အင်တာနက်ရွာထဲက ပျော်စရာကောင်းသော အိမ်ကလေးတလုံး

Good IdeaAugust 5, 20101min1438

တနေ့ ကျနော် အင်တာနက်ရွာထဲ လျှောက်လည်တုန်း အိမ်ကလေးတလုံးဆီကို ရောက်သွားတယ်။ ရွာထဲမှာဆိုရင် ဒီအိမ်လေးက အတော်အသင့်ကို ခိုင်ခန့်သပ်ရပ်တယ်လို့  ပြောလို့ရတယ်။ ဒါနဲ့ အိမ်ထဲဝင်လိုက်တဲ့အခါ ကျနော့်အရင် ရောက်နေတဲ့ အိမ်သားတွေဟာ အကြောင်းအရာပေါင်းစုံကို  အသီးသီးဝေမျှ ပြောဆိုနေကြတာ တွေ့လိုက်ရတယ်။ အချစ်အကြောင်း၊ မော်ဒယ်အကြောင်း၊ အားကစား၊ ဘာသာရေး၊ ဗေဒင်၊ နိုင်ငံရေး၊ ဂီတ၊ သတင်း စသဖြင့် သူတို့ပြောကြတဲ့ အကြောင်းအရာတွေဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတယ်။

ခုမှ ရောက်ခါစဆိုတော့ သူတို့ပြောတာ အတန်ငယ် နားထောင်ကြည့်ပြီးတဲ့အခါ ကျနော်လည်း သူတို့လို ပြောချင်လာတယ်။  ဒါနဲ့ အိမ်ထိန်းကြီးကို မေးလိုက်တယ်။

“ကျနော်ရော အိမ်သားဖြစ်လို့ရသလား ခင်ဗျ”

အိမ်ထိန်းကြီးက ဝမ်းသာအားရပြန်ဖြေတယ်။

“ရတာပေါ့ကွာ။ ဒီအိမ်ဟာ မင်းရဲ့ အိမ်ပဲ။ မင်းတို့လိုလူတွေအတွက် ငါတို့ကြိုးစား ပြင်ဆင်ထားတာကွ”

“ကောင်းပြီ။ ဒါဆိုမေးမယ်။ ကျနော်က ဒီအိမ်သားဖြစ်ရင် ဘာအခွင့်အရေးတွေ ရမလဲ”

“မင်းအတွက် ကိုယ်ပိုင် အခန်းတခန်းရမယ်။ ဒီအိမ်မှာ မင်းပြောလိုတာကို ပြောလို့ ဆွေးနွေး တင်ပြလို့ရတယ်။ အဲဒီအတွက် ထိုက်တန်တဲ့ အကျိုးခံစားခွင့် မင်းရစေ့မယ်”

“အိုကေ။ ကြိုက်သွားပြီ”

ဒီလိုနဲ့ ကျနော် အိမ်သားတယောက် ဖြစ်ခဲ့တယ်။ ကျနော် ပြောလိုတာတွေကို အိမ်ထဲမှာ တင်ပြတယ်။ ဆွေးနွေးတယ်။ အိမ်သားတွေကလည်း အကြံဉာဏ်တွေပေးကြ၊ ထင်မြင်ချက်တွေ သဘောထားတွေ ပြောကြနဲ့ အိမ်ကလေးက တိတ်ဆိတ်နေတယ်ဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ဆူညံနေတာလည်း မဟုတ်ပြန်ဘူး။ ဘာကြောင့် ဆူညံသံ မဟုတ်သလဲ။ အိမ်သားတွေထဲမှာ မတူတဲ့ သဘောထားတွေရှိပေမယ့် နားလည်မှုရှိစွာနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ကြတော့ အပြင်းအထန် ညင်းကြ ခုန်ကြတာမျိုး မရှိတော့  ဆူညံသံမရှိဘဲ သာယာစိုပြေနေတာပေါ့ဗျာ။

အိမ်ကလေးထဲမှာ နေတာကြာလာတာနဲ့အမျှ ကျနော် ပျော်လာတယ်။ ပျော်ရတဲ့ အကြောင်းအရင်းက အိမ်ထိန်းကြီးတွေဟာ သဘောကောင်းသလို၊ သဘောထားလည်း ပြည့်ဝကြတယ်။ အမြော်အမြင်လည်း ရှိသလို အိမ်သားတွေအပေါ် စေတနာလည်း ထားလေတော့ အိမ်ထဲဝင်တာနဲ့ ပူပန်သောကတွေ အေးချမ်းသွားတယ်။ နောက်တခုက လွတ်လပ်မှုရဲ့ အရသာ။ ဒီအရသာက ဒီအိမ်ကလေးနဲ့ တခြားအိမ်တွေ မတူတဲ့ အဓိက အကြောင်းအရင်း ဖြစ်သလို ကျနော်ဒီမှာ ပျော်ရတဲ့ ဒုတိယ အကြောင်းအရင်းလည်း ဖြစ်တယ်။

ပြီးခဲ့တဲ့လက အခုလိုပဲ ပြည်တွင်း ပြည်ပမိတ်ဆွေတွေ ဝင်ထွက်သွားလာနိုင်တဲ့ အိမ်တလုံးမှာ အိမ်သားအဖြစ် ဝင်ခဲ့တယ်။ အိမ်သားဖြစ်ပြီးကာမှ အိမ်ထဲမှာ ကပ်ထားတဲ့ စည်းကမ်းချက်တွေ တပုံတပင်ကြီး တွေ့လိုက်ရတယ်။ ဘာမလုပ်ရ၊ ညာမလုပ်ရ။ နိုင်ငံရေးမပြောရ၊ ဘာသာရေး မငြင်းခုန်ရ။ စာရေးမယ်ဆို စာလုံးရေ ဘယ်နှစ်လုံးထက် ပိုမရေးက။ အိမ်ထိန်းက မကြိုက်ရင် အကြောင်းပြချက်မရှိ ဖြုတ်မယ်။ အိမ်သားအဖြစ်က ထုတ်မယ် စတဲ့ စည်းကမ်းချက်တွေ တွေ့တော့ ကျနော် မပျော်တော့ဘူး။ အိမ်ထိန်းတွေဟာ အာဏာပါဝါ သိပ်ပြနေတယ်လို့ ထင်မိတယ်။ လူချင်း အတူတူ ကိုယ်က သူ့ရဲ့အုပ်ချုပ်မှု၊ ထိန်းချုပ်မှု၊ ကြီးကြပ်မှု (Control) အောက်မှာ နေနေရတော့ မွန်းကြပ်သလို၊ အသက်ရှူမဝသလို ခံစားရတယ်။ အဲဒီ အိမ်ထဲကိုလည်း နောက်တခေါက် ထပ်ပြီး မဝင်ချင်တော့ဘူး ဖြစ်သွားတယ်။

ဒီအိမ်ကလေးကတော့ အဲလိုမဟုတ်ဘူးဗျ။ စည်းကမ်းချက်တွေ ချမှတ်ထားတယ်။ သို့သော် မပြင်းထန်ဘူး။ မတင်းကြပ်ဘူး။ အိမ်ထိ်န်းတွေကလည်း အာဏာပါဝါ မပြဘူး။ အိမ်သားတွေကို မိသားစုဝင်လို သဘောထားတယ်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့တယ်။ ဆက်ဆံရေး ပြေပြစ်တယ်။ မှားခဲ့ရင်လည်း ခွင့်လွှတ်ပေးတယ်။ တနည်းအားဖြင့် လူကြီး လူကောင်းဆန်တယ်။ ဧည့်ဝတ်လည်း ကျေကြပါတယ်။

အိမ်သားတွေဟာ အိမ်ကလေးထဲကို မျှော်လင့်ချက်မဲ့စွာနဲ့ ညှိုးရော်စွာနဲ့ ချည့်နဲ့ မောပန်းစွာနဲ့ ဝင်လာကြတာကို မတွေ့ရဘူး။ အိမ်ထဲကို ဝင်လာကြတဲ့ အိမ်သားတွေရဲ့ မျက်ဝန်းမှာ မျှော်လင့်ချက်ကိုယ်စီ၊ စိတ်မှာ ရည်မှန်းချက်ကိုယ်စီနဲ့ အမူအရာတွေဟာ လန်းဆန်းတက်ကြွ နေကြတယ်။

ဟာသပြောတတ်သူ တချို့က ဟာသတွေ ပြောတယ်။ ကျနော် နားထောင်ပြီး ရီတယ်။ ထူးဆန်းထွေလာ ပြောတတ်သူတွေကလည်း ပြောတယ်။ ရင်သပ်ရှုမော နားထောင်ဖြစ်တယ်။ ထူးဆန်းထွေလာ ရိုးသွားတဲ့အခါ ဗေဒင်လိုက်တွက်ကြည့်တယ်။ အဲဒါ ပျင်းသွားတော့ မော်ဒယ်တွေကို လိုက်ငေးတယ်။ (လိုက်ငမ်းတာ မဟုတ်ဘူးနော်။ စာလုံးပေါင်း မှားမယ် စိုးလို့ သတိပေးတာ) စသဖြင့်ပေါ့ ဒီအိမ်လေးထဲမှာ တမျိုးပြီးတမျိုး မရိုးနိုင်အောင် လေ့လာနိုင်တယ်။ သင်ယူနိုင်တယ်။ အဲဒီအတွက် အကန့်အသတ်မရှိဘူး။ အတားအဆီး မရှိဘူး။ အဲတော့ ဒီအိမ်ကလေးဟာ လွပ်လပ်တဲ့ အိမ်ကလေး ဖြစ်နေတာပေါ့။

တခြားအိမ်များနဲ့ လုံးဝကို ကွဲပြားခြားနားနေတဲ့ ဒီအိမ်ကလေးရဲ့ ထူးခြားချက်တခုကတော့ နိုင်ငံရေးအကြောင်း ပြောဆိုဖို့ ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပမိတ်ဆွေများ ဝင်ထွက်သွားလာနိုင်တဲ့ တခြားဘယ်အိမ်မှာမဆို နိုင်ငံရေးကို ပြင်းထန်တဲ့ နောက်ဆုံးပေါ် ဗိုင်းရပ်စ်တမျိုးလိုပဲ သိပ်ကိုထိတ်လန့် ကြောက်ရွံ့ကြပါတယ်။ မြန်မာပြည်ထဲက စုန်းထီးကြီးတွေဟာ အင်တာနက်ရွာထဲက အိမ်တွေမှာ နိုင်ငံရေးအကြောင်း ပြောဆို ဆွေးနွေးလာခဲ့ရင် အဲဒီအိမ်ကို ပြည်တွင်းက မိတ်ဆွေတွေ မလာနိုင်အောင် သူတို့ပညာနဲ့ တံခါးတွေ ပိတ်ဆို့ပစ်တတ်ကြတော့ သူတို့ ကြောက်မယ် ထိတ်လန့်မယ်ဆိုရင်လည်း ထိတ်လန့်လောက်စရာပါပဲ။

ဒီနှစ် မတ်လထဲမှာ ထင်ပါတယ်။ အဲဒီလို ခွင့်မပြုတဲ့ အိမ်တလုံးက ဖိတ်ခေါ်လို့ ကျနော် အိမ်သားလုပ်ခဲ့တယ်။ နိုင်ငံရေး ခွင့်မပြုမှန်းလည်း ကျနော် မသိပါဘူး။ အဲတော့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ စကားတွေ ပြောဖြစ်ခဲ့တယ်။ အဲဒီအခါကျမှ အိမ်ထိန်းတွေက ကမန်းကတန်းပဲ ဒီအိမ်သားပြောတဲ့ စကားတွေအပေါ် အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါတယ်ဆိုပြီး စာထုတ်လာတယ်။ နောက်တရက်မှာပဲ ကျနော့်ကို အသင်းဝင်အဖြစ်ကနေ အကြောင်းပြချက်မရှိ ထုတ်ပယ်ခဲ့ပါတော့တယ်။

ဒါပေမယ့် ဒီအိမ်ကလေးကတော့ အဲလိုမဟုတ်ပါဘူး။ နိုင်ငံရေးဗိုင်းရပ်စ်ကြောင့် ပြည်တွင်းမှာ ပိတ်ဆို့ခံရမယ်ဆိုတာ သိထားပေမယ့် လွပ်လပ်မှုကို တန်ဖိုးထားတဲ့အနေနဲ့ ခွင့်ပြုပေးထားပါတယ်။ ဒီအကြောင်းအရာမှလွဲ၍ ကျန်တာ ပြောခွင့်ရှိသည်လို့ သူတို့ စည်းကမ်းထုတ်ရင်လည်း ရနိုင်တာပဲနော့်။ ဒါပေမယ့် သူတို့ မလုပ်ပါဘူး။

အဲဒီတော့ ကျနော်တို့ အိမ်သားတွေအနေနဲ့ အလိုက်တသိ ဖြစ်သင့်တာကတော့ အိမ်ကလေးရဲ့ စည်းကမ်းတွေကို အလိုက်တသိ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် တိတိကျကျ လိုက်နာသင့်သလို၊ ပြည်တွင်း မိတ်ဆွေများရဲ့ တံခါးမကြီးတွေ ပိတ်ဆို့သွားနိုင်တဲ့ နိုင်ငံရေးကဏ္ဍကို သတိကြီးစွာထားပြီး ကိုင်တွယ်ပြောကြားကြဖို့ လိုအပ်လိမ့်မယ် ထင်မိပါတယ်။

နိုင်ငံရေး ကိစ္စရပ်များကို ပြောရာမှာ စည်းကမ်းရှိစွာ ယဉ်ကျေးစွာနဲ့ အများလက်ခံနိုင်အောင် ဓမ္မဓိဌာန်ကျကျ ပြောဆိုကြမယ်ဆိုရင် အိမ်ထိန်းကြီးတွေရဲ့ စေတနာကိုလည်း တန်ဖိုးထားရာကျပါလိမ့်မယ်။ မြန်မာပြည်တွင်းက မိတ်ဆွေတွေလာဖို့ တံခါးတွေလည်း အမြဲပွင့်နေပါလိမ့်မယ်။ ဒါဆိုရင် အိမ်ကလေးရဲ့ စိတ်ကူးဟာလည်း ရာနှုန်းပြည့် အောင်မြင်နေပါလိမ့်မယ်။

ကဲ … ကျနော့်စာလည်း ရှည်သွားပြီ။ မိတ်ဆွေလည်း စာတပုဒ်လုံး ဖတ်ပြီးသွားပြီဆိုတော့ အင်တာနက်ရွာထဲက ပျော်စရာကောင်းသော အိမ်ကလေးတလုံးဟာ “Mandalay Gazette” ကို ရည်ညွှန်းတယ်ဆိုတာ ကျနော် ပြောပြဖို့ မလိုလောက်တော့ဘူး ထင်မိပါတယ်။

8 comments

  • wunnakoko

    August 5, 2010 at 9:47 am

    ကောင်းပါတယ်ဗျာ။ အိမ်လေးတစ်လုံးနဲ့ တင်ပြသွားတာ။ နေရာတိုင်းမှာ စည်းကမ်းဆိုတာတော့ ရှိရမှာပေါ့နော်။ အိမ်မှာလည်း အိမ်စည်းကမ်းလေးပေါ့။ ဒါပေမဲ့ နေရာတကာ ချုပ်ချယ်တာတော့ မကြိုက်ဘူးဗျ။ လွတ်လပ်တဲ့ စည်းကမ်းပေါ့ဗျာ။ ကိုယ့်အသိနဲ့ ကိုယ် ထိန်းနိုင်တဲ့ စည်းကမ်းပေါ့။ ထိန်းနိုင်ကြမှာပါ။ အိမ်သားတွေမှာ ရှိကြပါတယ်။

  • etone

    August 6, 2010 at 8:45 am

    Admin ရေ ဒီ ပို့စ်ရေးလို့ သူ့ကို ဘယ်နှစ်မှတ်ပေးလိုက်သလဲ ။ 😀

  • Yin Nyine Nway

    August 6, 2010 at 9:26 am

    ဟုတ်တယ် တော်တယ်နော်

  • aungnng87

    September 24, 2011 at 2:28 pm

    good idea ဘဲ။

  • manawphyulay

    September 24, 2011 at 3:38 pm

    နာမည်ကိုက good idea ပါဆိုမှ ထပ်ပြောဖို့လိုသေးလား…. အိမ်လေးနဲ့ ဝန်းကျင်လေးက ပျော်ရွှင်မှုတွေ အမြဲပေးစွမ်းဖို့ကို အိမ်သားအဟောင်းတွေနဲ့ အိမ်သားအသစ်တွေမှာ တာဝန်ရှိပါတယ်။ တစ်နေ့တာရဲ့အမောတွေကို အိမ်လေးတွေမှာ အချင်းချင်းဖလှယ်ကြ မျှဝေကြ အတူတူခံစားကြတဲ့အခါ အိမ်သားတွေ တစ်ယောက်တစ်နေရာစီရှိနေကြလည်း အိမ်လေးထဲမှာ အတူတူရှိနေသလိုပဲ ခံစားမိပါတယ်။

  • MOEPWINTPHYU

    September 24, 2011 at 3:50 pm

    အိမ်ကလေးထဲမှာပျော်တယ်
    အရင်ကတည်ကစာဖတ်ရတာဝါသနာပါလို
    ဒီအိမ်လေးကို စာအများဆုံးဖတ်ဖြစ်တယ်
    တခြားဆီဆိုရင်သိပ်ဝင်မကြည်ဖြစ်ဘူး
    ဒီထဲကိုအရောက်ဖြစ်ဆုံးပဲ..

  • ကိုကျော်ကျော်

    September 24, 2011 at 5:55 pm

    ဟီးဟီး အမြဲ ပိတ်ခံရတဲ့ ဟာသရွှင်ဆေး တိုက်ကျွေးနေတဲ့ အုပ်စုတစ်ခုလဲရှိသဗျ.
    ကိုကို မမ များ ပျင်းတဲ့အခါ မျိုး ကြုံလာ တိုက်ဆိုင်လာခဲ့ရင် ဝင်ပီး ဆူပေးကြပါ ။
    သူကြီးကို ခဏခဏ အလုပ်ပေးနေတဲ့ Group တစ်ခုပါ၊

  • ဆူး

    September 24, 2011 at 6:51 pm

    စိတ်ကူးစိတ်သန်းကောင်းတွေနဲ့ ချရေးလိုက်တော့လည်း ကောင်းပါတယ်။
    အိမ်ဆိုတော့ လူဘယ် သိပ်ဆန့်မလဲနော်…
    ဒို့က ရွာထဲမှာ သဂျီးပေးထားတဲ့ ခြံတကွက်ရှိတယ်။ နောက်မှ အသီးအနှံတွေ စိုက်ထားတာ လာရောင်းအုန်းမယ်။

Leave a Reply