တွေးမိတွေးရာ ဒီတစ်ပတ်မှာ(၂)…

kolumbusOctober 31, 20131min1151

ရပ်နားသွားပြီဖြစ်တဲ့သူရိယအလင်းဂျာနယ်နဲ့ အသစ်ထွက်လာတဲ့ သူရိယနေဝန်းဂျာနယ်တို့ဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်က သဘောထားထုတ်ပြန်လိုက်တယ်။

သူရိယနေဝန်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးမိုးဟိန်းက ဂျာနယ်လစ်ကွန်ရက်ရဲ့ သဘောထားကို အသိအမှတ်မပြုဘူးလို့ ဆိုတယ်။ သူ့အပြောက “အာဏာရှင်တွေနဲ့ ခရိုနီတွေရဲ့ ဩဇာကရော၊ ကျနော့်ကို ပြောတဲ့ ပုဂ္ဂိုလ်တွေကရော ကင်းလွတ်ရဲ့လား။ သူတို့ကို ကိုယ်စားပြုပြီး ကျနော့်ကို မေးနေတာလားဆိုတာ မေးမယ်။ သူရိယ အလင်းနဲ့ သူရိယနေဝန်းသည် ကမာ္ဘ့စာနယ်ဇင်း၊ အမေရိကန်တို့လို၊ အင်္ဂလန်တို့လို ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ရှိတဲ့ စာနယ်ဇင်း ကျင့်ဝတ်ကိုပဲ ကျနော်တို့ စံလုပ်ထားတယ်။ ကျနော်တို့ မြန်မာပြည်မှာလည်း ဒီမိုကရေစီ ရတဲ့ တနေ့မှာ မြန်မာပြည်ရဲ့ စာနယ်ဇင်းကျင့်ဝတ်သည် ကမာ္ဘ့စာနယ်ဇင်း ကျင့်ဝတ်နဲ့ တသားတည်း ဖြစ်စေရမယ်။ အဲဒီမတိုင်ခင် စပ်ကြားကာလမှာ ကျနော်တို့ကို သူတို့တိုင်းချင်တဲ့ ပေတံနဲ့ လာပြီးတိုင်းလို့ရှိရင်တော့ ကျနော်တို့ဘက်ကနေ ဒါကို အသိအမှတ်မပြုနိုင်ဘူးဗျ။”

ဒီသတင်းကို http://www.thithtoolwin.info/2013/10/blog-post_5601.html#.UnJdw0ow9zc မှာသွားဖတ်နိုင်ပါတယ်။

ဆွေးနွေးချင်တာက ဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှုး ဦးမြင့်ကျော်ရဲ့ အပြောကိုပါ။

“အမြင်သဘောထားတွေကို ရေးခွင့်ရှိပါတယ်။ ဒါပေမယ့် တချို့ဟာတွေက ပုဂ္ဂိုလ်ရေးတွေနဲ့ နိုင်ငံရေး တိုက်ခိုက်မှုလိုဟာမျိုးတွေ အဲဒါတွေက မီဒီယာထဲမှာ ဂျာနယ်လစ်ဇင် အသွင်မျိုးလို့ ထင်နေ၊ ယူဆနေကြတယ်။ ဒါက အခြားနိုင်ငံမှာ ရင့်ကျက်တဲ့ စာဖတ်သူတွေက ရွေးချယ်တတ်မယ်။ ဒါပေမယ့် မြန်မာနိုင်ငံလိုနေရာမျိုးမှာ ဘယ်က မှန်ကန်တဲ့ သတင်းအချက်အလက်လဲ၊ ဘယ်ဟာက အမြင်သဘောထားလဲ ဆိုတာမျိုးကို စာဖတ်သူက သိပ်မသဲကွဲတဲ့ အချိန်မျိုးမှာ ရောထွေးပြီးတော့ ဂျာနယ်လစ်ဇင်ကို အစိုးရရဲ့ ထိန်းချုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ ထင်မြင်မှုမျိုးတွေ အားကောင်းလာမှာကို စိုးရိမ်တာပါ။”

သူ့အပြောကို ထောက်ခံပါတယ်။ ကျနော်တို့ဆီမှာ စာတတ်ကြပေမယ့် အမှားအမှန်ကို ဝေဖန်နိုင်တဲ့အရည်အချင်းက စိုးရိမ်စရာကောင်းပါတယ်။ တစ်သက်လုံးသောက်လာတဲ့ ရေနွေးကြမ်းကို မနေ့တစ်နေ့ကမှ ဘယ်သူမှန်းမသိတဲ့ သူက ညသိပ်ရေနွေး အဆိပ်ထက်ပြင်း ဆိုပြီး ရေးလာတာကိုဖတ်ပြီး ရေနွေးကို သွန်တဲ့သူကသွန်၊ အဲဒါကို အမှန်ဆိုပြီးဖြန့်တဲ့သူကဖြန့်နဲ့ ဖြစ်ခဲ့သေးတယ်။ အဲဒါကို ဘယ်သူကရေးတာလည်း၊ ဘယ်လိုသက်သေပြထားလည်း၊ ဘာမှမစဉ်းစားပဲ ယုံနေကြတာ ကာလာမသုတ်ကို ဟောကြားခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ကို အားနာဖို့ကောင်းတယ်။ ဗုဒ္ဓဘာသာကလွဲလို့ ဘယ်ဘာသာမှ အဲဒီလို မဟောခဲ့ပါဘူး။ ထားပါလေ ဒါကတစ်ပိုင်းပါ…

လိုရင်းကိုပြန်ပြောရရင် ကျနော်တို့ဆီကလူတွေဟာ မရင့်ကျက်သေးတဲ့သူများလို့ စာဖတ်သူတွေကို လမ်းပြပေးရမယ့်တာဝန်ဟာ စာနယ်ဇင်းသမားတွေမှာ အပြည့်ရှိတယ်လို့မြင်ပါတယ်။ မမှန်တဲ့ သတင်းတစ်ခုကို တစ်ယောက်ယောက်က ရေးသားဖော်ပြနေတာမြင်ရင် အမှန်ကိုထောက်ပြပေးသင့်တယ်။

ကြာခဲ့ပါပြီ လျှက်တစ်ပြက်ဂျာနယ်မှာ အသစ်ဝယ်လာတဲ့ အဝတ်အစားကို မလျှော်ပဲဝတ်မိလို့ ရင်သားမှာလောက်တွယ်တာကို ဓါတ်ပုံနဲ့ဖော်ပြတာ တွေ့ကတည်း လျှက်တစ်ပြက်ဂျာနယ်ကို ဝယ်မဖတ်တော့တာ အခုထိပါပဲ။ ပိုက်ဆံပေးပြီး အလိမ်မခံချင်တော့ဘူးလေ။ ဖြစ်သင့်တာက ဒီလိုဒီလို သတင်းတွေထွက်နေပါတယ်၊ အဲဒါမဟုတ်ပါဘူး လိမ်ဆင်ပါဆိုပြီး ဖော်ပြသင့်တာ။

ကလေးတုန်းက သုတစွယ်စုံကိုလစဉ်ဝယ်ဖတ်ပြီး ယုံလာတာ ဆရာဦးအောင်သင်း ထောက်ပြတော့မှပဲ အလိမ်အညာတွေပါလားလို့ အမြင်မှန်ရသွားတာ၊ နို့မဟုတ်ရင် ဘယ်အရွယ်အထိဖတ်ဖြစ်နေမလဲမသိဘူး။ အဲဒီစာတွေအတွက် ပေးခဲ့ရတဲ့ အချိန်တွေ ငွေတွေကိုတော့ နှမြောတယ်။

ဗုဒ္ဓဂယာကောင်းကင်မှာပေါ်တဲ့ မြတ်စွာဘုရားပုံတော်ဆိုပြီးလိမ်တာ။ အင်းလေးဖောင်တော်ဦး ဆင်းတုတော်၅ဆူရဲ့ မူရင်းပုံတော်ဆိုပြီးလိမ်တာ။ သူရောင်သီးပုံဆိုပြီးလိမ်တာ။ ဘာပျောက်တယ် ညာပျောက်တယ်ဆိုပြီးရေးနေကြတဲ့ တစ်ချို့ဆေးနည်းတွေဟာ လွဲမှားနေတာတွေကို ဂျာနယ်တွေမှာ အဲဒါတွေဟာ မမှန်ပါဘူး၊ မဖြစ်နိုင်ပါဘူးဆိုပြီး အလိမ်အညာမိနေတဲ့ စာဖတ်သူတွေကို လမ်းညွှန်သင့်တယ်။ ကိုယ့်သားသမီး စာဖတ်နေတာမြင်ရင် စာအုပ်စာပေလူ့မိတ်ဆွေဆိုပြီး အားပေးရမလား၊ ပေါက်ကရလေးဆယ်တွေဖတ်နေမှာစိုးလို့ တားရမလားတောင်မသိဘူး။

US တို့ UK တို့မှာလည်း ဒီလိုအဝါရောင်ဂျာနယ်တွေအတော်များများရှိပါတယ်။ တစ်ချို့ဆိုတော်တော်ဆိုးတယ်။ အဲဒီဂျာနယ်တွေမှာ ဖော်ပြတာကို ယုံတဲ့သူကနည်းတယ်။ အပျင်းပြေဖတ်ကြတာ။ ဒီမှာက ယုံတဲ့သူကများတယ် ဆိုတော့၊ အမှားကို အမှန်ထင်တဲ့သူများရင် အမှားကအမှန်ဖြစ်လာမှာကိုစိုးရိမ်တယ်။

ကျနော်ကတော့ ကိုယ့်မိတ်ဆွေတွေကို တတ်နိုင်သလောက်ရှင်းပြပါတယ်။ အံ့ဩမိတာက လွယ်လွယ်လက်မခံကြတာကိုပါ။ ဘယ်သူမှန်းမသိတဲ့သူ ရေးတာကိုကြတော့ လွယ်လွယ်ယုံပြီး၊ ကိုယ့်ရဲ့မိတ်ဆွေက ရှင်းပြတာကိုတော့ လက်မခံတာကိုမြင်ရတော့၊ စာနယ်ဇင်းတွေမှာရှင်းပြပေးရင်ကောင်းမယ်လို့ထင်တယ်။ အဲဒါဆိုရင် လက်ခံလာကြမယ်။ မီဒီယာစွမ်းအားလေ…

ကျနော်တို့ရဲ့ ကလေးတွေကို စာကောင်းပေမွန်တွေဖတ်ဖို့ရွေးပေးဖို့လိုပါတယ်။ သူတို့လက်တစ်ကမ်းမှာ အမှိုက်တွေကများတယ်လေ။ ကလေးတွေရဲ့ ဦးဏှောက်ထဲကို အမှိုက်တွေထည့်ရင် နောင်တစ်ချိန်မှာ အမှိုက်တွေပဲပြန်ထွက်လာမယ်။ အမြဲတမ်း အနားကမခွာ စောင့်မကြည့်နိုင်တဲ့အတွက် စာကောင်းပေမွန်တွေများများထွက်ပါစေလို့ပဲ ဆုတောင်းတော့မယ်။

One comment

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 12:42 am

    စာကောင်းပေမွန်တွေ
    များများ ထွက်လာဖို့ လိုသလို …
    စာတွေ ဖတ်လာဖို့လည်း လိုသဗျ ….

Leave a Reply