ကျောပိုးအိတ်ကလေး လေးပါသည်-သော်ဇင်(လွိုင်ကော်)

တစ်စုံတစ်ခုကို တွေးတောနေပြီးတိတ်တဆိတ်ရင်ခုန်နေရခြင်းကို ကျွန်တော် ခံတွင်းတွေ့နေသည်။ အဖြေရလဒ်ကို ရင်ခုန်စွာစောင့်ဆိုင်းနေရခြင်းသည်ဆယ်တန်းစာမေးပွဲဖြေဆိုထားသလိုမျိုး ခံစားချက်နှင့်တူညီနေပြန်သည်။ ခု ခံစားချက်က လောလောလတ်လတ်လည်းဖြစ်နေပြန်သည်။ထိုကဲ့သို့သော ခံစားချက်များသည် ကျွန်တော့်ကျောတွင် ပိုးထားသော ကျောပိုးအိတ်ကလေးကဲ့သို့တစ်စ တစ်စ လေးလံလာလျှက်ရှိသည်။

 

 

(၁)

 

မနေ့က ရေးဖြေတစ်ခုရှိသဖြင့်နေ့လည်တစ်နာရီတွင်သွားရောက်ဖြေဆိုခဲ့ပါသည်။ ဖြေဆိုသည့်နေ့ရက်သည် ရုံးပိတ်ရက်ဖြစ်နေသည့်အတွက်ကံကောင်းသည်ဟု ကျွန်တော်တွေးသည်။ ခုခေတ်က လှေနံနှစ်ဘက်နင်းမှ တော်ကာကြမည် ခေတ်ဟု ကျွန်တော်ခုတလော မြင်သည်။ စိတ်တွေမတည်မငြိမ်ဖြစ်နေသည်ကလည်း ကြာပြီ။

 

တစ်နေ့တစ်နေ့ အလုပ်တွေလုပ်နေရင်းကကောင်းနိုးရာရာတွေကို တွေးသည်။တောသည်။ နောက် အင်တာနက်မှာ ရှာသည်။ ဖွေသည်။ တွေ့ပါသည်။သည်တော့ ကျွန်တော် တင်ခဲ့သည်။ နောက်ထပ် နားထဲ၊ မျက်စိထဲရောက်လာသမျှသော နေရာများဆီသို့လျှောက်လွှာတွေအထပ်ထပ် တင်ခဲ့သေးသည်။ ကျွန်တော် သည်လိုလုပ်နေခြင်းကို တချို့ကပြောသည်။

 

“မျောက်သစ်ကိုင်းကူးမလုပ်နဲ့“ဟုတစ်မျိုး၊ တချို့ကလည်း

 

“တောင်ကျောင်းလည်း မမီ၊ မြောက်ကျောင်းလည်းမမီ၊ အလည်မှာ ဆွမ်းငတ်နေမယ်နော်“ ဟု သတိပေးကြလေသည်။ သည်တွင် ကျွန်တော်ကလည်း ပြန်ပြောခဲ့ပါ၏။

 

“တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့ကိုယ့်လူ“

 

ထိုစကားကို အားရပါးရပြောဆိုလျှက်ကျွန်တော်နေ့တိုင်း လျှောက်လွှာတင်ထားသော အလုပ်များဆီမှာ မေးလ်များ အကြောင်းပြန်ခြင်းရှိမရှိဆိုတာကိုရုံးသို့ရောက်တိုင်း မေးလ်စစ်ဖြစ်နေခဲ့သည်။ အလုပ်တစ်ခုခုဆီကများ ကျွန်တော်ပို့ထားတော့CVများကို Reply ပြန်လုပ်လာမလားဆိုသည့် မျှော်လင့်ချက်သည် ရင်ခုန်စရာကောင်းလွန်းလှသည်။

 

အမှန်တော့ ကျွန်တော် အလုပ်ထပ်မရှာလည်းရပါသည်။ သို့သော် ယခုလက်ရှိအလုပ်သည် ကျွန်တော့်လိုတကိုယ်ရည်တကာယသမားအတွက် ကောင်းကောင်းရပ်တည်နိုင်ခြင်းမရှိနိုင်။ ထို့ကြောင့် နောက်ထပ်ထပ်ရှာရသည်။ သည်နေရာထက်ပိုကောင်းသည့် အလုပ်၊ နေရာ၊ လစာ၊ စသဖြင့် တစ်ခုထက်ပိုသော အရာများကိုမျှော်လင့်သည်။

လောကတွင် မက်မောတွယ်တာစရာတွေသည်လောက်များမည်မှန်း ကျွန်တော်ခုမှသိသည်။ တစ်နေ့ထက်တစ်နေ့ တင်းတိမ်ရောင့်ရဲခြင်းတွေကျွန်တော့်ထံတွင်ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးလာနေသည်။

 

သည်လိုနှင့် ကျွန်တော့်ထံတွင်မရှိသောအရာများကို ကျွန်တော် ပိုမိုရှာဖွေလာမိသည်။ ထိုသို့ရှာဖွေရင်း တစ်စုံတစ်ခုကိုတွေ့တိုင်းလည်းကျွန်တော် အသိထဲတွင် သိမ်းဆည်းထားခဲ့သည်ကများလာခဲ့သည်။

ထိုသိမ်းဆည်းခြင်းသည် ကျွန်တော်၏ဝါသနာဖြစ်သည်။ ရုံးသို့အသွားအပြန်နေ့စဉ်လုပ်နေသည့် ကျွန်တော်တွင် သွားလေရာပါတတ်သည့်ကျောပိုးအိတ်ကလေးတစ်လုံးရှိသည်။

 

ထို ကျောပိုးအိတ်ကလေးတစ်နေ့တစ်ခြား လေးလံလာသည်ကိုပင်ကျေနပ်နေခဲ့သည် ကျွန်တော့်စိတ်သည် မည်ကဲ့သို့နည်း ဟု တစ်ခါတစ်ရံ အဖြေရှာနေမိခဲ့သည်။သို့သော် ထိုအဖြေသည် ကျွန်တော်ကိုယ်တိုင် တွေ့ရှိပြီးသားအဖြေတစ်ခုလည်း ဖြစ်နေပြန်သည်။

 

 

 

 

(၂)

ကျောပိုးအိတ်ကလေးအတွင်း ပစ္စည်းပစ္စယများတစ်ခုထက်မက ပါပါသည်။ စာရေးကိရိယာကစလို့ ကွန်ပျူတာနှင့်ဆက်စပ်သုံးသည့် Stick ၊ CardReader၊ Earphone၊ SD Card၊ Software ခွေ စသဖြင့် အကုန်အစုံပါသည်။

 

နောက် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကလည်းပါသေး၏။သည့်ပြင် ဗလာစာအုပ်နှင့် Note မှတ်ရန်စာအုပ်သေးသေး တစ်အုပ် နှစ်အုပ်ခန့်ကလည်း ပါသေးသည်။ထိုအရာများအားလုံးသည် ကျွန်တော်လိုအပ်သည့်အချိန်တွင် အဆင်သင့်ရှိနေစေရန် ကျွန်တော်ကျောပိုးအိတ်အတွင်းသို့ထည့်ခဲ့ခြင်းဖြစ်သည်။ပြီးတော့ ရှုဆေး၊ ခေါင်းကပ်ပလာစာတာကအစ၊ လက်ကိုင်ပုဝါ ဖုန်းအဆုံး ကျွန်တော်သယ်ဆောင်ဖြစ်ခဲ့သည်ပစ္စည်းများ နေ့စဉ် ပါလာသည်။

 

တစ်ချိန်မဟုတ် တစ်ချိန်ချိန်တွင် အသုံးလိုနိုင်သည် ဟူသည့်စိတ်ဖြင့်နစ္စဓူဝ ယူဆောင်လာခဲ့သည်။ လိုအပ်သည့်နေ့မှာ ယူဆောင်လာလျှင်လည်းဖြစ်သည်။ ကျွန်တော့်ထံတွင်မရှိမဖြစ်လိုနေသည့်အရာများ တစ်ခုထက်မက ရှိနေသေးသည်။ အကယ်၍လိုအပ်၍သုံးခဲ့ပြီးသည့်တိုင်နောက်တဖန်ပြန်လည်လိုအပ်ခဲ့လျှင်ဆိုသည့်အတွေးဖြစ် ကျွန်တော် မပစ်ပယ်ခဲ့သော အရာဝတ္ထုတွေလည်းများသည်။

 

ကွန်ပျူတာထဲတွင်ရှိသော ဖိုင်မှန်သမျှကျွန်တော်မရှင်းခဲ့။ မည်သည့်ဆော့ဝဲလ်မှာ ကျွန်တော် Uninstall မလုပ်ခဲ့။ စက်တစ်ခုလုံးပြည့်ကျပ်လာသည့်တိုင် ထားသည်။ ထို့အတူ ကျွန်တော့် ဦးနှောက်တွင်လည်း မရှင်းထုတ်ခဲ့သောအတွေးများ မြောက်များစွာရှိနေသည်။ ထို့အပြင် ထပ်မံ အင်စတောလုပ်မည့် အတွေးများ ၊ လိုချင်တောင့်တမှုများစွာလည်းရှိနေသည်။ ထိုအပြင် မျှော်လင့်ချက်ကို ထပ်မံမွေးဖွားပြီး တစ်နေရာမှတစ်နေရာကို ကူးပြောင်းချင်စိတ်လည်းအဆမတန်ကြီးထွားလာနေပြန်သည်။

ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် ကော်ပီပြန်ပွားပြီး ဖိုင်အသစ်ထဲတွင် ကမာ္ဘအသစ် တည်ဆောက်ချင်နေခဲ့ခြင်းလည်းဖြစ်သည်။

 

ထို ဖိုင်အသစ်ထဲတွင် ဘဝတစ်ခုကို အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်းဖြင့် ခရီးစချင်သည်။ပြည့်ကျပ်နေခဲ့သော အတ္တများ၊ လောဘများ၊ မောဟများကို သည်ဘက် ဖိုင်လေးထဲတွင် မပါစေချင်။အသစ်တည်ဆောက်လိုက်သော ကမာ္ဘသစ်ဖြစ်သည်နှင့်အညီ ဖိုင်များထပ်လောင်း တည်ဆောက်နိုင်သည်။အကန့်အသတ်များနှင့် လောဘဖိုင်လေးများ၊ အတ္တဖိုင်လေးများ၊ ကိုဖွင့်နိုင်မည်။

 

 

လက်တွေ့ဘဝ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ရခြင်းများကဘဝကို အထာမကျ။ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကအစ

ပရမ်းပတာနိုင်ခြင်းများဖြင့် ကျွန်တော့်ဘဝကိုကျားကန်ခဲ့ရသည်။ ယခုလက်ရှိတွင်ပင် တစ်ခုလုပ်တိုင်း လုပ်တိုင်း နောက်တစ်ခုကို စမ်းလုပ်ချင်စိတ်များဖြင့်အနည်မကျသော ဘဝကို ဖန်တီးဖြစ်နေသေးသည်။

 

 

အလုပ်တစ်ခုရှိသည်။ သို့သော်နောက်ထက် ထပ်လျှောက်သည်။ အလုပ်လက်မဲ့သော သူများကို ကျွန်တော် ဝင်မလျှောက်ခြင်းဖြင့်နေရာတစ်ခုကို ကျွန်တော်မပေးဖြစ်ခဲ့။ တမင်သက်သက်ပိတ်ဆို့ကာဆီးခြင်းမပြုပါပဲ တင်းတိမ်ရောင့်ရဲခြင်းမဲ့နေသောစိတ်များဖြင့် နေရာဟူသော ကွက်လပ်လေးတစ်ခုကို အပိုင်စားလိုချင်စိတ်က ကြီးထွားနေသည်။ထို့ကြောင့် ကျွန်တော်ကိုယ်တိုင်ပင် ကျောပိုးအိတ်ကလေးဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြန်သည်။

 

 

 

(၃)

 

ကျွန်တော့် မေးလ်ထဲတွင်Reply Mail များနှင့် ယခု ရက်သတ္တပတ်သည် ပြည့်နေသည်။ တချို့မေးလ်များက စာမူရောက်ရှိကြောင်းမေးလ်များ။ တချို့မေးလ်များက စာမူရွေးချယ်ထားကြောင်းမေးလ်များ။ နောက် မေးလ်များကျပြန်တော့ကိုယ်ရေးအချက်အလက် ထပ်မံဖြည့်စွတ်ဖို့ပြောလာသည့် မေးလ်များ၊ Update လုပ်ရန်၊ Editeလုပ်ရန်စသဖြင့် မေးလ်များ ဝင်လာကြသည်။ သည်တွင် ကျွန်တော်က မေးလ်များကို ကော်ပီ လုပ်ပြီးStickတွေထဲ ထည့်သိမ်းသည်။ အမှန်တကယ်တွင်ဤမျှလောက်အထိမလို။ လိုခဲ့လျှင်ဆိုသည့်အတွေးသည်လက်ရှိ ဖြစ်တည်နေသေးသည်။

 

ကျွန်တော့် ကျောပိုးအိတ်လေးသည်လည်းနဂိုထက်ပိုလေးလာသည် ကိုသိနေသည်။ ကျောပိုးအိတ်ဇစ်ကိုဖွင့်ကြည့်ပြီး မလိုအပ်သည်များ အိမ်မှာချန်ရစ်ခဲ့ဖို့ တစ်မနက်က ကြိုးစားဖူးသည်။ ထိုကြိုးစားခဲ့သည့်စိတ်သည်ပင် ခဏတွင်းချင်းမှာပင်မအောင်မြင်ခဲ့။

သည်လိုနှင့် ကျွန်တော်မအောင်မြင်ခဲ့သောကိစ္စတော်တော်များများ ရှိခဲ့ပြီ။ လက်ရှိဖြစ်တည်နေသော ဘဝကို မြင့်ချင်နေသောစိတ်များ၊လိုချင်နေသောနေရာများ၊ စသဖြင့်မရှင်းနိုင်ခဲ့သော စိတ်အမှိုက်များ လည်း များနေခဲ့ပြီ။တစ်နေ့က ဖြေဆိုခဲ့သော အလုပ်ရေးဖြေတစ်ခုသည်ပင် မည်ကဲ့သို့ရလဒ်ရှိမည်မှန်း ကျွန်တော်သိချင်နေသေးသည်။

 

သည်တွင် လက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်နှင့်တွေ့သည်။စကားစပ်မိရင်းက သူလည်း ထိုအလုပ်ကိုဝင်ဖြေခဲ့သည်ဟု သိရသည်။ သူငယ်ချင်းသည် ထိုအလုပ်ကိုမရလည်းဖြစ်သည့်အနေအထားတွင်ရှိသည်။ ကျွန်တော်က

 

“မင်းဝင်ဖြေစရာလိုလို့လား“ဟုမေးတော့ သူငယ်ချင်းက ပြုံးသည်။

 

“မလိုတော့ မလိုဘူးပေါ့။ ငါ့အသိတစ်ယောက်ကဖောင်တင်ပေးတယ်။ ငါသွားဖြေလိုက်တယ်လေ။ အောင်တယ်လို့လည်းပြောတယ်။ ဒါပေမယ့်“

 

“ဒါပေမယ့် အဲဒီအလုပ်ကို မလုပ်ဘူးမလား“

 

“ဒါပေါ့ ငါ့အတွက် လိုမှမလိုတာ“

သူငယ်ချင်းရဲ့အဖြေက ကျွန်တော့်အရှိုက်ထိစေပါသည်။ အစကတည်း မလုပ်ဘူးဆိုလျှင် ထိုသူငယ်ချင်း အဘယ့်ကြောင့်ထို ရေးဖြေစာမေးပွဲကိုဝင်ဖြေခဲ့သနည်း။ ကျွန်တော့်ကရော ထိုအလုပ်ကို အမှန်တကယ် လုပ်မည်သူမို့ ဝင်ဖြေခဲ့ခြင်းလော။စိတ်သည် မပြတ်မသားရှိနေသည်။

 

ပြီးတော့ ကျွန်တော်အသစ်တည်ဆောက်ထားသောဖိုင်လေးထဲတွင် ကမာ္ဘသစ်သည် ကျောပိုးအိတ်ထဲက မလိုအပ်သော အရာများနှင့်ရော ကျွန်တော်မရှင်းထုတ်ဖြစ်ခဲ့သောအတွေးများ၊ စိတ်အမှိုက်များနှင့်ပါ ပြန်ပြည့်လာခဲ့ပြီဟု..။

 

 

သော်ဇင်(လွိုင်ကော်)

7 comments

  • KZ

    November 8, 2013 at 2:48 pm

    အင်းးးး
    ဖြစ်ဖူးပါတယ်။
    ကိုယ်ချင်းစာလည်းစာပါတယ်။

  • kyeemite

    November 8, 2013 at 4:09 pm

    ကျောပိုးအိတ်ကြီးသိပ်လေးနေတာတော့ မကောင်းဘူးနော..
    မလိုတာတွေလျှော့ပစ်ပါ..
    သူများသာပြောနေတာ..ကိုယ့်အိမ်မလဲ…
    ဟိုဟာလေးတစ်နေ့ အသုံးတဲ့နိုး…ဒီဟာလေးလည်း တစ်နေ့လိုလာနိုင်နိုး
    နဲ့ သိမ်ထားတာတွေများလာပြီး တစ်အိမ်လုံးပြည့်နေပြီ..
    သေချာပြန်စဉ်းစားတော့ တစ်ချို့ ပစစည်တွေဆို ကိုင်တောင်မကြည့်မိတာ
    သုံးလေးနှစ်မက….အင်း..ရှင်းပစ်အုံးမှပါလေ…. 🙁

  • မလိုတာတွေ cancel လုပ်ပစ်ရမှာ… အဲဒါမှ တကယ်လိုအပ်တဲ့အသစ်တွေ ထပ်ထည့်လို့ရမှာပေါ့..
    ပြတ်သားလိုက်ပါ… အဲဒါမှ တိုးတက်မှာ…
    (အဟိ..ခပ်တည်တည် ဆရာဝင်လုပ်သည်..)

    အတွေးလေးတွေပေးတတ်တဲ့ ကိုသော်ဇင်ရဲ့စာတွေကို အလွန်ကြိုက်ပါသည်…

    • နည်းနည်း ဆက်ပွားကြည့်ဦးမယ်.. နိုင်ငံနဲ့ချီပြောရင်လည်း အဲဒါတွေပါတယ်..
      လူမှန်..နေရာမှန် ပေါ့… အမှတ်များတယ်.ဆေးကျောင်းတက်တယ်.. ကျောင်းပြီးတော့ ဆရာဝန်မလုပ်ဘဲ စီးပွားရေးလောကထဲ ဝင်သွားတာတွေ အများကြီး.. တကယ်ဝါသနာပါတဲ့လူတွေ ပြုတ်ကျန်ခဲ့တယ်…ဆရာဝန်ကောင်းတွေ ဆုံးရှုံးတယ်..အင်ဂျင်နီယာလည်း ထိုနည်းလည်းကောင်း….

      ဆိုတော့ … ကိုယ့်အတွက် မလိုရင် တကယ်လိုတဲ့လူအတွက် ပေးဖို့ဆိုတာလေး.. တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်ထင့်.. 🙂

    • ဟုတ်ကဲ့ ဗျ…တစ်ခုထပ်ပိုလိုချင်နေမိတဲ့ အတွေးလေးကို ရေးလိုက်တာ အားပေးနေတယ်ဆိုတော့ ရေးရတာ အားရှိလိုတာဗျာ

  • alinsett

    November 8, 2013 at 6:02 pm

    ကိုသော်ဇင့် အတွေးနဲ့အရေးတွေကတော့
    ဥယျာဉ်မှုးကောင်းတစ်ယောက် လက်ထဲမှာဖူးပွင့်လာတဲ့ပန်းလေးတွေလိုပဲ
    လှပတင့်တယ် ရှုချင်စဖွယ်ချည်းပါပဲ

    အဆက်မပြတ် ဖတ်ရှုနေရလို ့
    ကျေနပ်အားရမိပါတယ်ဗျ

Leave a Reply