ခ လေး ဘာ တွေ လုပ် မိ ပါ လိမ့်

ခ လေးလဲ ပြော ပြ ချင် ပါ တယ် :mrgreen:



ပြောပြချင်ပါတယ် (၁၇)

(၁)

အရင်ရေးဖူးပါတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း (Mismanagement) နဲ့ အဂတိတရား လိုက်စားမှု (Corruption) ကို မရှင်းထုတ်နိုင်ရင်၊ လျော့ကျအောင် မလုပ်နိုင်ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းမှာ မဟုတ်ဘူး။ အပြောင်းအလဲ ဖြစ်ပေါ်မှာ မဟုတ်ဘူး ဆိုတာပါ။ အခုအစိုးရသက်တမ်း နှစ်နှစ်ပဲ ကျန်ပါတော့တယ်။ ဒီနှစ်ခုလုံးက ပိုဆိုးလာပါတယ်။ Corruption နဲ့ Mismanagement ရဲ့ ထွက်ကုန်ပစ္စည်းဖြစ်တဲ့ ခရိုနီစီးပွားရေး စနစ်က တိုင်းပြည်ရဲ့ အပြောင်းအလဲ အားလုံးကို အနှောင့်အယှက် ပြုနေပါတယ်။ အရင်ခရိုနီစနစ်က လာဘ်စားမှု၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို အလွဲသုံးစား ပြုမှုတွေမှာ လက်သံပြောင်ပြီး ပြည်သူတွေက အရိုးပဲ ကိုက်နေရပါတယ်။ အခု ဒီအစိုးရ လက်ထက်မှာ ခရိုနီစနစ်က ပညာသား ပါပါတယ်။ သယံဇာတလောက် တူးစားတာ မဟုတ်တော့ဘူး။ နိုင်ငံတကာ အဆက်အသွယ်၊ ပညာရှင်တွေရဲ့ အထောက်အပံ့၊ မီဒီယာတွေကို ဝင်ရောက် ထိုးဖောက် လွှမ်းမိုးမှု၊ မူးယစ်ဆေးဝါးက ရရှိငွေ၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ အတိုက်အခံ အားလုံးကို ချိတ်ဆက်မှု အစစအားကောင်းပြီး ပြည်သူတွေရဲ့ ရိုးတွင်းချဉ်ဆီပါ မကျန်အောင် အမြစ်ဖြုတ်နေတာပါ။ ဆိုလိုတာက ပြည်သူတွေရဲ့ နေရေးထိုင်ရေး၊ အိမ်ရာအဆောက်အအုံ၊ နေ့စဉ်လိုအပ်ချက်၊ ရေ၊ မီး၊ အစစအရာရာကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ကို အခုအစိုးရ လက်ထက်မှာ ပိုရလာကြပါတယ်။ တိုင်းပြည်ဟာ နောက်ပြန်သွားဖို့ လူထုကို ဆက်လက်ကျွန်ပြုဖို့ ဒီခရိုနီစနစ် ဆိုးကြီးက ကြံစည်နေပါတယ်။

(၂)

အခုလျှပ်စစ်မီတာခ တိုးတဲ့အကြောင်းမှာ အစိုးရအနေနဲ့ လုပ်သင့်၊ လုပ်ထိုက်တဲ့ အချိန်ကာလ မဟုတ်ဘူး။ လုပ်သင့်၊ လုပ်ထိုက်တဲ့နှုန်း မဟုတ်ပါဘူး။ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးအောင်ခိုင်ရဲ့ ဒီဓာတ်အားခ တိုးမြှင့်မှုဟာ လုပ်ငန်းရှင် ၄၀၀ဝ လောက်ပဲ ထိခိုက်တယ်ဆိုတဲ့ စကားက အစိုးရရဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှု အရည်အသွေး အားနည်းမှု Mismanagement ကို ရည်ညွှန်းနေပါတယ်။ စွမ်းအင်နဲ့ ပတ်သက်တဲ့ လောင်စာဆီပဲဖြစ်ဖြစ်၊ လျှပ်စစ်ခပဲဖြစ်ဖြစ် ဈေးတက်တာဟာ ကုန်ဈေးနှုန်းကို သွားသက်ရောက်တယ် ဆိုတာ သာမန်ကျောင်းသား လေးတွေတောင် သိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒေါ်လာဈေးကို ၈၅ဝ ကနေ ၁၀၀ဝ ထိ ဆွဲတင်ထားတာ မကြာသေးဘူး။ အိမ်ဈေး၊ မြေဈေး၊ အိမ်ငှားခတွေ ရာခိုင်နှုန်း ၅ဝ ကနေ ရာခိုင်နှုန်း ၁၀ဝ အထိ တက်နေတယ်။ အလုပ်လက်မဲ့တွေ၊ အလုပ်သမား၊ လယ်သမား ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ လျှပ်စစ်မီတာခကို နှစ်ဆအထိ တိုးမြှင့်လိုက်တာဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းရှင် ၄၀၀ဝ ပဲ ထိခိုက်တယ် ဆိုတာဟာ သူ့စကားကိုသူ တာဝန်ယူသင့်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ တာဝန်ယူမှု ဆိုတာကို သိကြမှာပါ။

လျှပ်စစ်မီတာခတွေ မြှင့်တာဟာ ဘာလို့ အလောတကြီး ဖြစ်ရတာလဲ။ နောက်နှစ် ဘတ်ဂျက်နှစ်ကျမှ လုပ်လို့မရဘူးလား။ အစိုးရရဲ့ လိုငွေပြနေလို့လား။ ဒီအတွက် ပြည်သူဆီကို ပုံချတယ် ဆိုတာဟာ လုပ်သင့်သလား။ နောက်ပြီး အရှုံးပေါ်တယ်ဆိုတဲ့ ကျပ် ၁၈၅ ဘီလျံ ဆိုတဲ့ငွေဟာ ခရိုနီသူဌေးတွေ အခွန်ရှောင်တဲ့ငွေရဲ့ ၁ဝ ရာခိုင်နှုန်းတောင် မရှိပါဘူး။

စသုံးလုံး၊ အခွန်ဦးစီးဌာနတို့နဲ့ အဖွဲ့ဖွဲ့ပြီး စံနှုန်းသတ်မှတ် လုပ်လိုက်ရင်ကို ဒီအခွန်တွေ ရနိုင်ရဲ့သားနဲ့ ဘာလို့ကျပ်တည်းပြီး ဘဝမျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ချွေးနဲစာကို ညှစ်ထုတ်ယူချင် ရတာလဲ။ ထပ်ပြောပါမယ်။ လျှပ်စစ်မီတာခကို ဈေးသက်သက်သာသာ သုံးစွဲခွင့်ဟာ ကျွန်တော်တို့ ပြည်သူတွေ ရပိုင်ခွင့်ပါ…

နောက်ဆုံးတစ်ခု သမ္မတကြီး ဦးသိန်းစိန်နဲ့ အစိုးရကို လူထုအပေါ် လျှပ်စစ်နဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ စိုက်ထုတ်လုပ်ပေးရမှာက စွမ်းအင်ရောင်းစားတဲ့ နိုင်ငံတိုင်းက အစိုးရတိုင်းရဲ့ တာဝန်ပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကလွဲလို့ စွမ်းအင်ထွက်တဲ့ နိုင်ငံအားလုံးမှာ လူထုရဲ့ စွမ်းအင်အတွက် စိုက်ထုတ် Subsidize လုပ်ပေးရပါတယ်။ ဒါဟာ အစိုးရရဲ့ တာဝန်ပါ။ အရာရာကို နိုင်ငံတကာ ဈေးနှုန်းနဲ့ ချိန်ဆလုပ်လို့ မရပါဘူး။ စွမ်းအင်ရောင်းစားတဲ့ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ကနေ ၃ ဒသမ ၉ ဘီလျံ (ရေအားလျှပ်စစ်က ရတာတော့မသိရ) အပါအဝင် ငါးဘီလျံနီးပါး ဒီနှစ်ဝင်ပါတယ်။ နောက်နှစ်မှာ ရွှေကရရင် ၁ ဒသမ ၅ ဘီလျံနီးပါး ပိုလာပါဦးမယ်။ အခုလျှပ်စစ်ကနေ အရှုံးခံရတာ ဒေါ်လာ သန်း ၂၀ဝ လောက်ပဲ ရှိပါတယ်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖောက်လို့ အနစ်နာခံရတာပြည်သူ။ ဆည်တွေ၊ ရေအားလျှပ်စစ်တွေ ဆောက်လို့ ဝန်းကျင်ပျက်စီး၊ ရေကြီးမိုးခေါင်၊ ရာသီဥတုမမှန်တဲ့ ဒုက္ခတွေ လယ်ယာတွေပျက်၊ သီးနှံတွေပျက်၊ လယ်မလုပ်နိုင်လို့ ကျွန်ခံနေရတဲ့ ပြည်သူတွေအတွက် ဒီသဘာဝဓာတ်ငွေ့ ရောင်းရငွေထဲကနေ သုံးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းကြား ကျခံမသုံးစွဲ သင့်ဘူးလား။ ဒီဒေါ်လာ သန်း ၂၀ဝ ဆိုတာဟာ သဘာဝဓာတ်ငွေ့ ရောင်းရငွေ နှစ်ပတ်စာလောက်ပဲ ရှိတာမဟုတ်ဘူးလား။ ဒါကြောင့် လျှပ်စစ်ကို နိုင်ငံတကာ ဈေးနှုန်းထက် လျော့အောင် ရောင်းချဖို့ စီစဉ်ပေးရမှာက အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးအတွက် မှန်ကန်မျှတတဲ့ ဥပဒေဘောင် အတွင်းက ကျွန်တော်တောင်းဆိုပါတယ်။ ပြည်သူတွေလည်း တညီတညွတ်တည်း တောင်းဆိုကြရပါမယ်။

တကယ်လို့ အစိုးရအနေနဲ့ လိုငွေပြရင် အလွယ်ဆုံးနဲ့ အမြန်ဆုံး ငွေရှာရမှာက ခရိုနီတွေဆီက အခွန်ကို မှန်မှန်ကန်ကန် ဖိဖိစီးစီး ကောက်ခံခြင်းပဲ ဖြစ်ပါတယ်။

(၃)

မြန်မာနိုင်ငံမှာ အကျိုးအမြတ် အများဆုံးရပြီး အခွန်အနည်းဆုံး ဆောင်တဲ့သူ၊ လာဘ်ပေးလာဘ်ယူ အများဆုံး ပတ်သက်သူတွေကို ညွှန်ပြပါဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ပဲ ပတ်သက်တာလုပ်လုပ်၊ ပုဂ္ဂလိကပဲဆောက်ဆောက်၊ အစိုးရ၊ ဒေသအစိုးရ၊ စည်ပင်သာယာ၊ လျှပ်စစ်ဌာန ပေါင်းစုံနဲ့ ပတ်သက်ရတာကိုး။

နာမည်ကြီး ခရိုနီထဲမှာ မပါပေမယ့် ဒေါ်လာသန်း ၃၀ဝ နဲ့ ၅၀ဝ ကြားလောက် ချမ်းသာတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦးက သူ့မိတ်ဆွေကို ပြောဖူးတာ။ သူအဆင့်ဆင့် လာဘ်ပေးရတာ သုံးနှစ်အတွင်း ကျပ် ၁ဝ နဲ့ ၁၅ ဘီလျံကြား တန်ဖိုးလောက် ရှိတယ်လို့ ဆိုပါတယ်။ သူက မန္တလေးမှာ ဈေးကြီးတွေ ဆောက်တယ်။ ရန်ကုန်မှာ သူ့ရဲ့ကြော်ငြာ အားကောင်းတဲ့ အခန်း ၃၀၀- ၄၀ဝ လောက်ပါတဲ့ ကွန်ဒိုတွေ ဆောက်တယ်။ သူ့ရဲ့ အခွန်ဆောင်မှုက တစ်နှစ် သိန်း ထောင်ဂဏန်းတောင် မရှိပါဘူး။ သူ့ရဲ့ ကွန်ဒိုတစ်လုံး ရောင်းရငွေက ကျပ်ဘီလျံ ၁၀ဝ လောက် ရှိပါတယ်။ ရန်ကုန်မြို့မှာ ကွန်ဒိုဆောက်တဲ့ သူတွေဟာ တစ်လုံးကို တန်ဖိုးရဲ့ ရာခိုင်နှုန်း ၂ဝ ကနေ ရာခိုင်နှုန်း ၅ဝ အထိ မြတ်စွန်းပါတယ်။ သူ့ရဲ့ ကွန်ဒိုတစ်လုံးနဲ့တင် ကျပ်ဘီလျံ ၂ဝ နဲ့ ၄ဝ ကြားထဲ မြတ်ပါတယ်။ သူဟာ တစ်နှစ်ကို ဘီလျံ ၁ဝ နဲ့ ၂ဝ ကြားထဲ အခွန်ဆောင်သင့်ပါတယ်။ ဒါပေမဲ့ အပုံ ၁၀ဝ ပုံ တစ်ပုံတောင် အခွန်မဆောင်ပါဘူး။ နေပြည်တော်မှာ ဆောက်တဲ့ ကုမ္ပဏီတွေရဲ့ အခွန်ဆောင်မှုရော စစ်ကြည့်ပါဦး။ အစိုးရဟာ အခွန်ဆောင်တဲ့ ကုမ္ပဏီတွေရဲ့ ပမာဏကို ထုတ်ဖော်ကြေညာခြင်း မရှိတာဟာ အဓိပ္ပာယ် မရှိပါဘူး။ တခြားမကြည့်ပါနဲ့ Father Land နဲ့ ဒေါ်ဝါဝါဝင်းရွှေ အမှုမှာတောင် ဒေါ်ဝါဝါဝင်းရွှေ အဆုံးခံရတဲ့ငွေကို မပြောပလောက်ဘူးလို့ ဆိုတာတောင် ကျပ်သိန်း ၉၀၀ဝ ရှိပါတယ်။ ရန်ကုန်မြို့မှာ နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီတွေဟာ တစ်နှစ် ငါးဘီလျံအထက် အခွန်ကျသင့် နိုင်ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံ ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီကြီး ၁၀ဝ လောက်ကို ဖိဖိစီးစီးကောက်ရင် တစ်နှစ် ဘီလျံ ၂၀ဝ ကနေ ၅၀ဝ ကြားထဲ အခွန်ရနိုင်ပါတယ်။ စသုံးလုံး၊ အခွန်ဦးစီးဌာနတို့နဲ့ အဖွဲ့ဖွဲ့ပြီး စံနှုန်းသတ်မှတ် လုပ်လိုက်ရင်ကို ဒီအခွန်တွေ ရနိုင်ရဲ့သားနဲ့ ဘာလို့ကျပ်တည်းပြီး ဘဝမျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ချွေးနှဲစာကို ညှစ်ထုတ်ယူချင် ရတာလဲ။ ထပ်ပြောပါမယ်။ လျှပ်စစ်မီတာခကို ဈေးသက်သက်သာသာ သုံးစွဲခွင့်ဟာ ကျွန်တော်တို့ ပြည်သူတွေ ရပိုင်ခွင့်ပါ။ ဆောင်သင့် ဆောင်ထိုက်တဲ့ ခရိုနီတွေဆီက အခွန်ကို ပွင့်လင်းမြင်သာမှုမရှိ ဖိဖိစီးစီး အခွန်မစည်းကြပ်ဘဲ လူထုကို ဖိစီးစေတဲ့ ကိစ္စတွေကို ကျွန်တော် ဆန့်ကျင်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံရေးလို သမ္မတတစ်ဆက် ပြောင်းတိုင်း ထထ တရားစွဲတတ်တဲ့ အကျင့်ဆိုး မြန်မာနိုင်ငံမှာ မပေါ်ဖို့အတွက် ညှိနှိုင်းမှုတွေ၊ သတိပေးမှုတွေက တကယ်လိုပါတယ်။ ကျွန်တော်ကတော့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားချင်သူသာ ဖြစ်ပါတယ်။ ပြဿနာ ဖန်တီးသူတွေ၊ ဖော်ကောင်တွေကို မနှစ်သက်ပါဘူး…

(၄)

ကျွန်တော်ကတော့ တိုင်းပြည်ကို ရှေ့ဆက်သွားစေချင်တဲ့ သူသာဖြစ်ပါတယ်။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး အနာဂတ်ကို ညှိညှိနှိုင်းနှိုင်း ခရီးဆက်ချင်ပါတယ်။ ဒါပေမဲ့ မိမိရဲ့ အတ္တ၊ လောဘတွေ၊ မောဟတွေကို မသတ်နိုင်တဲ့ သူတို့အတွက်တော့ ရေးသင့်ရေးထိုက်တာကို ရေးရတော့မယ့်အချိန် ရောက်လာပါလိမ့်မယ်။ (၁၁)ဘီလျံ ကိစ္စက ပမာဏ အတိအကျ မသိရပေမယ့် ကျွန်တော်သတင်း ရနေခဲ့တာ နှစ်နှစ်၊ သုံးနှစ် ရှိပါပြီ။ BIC ကပြောတာက ၂၀၁၂ မေလစာရင်းမှာ Account နံပါတ်နဲ့ နာမည်အတိအကျက သက်ဆိုင်ရာ အစိုးရက စင်ကာပူ ဘဏ်တွေကို မေးမှပဲ သိရမယ့်ကိစ္စ ဖြစ်ပါတယ်။ ရတဲ့အစပေါ်ကနေ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ Journalist ဆိုတာ ‘ရဲ’၊ ‘စုံစမ်းရေးအရာရှိ’၊ ‘ရှေ့နေ’ မဟုတ်ပါဘူး။ မေးခွန်းတွေနဲ့ ပရိသတ် အဖြေထုတ်နိုင်အောင် မေးရတာပဲ ဖြစ်ပါတယ်။ Wikileak လို စနိုးဒင်တို့ ဖော်ကောင်တွေ အတိအကျ ဖော်တာတောင်မှ အမေရိကန်လို အစိုးရတောင် ဟုတ်ပါတယ်၊ မှန်ပါတယ်လို့ မီဒီယာတွေကို ဝန်ခံလို့လား။

– ဒုဝန်ကြီး လေးသိန်းခွဲ၊ ဝန်ကြီးခြောက်သိန်း၊ သမ္မတ ၁၅ သိန်းရတဲ့ အချိန်မှာ ၁ဝ နှစ်စာ လစာကို နှစ်ရက်တည်း ဈေးဝယ်လိုက်တဲ့ ဝန်ကြီးတစ်ဦးနဲ့ ၁၅ နှစ်စာ လစာကို တစ်နေ့သုံးနိုင်တဲ့ နောက်ထပ် ဝန်ကြီးသား တစ်ဦးက ဘယ်သူပါလဲ။

– ဘီယာလုပ်ငန်း လုပ်ပိုင်ခွင့် သုံး၊ လေး ခုကို မိသားစု တစ်စုတည်းကို လိုင်စင်ချပေးပြီး လက်ဝါးကြီးအုပ်ခွင့် ပေးထားတာ ဘယ်သူပါလဲ။

– ဘယ်နိုင်ငံ၊ ဘယ်သမိုင်းမှာမှ နာမည်ကောင်းမရတဲ့ သမဝါယမဌာနကို ငွေကြေးလုပ်ပိုင်ခွင့် အမြောက်အမြား ချပေးခြင်းရဲ့ နောက်ကွယ်မှာရှိတဲ့ လုပ်ငန်းရှင်ကြီးက ဘယ်သူပါလဲ။

– ဒေါ်လာ သန်း ၅၀ဝ လောက်တန်တဲ့ အလုံသစ်တောဝင်းနဲ့ သစ်လုပ်ငန်းဝင်းက ဧက ၉ဝ ကို လုပ်ပိုင်ခွင့် ရသွားသူ အမည်က ဘယ်သူပါလဲ။

– လေဆိပ်သုံးခု လုပ်ပိုင်ခွင့် ချပေးခြင်းရဲ့ Decision Maker က ဘယ်သူပါလဲ။

တကယ်ကျတော့ ခရိုနီကြီးတွေ၊ အဂတိတရားရှိတဲ့ တာဝန်ရှိသူတွေက အဂတိတရား လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို သေသေချာချာ လေ့လာကြည့်ဖို့ လိုပါတယ်။ အဲဒီဥပဒေ တစ်ခုတည်းနဲ့တင် အာဏာရှင်စနစ် ချုပ်ငြိမ်းသွားနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ဝီကီလိခ်က ဂျူလီယန်အဆန်(ဂ်)တို့၊ စနိုးဒင်တို့ မကြာခင် ပေါ်လာကျတော့မယ်လို့ ထင်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံရေးလို သမ္မတတစ်ဆက် ပြောင်းတိုင်း ထထ တရားစွဲတတ်တဲ့ အကျင့်ဆိုး မြန်မာနိုင်ငံမှာ မပေါ်ဖို့အတွက် ညှိနှိုင်းမှုတွေ၊ သတိပေးမှုတွေက တကယ်လိုပါတယ်။ ကျွန်တော်ကတော့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားချင်သူသာ ဖြစ်ပါတယ်။ ပြဿနာ ဖန်တီးသူတွေ၊ ဖော်ကောင်တွေကို မနှစ်သက်ပါဘူး။

နောက်တစ်ပတ်မှာတော့ တိုင်းပြည်ကို ချောက်ထဲဆွဲချနေတဲ့ တတိယနိုင်ငံရေး အင်အားစုလို့ ကိုယ့်ကိုယ်ကိုယ် အမည်တပ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာ လောကမှာ ခြေရှုပ်နေတဲ့ နိုင်ငံရေး အကျိုးဆောင်ယောင်ယောင်၊ ယောင်တော်ပြန် အခွင့်အရေးသမားတွေ အုပ်စုဖွဲ့ပြီး ခြေရှုပ်လာနေတာကို ရေးပါဦးမယ်။

ဒေါက်တာသန်းထွဋ်အောင် (Eleven Media Group)

အဟီး ခ လေး ဘာ တွေ လုပ် မိ ဘာ လိမ့် :mrgreen: