လူ ပြိန်း ကြိုက် သ တင်း ( ၅ )

လက်ရှိမြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော် (ဝါ) သမ္မတရွေးချယ်ရေး အဖွဲ့က ရွေးချယ် တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတသည် အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးများ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရသည်။ သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးသည်နှင့် အုပ်ချုပ်စီမံ ခန့်ခွဲရေးတာဝန်ကို သီးခြား ထမ်းဆောင်သည်။ ဆိုလိုသည်မှာ သမ္မတကို အမေရိကန် ပြည်ထောင်စုကဲ့သို့ လူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်ခြင်း မဟုတ်ဘဲ ပြည်သူလူထု ကိုယ်စား လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် များက ရွေးချယ်ပေးခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရပါက လက်ရှိအုပ်ချုပ်ရေး တာဝန် ယူထားသော အစိုးရ(ဝါ) နိုင်ငံတော်သမ္မတသည် ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရသည်။ အပြန်အလှန်အားဖြင့် ပြည်ထောင်စုလွှတ်တော် ကလည်း လွှတ်တော်တွင် အများဆန္ဒဖြင့် ရွေးကောက် တင်မြှောက်ထားသည့် သမ္မတကို တာဝန်ခံရသည်။ လွှတ်တော် ဆိုသည်မှာ ပြည်သူလူထုကို ကိုယ်စားပြုသည်။ ထို့ကြောင့် သမ္မတသည် လွှတ်တော်ကို တာဝန်ခံရခြင်းမှာ ပြည်သူလူထုကို တာဝန်ခံရခြင်းပင် ဖြစ်သည်။ သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့ သည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြည်သူ့ကိုယ်စားပြု အစိုးရ ဖြစ်သည်။

ပြည်သူ့အစိုးရ တို့မည်သည် ပြည်သူလူထု၏ အကျိုးစီးပွား ကိုသာ အစဉ်အမြဲ ဦးထိပ်ထား ရမည်မှာ အားလုံး သိရှိနားလည်ထားပြီး ဖြစ်သည်။ ပြည်သူလူထုနှင့် အစိုးရအကြား အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုရှိလျှင် ပြည်သူ့အစိုးရ ဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ ထိုအတွက် အစိုးရတို့သည် ဥပဒေအရ သတ်မှတ်ထားသော အရေးကိစ္စ အချို့မှတစ်ပါး အစိုးရ၏ လုပ်ကိုင် ဆောင်ရွက်ချက် မှန်သမျှကို ပြည်သူလူထုအား ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးရန် လိုသည်။ ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံမည်ဆိုပါက ပြည်သူလူထုထံ ကြိုတင် အသိပေးရမည်မှာ ပြည်သူ့အစိုးရ၏ အခြေခံတာဝန် ဖြစ်သည်။ ပြည်သူလူထုထံ အသိပေးခြင်း ဆိုရာတွင် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်များထံ ကြိုတင် အသိပေးလျှင်ပင် ပြည်သူကို အသိပေးရာ ရောက်သည်။

သို့သော် အစိုးရသည် ပြည်သူလူထုအား လျှပ်စစ်ဓာတ်အားခများ မည်သည့် အတွက်ကြောင့် တိုးမြှင့်ကောက်ခံရသည်၊ မည်မျှ တိုးမြှင့်ကောက်ခံမည်၊ မည်သည့်စနစ်ဖြင့် ကောက်ခံမည်၊ မည်သို့ အမျိုးအစား ခွဲခြားကောက်ခံမည် အစရှိသဖြင့် ကြိုတင်ရှင်းလင်းခြင်း မရှိဘဲ နိုင်ငံပိုင် အစိုးရဝါဒဖြန့် သတင်းမီဒီယာ များမှတစ်ဆင့် ရုတ်တရက် ကြေညာလိုက်သည့်အခါ ဝေဖန် တုံ့ပြန်သံများ သောသောညံ သွားခဲ့ခြင်းဖြစ်သည်။ ထိုတုံ့ပြန်မှုများကို ပြန်ကြားရေး ဝန်ကြီးဌာနက ဦးစီးကွပ်ကဲအုပ်ချုပ် စီမံခန့်ခွဲနေသော နိုင်ငံပိုင် အစိုးရဝါဒဖြန့် မီဒီယာ မှတစ်ဆင့် နှုတ်လှန်ထိုး ရန်ထောင်သကဲ့သို့ ပြန်လည် ရှင်းလင်းထားခြင်းမှာ လက်ရှိကာလ မျိုးတွင် များစွာ အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။

တိုးမြှင့်ကောက်ခံသော ဓာတ်အားခသည် နိုင်ငံတကာ စံနှုန်းများနှင့် ယှဉ်လျှင် ပြောစရာ မရှိသော်လည်း ပြည်သူကို ကြိုတင်အသိပေးမှု မရှိခြင်း၊ ဝေဖန်မှုများ ကိုလည်း ဆတ်ဆတ်ထိမခံ နှုတ်လှန်ထိုး တုံ့ပြန်ခြင်းတို့မှာ ဒီမိုကရေစီအစိုးရ (ဝါ) ပြည်သူ့အစိုးရ တစ်ခု၏ ဂုဏ်အင်္ဂါနှင့် ဖီလာပြုသကဲ့သို့ ရှိသည်။ တစ်နည်းဆိုရသော် လုပ်ရမည့်အလုပ်ကို လုပ်ခြင်း ဖြစ်သော်လည်း လုပ်ပုံလုပ်နည်းမှာ ယခင် စနစ်ဟောင်းက ပုံစံအဟောင်းအတိုင်း ပြည်သူလူထုကို အလေးမထားသည့် သဘော သက်ရောက်သည်။ ပိုဆိုးသည်မှာ ဓာတ်အားခကို အရှုံးခံ ဖြန့်ဖြူးပေးနေသော အစိုးရကို ကျေးဇူးမတင် သည့်အပြင် အပြစ်မြင်ရကောင်းလား ဆိုသည့် ရှုထောင့် မျိုးမှ ပြန်လှန် ချေပထားခြင်း ဖြစ်သည်။

ဆရာဝန်ဖြစ်သူ၏ တာဝန်မှာ ဆေးကုရမည်ဖြစ်သည်။ ကျောင်းဆရာ၏ တာဝန်မှာ စာသင်ရမည် ဖြစ်သည်။ အစိုးရအဖြစ် တာဝန်ယူလျှင် အစိုးရ၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်သည်။ အစိုးရဖြစ်လာလျှင် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေး ရမည့်တာဝန် ရှိသည်။ ထိုသို့ ထမ်းဆောင် ဖြည့်ဆည်းပေးသော အစိုးရတစ်ရပ်ကို ပြည်သူလူထုက အသိအမှတ် ပြုမည်သာ ဖြစ်သည်။ ကျေးဇူးတင်ခြင်း၊ မတင်ခြင်းသည် ပြည်သူလူထု တစ်ဦးချင်းစီ၏ ဆန္ဒသဘောထား အတိုင်းသာ ဖြစ်သည်။ ပြည်သူလူထုကို အလေးထား လေးစားကာ ဦးထိပ်ထားသော အစိုးရတို့မည်သည် အချိန်မရွေး ပွင့်လင်းမြင်သာမှု ရှိသည်။ ရိုးသားဖြောင့်မတ်မှု ရှိသည်။ ထိုအခါ ပြည်သူလူထု ကလည်း ပြည်သူ့အစိုးရ အဖြစ် အသိအမှတ်ပြု လေးစားမည်သာ ဖြစ်သည်။

http://thevoicemyanmar.com/voice/%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%9e%e1%80%b0%e1%82%94%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%86%e1%80%ad%e1%80%af%e1%80%9e%e1%80%8a%e1%80%b9%e1%80%99%e1%80%bd%e1%80%ac/

ရွာသူရွာသားများ အတွက် အမြင်ကျယ်ကျယ် ရှု့ထောင့်အမျိုးမျိုးဖြင့်မြင်တတ်စေရန် တင်ပြပေးခြင်း
ဖြစ်ပါသည်။

3 comments

  • Khant Khant

    November 8, 2013 at 9:55 am

    ရန်ကုန်မြို့အတွင်း လျှပ်စစ်မီတာခ ပုံမှန်ပြန်ဖြစ် စေရေးအတွက် ဖယောင်းတိုင်မီး ကိုင်ဆောင်ကာ လမ်းလျှောက်ပြီး ဒုတိယအကြိမ် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဒုတိယအကြိမ်မြောက် လမ်းလျှောက်ဆန္ဒပြမှုကို ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့နှင့် Generation Youth အဖွဲ့တို့မှ ဦးဆောင်ကာ နိုဝင်ဘာ ရ ရက် ညနေ ၆ နာရီခွဲခန့်တွင် မြေနီကုန်း မီးပွိုင့်အနီးမှ စတင်လမ်းလျှောက် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ် တို့ကိုဖြတ်ကာ အလုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး ရုံးအထိ ဖယောင်းတိုင်မီး ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ပြခဲ့ကြခြင်းဖြစ်သည်။

    အဆိုပါ ဆန္ဒပြမှုနှင့် ပတ်သက်၍ ဆန္ဒပြမှုထဲတွင် ပါဝင်သော ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုမှ ဦးသန်းဆွေက ”ဒီလို မီတာခကို တိုးမြှင့်ကောက်ခံတာဟာ မြစ်ဆုံစီမံကိန်းကို အကောင်အထည် ပြန်ဖော်ဖို့ စီစဉ်တာလို့ မြင်တယ်။ မီတာခဟာ တစ်ကျပ်တက်ရင် ကုန်ထုတ်စက်ရုံ တွေကလည်း လျှပ်စစ်မီတာခကြောင့် ကုန်ပစ္စည်း ဈေးနှုန်းတွေ တစ်ကျပ်တက်မယ်။ ၁ဝ ကျပ်တက်ရင် ၁ဝ ကျပ်တက်မယ်။ အဲဒါကြောင့် ပြည်သူတွေ ခံစားရမယ့် ဆင်းရဲဒုက္ခတွေကို ကြိုတွေးရင် မီတာခကို ပုံမှန်အတိုင်း ပြန်လည်သတ်မှတ်ဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

    ထိုသို့ လမ်းလျှောက် ဆန္ဒပြရာ၌ ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ”လျှပ်စစ်မီတာခ လျှော့ချရေး ဒို့အရေး၊ ဒို့အရေး” ဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး လမ်းလျှောက် ဆန္ဒပြခဲ့သည့် အထဲတွင် လိုက်ပါဆန္ဒပြခဲ့သည့် ပြည်သူများကလည်း လျှပ်စစ်မီတာခ တိုးမြှင့်လိုက်သည့် အတွက် ခံစားကြုံတွေ့ရမည့် ဆင်းရဲဒုက္ခများကို ရင်ဖွင့်ပြောကြား ခဲ့ကြကြောင်း သိရသည်။

    ”ကျွန်မပြည်သူ တစ်ယောက်ပါ။ ကျွန်မကို ဘယ်အဖွဲ့အစည်းကမှ ခိုင်းစေလိုက်တာ မဟုတ်ပါဘူး။ ကျွန်မတစ်နေ့ရတဲ့ငွေက ကျပ် ၄၀၀ဝ လောက်ပဲ ရပါတယ်။ ဒီလိုမီတာခတွေ တိုးလာတော့ ရှာတဲ့ငွေထဲက ပိုသုံးရတော့မယ်။ မတတ်နိုင်ပါဘူး။ ကျွန်မတို့လို ဆင်းရဲတဲ့သူတွေ အများကြီး ရှိပါသေးတယ်။ ချမ်းသာတဲ့ သူတွေက နည်းနည်းပါ။ ကျွန်မလုပ်တာက အကျႌချုပ်တာပါ။ ကျွန်မယောက်ျား လေးတွေနဲ့ တန်းတူလုပ်နေ ရပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ရင်ထဲကလာတဲ့ ခံစားချက်တွေကို လာရောက် ထုတ်ဖော်တာပါ” ဟု ဆန္ဒပြမှုတွင် လိုက်ပါသူ ပြည်သူတစ်ဦး ဖြစ်သည့် မသင်းမြတ်မြတ်စိုးက ပြောကြားခဲ့သည်။
    ယင်းနောက် ဆန္ဒပြသည့် အထဲတွင် ပါဝင်သည့်သူ တစ်ဦးက ယခုလိုဆန္ဒပြပြီး မီတာခလျော့ချရေး တောင်းဆိုခြင်းသည် ပြည်သူ့ဆန္ဒအတိုင်း တောင်းခံခြင်းသည် ပြည်သူတွေ၏ ဆန္ဒအား ကိုယ်စားပြုခြင်း ဟုတ်၊ မဟုတ် မေးမြန်းခဲ့ပြီး အနီးပတ်ဝန်းကျင် ရပ်ကွက်များရှိ ပြည်သူများက ဟုတ်ပါသည်ဟု တစ်ညီတစ်ညွတ်တည်း ကြွေးကြော်ခဲ့ကြ ကြောင်းလည်း သိရသည်။

    ထို့အပြင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့်က ”အခုလို မီတာခကို ချက်ချင်းကြီး တိုးမြှင့်လိုက်တာဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီပါဘူး။ အမှန်ဆိုရင် ပြည်သူ့တွေရဲ့ ဆန္ဒကို မေးမြန်းခံယူပြီးမှ လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်တာကမှ ဒီမိုကရေစီ စနစ်ပါ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကိုလည်း ပြည်သူကပဲ ရွေးကောက်တင်မြှောက် ထားတာပါ။ အဲဒီ ကိုယ်စားလှယ် တွေထဲမှာ ပြည်သူတွေဘက်က ရပ်တည်ပေးတဲ့ ကိုယ်စားလှယ်တွေကို လက်ချိုးရေလို့တောင် ရပါတယ်။ မီတာခတက်လို့ ဖြစ်လာမယ့် ပြည်သူတွေရဲ့ ဒုက္ခတွေကို ပြည်သူ့လွှတ်တော်က မျက်ကွယ် မပြုသင့်ပါဘူး။ အခုကို မီတာခတက်လို့ ကျွန်တော်တို့ ပြည်သူတွေတောင် မကပါဘူး။ လစာ နှစ်ပဲ တစ်ပြားရတဲ့ အစိုးရအခြေခံ ဝန်ထမ်းတွေဆိုရင်လဲ ဒီထက်ပိုပြီး ဆင်းရဲတွင်း နက်မှုတွေ ကိုကြုံတွေ့ရမှာပါပဲ” ဟု ပြောသည်။

    ထိုသို့ဆန္ဒပြမှုမှာ မြေနီကုန်းမှ စတင်လမ်းလျှောက်စဉ် လူအင်အား ၄ဝ ကျော်ခန့်သာရှိပြီး လမ်းတစ်လျှောက် ပြည်သူများမှလည်း ထပ်မံလိုက်ပါ လမ်းလျှောက် ဆန္ဒပြခဲ့ကြရာ အလုံလျှပ်စစ် ဓာတ်အားပေးရေး ရုံးရှေ့အရောက်တွင် လူအင်အား ၁၅ဝ ကျော်ခန့်အထိ ဖြစ်သွားခဲ့ကြောင်း သိရသည်။

    အလုံမြို့နယ် လျှပ်စစ်ဓာတ်အား ပေးရေးဌာနမှ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်၏ အင်တာနက်ပေါ်တွင် ပြောကြားခဲ့သည့် ပြောကြားချက်နှင့် ပတ်သက်၍ ”အင်တာနက်ပေါ်မှာ သူရေးထားတာက ကျွန်တော်တို့တွေက ပြည်သူကို ကိုယ်စားပြုတဲ့သူတွေ မဟုတ်ဘူး။ ပြည်သူကို ကိုယ်စားပြုတဲ့ သူတွေဆိုရင် သူ့အနေနဲ့ ဦးညွတ်ကန်တော့ လိုက်မယ်လို့ ပြောပါတယ်။ ဒီလိုပြောတာဟာ မနေ့က ဆန္ဒပြတဲ့သူတွေကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်လည်း ပြည်သူတစ်ယောက်ပဲ။ ကျွန်တော်တို့ အခက်အခဲရှိလို့ တောင်းဆိုလို့လည်း ကျွန်တော်တို့ပဲ ပြေလည်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တောင်းဆိုလို့ ပြေလည်သွားမယ်ဆို တစ်တိုင်းပြည်လုံး ပြေလည်သွားမှာပါ။ ကျွန်တော်တို့က ပြည်သူကိုကိုယ်စားပြုခြင် းဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တွေ မဟုတ်ဘူးလို့ မရှက်မရွံ့ ပြောခြင်းဟာ၊ ဒါဟာပြည်သူ တစ်ရပ်လုံးကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဦးအောင်ခိုင်အနေနဲ့ ပြည်သူတွေအပေါ် ပြောတဲ့စကားကို သူကိုယ်တိုင် ရုတ်သိမ်းပေးပါ။ ကျွန်တော်တို့ကို ရှိခိုးစရာ မလိုပါဘူး။ လူကြီးလူကောင်းဆန်စွာ ပြောဆိုဆက်ဆံပေးပါ။ တိုင်းပြည်မှာ ကြည်ညိုခံလောက်တဲ့ လူတစ်ယောက်၊ အာဏာရှိသော လူတစ်ယောက်ဆိုရင် စကားကို လက်လွတ်စပယ် မပြောပါနဲ့။ သူအဲလိုပြောခြင်းဟာ တိုင်းပြည်သိက္ခာ ဘယ်လောက် ကျမလဲဆိုတာ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်” ဟု Generation Youth မှ ကိုတင်ထွဋ်ပိုင်က ပြောကြားခဲ့သည်။

    ထို့အပြင် နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီခန့်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလ အိမ်ရာအနီးမှ စတင်စုဝေးပြီး ဆက်လက်ဆန္ဒ ပြသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

  • Khant Khant

    November 8, 2013 at 10:01 am

    လျှပ်စစ်ဓာတ်အားဈေးနှုန်း တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လျှော့ပေးရန် အရေးကြီး အဆိုကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။

    နိုဝင်ဘာ ရ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ”လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများ မြှင့်တက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများသည် ယနေ့ဆွေးနွေးနေသည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ အမေရိကန်ဒေါ်လာ သန်း ၆ဝ ချေးယူမည့် ကိစ္စများနှင့် မသက်ဆိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထားများ မြင့်တက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြန်လည်လျှော့ချပေးရန် လိုအပ်သည်ဟု ယုံကြည်ချက် ရှိပါက သီးခြားအဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းရန်လိုကြောင်း” ဟု ပြောကြားသည်။
    လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ တာတွေအပေါ် ပြည်သူလူထုရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည် လျှော့ချပေးဖို့ ဖြစ်ပါတယ်။ ဥပမာ မီတာခ တစ်ယူနစ် ၃၅ ကျပ်နှုန်းက ယူနစ် ၁၀ဝ အထိ သတ်မှတ်တယ်ဆိုရင်…

    ၎င်းအရေးကြီး အဆိုအား မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က တင်သွင်းမည်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒအရ တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဦးအေးမောက်က ဆိုသည်။

    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ”လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ တာတွေအပေါ် ပြည်သူလူထုရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည် လျှော့ချပေးဖို့ ဖြစ်ပါတယ်။ ဥပမာ မီတာခ တစ်ယူနစ် ၃၅ ကျပ်နှုန်းက ယူနစ် ၁၀ဝ အထိ သတ်မှတ်တယ်ဆိုရင် အခုအဆိုအရ ယူနစ် ၂၀ဝ အထိ ပြောင်းလဲသတ်မှတ်ပေးဖို့၊ ဈေးနှုန်းလျှော့ချပေးဖို့၊ နိုင်ငံတကာလို စနစ်တွေပြောင်းဖို့ တင်ပြသွားမှာပါ။ နိုင်ငံတကာမှာက ဇိမ်ခံတဲ့ လုပ်ငန်းတွေဆို တစ်မျိုးယူတယ်။ SME လို Primary Production လုပ်တဲ့ သူတွေကျတော့ လျှော့ယူပေါ့။ အဲလိုမျိုးတွေပါမယ်။ နောက်လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေကို ပြည်နယ်နဲ့တိုင်း Average နှုန်းထားအတိုင်း ခံစားနိုင်စေဖို့အဆို တင်သွင်းသွားမှာပါ” ဟု ပြောကြားသည်။
    လွှတ်တော်သို့ တင်သွင်းသည့် အဆိုကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုကြောင်း ဆုံးဖြတ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

    လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုများနေပါက ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားနိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားများ အလေအလွင့် မဖြစ်ရေးကို အာရုံစိုက် လုပ်ဆောင်ပြီးမှသာ လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို အလျှော့အတင်း ပြုလုပ်သင့်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပြောကြားသည်။

  • Khant Khant

    November 8, 2013 at 10:04 am

    အများပြည်သူသို့ အချိန်လုံလောက်စွာ ကြိုတင်အသိပေးခြင်း၊ ရှင်းလင်းပြခြင်း၊ ပြည်သူ့ဆန္ဒအား မေးမြန်းလေ့လာခြင်း၊ လွှတ်တော်သို့ တင်ပြခြင်း မရှိဘဲ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အောက်တိုဘာ ၂၉ ရက်တွင် မီတာခများအား ရုတ်တရက်တိုး မြှင့်လိုက်သည်။

    တိုးမြှင့်ပြီး နောက်တွင်လည်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်က ”ဒီဈေးနှုန်းက အခြေခံ ပြည်သူလူထုအတွက် ထိခိုက်မှု မဖြစ်နိုင်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ၉၉ ရာခိုင်နှုန်းကျော်ဟာ ဒီတိုးမြှင့်လိုက်တဲ့ ဓာတ်အားခအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။ အဓိက ထိခိုက်မှာက ဝ ဒသမ ၃၉ ရာခိုင်နှုန်း ရှိတဲ့ စက်မှုလုပ်ငန်းရှင်၊ စီးပွားရေး လုပ်ငန်းရှင် ၄၀၀ဝ နီးပါး လောက်ကိုပဲ ထိခိုက်မှာပါ” ဟူ၍လည်းကောင်း၊ ”မီးမရတဲ့ ပြည်သူ ၇ဝ ရာခိုင်နှုန်းကို မီးပေးဖို့ ကုန်ကျစရိတ်လိုတယ်။ မီတာခတက်လို့ ဆန္ဒပြမယ်ဆိုတဲ့ လူတွေကို မေးချင်တာက သူတို့ဘယ်သူ့ကို ကိုယ်စားပြုပြီး ဆန္ဒပြတာလဲ ဆိုတာပဲ” ဟူ၍လည်းကောင်း ပြည်သူမခံ မရပ်နိုင်မည့် စကားအချို့ကို ထပ်မံပြောကြား ခဲ့ပြန်သည်။

    လျှပ်စစ်ဓာတ်အားခကို အိမ်သုံးဆိုပါက ၁၀ဝ ယူနစ်အထိ သုံးသူများ တစ်ယူနစ် ၃၅ ကျပ်၊ ၁၀၁ ယူနစ် အထက်သုံးသူများ တစ်ယူနစ် ၅ဝ ကျပ်၊ စီးပွားရေး လုပ်ငန်းများအား ယူနစ် ၅၀၀ဝ အထိ သုံးစွဲသူများအား တစ်ယူနစ် ၁၀ဝ ကျပ်၊ ယူနစ် ၅၀၀၁ အထက် သုံးစွဲသူများအား တစ်ယူနစ် ၁၅ဝ ကျပ်အထိ တိုးမြှင့်လိုက်သည်။

    ထိုသို့တိုးမြှင့် လိုက်သည့်အတွက် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အသေးစား အလတ်စား လုပ်ငန်းများ ထိခိုက်ခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ကာ ကျပ်တည်းနေသည့် ပြည်သူအပေါ်ပို၍ ဝန်ပိစေခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ယင်းသို့သက်ရောက်ခြင်း မရှိစေရန် လျှပ်စစ်ဓာတ်အားခ ပြန်လည်လျှော့ချရေးအတွက် ဆန္ဒပြမှုများကိုလည်း ဆက်တိုက်ပြုလုပ် လာခဲ့သည်။

    နိုဝင်ဘာ ၆ ရက်နှင့် ရ ရက်များတွင် လျှပ်စစ်ဓာတ်အားခ ပြန်လည်လျော့ချပေးရေး အတွက်ရန်ကုန်မြို့တွင် လူထုဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ် လာခြင်းဖြစ်ပြီး လျော့ချပေးမှု မပြုမခြင်း ပြည်သူများဆန္ဒအရ ဆက်လက် ဆန္ဒပြသွားကြမည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ညနေတွင်လည်း မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ထပ်မံဆန္ဒဖော်ထုတ် သွားကြဦးမည်ဟု ဆန္ဒပြနေသူများက ဆိုသည်။

    လက်ရှိ ဆန္ဒပြရသည့် အကြောင်းရင်းများမှာ ပြည်သူများ အနေဖြင့် နေမှုစားမှု စရိတ်များ မြင့်တက်ပြီး နေ့စဉ်ဝင်ငွေနှင့် မမျှခြင်းကြောင့် အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ တိုးမြှင့်ခြင်းဖြစ်ရာ နောက်ထပ်ကုန်ဈေးနှုန်း ထပ်မံကြီးမြင့်မည့် ဒဏ်ကိုပါထပ်မံ ခံစားရနိုင်ခြင်း၊ လစာနည်းပါးသည့် အစိုးရဝန်ထမ်းများ၊ တပ်မတော်သားများ သည်လည်း ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ပိုမိုခံစားရနိုင်ခြင်း၊ ဒီမိုကရေစီ အစိုးရဖြစ်သော်လည်းအများ ပြည်သူဆန္ဒအပေါ် လေးစားမှုမရှိခြင်း၊ အများပြည်သူဆန္ဒနှင့် ဆန္ဒဖော်ထုတ်မှုအပေါ် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်မှ လက်လွတ်စပယ် စကားများ ပြောကြားခဲ့ခြင်းတို့အပေါ် အခြေခံ၍ လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချပေးရေး ဆန္ဒပြခြင်းဟု ဆန္ဒပြသူများက ပြောကြားသည်။
    နေ့စဉ်ဝင်ငွေနှင့် မမျှခြင်းကြောင့် အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ တိုးမြှင့်ခြင်းဖြစ်ရာ နောက်ထပ်ကုန်ဈေးနှုန်း ထပ်မံကြီးမြင့်မည့် ဒဏ်ကိုပါထပ်မံ ခံစားရနိုင်ခြင်း၊ လစာနည်းပါးသည့် အစိုးရဝန်ထမ်းများ၊ တပ်မတော်သားများ သည်လည်း ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ပိုမိုခံစားရနိုင်ခြင်း၊ ဒီမိုကရေစီ အစိုးရဖြစ်သော်လည်း အများ ပြည်သူဆန္ဒအပေါ် လေးစားမှုမရှိခြင်း၊ အများပြည်သူဆန္ဒနှင့် ဆန္ဒဖော်ထုတ်မှုအပေါ် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်မှ လက်လွတ်စပယ် စကားများ ပြောကြားခဲ့ခြင်းတို့အပေါ်…

    နိုဝင်ဘာ ရ ရက်ညက ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ ရုံးရှေ့အထိ ဆန္ဒပြရာတွင်လည်း လမ်းတစ်လျှောက် နေထိုင်သူ အများပြည်သူတို့အား ဆန္ဒပြသူများမှ ဓာတ်အားခ လျော့ချရေးအတွက် မိမိတို့ ဆန္ဒပြမှုမှာ ဦးအောင်ခိုင် ပြောသကဲ့သို့ ဟုတ် မဟုတ်၊ အများပြည်သူများ၏ ဆန္ဒအတိုင်း ဟုတ်မဟုတ် မေးမြန်းခဲ့ကြရာ လာရောက်ကြည့်ရှုသည့် လမ်းတစ်လျှောက်နေထိုင်သူ ပြည်သူများမှ ဦးအောင်ခိုင် ပြောသကဲ့သို့ မဟုတ်ဘဲ ပြည်သူကိုယ်စားပြုကြောင်း၊ မီတာခ ပြန်လည် လျော့ချရေး ဆန္ဒမှာလည်း ပြည်သူတို့၏ ဆန္ဒဟုတ်မဟုတ် မေးမြန်းရာ ဟုတ်မှန်ကြောင်း ဆန္ဒပြသူများ ဘက်မှသာ ထောက်ခံပြောကြား ခဲ့ကြသည်။

    ယခုအခါ ဓာတ်အားခ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြည်သူတို့၏ ဆန္ဒဖော်ထုတ် နေမှုများအပြင် လွှတ်တော်သည်လည်း ထပ်မံပါဝင်လာပြီဖြစ်ပြီး အရေးကြီးအဆို တစ်ရပ်ကို တင်သွင်းကာ လွှတ်တော်၏ အတည်ပြုချက်ရယူ လုပ်ဆောင်သွားတော့မည် ဖြစ်သည်။

    လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် တောင်းခံခြင်းအပေါ် ပြည်သူလူထုဆန္ဒအရ ပြန်လျှော့ပေးရန် အရေးကြီး အဆိုကို နိုဝင်ဘာ ၈ ရက်(ယနေ့) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။

    နိုဝင်ဘာ ရ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ”လျှပ်စစ်ဓာတ်အားခ နှုန်းထားများ မြင့်တက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြန်လည် လျော့ချပေးရန် လိုအပ်သည်ဟု ယုံကြည်ချက် ရှိပါက သီးခြားအဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းရန်လိုကြောင်း” ဟု ပြောကြားသည်။

    ၎င်းအရေးကြီး အဆိုအား မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က တင်သွင်းမည်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒအရ တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဦးအေးမောက်က ဆိုသည်။

    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ”လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံတာ တွေအပေါ် ပြည်သူလူထု ရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါ တယ်။ လက်ရှိသတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည်လျှော့ချပေးဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

    လွှတ်တော်သို့ တင်သွင်းသည့် အဆိုကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုကြောင်း ဆုံးဖြတ်ပါက ပြည်ထောင်စု အစိုးရ အဖွဲ့အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်သည်။

    သဘာဝဓာတ်ငွေ့မှ အမေရိကန်ဒေါ်လာ ဘီလျံများစွာ၊ သတ္တုတွင်းထွက်များမှ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရရှိပြီး စာရင်းပေါ်တွင် ချမ်းသာနေသည့် မြန်မာနိုင်ငံ၌ အစိုးရသစ် သက်တမ်းအထိပင် အများပြည်သူ ချောင်လည်ခြင်း၊ စီးပွားရေး လုပ်ငန်းအများစု ထိုးတက်ခြင် းမရှိဘဲ လုပ်ပိုင်ခွင့်ရ လူတချို့သာ ထိုးတက်ပြီးရင်း ထိုးတက်နေခဲ့သည်။

    အများပြည်သူ နေမှုစားမှု စရိတ်နှင့် ဝင်ငွေမမျှတ၍ ခက်ခဲကျပ်တည်းနေသည့် အချိန်တွင် အခွင့်အရေးပေါင်း များစွာဖြင့် ကြီးပွားပြီးရင်း ကြီးပွားနေသည့် ခရိုနီများလက်သို့ ပုဂ္ဂလိက ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုပေးပြီးချိန်မှ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားခကို ရုတ်တရက် တိုးမြှင့်လိုက်ခြင်း အတွက ်ယခုအခါ ပြည်သူအပြင် လွှတ်တော်ပါ ပါဝင်လာပြီ ဖြစ်သည်။

    အများဆန္ဒကို အလေးထားရသည့် ဒီမိုကရေစီ အစိုးရဟုခေါ်သော လက်ရှိအစိုးရ အနေဖြင့် ဓာတ်အားခ ပြန်လည်လျော့ချမှု မပြုမချင်း ဆက်တိုက်ဆန္ဒ ဖော်ထုတ်သွားမည့် ပြည်သူတို့၏ ဆန္ဒအင်အားအပြင် လွှတ်တော်၏ အားကိုပါ ရင်ဆိုင်ရတော့မည်ဟု ဆိုရမည်သာဖြစ်သည်။

    ဆက်လက်တောင့်ခံခြင်း သို့တည်းမဟုတ် လိုက်လျောခြင်းမှာ အစိုးရ၏ အများပြည်သူနှင့် လွှတ်တော်အပေါ် ထားရှိသော သဘောဆန္ဒသာ ဖြစ်ပါတော့မည်။

Leave a Reply