သမီးလေ.. ပို့စ်ရေးခဲ့ဖူးပါတယ်… ခရီးသွားလုပ်ငန်းထဲက S တစ်လုံး ဆိုတဲ့ ပို့စ်ထဲမှာ… လှည်းတန်းမီးပွိုင့်လမ်းဆုံမှာ လမ်းလယ်ခေါင်မှာ ကွေ့ကြောယူထားတဲ့ ကားကို အတင်းငှားပြီး ပါလာတဲ့ နိုင်ငံခြားသားကို အသည်းအသန် အရင်တက်ခိုင်းပြီး ပြာပြာသလဲ ကားငှားစီးတဲ့ အမျိုးသမီးအကြောင်း…. ဂရုစိုက်ကြပါ…. ဧည့်ဝတ်ကျေကြပါ.. စည်းကမ်းတော့ မဖောက်နဲ့ပေါ့… နိုင်ငံခြားသား မပါလာရင်တောင် နားလည်ပေးနိုင်သေးတယ်… အခုက နိုင်ငံခြားသားရှေ့မှာ ကိုယ်က ပိုဂရုစိုက်ပြီး စည်းကမ်းလိုက်နာပြရမှာကို… စည်းကမ်းဖောက်ပြနေလို့.. အသည်းနာတယ်…. (အာတီသဲ မဟုတ်ဝူးနော်..)

လမ်းပေါ်မှာ၊ အထူးသဖြင့် Tour sites တွေမှာ နိုင်ငံခြားသားတွေ အခွင့်ထူးခံနေကြတဲ့ ကိစ္စတွေ… သမီးတို့လည်း အသည်းနာပါတယ် အာတီသဲရယ်… ဒါပေမယ့် အဲ့ဒါ Tour Company တွေနဲ့တော့ မဆိုင်ဘူးလို့ ပြောရမယ်…

Tour Company ဆိုတာ ဧည့်သည်က ငါ မြန်မာနိုင်ငံကို လာလည်ချင်ပါတယ် ဆိုတဲ့ စာကို လက်ခံရရှိချိန်ကအစ နောက်ဆုံး departure ထွက်ပြီး ပြန်သွားတဲ့အထိ သူတို့ရဲ့ ကိစ္စအဝဝကို ခေါင်းပေါ်ရွက်ထားရတဲ့အထိ တာဝန်ကြီးတဲ့သူတွေပါ… သူတို့ သွားချင်တဲ့နေရာ၊ သူတို့ လိုချင်တဲ့ service၊ သူတို့ တတ်နိုင်တဲ့ ငွေပမာဏ စတဲ့ ဧည့်သည်ရဲ့ inquiry နဲ့ အခန်းပြည့်တွေကြားက booking ရမယ့်အခန်း၊ အမျိုးမျိုးပြောင်းနေတဲ့ flight တွေကြားက ခရီးစဉ်ရဲ့ Timing၊ လိုအပ်ချက်များနေတဲ့ guide availablity တွေကို ချိန်ပြီး အဆင်ပြေအောင် လုပ်ပေးရပါတယ်… ကဲ..ဟိုဘက် ဒီဘက် အဆင်ပြေပြီဆိုပါတော့… ငွေစကားက စပြောရရော.. ဟိုတယ်တွေက ပိုက်ဆံတောင်းပြီလေ… ငွေပေးမှ confirmation letter ကို ပို့တယ်… ငွေမပေးရသေးခင်အထိ Available ဆိုတာမျိုးပဲ ပေးပြီး အခန်းကို အချိန်မရွေးပြန်ဖျက်ပိုင်ခွင့်ရှိတယ်… ပေးပြီးသား စရံက အဆုံး… ပြန်မအမ်းဘူး… ဆိုတော့ ဧည့်သည်က confirm လို့ ပြောရုံရှိသေး.. သမီးတို့က ပိုက်ဆံလှမ်းတောင်းရပြီ… နင်ငွေလွှဲမှ ငါ booking status ပို့ပေးလို့ရမယ်.. မဟုတ်ရင် ဟိုတယ်တွေက confirm မပေးဘူးဆိုတာတွေ ပြောရရော… ကဲ.. ဟုတ်ပြီ .. ပိုက်ဆံလွှဲလိုက်ပြီ… မပြီးသေးပြန်ဘူး… flight time က တစ်ချိန်လုံးပြောင်း… မနက်အစောလေယာဉ်ကို မလိုချင်လို့ မနက် (၁၀) နာရီလေယာဉ်နဲ့တောင်းရင် schedule ထဲမှာ ရှိပေမယ့် အနားနီးရင်တော့ မနက်အစောချိန်ကို ပြောင်းသွားနိုင်ပါတယ်တဲ့.. မြန်မာနိုင်ငံကို လာလည်တဲ့သူတွေကို အင်မတန်သနားမိတယ်…

ဒီလိုနဲ့ ပိုက်ဆံတွေလည်း ပေးပြီးပြီ… အခန်းတွေလည်း ရပြီးပြီ… ဒါပေမယ့် မပြီးသေးဘူး.. အဲဒီ ဟိုတယ်တွေကို မကြာခဏဖုန်းဆက်ပြီး reconfirm လုပ်ရတယ်… အဲဒီနေ့ အဲဒီရက်မှာ တင်ထားတဲ့အခန်းလေး ရှိပါတယ်နော်.. reconfirm လုပ်တာပါနော်.. ဘာညာနဲ့…
ကြုံဖူးတယ်လေ.. booking လည်း တင်ထားတယ်… ပြန်စာလည်း ရထားတယ်.. ဒါပေမယ့် ဧည့်သည်က ညဘက်ကြီး လေယာဉ်ဆိုက်လို့ check-in ဝင်မှ အခန်းမရှိဘူး လုပ်တာမျိုးတွေ.. သူတို့က sorry တစ်လုံးတည်းနဲ့ ပြီးတယ်… တာဝန်ယူထားရတဲ့ Tour Company က ခေါင်းခြောက်ရော…. ဒီ ဧည့်သည်တွေ ခေါင်းပေါ်ရွက်ထားလို့လည်း မရ… ဂိုက်လား.. ဒါ ရုံးရဲ့ တာဝန်လေ… ရုံးလုပ်တာ.. သူလုပ်တာမဟုတ်.. သူ့မှာ တာဝန်မရှိ…. ဟိုတယ်ပြီးတော့.. လေယာဉ်.. သူတို့လည်း တစ်ချိန်လုံး reconfirm ပဲ.. မနက် (၆) နာရီ လေယာဉ်စီးမယ့် ခရီးသည်ကို ညနေလေယာဉ်ပြောင်းလိုက်တယ်ဆိုပြီး ညသန်းခေါင်မှ ခပ်တည်တည်ဖုန်းဆက်ပြောတဲ့ ခပ်ရိုင်းရိုင်းလူတွေလည်း ရှိသေး… ဘယ်အချိန် ဘာဖြစ်မယ်မှန်း မသိလို့ ဒီလိုအချိန်တွေဆို ရုံးတောင် မပိတ်ရဲဘဲ ပိတ်ရက်တွေမှာပါ ရုံးတက်နေရတဲ့အဖြစ်…. ဂိုက်လား.. လေယာဉ်ချိန်ပြောင်းတာ ဂိုက်နဲ့ မဆိုင်ဘူးလေ.. အဲဒါ ရုံးကလုပ်တာ… ရုံးနဲ့ရှင်း…

နောက်ဆုံး..နောက်ဆုံး… ခရီးစဉ်ဆုံးသွားလို့ ဧည့်သည်က departure ထွက်သွားပြီဆိုမှ ဟင်း ချနိုင်တာ..ဒါတောင် agent က လာတဲ့ ဧည့်သည်ဆိုရင် သူတို့ဆီပြန်ရောက်ရင် ဘာ complain တက်လို့ ဘယ်လိုပြန်ရှင်းရဦးမလဲဆိုတာ ပူရသေး…

လာပြီ.. ဂိုက်…. ဂိုက်လုပ်ရတာလည်း မလွယ်ပါဘူး.. direct service ကိုး… Company က ကဂျိုးကဂျောင် လုပ်ရင် ဧည့်သည်က သူ့ကို အရင် complain တက်တာလေ…. သူ့နေရာကလည်း မလွယ်ဘူး.. ဧည့်သည်က မနက်ဖြန် ရောက်တော့မယ် ဆိုရင် ဒီနေ့လို နေ့မျိုးမှာ ဂိုက်က ရုံးကို လာတယ်… ဟိုတယ်ဘောက်ချာ၊ လေယာဉ်လက်မှတ်၊ ခရီးစဉ် detail စတာ စတာတွေကို ပေးတယ်… ထူးခြားချက်တွေရှိရင် ပြောပြတယ်… နောက်နေ့ ဧည့်သည် စရောက်တဲ့အချိန်က စလို့ … ဧည့်သည် ပြန်သွားတဲ့အထိက ဂိုက်က ရုံးရဲ့ တာဝန်ခံပဲ… ရုံးက ဘယ်သူကမှလည်း ဧည့်သည်လည်တဲ့နောက်ကို မလိုက်ကြဘူး… ဘယ်နေရာကို အရင်လည်ပြီး ဘယ်ကို နောက်မှလည်တယ်.. ဘယ်နေရာမှာ ကားရပ်တယ်… ဘယ်နေရာမှာ ဘာလုပ်တယ် ဆိုတာကတော့ ဂိုက်ရဲ့ အာဘော်တွေ… ကားသမားတောင် ဂိုက်ပြောတာ လုပ်ရတာ… ကြောက်ရတယ် အာတီသဲရဲ့.. သမီးတို့လည်း ကြောက်ရတယ်… ဒီအချိန် သူတို့က စင်ပေါ်ကလေ.. နင်တို့ ရုံးနဲ့ အလုပ်မလုပ်တော့ဘူးဆိုရင် ဂိုက်ရှားနေတဲ့အချိန်မှာ ပြောချင်တာတွေတောင် ပြန်မျိုချရတယ်… ဘာလို့လည်းဆိုတော့ ရုံးကို complain သလောက် ဧည့်သည်ကျ service အပြည့်ပေးတာလေ…

ရုံးက ဆွဲပေးတဲ့ ခရီးစဉ်က အဆင်မပြေဘူးတဲ့… အာတီသဲရယ်… ရုံးမှာ တစ်ချိန်လုံးထိုင်အလုပ်လုပ်နေတဲ့.. (ခရီးထွက်ဖို့တောင် အခြေအနေမပေးတဲ့) ရုံးက လူတွေက တစ်ချိန်လုံး ခရီးထွက်နေတဲ့ (တစ်နေရာတည်းကိုပဲ တစ်လမှာ နှစ်ခါလောက်ရောက်နေတဲ့) ဂိုက်တွေလောက် ခရီးလမ်းကြောင်းကို သိပါ့မလားလို့…. အဆင်မပြေရင်ပြောပါ…ပြင်ပေးပါမယ့်.. ဒါပေမယ့် အချိန်လေးတော့ မီပါစေပေါ့… ရုံးကိုလာတယ်.. program ကို ပေးတယ်… ဒါလေးတော့ အဆင်မပြေဘူး… ဒီလိုလေး ပြင်ရင်ကောင်းမယ်.. ပြောပါ… ချက်ချင်း အကြောင်းကြားပေးပါမယ်… ဧည့်သည်က ထွက်လာနေပြီဆိုရင်တောင် ရောက်ရောက်ချင်း ပြောပြပေးလို့ ရပါတယ်… ဧည့်သည်ဆိုတာမျိုးက ကြိုသိထားရင် လက်ခံပေးကြပါတယ်… ဒီလိုမှ မဟုတ်ရင်လည်း ကိုယ်က ဂိုက်ပဲ…. စကားလုံးဆိုတာ ကိုယ့်ပါးစပ်ထဲမှာ ရှိတာပါ… မြန်မာနိုင်ငံအကြောင်း၊ ဒီခရီးစဉ်အကြောင်းက ကိုယ်ပြောမှ သူသိရတာပါ… မဟုတ်ဘူး အာတီသဲရယ်.. နင်တို့က ဘယ်လိုလုပ်တာလဲ.. ဒီနေရာကို သွားလို့မရဘူးဆိုတာ မသိဘူးလား.. မသိဘဲနဲ့ ဘယ်လိုရောင်းနေကြလဲ.. ဘာညာနဲ့.. ဘုရားစူးပါရစေရဲ့… ပြန်ပြောချင်တာ ပါးစပ်ကို ယားနေတာပဲ..မျိုချထားရတယ်… သူတို့က ဧည့်သည်နဲ့တွေ့တဲ့ ရက်ကလေးပဲ ခေါင်းပူရတာပါ.. သမီးတို့က မလာခင် ဟိုး ပဝေသဏီကတည်းက ရောက်လာပြီးလို့ ပြန်သွားတဲ့အချိန်အထိ ဗြဟ္မာဥိးခေါင်းကြီးကို ထမ်းထားရတဲ့အဖြစ်…ကျားပေါက်သီချင်း ဆိုလိုက်ချင်တယ်.. နားလည်ကြပါ ~ နားလည်ကြပါ…

အာတီသဲရေ..အလုပ်လုပ်နေရင်း ဒီစာကိုရေးလိုက်တာ.. ဒီလောက်နဲ့ ရပ်လိုက်ဦးမယ်… လမ်းပေါ်က နိုင်ငံခြားသားတွေ လုပ်ချင်တာတွေလုပ်နေတာ Tour Company နဲ့ မဆိုင်ဘူးဆိုတာလေး..နားလည်ပေးပါနော်.. သိချင်ရင် ထပ်မေး.. ကွန်မန့်ထဲမှာ ဖြေပေးမယ်…

**ဟီး..အာတီသဲကို တိုင်တည်ပြီးရေးလိုက်တာ… လေသံမာသွားရင် အာတီသဲကို ပေါဒါ ဟုတ်ဝူးနော်… ရေးနေရင်းနဲ့ ကြုံခဲ့တဲ့အဖြစ်တွေကို ပြန်တွေးမိပြီး ဒေါသသံပါသွားတာ… မွမွ..အာတီသဲ… :)

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 162 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010