“ လေလှန်သလို လှန်တဲ့ စုကြေးလေလံ “

 

“ လေလှန်သလို လှန်တဲ့ စုကြေးလေလံ  “

ပြီးခဲ့တဲ့ သုံးရက်လောက်က ကိုငယ်တို့အိမ်ဘက်ကိုရောက်တော့ ကြည့်ရတာတစ်ခုခုလိုနေသလိုခံစားရပါတယ်။

သေချာကြည့်မိတော့မှ ကိုငယ်တို့ အိမ်ဘေးကစတိုးဆိုင်ပိတ်ထားတာကိုတွေ့ရပါတယ်။

ဒီဆိုင်ကအရမ်းကို ရောင်းရတဲ့ စတိုးဆိုင်လေးထဲမှာ ပါ  ပါတယ်။

ကျနော်ကိုယ်တိုင်လဲ တစ်ခါတစ်ခါ အိမ်အသုံးအဆောင်ပစ္စည်းတွေလိုရင်

ဒီဆိုင်က ဘဲ ဝယ်သွားတတ်တာများပါတယ်။

ပစ္စည်းစုံတယ် ဈေးမှန်တယ်ဆိုတဲ့ အရည်အချင်းတွေနဲ့ပြည့်စုံတဲ့အပြင်

ဆက်ဆံရေးလဲကောင်းတယ် ဆိုတော့ ရောင်းကောင်းတာဘယ်ဆန်းမလဲနော်။

တစ်နေရာရာ သွားပြီး အလှူအတန်းတွေသွားများလုပ်ကြသလားလို့တွေးမိပါတယ်။

ဒါနဲ့ ဘဲ ကိုငယ်ကို မေးရတာပေါ့ “ဘယ်များသွားကြလဲ”လို့

“လေ အလှန်ခံလိုက်ရတာ”လို့ပြန်ဖြေတော့ ကျနော့် သူပြောတာကို နားမလည်ပါဘူး။

အဲတော့ “ဘာလဲ”လို့ထပ်မေးရတာပေါ့။

“ကိုပေါက် ခေတ်နောက်ကျသွားပြီ စုကြေး လေလံမလျော်နိုင်လို့ထွက်ပြေးရတာ”

လို့ ဆိုပါတယ်။

ကျနော်က ဒီစုကြေးလေလံကိစ္စနဲ့ပါတ်သက်ပြီး သိပ်နားမလည်ပါဘူး။

ကိုငယ်ကိုဘဲ ထပ်မေးရတော့တာပေါ့။

အဲတော့မှကိုငယ်က စိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။

***************************************************

ကျနော်အထင်တော့ ဒီ “စုကြေး” ဆိုပြီး လုပ်ကြတာ နှစ်တော့ အတော်ကြာပြီဗျ။

ငွေစုပြီး အလှည့်နဲ့သုံးကြတာကို စုကြေးလို့ခေါ်တာပါ။

ဒီစုကြေးဆိုတာကို  အရင်းနည်းတဲ့ခေါင်းရွက်ဗျပ်ထိုးဈေးသည်လေးတွေကနေ စလုပ်ကြ တယ်ထင်တာဘဲ။

ဒီဈေးသည်လေးတွေမှာ သိန်း ဂဏန်းဆိုတဲ့ ငွေချက်ခြင်းရဘို့မလွယ်ဘူးလေဗျာ။

မရှိလို့ချေးရင် တစ်ရာ လေးကျပ်တိုး။

နေ့ပြန်တိုးယူပြန်ရင်လဲ  တနင့်တပိုး။

အဲတော့ တစ်နေ့တစ်နေ့ ရောင်းကြေးထဲကနေ ပျောက်ပျောက်ပျက်ပျက်   စုတဲ့နည်းကိုသုံးကြတော့တာ။

သူတို့ လူဆယ်ယောက်စုမယ်ဗျာ။

တစ်ရက်ကို တစ်ထောင်။

ဆယ်ရက်စုရင် တစ်သိန်းရမယ်ဗျာ။

အဲဒီ တစ်သိန်းကို တစ်ယောက်တစ်လှည့်စီယူကြတာပါ။

အလှည့်ကတော့ ထုံးစံအတိုင်း မဲစံနစ်နဲ့ယူကြရတာပေါ့။

မဲအရင်ပေါက်တဲ့လူက ပိုက်ဆံအရင်ယူပြီးရင် ကျန်ငွေဆက်ထည့်ပေါ့။

ကိုယ့်အလှည့်မရောက်သေးတဲ့သူကလဲငွေထည့်ရင်းအလှည့်စောင့်ပေါ့။

သူတို့အထဲက တစ်ယောက်ကတော့ နေ့စဉ်ငွေကောက်တာ ပိုက်ဆံသိမ်းတာကို တာဝန်ယူရတာပေါ့။

အဲလို လုပ်ပေးတဲ့ “မာကာ” ကတော့  မဲနိုက်စရာမလိုဘူး သူက ဗွေဆော်ဦး ယူခွင့်ရပါတယ်။

ဒီလိုလုပ်တာကို သူတို့က “ စုကြေး” လို့ခေါ်တယ်လေ။

အစကတော့ ဒီစံနစ်လေးက ဟုတ်တုတ်တုတ်ဗျ။

ဈေးသည်ဆိုတော့ ရောင်းကြေးထဲက တစ်ရက်တစ်ထောင်လျော့သွားတာ သိပ်မသိသာဘူးလေ။

တိုတိုပြောရရင် ဒီစုကြေးစံနစ်လေး က ကျုပ်တို့ နိုင်ငံရဲ့ နေရာအတော်များများ မှာ ပျံ့သွားတယ်လို့ဆိုနိုင်တယ်ဗျာ။

အစကတော့ နေ့စဉ်ငွေမြင်နေရတဲ့ ဈေးသည်တွေဘဲ လုပ်ရာက နေ နောက်ပိုင်းမှာလခစားဝန်ထမ်းတွေ အရပ်ထဲကလူတွေပါ “စုကြေး” လုပ်ကြပါတော့တယ်။

ဒီလိုလူတွေကတော့ တစ်နိုင်တစ်ပိုင် နည်းနည်းပေါ့။

နောက် ဒီ “စုကြေး”လုပ်ငန်းကို ငွေအရင်းအနှီးကြီးတဲ့ လူတွေပါလုပ်ကြတော့တာပါဘဲ။

ဈေးထဲမှာ ညနေ ညနေဆိုရင် စာအုပ်အထပ်လိုက်ကြီးနဲ့ဆိုင်ပေါက်စေ့လိုက်ပြီး

စုကြေးကောက်ဘို့ဝန်ထမ်း တောင် ငှ ားထားကြပါတယ်။

အဲလောက်ထိကိုဒီစုကြေးလုပ်ငန်းက တွင်ကျယ်လာတာပါ။

စလုပ်စအချိန်ကတော့ စုကြေး ရမယ့်ရက်ကိုသတ်မှတ်တာကလဲ သူအစဉ်အလိုက်အတိုင်းပေါ့။

ကိုယ်ပေါက်တဲ့အလှည့်ကိုယ်ယူပေါ့။

နောက်ဘာဖြစ်လာသလဲဆိုတော့ ငွေအရမ်းလိုနေတဲ့သူက သူ့ ရမယ်အလှည့်က နောက်ပိုင်းရောက်ရင်

စောပြီးရမယ့်သူကို ငွေအပိုပေးပြီးယူတဲ့စံနစ်ဖြစ်လာပါတယ်။

ဥပမာ နံပါတ် သုံးကျတဲ့သူကို နံပါတ်10ကျတဲ့လူက တစ်သိန်းကို တစ်သောင်းအပိုပေးပြီးယူလိုက်ပါတယ်။

ကိုယ်ရမယ့်လ အနီးအဝေးကိုတွက်ပြီး ဘယ်လောက်ပေးရမယ်ဆိုတာ ညှိကြတာပေါ့။

အစကတော့ ဒီလို လုပ်ကြတာ နည်းပါတယ်။

နောက်ပိုင်းမှာ ဒီ စုကြေးလုပ်ငန်းက တကယ်ကြီးမားတဲ့ လုပ်ငန်းတစ်ခုလိုဖြစ်လာပါတယ်။

ငွေအရင်းနည်းသူခြင်းယိုင်းပင်းသလို စုရာကနေ ငွေကြေးသိန်းချီပြီး လည်ပတ်လုပ်ကိုင်နေသူတွေပါ

စုကြေးလုပ်လာကြတဲ့အခါ ထည့်ဝင်ငွေက လဲ တစထက်တစ ကြီးမားလို့လာပါတယ်။

အဲဒီမှာ အရင်လို တစ်ယောက်နဲ့တစ်ယောက်ညှိနို်င်းပြီးပေးရာကနေ ငွေစောစောလိုချင်သူက

လေလံဆွဲရပါတော့တယ်။

စုကြေးဖွင့်တဲ့နေ့မဲနိူက်လိုက်ကြတဲ့အခါ လောလောဆယ် ရဘို့အလှည့်ကျသူက

ကြမ်းခင်းဈေးပေးပြီးခေါ်လိုက်ပါတယ်။

အဲဒါကို လိုချင်သူတွေက သူ့ထက်ငါ အပြိုင်အဆိုင်လေလံဆွဲကြပါတော့တယ်။

အရင်းကြီးတော့လေလံကြေးကလဲ မြင့်သထက်မြင့်လာပါတယ်။

အဲဒီအထိတော့အိုကေပါဘဲ။

အတော်များများက အရောင်းအဝယ်အလုပ်အကိုင်မကောင်းတာကိုအကြောင်းပြ

ပြီး စုကြေးကိုဘဲအားကိုးပြီးလုပ်ကြတဲ့ အဆင့်ကိုရောက်လာပါတယ်။

စုကြေးရလာပြန်တော့လဲ အလုပ်အကိုင်ထဲမထည့်ဘဲ သုံးချင်ရာသုံးလုပ်ချင်ရာလုပ်

ကြပြန်ပါတယ်။

ကိုယ်ရစရာ ရှိလို့သွားတောင်းလိုက်ရင် “နောက်တစ်ပါတ်စုကြေးပေါက်ရင်ပေးမယ်”

ဆိုတဲ့အသံလေးတွေကမြိုင်လာပါတယ်။

လက်ထဲငွေမရောက်ခင် အရင်ကြိုသုံးထားကြတာကိုးဗျ။

နောက်အဆိုးဆုံးဖြစ်လာတာကတော့ အရင်ပေါက်တဲ့လူက ငွေဆက်မထည့်တော့ဘဲ

ထွက်ပြေးတာတွေဖြစ်လာတာပါဘဲ။

အဲလိုမဖြစ်လဲ မာကာ နေရာမှာထားတဲ့ခေါင်သူကြီးက ထွက်ပြေးတာမျိုးလဲရှိပါတယ်။

‘ဒီလို စုကြေး ပေါက်ပြီးတဲ့လူကထွက်ပြေးတော့ အဲဒီအထဲ ပါသူအားလုံးဒုက္ခရောက်ကြတော့

တာပေါ့ ။

အခုဟိုဘက်ဆိုင်ကလဲ အဲလိုဖြစ်တာ။

သူတို့က မာကာလုပ်တာလေ။

သူတို့လုပ်ထဲစုကြေးကသိန်းရာကြီးဂဏန်းတွေကိုကိုင်တာ။

သူက စုကြေးကို တစ်ခုထဲမဟုတ်ဘဲ သုံးခုလောက်လိုက်ထားတာ။

ပိုဆိုးတာက သူက မာကာဆိုတော့ သူရတဲ့ ငွေကိုလည်း လေလံချပြီးသူများကိုပေးပြီးသား။

အဲဒီလေလံကိုလဲ ကြေးအများဆုံးပေးတဲ့ တစ်ယောက်ထဲကိုဘဲရောင်းလိုက်တာ။

အခုအဲဒီလူကပြေးပြီလေ။

အဲလောက်အများကြီးကို စိုက်လျော်စရာ ပိုက်ဆံလဲ သူ့မှာမရှိတော့ဘူး။

ဒီတော့သူတို့လဲ ပြဿနာ မအေးမချင်းရှောင်နေရာတော့မှာဘဲ။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ကိုငယ်က တစ်ဆက်ထဲပြောရတာ မောသွားတယ်ထင်တယ် ရေနွေးကြမ်းကိုမူတ်သောက်နေပါတယ်။

ကျနော်ကတော့ ပြဿနာတစ်ခုရယ်လို့ ဖြစ်လာရင် ပြီးပြီးရောသဘောထားပြီး

အလွယ်လုပ်ကြတဲ့ “ဆေးမြီးတို အကျင့် “ လေးတွေကိုတွေးနေပါတယ်။

ခက်တာက ဒီ “ဆေးမြီးတို အကျင့် “ကိုအရိုးစွဲနေတာက ကျနော်တို့လိုသာမန်အရပ်သူအရပ်သားတင်မကဘဲ တစ်တိုင်းတစ်ပြည်လုံး

ဖြစ်နေတော့ရှေ့ရေးကိုတွေး တွေးပြီး ရင်လေးမိပါတယ်။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

4-11-2013

 

 

 

 

 

 

 

15 comments

  • MAUNG

    November 4, 2013 at 10:48 am

    အေးဗျာ …တစ်ကယ် ကို ရင်မော စရာပါ

  • alinsett

    November 4, 2013 at 11:16 am

    စု ဖူးပါတယ်

    မောတယ်

    အခုနောက်ပိုင်းတော့
    ကိုယ့်အိတ်ထဲပဲ ကိုယ့်တစ်ယောက်ထဲ စုတော့တယ်
    ရှင်းတယ်

    :kwi:

  • kyeemite

    November 4, 2013 at 1:47 pm

    ဟုတ်တယ်ကိုပေါက်ရေ..စက်ရုံကအလုပ်သမားတွေထဲလည်း
    အဲဒီ စုကြေးကိစ္စ ကခေတ်စားနေတုန်းဗျ…ပြသနာတွေလည်းမကြာခဏတွေ့နေရတုန်း.. :kwi:
    ကျနော်တော့ဝါသနာမပါဘူးဗျာ..

  • TNA

    November 4, 2013 at 9:11 pm

    ဟိုတခါလဲရွှေဆိုင်တွေအုပ်စုအဲလိုပြေးသွားတာကြားဖူးလိုက်တယ်။ သိန်းကိုငါးထောင်လား ခြောက်ထောင် လားမသိဘူးပါသွားလို့ ရဲစခန်းတွေဘာတွေထိတိုင်တာကြားဖူးလိုက်တယ်။ ဆိုးပါပေ့လေးပေါက်ရေ

  • Ma Ma

    November 5, 2013 at 6:21 pm

    ပြောရမယ်ဆိုရင်တော့ လူတွေ ကတိမတည်တော့တာ။

    စုကြေးကိစ္စမှ မဟုတ်ဘူး။

    လုပ်ရင်း စားရင်းနဲ့ မလျှော်နိုင်ရင် ထွက်ပြေးတယ်ဆိုတာ စီးပွားရေးလောကမှာ မဆန်းတော့တဲ့ လုပ်ရပ်ဖြစ်နေပြီ။

    ရဖို့ရှိတဲ့လူက ထွက်ပြေးတဲ့လူကို (တရားဥပဒေအရေ) ဘာမှလုပ်နိုင်တာ မဟုတ်တော့ လူတွေလည်း ကတိမတည်ကြတော့ဘူး။

    ကိုယ့်ကိစ္စကို ကိုယ်တာဝန်ခံရှင်းဖို့ထက် အလွယ်တကူထွက်ပြေးတာပဲ လုပ်တော့တယ်။

    မျိုးရိုးစဉ်ဆက် နာမည်ကောင်းတစ်လုံးကို ထိန်းသိမ်းရမယ်ဆိုတာတွေ ပျောက်ပျက်ကုန်ကြပြီ။

    ဟိုးးးတုန်းက လူကြီးသူမတွေ လူငယ်တွေကို လူကောင်းသူကောင်းဖြစ်အောင် ပြောဆိုဆုံးမတာတွေ၊
    နာမည်ကောင်းတစ်လုံးကို မျိ ုးရိုးစဉ်ဆက် ထိန်းသိမ်းဖို့ လက်ဆင့်ကမ်းတာတွေကို သတိရရင်းးးး

    သူတို့ရဲ့ နောက်မျိ ုးဆက်တွေကို ဘယ်လိုဆုံးမပြီး ဘာတွေများ အမွေပေးခဲ့မလဲ မသိဘူး။ 🙁

    • အခုခေတ်ကတော့ မျုးိရိုးဂုဏ် သိပ်မထားကြတော့
      ဘာဖြစ်လာလာ ငွေပါရင် လူရာဝင်သောခေတ်ဖြစ်သွားတယ်လေ

  • padonmar

    November 5, 2013 at 11:50 pm

    အဲသလိုပြေးတဲ့သူတွေကို ထိထိရောက်ရောက် အရေးမယူတာကြောင့် နောက်လူတွေလည်း စိတ်မခိုင်တော့ပဲ မနိုင်ရင် ပြေးမယ်ဆိုတာချည်းဖြစ်နေတော့တာပေါ့။

  • Foreign Resident

    November 6, 2013 at 7:51 am

    ဘဏ် စံနစ် ကောင်းကောင်း ပေါ်လာရင်တော့ ၊
    အဲဒီ စုကြေး စံနစ် ပျောက်သွားမှာပါ ။

Leave a Reply