ဆီကနေ ခပ်သဲ့သဲ့ငိုသံထွက်ပေါ်လာတယ်။ ကင်းစောင့်ဟာ ခေါင်းကို ငဲ့လို့ နားစွင့်ပြီး မတ်တပ်ရပ်လိုက်တယ်။ နောက် အိပ်နေတဲ့ထဲကတစ်ယောက်ပါ နိုးလာပြီး ကင်းစောင့်ကိုလှမ်းမေးလိုက်တယ်။

“ဘာ သံလဲ”

“ငါလည်းမသိဘူး … ငိုသံလိုပဲ .. ကလေးငိုသံလိုပဲ”

အိပ်နေရာက ထလာတဲ့လူကပြန်ပြောတယ်။

“မင်းမသိဘူးလား .. တချို့ဝံပုလွေတွေရဲ့ အသံက ကလေးငိုသံလိုပဲ”

“ဝံပုလွေ ဖြစ်နိုင်တယ်” လို့ ပြန်ပြောသံနဲ့အတူ ရိုင်ဖယ်သံရဲ့ ခလုတ်တင်သံကိုပါ ကီနိုကြား လို်က်ရတယ်။

“ဒါဟာ ဝံပုလွေသံဆိုရင်တော့ ရပ်သွားလိမ့်မယ်” လို့ဆိုရင်းကနေ သေနတ်ကိုမြှောက်လိုက်တယ်။

သေနတ်သံ ပေါ်လာသံနဲ့အတူ ကီနိုရဲ့ဓါးသွားဟာ လည်ပင်းကနေဖြတ်လို့ ရင်ဘတ်ထိ ရောက်သွားတယ်။ ခုဆိုရင် ကီနိုဟာ အရူးတစ်ယောက်လိုပဲဖြစ်နေပြီ။ သူဟာ ရိုင်ဖယ်သေနတ်ကိုပါ ကောက်ယူလိုက်တယ်။ သူ့ရဲ့ခွန်အားနဲ့ လှုပ်ရှားမှုဟာ အလွန်ကိုလျင်မြန်နေတယ်။ သူဟာ ကင်းစောင့်ရဲ့ခေါင်းကို ဖရဲသီးခွဲသလိုပဲ ဓါးနဲ့ဖြတ်ပစ်လိုက်တယ်။ တတိယလူဟာ ရေစီးဆင်းရာအပေါ်ဘက်ကို တက်ပြေးဖို့ကြိုးစားပေမယ့် သူဟာ လေထဲမှာပဲ ခြေလွှတ်လက်လွှတ်ကျလာတယ်။ ထပြေးဖို့ကြံလိုက်ပေမယ့် ကီနိုဟာ ကြောက်မက်ဖွယ်ရာဖြစ်နေပြီး သူ့ဆီကိုသေနတ်နဲ့ချိန်ပြီးပစ်ချလိုက်တယ်။ သူမြင်လိုက်ရတာကတော့ သူ့ရန်သူဟာ ရေကန်ထဲကို ပြုတ်ကျသွားတာပဲ။ ကီနိုဟာ ကန်ထဲကို ငုံကြည့်လိုက်တဲ့အခါမှာတော့ ကြောက်ရွံ့ထိတ်လန့်နေတဲ့ မျက်လုံးအစုံကို လရောင်အောက်မှာတွေ့လိုက်တယ်။ ကီနိုဟာ မျက်လုံးအစုံကြားသေနတ်ကိုချိန်လို့ ထပ်ပစ်ချလိုက်တယ်။ ကီနိုဟာ မသေချာမရေရာနဲ့ မတ်တပ်ရပ်နေတယ်။ တစ်စုံတစ်ခုမှားနေတယ်ဆိုတာ သူ့ဦးနှောက်က အချက်ပေးနေတယ်။ ဖားအော်သံနဲ့ပုစဉ်းရင်ကွဲအသံတွေဟာ ခုဆို တိတ်ဆိတ်နေပြီ။ သူသိလိုက်ပြီ။ သူကြားနေရတာဟာ အပေါ်ဘက်ဆီက ငိုသံ ……..

ကီနိုတို့မိသားစုရဲ့ အိမ်အပြန်ခရီးဟာ လူတိုင်းအတွက် မမေ့နို်င်စရာပဲ။ တစ်ဆင့်စကားနဲ့တစ်ဆင့် ဒီအကြောင်းကို ဘိုးဘွားစဉ်ဆက် ပြောပြကြတယ်။ ဒါဟာ အားလုံးအတွက်တော့ မမေ့နိုင်စရာ အဖြစ်အပျက်ပဲလေ။

နေ့ခင်းဘက်မှာတော့ ခလေးတစ်ယောက်ဟာပြေးလာပြီး ကီနိုတို့မိသားစု ပြန်လာပြီဆိုတဲ့အကြောင်းကိုပြောတယ်။ ရှိသမျှ လူအားလုံးဟာ သူတို့ကို တွေ့ဖို့အတွက် အမြန်ထွက်လာကြတယ်။

လူနှစ်ယောက်ဟာ ရွာလမ်းအတိုင်းလျှောက်လာကြတယ်။ သူတို့ဟာ ဘယ်ညာ ယှဉ်ပြီးလျှောက်လာတာမျိုးမဟုတ်ဘူး။ ကီနိုဟာ အရှေ့ကနေဦးဆောင်လာပြီး အနောက်မှာတော့ ဂျူနာ … ရှေ့နောက် လျှောက်လာကြတယ်။ ကီနိုဟာ ရိုင်ဖယ်သေနတ်ကို လွယ်ကိုင်ထားပြီး ဂျူနာကတော့ သူမရဲ့ ပုဝါကို ပုခုံးပေါ်မှာတင်လို့ လျှောက်လာကြတယ်။ သူမရဲ့မျက်နှာကတော့ ခက်ထန်ပြီး တင်းမာနေတယ်။ ကီနိုရဲ့ နှုတ်ခမ်းအစုံကလည်း တင်းတင်းစေ့နေပြီး ခက်ထန်နေတယ်။ ကီနိုကိုတွေ့တဲ့သူတိုင်းဟာ မုန်တိုင်းလိုပဲ ကြောက်စရာကောင်းလောက်အောင် ခက်ထန်နေတယ်လို့ပြောကြတယ်။ သူတို့ကို မြင်ဖို့ ထွက်ကြည့်သူတွေဟာလည်း ဘာစကားမှမပြောပဲ အနောက်ကို ပြန်ဆုတ်သွားတယ်။ ကီနိုနဲ့ဂျူနာဟာ ဘယ်ကိုမှမကြည့်ဘဲ တည့်တည့်ပဲ အသိမဲ့သူတွေလို လျှောက်လှမ်းလာကြတယ်။ လက်ကိုမြှောက်လို့ နှုတ်ဆက်ဖို့ ကြိုးစားလိုက်တဲ့ ဂျူရန်သောမတ်စ်ရဲ့လက်အစုံဟာ လေထဲမှာတင်ရပ်တန့်သွားတော့တယ်။ ကီနိုတို့ဟာ တဲအိမ်တွေကိုကျော်ဖြတ်လာပြီးနောက်ဆုံးမှာ ပင်လယ်ကမ်းစပ်ကိုရောက်ရှိလာတယ်။ သူတို့ဟာ ကမ်းစပ်က ကီနို့ရဲ့ ပျက်စီးနေတဲ့လှေကိုလည်း မကြည့်ဘဲ ရေထဲကို ဆက်လျှောက်လာတယ်။ ရေစပ်ကိုရောက်လာချိန်မှာတော့ ရပ်တန့်လိုက်ပြီး ပင်လယ်ကွေ့ဘက်ကိုလှမ်းကြည့်လိုက်တယ်။ နောက် ကီနိုဟာ သေနတ်ကို ချပြီး သူ့ရဲ့ အကျီထဲက ပုလဲကိုရှာဖွေပြီးထုတ်ယူလိုက်တယ်။ ကြီးမားပြီးအရည်အသွေးကောင်းလှတဲ့ ပုလဲလုံးဟာ သူ့လက်ပေါ်မှာ အညိုရောင် ခပ်မှိန်မှိန်တောက်ပနေတယ်။ ပုလဲရဲ့အရောင်အောက်မှာပဲ ကန်ထဲက လူရဲ့ကြောက်လန့်နေတဲ့ မျက်ဝန်းအစုံ ၊ ကိုရိုတီတိုလေး လှိုင်ခေါင်းထဲမှာ လဲနေပြီး ခေါင်းမှာ သေနတ်မှန်ထားတဲ့ပုံတွေ ပြန်မြင်လာတယ်။ ကီနိုရဲ့လက်ဟာ အနည်းငယ် တုန်သွားပြီးနောက် ဂျူနာဘက်ကိုလှည့်ပြီး ပုလဲကို သူမဆီကိုပေးလိုက်တယ်။ ဂျူနာဟာ ကီနို့ဘေးမှာရပ်ပြီး သူ့လက်ထဲက ပုလဲကို ခဏတာငေးကြည့်ပြီးနောက် ကီနို့မျက်လုံးအစုံကိုကြည့်ပြီး တိုးတိုးပြောလိုက်တယ်။

“မဟုတ်ဘူး ……..ရှင် လုပ်ပါ”

နောက် ကီနိုဟာ ရှိသမျှအားကုန်ထည့်ပြီး လက်ကိုလွှဲပစ်လိုက်တယ်။ ကီနိုနဲ့ဂျူနာဟာ လွင့်နေတဲ့ နေရောင်အောက်က ပုလဲရဲ့အရောင်ကို ကြည့်နေကြတယ်။ နောက် ……ခပ်ဝေးဝေးမှာပဲ ရေပွက်တစ်ခုဖြစ်လာပြီး ပုလဲဟာ ရေထဲကို နစ်မြုပ်ပျောက်ကွယ်သွားတော့တယ်။

 

တောင်းပန်လွှာ ……….

စောင့်မျှော်ဖတ်ရှူသူများခင်ဗျာ ……….ကျွန်တော့်ရဲ့ မတောက်တခေါက် အရေးအသားနဲ့ ဘာသာပြန်ထားပေမယ့် မူရင်း စာရေးသူကို မှီအောင်မရေးနိုင်ပါဘူး။ တချို့ စာသားတွေဟာ မြန်မာလို ပြန်ရတာ အဆင်မချောတဲ့အတွက် ဖြုတ်ချထားခဲ့သည်များရှိပါတယ်။ ဥပမာ စာရေးသူဟာ ပါတ်ဝန်းကျင်ရဲ့အခြေအနေကိုပေါ်လွှင်အောင်

ရေးသားထားတာမျိုးတွေ၊ နောက် သူတို့ရဲ့ ရိုးရာဆိုင်ရာအသုံးအနှုန်းလေးတွေ စသည်ဖြင့် ရေးသားထားပေမယ့် မြန်မာလိုရေးသားရာမှာ မချောမွှေ့တဲ့အတွက် ကျော်ထား ဖြုတ်ထား ..တချို့စာလုံးများကို မြန်မာမှုပြုထားသည်များရှိပါတယ်။ အင်္ဂလိပ်လို ဖတ်တာဟာ မူရင်းစာရေးသူရဲ့ စာအရေးအသားကို ပိုမိုပိုလွှင်စေပြီး ဝတ္တုကိုလည်းပိုမို အသက်ဝင်စေပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို ဖတ်တာဟာ ပိုပြီး မူရင်းအရသာကို ပေါ်လွှင်စေတာကြောင့် အင်္ဂလိပ်လိုပိုပြီး ဖတ်သင့်ပါတယ်။ ကျွန်တော့်ရဲ့ ရေးချင်စိတ်ကြောင့် ရေးသော်လည်း ဘာသာပြန်တဲ့ အားနက်ချက်များကို သည်းခံခွင့်လွှတ်ပေးကြပါခင်ဗျာ ….

 

ယခု ဝတ္တုတိုကတော့ John Stenbeck ရဲ့ The Pearl ဖြစ်ပါတယ်။

11 comments

  • lele kyi

    October 29, 2013 at 8:35 pm

    The End…ဆက်ရန်မရှိ။ နောက်တစ်ပုဒ် အသစ်ရေးတော့။ ဟိ။

  • ရွှေမိုးတိမ်

    October 30, 2013 at 11:15 am

    မနှင်းဖြူရေ … အင်္ဂလိပ်လိုရေးထားတဲ့ ဒီလောက်အရှည်ကြီးကို ခုလို ဘာသာပြန်နိုင်တာတင် တော်တော် တော်နေပါပြီ ။။။ချွေမိုးတိမ်ဆို ပြန်တတ်မှာဟုတ်ဖူးရယ်။ နောက်လည်း ဘာသာပြန်ဝတ္ထုလေးတွေ များများတင်နိုင်ပါစေနော် 🙂

    • ချီးကျူးရင် မုန့်ကျွေးရမယ်.. :mrgreen:
      များများရေးတင်ဖို့ အစီအစဉ်ရှိပါတယ်..
      မကြာမှီ လာမည် မျှော်ပေါ့နော်..
      ကိုယ်ကြိုက်တဲ့စာလေးတွေ သူများလဲဖတ်ရ
      ဘာသာပြန်တော့ မသိတဲ့စာလုံးလေးတွေလည်း ရှာဖြစ်သွား
      စာရေးသားပုံလေးတွေနဲ့လည်း ပိုပြီး ထိတွေ့မိ
      နောက် လက်ကွက်လည်း ကျင့်ပြီးသားဖြစ်
      အကျိုးအမြတ်တွေချည့်ပါပဲ ..

  • KZ

    October 30, 2013 at 11:21 am

    ဘလာဘိုပါဗျာ။
    တော်လိုက်တာ။
    စိတ်လဲ ရှည်ပါပေတယ်။

    🙂

  • Mr. MarGa

    October 30, 2013 at 2:52 pm

    တစ်ပုဒ်တော့ ပြီးပြီ
    နောက်တစ်ပုဒ် ပြန်ဖို့ အဆင်သင့် လုပ်ထားပြီလား
    ဒီတစ်ပုဒ်ကို မကြိုက်
    ဖြစ်ချင်သလို အဆုံးသတ်မပေးဘဲ စာဖတ်သူကို မချင့်မရဲ ဖြစ်အောင် လုပ်ထားတဲ့ပညာ
    အရမ်း ကောင်းတယ်။
    အဲဒီ အရေးအသားကို ထပ်ဆင့် ခံစားရအောင် ဘာသာပြန်ပေးတဲ့ ဘာသာပြန်ဆရာကလဲ
    အဓိက လှည့်ကွက်ကို ပိုင်ပိုင်နိုင်နိုင် ထုတ်ပြနိုင်တယ်။
    ဆိုတော့
    နောက်တစ်ပုဒ် ပြန်ဖို့သာ ပြင်ပေတော့နော

  • Ma Ma

    October 30, 2013 at 3:18 pm

    သဲထိတ်ရင်ဖိုဇာတ်ကား ကြည့်နေရသလိုပဲ။
    တထိတ်ထိတ်နဲ့ ဖတ်လာရတာ ဇာတ်သိမ်းမှာ ကလေးလေး သေသွားလို့ မိဘ၂ပါးရဲ့ ခံစားမှုပုံသဏ္ဍန်ကို ရေးပြထားတာ ကြက်သီးတောင် ထတယ်။ 🙁
    လာဘ်လာဘဟာ ပျော်ရွှင်ခြင်းတွေကို ဆောင်ကြဉ်းလာမယ်လို့ ထင်ရပေမယ့်
    မမျှော်လင့်တဲ့ ဝမ်းနည်းကြေကွဲခြင်းတွေနဲ့ ကြုံရတာ စာရေးသူပေးချင်တဲ့ မက်ဆေ့ချ်ပဲ ဖြစ်မယ်။

    ဒီတစ်ပုဒ်ပြီးပြီဆိုတော့ နောက်တစ်ပုဒ်မျှော်နေမယ်။ 🙂

  • နောက်တစ်ပုဒ်ဆက်ဖို့ကတော့ ကြာဦးမယ်ဗျို့ ..
    ပြည်တော်ဝင်တော့မယ့်ရက်က အတော်နီးနေပြီမို့
    အထုတ်အပိုးတွေနဲ့အလုပ်ရှုပ်တော်မူနေပြီ
    ပြည်တော်မှာပဲ အရိုးချတော့မှာမို့ နောင်များတော့
    ကော်နက်ရှင်လေးအခြေအနေကြည့်ပြီး ပို တင်ဖြစ်မယ်လို့တော့
    ထင်တာပါပဲ … :mrgreen:

  • alinsett

    October 30, 2013 at 4:48 pm

    ဘာသာပြန်ထားတာ ညက်ညောပြီး
    ဖတ်ရတာ အဆင်ပြေပါတယ် မနှင်းဖြူရေ

    အေးအေးဆေးဆေးကျရင်
    တထိုင်တည်းနဲ့ ဖတ်ချင်လို ့
    အစကနေအဆုံးထိ
    လိုက်သိမ်းလိုက်ဦးမယ်။

  • kyeemite

    October 31, 2013 at 2:30 pm

    ဒီဝတ္ထုကို စာရေးဆရာကြီး တစ်ယောက်ယောက်တော့
    ဘာသာပြန်ဖူးမယ်ထင်ရဲ့…များသောအားဖြင့်တော့
    ဂျွန်စတိန်းဘက်ဝတ္ထုတော်တော်များများ မောင်ထွန်းသူပြန်တာဖတ်ဖူးတယ်.. 🙁
    “ပုလဲ”ကိုတော့ အခု မနှင်းဖြူ မှန်မှန်ပြော ကျေးဇူးကြောင့်ဖတ်ရတာပေါ့
    စိတ်ရှည်ရှည်ဘာသာပြန်တာအတွက် ချီးကျူးပါတယ်ဗျာ… 🙂

    • ဟုတ်ပါတယ် ဦးကြီးမိုက်ရေ …….
      အစက ကျွန်တော်လဲ မသိပေမယ့် .. နောက်ကျတော့ ..ပုံစံတူ
      ဂြိုလ်မွှေတဲ့ပုလဲလို့ ထင်တာပဲ .. ဆရာကြီးရွှေဥဒေါင်း ပြန်ထားသလားပဲ …
      ဖတ်ဖူးသလိုဖြစ်နေတယ်…
      သိပ်တော့ မမှတ်မိတော့ဘူး .. ဇာတ်လမ်းဆုံးကာနီးမှ ယောင်တောင်တောင်ဖြစ်လာတယ်..
      :mrgreen:

Leave a Reply