လူ ပြိန်း ကြိုက် သတင်း ( ၃ )

လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြမှုကို နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့တွင် စတင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့် (အထက် မြန်မာပြည်တာဝန်ခံ) အပါအဝင် ကိုတင်မောင်ကြည် (ရန်ကုန်တိုင်းတာဝန်ခံ)၊ ကိုဇေယျာလင်း (ပြန်ကြားရေးတာဝန်ခံ)၊ ကိုဇာနည် (နိုင်ငံခြားရေးရာ တာဝန်ခံ) နှင့် ကိုနောင်နောင်တို့ ငါးဦးပါဝင်ခဲ့ကာ ဆူးလေဘုရားအထိ လမ်းလျှာက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများသည် “နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများကို ကယ်တင်ပါ”၊”မီတာခ တိုးမြှင့်ကောက်ခံခြင်း လုပ်ရပ် ချက်ချင်းရပ်”၊ ကုန်ဈေးနှုန်း ကျဆင်းရေး မီတာခတွေ လျှော့ချပေး”၊ မီတာခတွေတက်လို့ တိုင်းပြည် မတိုးတက် လူထုတွေသာ ဘဝတွေပျက်မယ်”၊ မီတာခတက်ရင် ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်မယ်”၊ ပြည်သူတွေရဲ့ဘဝ ဒီထက်ပိုပျက်မယ်”စသည့် စာတမ်းများ ရေးထားသော စာရွက်များကို လည်ပင်းတွင် ချိတ်ဆွဲကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ယင်းကဲ့သို့ ဆန္ဒပြစတင်မှု မကြာခင်တွင် ပန်းဘဲတန်း မြို့မရဲစခန်းမှ ရဲအုပ်အေးမြင့်နိုင်က လာရောက်ပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြနေပါက ဥပဒေနှင့်အညီ အရေးယူခံရမည် ဖြစ်ကြောင်း လာရောက် ပြောကြားသည်။

“ကျွန်တော်တို့ ပုဒ်မ ၁၈ ကို အယုံအကြည် မရှိတဲ့အတွက် ခွင့်ပြုချက်ကို မတင်တာပါ။ ကျွန်တော်တို့ဟာ မီတာခတက်လို့ ပြည်သူတွေ ခံစားရမယ့် ဒုက္ခတွေအတွက် ပြည်သူတွေရဲ့ကိုယ်စား အခုလို ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ အရေးယူမယ်ဆိုရင်လည်း ရင်ဆိုင်သွားဖို့ အသင့်ပါပဲ”ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်က ပြောကြားသည်။

I.7.11

လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့သူများကို တွေ့ရစဉ်

နိုဝင်ဘာ ၁ ရက်မှ စတင်၍ ပြင်ဆင်လိုက်သည့် ဓာတ်အားခ ဈေးနှုန်းများမှာ အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀ဝ ယူနစ်အထိ အသုံးပြုသူများအား လက်ရှိ ဈေးနှုန်းအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့် အထက်သုံးသူများ တစ်ယူနစ် ကျပ် ၅ဝ ဖြစ် ပြီး အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀ဝ ယူနစ်အထိ သုံးသူများ ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅ဝ ကျပ် ဖြစ်ပြီး အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ကျပ် ၅၀၊ အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀ဝ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား လူထုအကြား ဝေဖန်မှုများ ပြင်းထန်လျှက်ရှိကြောင်း သိရသည်။

အဆိုပါကဲ့သို့ ဆန္ဒပြခဲ့သည့် နေရာအနီးတစ်ဝိုက်နှင့် ထပ်မံဆန္ဒပြမည်ဟု သတင်းထွက်ပေါ်နေသည့် နေရာအချို့တွင် သက်ဆိုင်ရာ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အသင့်လုံခြုံရေး ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မဟာဗန္ဓုလ ပန်းခြံရှေ့၌ Generation Youth အဖွဲ့မှ လူအင်အား ၆ဝ ခန့်မှလည်း မီတာခများ လျှော့ချရေးအတွက် ဖယောင်းတိုင်များကို ကိုင်ဆောင်ပြီး မဟာဗန္ဓုလလမ်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဆူးလေဘုရားလမ်းတစ်လျှောက် လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြရာတွင်”လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံမှု ချက်ချင်းရပ်၊ ပြည်သူကို ဆင်းရဲတွင်းနက်စေမည့် လုပ်ရပ် ချက်ချင်းရပ်၊ ဒီမိုကရေစီ အစိုးရဆိုလျှင် ပြည်သူ့ဆန္ဒကို လေးစားပါ” အစရှိသည့် ဆိုင်းဘုတ်များ ကိုကိုင်ဆောင်ကာ ကြွေးကြော်စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့်သူတစ်ဦးက”ဆန္ဒထုတ်ဖော်ရတာက မီတာခတွေ တက်တာကို ပြည်သူလူထုကို အသိမပေးဘဲနဲ့ တိုးမြှင့်ကောက်ခံတဲ့အတွက် ပြည်သူတွေကိုယ်စား ကျွန်တော်တို့က ဆန္ဒ ထုတ်ဖော်ရတာပါ။ လျှပ်စစ်မီတာခတွေ တိုးမြှင့်တာဟာ ပြည်သူတစ်ရပ်လုံး ကြုံတွေ့ရမယ့် ပြဿနာဖြစ်ပါတယ်”ဟု ဆိုသည်။

အလားတူ Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က”မီတာခတွေကို တိုးမြှင့် ကောက်ခံလိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒါကြောင့် မီတာခကို မူလအတိုင်း ကောက်ခံဖို့အတွက် ကျွန်တော်တို့က ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားရပါမယ်။ ခုလိုမျိုး မီတာခတွေ တိုးကောက်လိုက်တဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုပြီး ပြောနေပေမယ့် တကယ်တမ်းတော့ ပြည်သူလူထုကို ဆင်းရဲတွင်း ပိုနက်လာစေတဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်”ဟု ပြောကြားသည်။

ယင်းဆန္ဒထုတ်ရာတွင် ပါဝင်ခဲ့သည့် ဦးဆောင်သူ တစ်ဦးဖြစ်သူ Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်နှင့် M.D.C.S အဖွဲ့မှ ကိုဇေယျာလင်း၊ ကိုနောင်နောင်၊ ကိုတင်မောင်ကြည်၊ ကိုသိန်းအောင်မြင့်တို့အား ကျောက်တံတား မြို့မရဲစခန်းမှ ည ၈ နာရီခန့်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်နေသည်ကို လာရောက် ကြည့်ရှုသည့် ကျောက်တံတားမြို့နယ်မှ ပြည်သူတစ်ဦးက”လျှပ်စစ်မီတာခတွေကို ပြည်သူတွေကို အသိမပေးဘဲ တိုးမြှင့် ကောက်ခံတာဟာ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ခုလိုမျိုး ဆန္ဒထုတ်ဖော်တာကို ကြိုဆိုပါတယ်” ဟု ဆိုသည်။ ယင်းဆန္ဒ ထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ ကျောက်တံတား မြို့မရဲစခန်းမှူးက”ခွင့်ပြုချက်မရှိပါဘူး။ ဒီဆန္ဒထုတ်ဖော်မှုကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ပြောကြားသည်။

2 comments

  • ဦးကြောင်ကြီး

    November 7, 2013 at 9:43 am

    ခန့်ခန့်ဆိုဒါ အသူနီး.. ဟော့ဂျာနယ်ဂ သွာမီးဂေးလား… ဟုတ်ရင် ဦးထားဒယ်နော်.. ကပု နောက်မှာတန်းစီ… ဂျားမဖြတ်ကြေး…

    • Khant Khant

      November 7, 2013 at 9:58 am

      အိုးးးး အူးဂျောင် ကလဲ

      မှတ်မိဘူးရားရို့။

      ခလေက အူးဂျောင်အတွက်

      ချီပုရင်း ချောင်ထားပါဒယ်ရို့

      ခစ် ခစ် ဂစ် :mrgreen:

Leave a Reply