လူ ပြိန်း ကြိုက် သ တင်း ( ၄ )

ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုရေး ကဏ္ဍအတွက် အစိုးရ အသုံးစရိတ်မှာ စုစုပေါင်း နိုင်ငံ့သုံးစွဲငွေ၏ ၈ ဒသမ ၈ ရာခိုင် နှုန်းခန့်သာရှိပြီး ယင်းကဏ္ဍများအတွက် လူတစ်ဦး တစ်နှစ်အသုံးစရိတ်မှာ ကျပ် ၉၀၀ဝ အောက်သာ ရှိနေကြောင်း သိရသည်။

ယင်းအချက်အလက်များကို နိုဝင်ဘာ ၆ ရက်က ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည့် ကလေးသူငယ်များအတွက် လူမှုရေးဆိုင်ရာ ဘဏ္ဍာငွေသုံးစွဲမှု တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ယူနီဆက် (ဖ်) မှ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဖြန့်ဝေသော အချက်အလက်များအရ သိရသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရရှိခဲ့သော စာရင်းများအရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ၎င်း၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ရပ်အဖြစ် လက်ရှိ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍအပေါ် ဘဏ္ဍာငွေ သုံးစွဲမှုကို ၇၈ ရာခိုင်နှုန်းနှင့် ရာခိုင်နှုန်း ၃ဝ အသီးသီး တိုးမြှင့်ခဲ့ကြောင်းနှင့် အဆိုပါ ကဏ္ဍများအပေါ် တိုးမြှင့်မှုမှာ မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်း၏ နှစ်ရာခိုင်နှုန်းအောက်သာ ရှိနေသေးကြောင်း ယူနီဆက် (ဖ်) မှ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် လွှတ်တော်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ဖြည့်စွက်ဘဏ္ဍာငွေ ထပ်မံ တိုးမြှင့်ရရှိရေးအတွက် ဆွေးနွေး တိုင်ပင်နေချိန်တွင် သဘာဝသယံဇာတ တင်ပို့ရောင်းချမှုမှ ရရှိသော ဝင်ငွေများကို ခွဲဝေသုံးစွဲရာ၌ ကလေးသူငယ်များအတွက် အဓိက ဦးစားပေးရန်၊ ကလေးသူငယ်များအတွက် လူမှုရေးဆိုင်ရာ ဘဏ္ဍာငွေသုံးစွဲမှု သိသိသာသာ တိုးမြှင့်ရန် အုပ်ချုပ်ရေးနှင့် ဥပဒေပြုကဏ္ဍမှ တာဝန်ရှိသူများအား ယူနီဆက် (ဖ်) က တိုက်တွန်း ပြောကြားသည်။

ယူနီဆက် (ဖ်) အနေဖြင့်”သဘာဝ အရင်းအမြစ်မှ လူ့စွမ်းအား အရင်းအမြစ်သို့ မြန်မာနိုင်ငံ ကလေးသူငယ်များအတွက် လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသည့် လက်တလော အရင်းအမြစ် ရှာဖွေခြင်း” အစီရင်ခံစာအား နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်း အစီရင်ခံစာတွင် သဘာဝဓာတ်ငွေ့ ပြည်ပသို့ တင်ပို့ရောင်းချငွေမှ ရရှိသော ဝင်ငွေ၏ ဝ ဒသမ ၉ ရာခိုင်နှုန်းသည် နှစ်စဉ် မြန်မာတစ်နိုင်ငံလုံး၌ လိုအပ်သော ကာကွယ်ဆေးအားလုံးကို ဝယ်ယူနိုင်ကြောင်း၊ ပြည်ပသို့ ကိုးရက်တာ သဘာဝဓာတ်ငွေ့ တင်ပို့ ရောင်းချငွေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ မူလတန်းကျောင်း အားလုံးရှိ မူလတန်းအဆင့် ဆရာ/ဆရာမ တစ်ဦးစီ တိုးမြှင့် ခန့်ထားနိုင်ကြောင်းနှင့် ကျောက်စိမ်းတစ်ကီလို ရောင်းချမှုမှ ရရှိသော အခွန်ငွေ တစ်ဒေါ်လာဖြင့် ပြီးခဲ့သည့် ကိုးနှစ်တာကာလအတွင်း မူလတန်းအတွက် စာသင်ခန်း စုစုပေါင်း ၁၄၆၀ဝ ခန့် ဆောက်လုပ်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၁ဝ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံမှ အဖိုးတန် ကျောက်မျက်ရတနာများ လေလံတင် ရောင်းချငွေ၏ လေးပုံတစ်ပုံကျော် (၂၅ ရာခိုင်နှုန်း) သည် မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးများအား ၎င်းတို့၏ ဘက်စုံ လိုအပ်ချက်အတွက် လစဉ် ၁၅၀၀ဝ ပုံမှန် ထောက်ပံ့နိုင်ကြောင်းနှင့် အစိုးရအနေဖြင့် သစ်မာ ထုတ်လုပ်ရောင်းချမှုအပေါ် အခွန် ဝ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်းဖြင့် လူမှုရေးလုပ်သား ၆၀၀ဝ အတွက် နှစ်စဉ် လစာထောက်ပံ့နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရဘတ်ဂျက် ကျပ်သန်းထောင်ပေါင်း ၇၁၃၃ ရှိခဲ့ပြီး ကာကွယ်ရေးအတွက် အသုံးစရိတ်မှာ ကျပ်သန်းထောင်ပေါင်း ၂၇၃၉ (၃၈ ဒသမ ၄ ရာခိုင်နှုန်း) ရှိခဲ့သော်လည်း ပင်စင်မှအပ လူမှုရေးအသုံးစရိတ်မှာ ကျပ်သန်းထောင်ပေါင်း ၂၀၆၉ (၂၉ ရာခိုင်နှုန်း) သာရှိခဲ့ကြောင်း ယူနီဆက် (ဖ်) မှ ထုတ်ပြန်ချက်အရ သိရသည်။

4 comments

  • Khant Khant

    November 7, 2013 at 3:38 pm

    လက်ပန်တောင်းလယ်သမားတွေကြေးနီစီမံကိန်းကိုဆန္ဒပြကန့်ကွက်နေပြီ

    လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းအတွက်မြေယာလျှော်ကြေးမယူထားသည့်
    မြေယာများကို(၃-၁၀-၂၀၁၃)ရက်နေ့မှစ၍လုံထိန်းရဲတပ်ဖွဲ့ဝင်များနှင့်အကြမ်းဖက်၍
    ကုမ္ပဏီမှသိမ်းပိုက်နေပါသည်၊၊စီမံကိန်းနှင့်ပတ်သတ်၍တာဝန်ယူမှုတာဝန်ခံမှုတစုံတရာမရှိပဲတောင်ဖြိုခြင်းမိုင်းခွဲခြင်း
    များကိုပြုလုပ်နေရာလယ်တီသိမ်နှင့်စေတီတော်ပြိုပျက်တော့မည့်အခြေအနေကို
    ရောက်ရှိနေပါသည်၊၊ဇီးတောကျေးရွာကို(၆-၈-၂၀၁၃)ရက်နေ့ကည(၂)နာရီတွင်လက်နက်ကိုင်များဝင်
    ရောက်အကြမ်းဖက်မှုအားအရေးယူဆောင်ရွက်မှုလဲမရှိသေးပါ၊ထိုကြောင့်သံဃာ
    တော်များဦးဆောင်လျှက်လယ်တီသိမ်နှင့်စေတီတော်ကာကွယ်စောင့်ရှောက်ရေးနှင့်
    လွတ်လပ်စွာဖူးမြော်ခွင့်ရရှိရေးတို့ကိုအင်ကြင်းတောင်တွင်(၂-၁၁-၂၀၁၃)ရက်နေ့မှစပြီး
    သပိတ်စခန်းဖွင့်တောင်းဆိုနေကြပါသည်၊၊အာဏာပိုင်တို့သည့်ကမ္ဘာပေါ်တွင်ဒုတိယအကြီး
    ဆုံးဖြစ်သောကြေးနီမိုင်းကြီးကိုလုံထိန်းရဲအင်အား(၇၀၀)ခန့်ဒေသခံလယ်သမားများအား
    ဖိနှိပ်အကြမ်းဖက်လျှက်ဆောင်ရွက်နေသောလုပ်ဆောင်ချက်များကိုကန့်ကွက်သော
    အားဖြင့်လယ်သမားများယနေ့ခွင့်ပြုချက်ယူ၍ဆန္ဒပြကန့်ကွက်နေပါပြီ၊
    (၁)လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေး
    (၂)မီးလောင်ဗုံးဖြင့်အကြမ်းဖက်ခဲ့သူများအားအရေးယူပေးရေး
    (၃)ပုဒ်မ(၁၄၄)ရုတ်သိမ်းပေးရေး
    (၄)စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာပါအချက်များကိုကျော်လွန်ဆောင်ရွက်ချက်တွေ
    ရပ်ဆိုင်းရေး
    (၅)တနေ့(၂၀၀၀)စားကြေးစားရဲများအလိုမရှိ
    (၆)လယ်တီသိမ်နှင့်စေတီတော်ကိုဖျက်ဆီးနေသောမိစ္ဆ ာကောင်များအလိုမရှိသည့်
    စသောကြွေးကြော်သံများဖြင့်လယ်သမားများတုံရွာထိပ်တွင်နေ့လယ်(၂)နာရီတွင်
    စတင်စုဝေးကာဆည်တည်း၊ဇီးတောရွာသစ်ရှိဆက်ဆံရေးရုံးကိုချီတက်ဆန္ဒပြနေပြီဖြစ်သည်၊၊

    ၇-၁၁-၂၀၁၃
    ဆက်သွယ်ရန်ဖုန်း၊၊၀၉၃၃၂၂၀၉၆၈
    ၀၉၃၁၃၄၄၇၅၄
    ၀၉၄၀၀၄၁၃၅၅၆

  • Khant Khant

    November 7, 2013 at 3:51 pm

    အိမ်သုံးမီတာမှ ဒစ်ဂျစ်တယ်မီတာ များ ပြောင်းလဲတပ်ဆင်ပြီးနောက် ပိုင်းတွင် လစဉ်ပေးဆောင်ရသည့် မီတာကြေးများ များစွာမြင့်တက် လာကြောင်း တောင်ဥက္ကလာပမြို့ နယ်အတွင်းနေထိုင်သူများထံမှ သိရသည်။

    ”အရင် ရိုးရိုးအိမ်သုံးမီတာတုန်းက တစ်လကို ကျပ်၁၅၀ဝ လောက် ပဲ ပေးဆောင် ရတယ်။ အခုဒစ်ဂျစ်တယ်မီတာတွေ တပ် ပြီးမှ တစ်လကို ကျပ်၂၅၀ဝကျော် ပေးဆောင်ရတယ်။ ဘာကြောင့် ဒီလောက်အထိ ကွာသွားတာလဲ ဆိုတာ နားမလည်ဘူး”ဟုတောင် ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည် သူတစ်ဦးက ပြောသည်။

    အိမ်သုံးမီတာမှဒစ်ဂျစ်တယ် မီတာသို့ ပြောင်းလဲတပ်ဆင်ပြီး နောက် မည်သည့်အကြောင်း ကြောင့် ယခုကဲ့သို့မီတာခများမြင့် တက်လာရသည်ကို မိမိတို့အနေ ဖြင့် နားလည်ခြင်းမရှိသည်ကို သက်ဆိုင်ရာမှ ရှင်းလင်းပေးစေ လိုကြောင်း မြို့နယ်အတွင်း နေ ထိုင်သူများက ပြောသည်။

    တောင်ဥက္ကလာပမြို့နယ် အမှတ် ၅ရပ်ကွက်တွင် နေထိုင် သူတစ်ဦးက ”ဒီမှာဒစ်ဂျစ်တယ် မီတာ ပြောင်းတပ်တာတစ်လပဲ ရှိသေးတယ်။ အရင်မီတာထက် ယူနစ်တွေပိုပြီး မီတာကြေးတွေ မြင့်လာတယ်။ အိမ်မှာအရင်ကသုံး တာနဲ့ အခုသုံးတာနဲ့အတူတူပဲ။ သက်ဆိုင်ရာက ဘာကြောင့် ဘယ် လိုဖြစ်ရတယ်ဆိုတာ ရှင်းဖို့ လို တယ်” ဟုပြောသည်။

    ယခုကဲ့သို့ ဒစ်ဂျစ်တယ်မီ တာများကြောင့် မီတာခများပိုမို ကျသင့်နေသည့်အပြင် မီတာခ များ တိုးမြှင့်ကောက်ခံရန် စီစဉ် နေမှုကြောင့် မိမိတို့အပေါ်တိုက် ရိုက်သော်လည်းကောင်း၊ သွယ် ဝိုက်၍သော်လည်းကောင်း အကျိုး သက်ရောက်မည့်အပေါ် စိုးရိမ်နေ ရကြောင်း တောင်ဥက္ကလာပမြို့ နယ်အတွင်းရှိ ပြည်သူများက ပြောသည်။

  • Khant Khant

    November 7, 2013 at 4:13 pm

    တပ်မတော်ဗိုလ်ကြီးအဆင့်တာဝန်ထမ်းဆောင်သူတဦးက ရွှေဆိုင်ကိုဝင်ရောက်
    လုယက်မှုကျုးလွန်သဖြင့်ပြည်သူများက ဝိုင်းဖမ်းကာရဲစခန်းသို့ပို့အပ် ။
    =========================================
    သိုက်ဖွား

    ပေါင်မြို့နယ်ဇင်းကျိုက်ကျေးရွာ ၉ရပ်ကွက်လမ်းမတန်းရှိပိုင်ရှင်ဦးတင်မြင့်၏
    ဦးတင်မြင့်ရွှေဆိုင်သို့ နိုဝင်ဘာ ၆ ရက်၁၅ ၂၅နာရီအချိန်တွင် ဆိုင်ကယ်ဖြင့်
    လူတဦးရောက်ရှိလာလျှက် ပါလာသော သေနတ်အားထုတ်၍ဆိုင်ပိုင်ရှင်
    ဦးတင်မြင့်ကိုချိန်ရွယ်ကာရွှေများထုတ်ပေးရန်ပြောဆိုခဲ့သည်။

    ၎င်းမှပင်ရွှေသေတ္တာမှန်ပုံးကိုသေနတ်ဖြင့်ထုခွဲပြီးရွှေထည်ပစ္စည်းများအား
    လုယူနေခဲ့သည်။ ထိုအချိန်၌အနီးရှိအိမ်တွင်ရှိနေပြီး အသံကြားသဖြင့်
    ရောက်ရှိလာသူ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဦးဌေးမင်း ၊အိမ်နီးချင်း
    ဦးဝင်းနိုင် ၊ဦးတင်စိုးတို့ကဝင်ရောက်လုံးထွေးသတ်ပုတ်ဖမ်းဆီးကြရာ
    ထိုသူကိုလက်ရဖမ်းဆီးရမိပြီးဇင်းကျိုက်ရဲစခန်းသို့ချက်ချင်းပို့အပ်ခဲ့သည်။

    ထိုသူအားစစ်ဆေးခဲ့ရာ သထုံမြို့အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ် လကတ၃၀၁၄မှကြည်း၃၇၇၃၆ဗိုလ်ကြီး အောင်ခန့်မင်း(ဘ)ဦးအောင်ဇင်
    ၃ဝ နှစ် ဖြစ်ကြောင်း ဝန်ထမ်းပြန်တမ်းဝင်အရာရှိစီစစ်ရေးကဒ်အရ
    လည်းကောင်း ၎င်း၏တပ်သို့ဆက်သွယ်မေးမြန်းချက်အရလည်းကောင်း အတည်ပြုနိုင်ခဲ့သည်။

    ၎င်းထံမှ ၉ မမ ပစ္စတိုတစ်လက် ၎င်းကျည် ၉ တောင့်နံပါတ်တပ်ထားခြင်း
    မရှိသည့် ANDBOအမျိုးအစား ပြာနက် ဆိုင်ကယ်တစီးသိမ်းဆည်းရမိခဲ့သည်
    တရားခံဖြစ်သူ တပ်မတော်ဗိုလ်ကြီးကိုစစ်ဆေးလျှက်ရှိနေပြီးရဲမှတပ်ကို
    လွှဲပြောင်းပေးရမည်ဟုသိရသည်။

  • Khant Khant

    November 7, 2013 at 4:17 pm

    မယ်တော်ဆေးခန်း ဩစတြေးလျ အစိုးရ ရန်ပုံငွေ ဆက်လက်ပံ့ပိုးရေး လှုပ်ရှားမှု ပြုလုပ်မည်
    =======================================
    ထိုင်း-မြန်မာနယ်စပ်ဒေသ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်း လုပ်သား မိသားစုများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဖွင့်လှစ်ထားသော မယ်တော် ဆေးခန်းအတွက် ဩစတြေးလျ အစိုးရ၏ ရန်ပုံငွေ ဆက်လက် ပံ့ပိုးပေးရေး လှုပ်ရှားမှုတစ်ခုကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း အဆိုပါ ဆေးခန်း၏ အင်တာနက် စာမျက်နှာတွင် ယနေ့ ထုတ်ပြန်လိုက်သည်။

    ရန်ပုံငွေ ပံ့ပိုးရေး လှုပ်ရှားမှုသည် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Mr.Julie Bishop ထံ အကူအညီများ ဆက်လက် ပံ့ပိုးပေးသင့်ကြောင်း အတည်ပြုစာကို အီးမေးလ်လိပ်စာက တစ်ဆင့်ပေးပို့ခြင်း ဖြစ်ပြီး လူဦးရေ တစ်ထောင်အထိ အတည်ပြုမဲများ ကောက်ခံသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

    ဩစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (AusAID) သည် ၂၀၁၂ ခုနှစ်က လူနာ လေးသောင်းခွဲအထိ ကျန်းမာရေး ပံ့ပိုးမှု ပြုလုပ်ပေးခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေး သူငယ်များ ဖြစ်ကြောင်း၊ ယင်းအကူအညီ အားလုံးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မယ်တော်ဆေးခန်း ကြေညာချက်တွင် ဖော်ပြထားသည်။

    မယ်တော်ဆေးခန်း ရန်ပုံငွေ ဆက်လက် ထောက်ပံ့ဖြစ်ရေး ပါဝင်လိုသူများသည် http://apheda.good.do/maetaoclinic/email-the-foreign-minister-the-hon-julie-bishop-mp/ တွင် အသေးစိတ် ဝင်ရောက် ကြည့်ရှုနိုင်သည်။

    ယင်းဆေးခန်းကို ဩစတြေးလျ ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာ စင်သီယာမောင်
    ကိုယ်တိုင် ဦးဆောင်ပြီး ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ယခုအချိန်တွင်
    နှစ်စဉ် လူနာတစ်သိန်းခွဲ နီးပါးကို ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေးလျက် ရှိသည်။

Leave a Reply