သံပေါက်ရာ-သော်ဇင်(လွိုင်ကော်)

သံပေါက်ရာ

နံရံထက်တွင် နစ်ဝင်နေသော နောက်ဆုံး သံချွန်ကို နုတ်ယူလိုက်သည်တွင် ရင်ထဲပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ထိုနောက်ဆုံးသော သံချွန်ကိုနုတ်စဉ်ခဏ ကျွန်တော့် အသက်ကိုပြန်စမ်းစစ်မိတော့ နှစ်များသည် ကြာညောင်းစွာ ကုန်လွန်ခဲ့လေပြီ။

(က)

ပျဉ်ချပ်ပေါ်ရှိ အပေါက်ရာလေးများက ချိုင့်ခွက်ကလေးတွေနှင့်မို့ မျက်နာပြင်သည် ညီညာခြင်းမရှိ။ နဂိုက သည် ပျဉ်ချပ်သည် ပြင်ညီသည်ဟု ဖေဖေပြောသည်။ ထိုသည်က ကျန်ခဲ့ပြီးသော အတိတ်ကာလတစ်ခုဆီက ဖြစ်သည်။ ထိုညီညာနေခဲ့ပါသော ပျဉ်တစ်ချက်ကို ဖေဖေ အိမ်သို့ယူလာသည့်အချိန်ကို မေမေလည်း အတိအကျမသိ။ တစ်ခုသော ကျောင်းဆင်းညနေခင်းအချိန်တွင် ကျွန်တော်အိမ်သို့အဝင် အိမ်၏ တံခါးမကြီးနဘေးတွင် ထိုပျဉ်ချပ်ကို ထောင်လျှက်အနေအထားနှင့် စတွေ့ခြင်းဖြစ်သည်။ ကျောင်းစိမ်းဝတ်စုံကိုလဲပြီး အိမ်ပြင်ပြန်ထွက်မည်အပြု ဖေဖေကို ထိုပျဉ်ချပ်ဘေးနားတွင် တွေ့ရသည်။ ကျွန်တော်တစ်ချက်ကြည့်ပြီး အိမ်ကထွက်မည်အပြု မေမေက လှမ်းပြောသည်။

“ သား ညမိုးချုပ်အောင် မဆော့နဲ့။ “ ဟု။ ကျွန်တော် မေမေ့စကား ခေါင်းမငြိမ့် ခေါင်းမခါပဲ အိမ်ကထွက်ခဲ့သည်။ ထိုနေ့က ကျွန်တော်အိမ်သို့ မေမေပြောသည့်အချိန်ထက်များစွာ နောက်ကျပြီးမှရောက်သည်။ ပြီးတော့ ပြဿနာတစ်ခုကိုလည်း အိမ်သို့သယ်ဆောင်သွားခဲ့သည်။

ထိုပြဿနာကြောင့် ဖေဖေမျက်နာပြင်တစ်ခုလုံးမည်းမှောင်သွားခဲ့ပြီး ဘယ်အချိန်က အိမ်နံရံတွင် ဘောင်သွင်းချိတ်ထားလိုက်မှန်းမသိသော ပျဉ်ချပ်ပေါ်တွင် ဖေဖေ တစ်လက်မခွဲ အရွယ် သံတစ်ချောင်းကို ရိုက်သွင်းလိုက်သည်။ သည်တွင် ကျောင်းဆရာမတစ်ယောက်ဖြစ်သောမေမေသည် မျက်နာမကောင်းချေ။

ထိုနေ့ညက ဖေဖေ ကျွန်တော်ကို မဆူခဲ့သလို မေမေလည်း မဆူခဲ့။ ထိုသည်ကို ကျွန်တော် ဘဝင်မကျခဲ့သလိုခံစားလိုက်ရသည်။ ဖေဖေနှင့်မေမေ ဘာကြောင့် ကျွန်တော့်ကို မဆူပါသလဲ…..။

(ခ)

ကြက်ခြံပိုင်ရှင် ဦးထွန်းလူက ကျေအေးလိုက်သည်ဟု မေမေကပြောနေသည်။ အခန်းထဲမှာ ကျောင်းစာကိုမလုပ်ချင် လုပ်ချင်ဖြင့် စိတ်တို့ပျံ့လွှင့်နေသော ကျွန်တော်သည် မေမေနှင့်ဖေဖေပြောနေသော စကားများကို ကောင်းကောင်းကြီးကြားနေရသည်။

“လူငယ်တွေမို့ အပျော်သဘောလုပ်ကြတယ်ထင်ပါတယ်လို့ မေကြီးက ကိုထွန်းလူကို ဘယ်လောက်ပြောပြော၊ မေကြီးရဲ့သားက ကြံရာပါဆိုတာတော့ ငြင်းမရဘူး။ ဟိုကလေးတွေက နဂိုကလက်စ လက်နရှိတဲ့ကလေးတွေ။ မေကြီးသား ကြာရင် သူခိုးလုံးလုံးဖြစ်လာလိမ့်မယ်“

“ဖေကြီးကလည်း သားက ငယ်သေးလို့မသိလို့နေပါလိမ့်မယ်။ မေကြီးဆုံးမပါ့မယ်။“

အသံတွေတိတ်သွားသည်။ စာကြည့်နေရင်းကနေ အခန်းခန်းဆီးလိုက်ကာကို ဆွဲမပြီးကြည့်တော့ မေမေက ဆက်တီမှာထိုင်လျှက်လေး။ ဖေဖေကိုကြည့်တော့ တူတစ်လက်ကိုင်လျှက် အိမ်နံရံက ပျဉ်ချပ်ကြီးနားမှာ မတ်တပ်ရပ်နေသည်ကို မြင်ရသည်။ ဒုန်းခနဲ ရိုက်သွင်းလိုက်သော သံရိုက်သံသည် ည ခုနှစ်နာရီခန့်တွင်ပင် ကျယ်လောင်လွန်းလှသည်။

ကျွန်တော် ထိုပျဉ်ချပ်ကိုကြည့်နေလိုက်သည်မှာ အကြာကြီး။ အိမ်နံရံတွင်ဘောင်သွင်းချိတ်ဆွဲထားသော ထိုပျဉ်ချပ်ကြီးပေါ်တွင် သံချွန်ကလေးတွေ တဖြည်းဖြည်းများလာနေသည်။ ကျွန်တော်ကလည်း တဖြည်းဖြည်း အပြစ်တွေတစ်ခုပြီးတစ်ခု လုပ်လာခဲ့သည်မှာများပြီ။

လိမ်လည်ခြင်းဆိုသည် ဝေါဟာရကို ကျွန်တော်ကောင်းကောင်းကြီးနားလည် သဘောပေါက်အသုံးပြုနေချိန်တွင် သံချွန်ကလေးများ စီရရီဖြင့် များလာခဲ့သည်ကိုလည်း သတိထာမိခဲ့ပါသည်။

(ဂ)

ကျွန်တော့်ဘယ်ဘက်လက်ကြားတွင် ဆေးလိပ်ကလေးညှပ်ထားသည်ကို ဖေဖေတွေ့သည့်နေ့က ဖေဖေ့မျက်ဝန်းတွေကို ကျွန်တော် သတိထားမိသည်။ ထိုစဉ်က ကျွန်တော့်အသက်မှာ ဆယ့်ခြောက်နှစ်။ နိုင်ငံခြားရုပ်ရှင်တွေထဲက မင်းသားများ စီးကရက်ခဲပုံကို ကျွန်တော်စွဲလမ်းသည်။ ဆေးလိပ်ကလေးတစ်လိပ်ကို လက်ကြားညှပ်ပြီး လမ်းသလားနေသော ကျွန်တော့်ထက်အသက်ကြီးသော အစ်ကိုကြီးများကို အားကျသည်။ သို့နှင့် ဆေးလိပ်ကို စမ်းသောက်နေတတ်ခဲ့သည်။ ကျောင်းချိန်တွင် ကျောင်းအုတ်တံတိုင်းကိုကျော်တက်ပြီး မျက်နာချင်းဆိုင်ဆိုင်တန်းများမှ ဆေးလိပ်ကို ဝယ်သောက်တတ်နေပြီ။ ပြီးတော့ ကျောင်းဝန်းကြီး၏ အနောက်ဘက် ချုံထူထပ်သောနေရာများတွင် ဗလာစာအုပ်မှ စာရွက်များဖြုတ်ပြီး ထိုင်ကာ ဆေးလိပ်ဝိုင်းသောက်နေပြီ။ ဖေဖေသည် ဒါတွေကို မသိ။ မေမေသည်လည်း မသိ။ ထိုသည်ကိုပင် ကျွန်တော်က ဟီးရိုးပုံစံဖမ်း၍ အိမ်က ဘာမှမသိပါဘူးကွာဟု သူငယ်ချင်းများကြားတွင် ရယ်ရယ်မောမော ပြောတတ်ခဲ့သေးသည်။

ဖေဖေ ကျွန်တော့်လက်ကြားက ဆေးလိပ်ကိုမြင်သွားသည့်နေ့ နောက်ပိုင်း မေမေက ကျွန်တော် ကျောင်းကပြန်လာချိန်တိုင်း လွယ်အိတ်ကို အကုန်သွန်ချစစ်ဆေးတော့သည်။ သို့သော် မေမေ ဘာမှမတွေ့။ မေမေက မေးသည်။

“သားဆေးလိပ်တွေသောက်နေတယ်ဆို“

“ဟာ မေမေကလည်း မသောက်ပါဘူး“

သည်တွင်ဖေဖေရောက်လာပြီး ကျွန်တော်ကိုပြောသည်။

“မင်း တကယ်ဆေးလိပ်မသောက်ဘူးလား“

ကျွန်တော်အသံတိတ်နေမိသည်။ ကျွန်တော့်လက်ကြားက ဆေးလိပ်ကို မျက်ဝါးထင်ထင်မြင်သွားသော ဖေဖေကို မေမေ့ကို လိမ်ပြောလိုက်သလိုမျိုး ရဲရဲပြောမထွက်။ ကျွန်တော်ဆိတ်ဆိတ်ငြိမ်နေလိုက်ခြင်းသည် ဖေဖေကို ဝန်ခံလိုက်သည်နှင့် တူပါသည်။ သည်တွင် ဖေဖေသည် အိမ်နံရံဘက်ကိုသွားပြီး မည်သည့်အချိန်က အဆင်သင့်ထားထားမှန်းမသိသော တူနှင့် သံချွန်ကိုယူက ဒုန်းခနဲ နံရံထက်က ပျဉ်ချပ်ကြီးဆီတွင် ရိုက်သွင်းလိုက်ပြန်သည်။ သည်အခါ ကျွန်တော် ထိုပျဉ်ချပ်ကြီးကို မကြည့်ရဲတော့။ မေမေသည် သက်ပြင်းရှည်ကြီးကို အသက်ထွက်အောင်ပင် ချလိုက်သည်တွင် ဖေဖေ ခေါင်းခါ၏။

(ဃ)

ကျွန်တော်ဆယ်တန်းကျသည်။ ဖေဖေတောက်ခေါက်၏။ ဆူတော့မဆူ။ ချက်ချင်းလက်ငင်းပင် သံချောင်းကိုယူပြီး ပျဉ်ချပ်ကြီးဆီသွား၍ရိုက်ပြန်သည်။ သံချွန်တွေတော်တော်များနေပြီ။ ကျွန်တော်သိချင်နေသည်မှာကြာပြီဖြစ်သည့်အတွက် ထိုနေ့က ဖေဖေကိုမေးလိုက်သည်။

“ဖေဖေဘာဖြစ်လို့ အဲဒီပျဉ်ချပ်ကြီးပေါ်မှာ သံချွန်တွေ ခဏခဏရိုက်သွင်းနေတာလဲ။ ဖေဖေသံရိုက်ရင် ကျွန်တော့်ကိုအကြောင်းပြုပြီး တစ်ခုခုဖြစ်တဲ့နေ့တွေချည်းပဲ ဖေဖေ“

သည်တွင်ဖေဖေက ကျွန်တော့်ကိုကြည့်ပြီး ပြုံးသည်။ ထိုအပြုံးသည် ကျွန်တော်တစ်သက် ဖေဖေ၏ အသက်ပါဆုံးသော အပြုံးဟုထင်ပါသည်။ ပြီးတော့ ဖေဖေပြောသည်။

“ဒီမယ်သား လောကမှာ မကောင်းမူကို လူတွေကတော်တော်ခုံမင်ကြတယ်။ ကောင်းတာတစ်ခုလုပ်ဖြစ်ဖို့ ခဲယဉ်းပေမယ့် မကောင်းတာနှစ်ခုလုပ်ဖို့တော့ အရမ်းလွယ်ကြတယ်။ ဟော ဟိုက ပျဉ်ချပ်ကြီးဆီမှာ ဖေဖေဘာဖြစ်လို့ သံတွေရိုက်သွင်းနေသလဲ သား မသိဘူးမလား။ “

ကျွန်တော်ခေါင်းခါပြတော့ ဖေဖေက ဆက်ပြောသည်။

“အဲဒါ သားရဲ့ ပျဉ်ချပ်ပဲ“

“ဗျာ“

“ဟုတ်တယ်။ ဖေဖေအဲဒီပျဉ်ချပ်ကို သားအတွက် ဝယ်လာတာ။ သားရဲ့ ကောင်းမူလုပ်နိုင်စွမ်းနဲ့ မကောင်းမူကိုလုပ်နိုင်စွမ်း ဖေဖေတိုင်းတာတဲ့တစ်ခုတည်းသော ပေတံလို့လည်းပြောလို့ရတယ်။ သံချွန်တွေက ဘာကြောင့်ရိုက်သွင်းသလဲ သားသိလား“

“ဟင့်အင်းဖေဖေ“

ပျဉ်ချပ်ကြီးပေါ်တွင် သံချွန်တွေတော်တော် များများရှိသည်။ ရုတ်တရက်ရေတွက်ကြည့်၍မရ။ ခပ်စိပ်စိပ် ရိုက်သွင်းထားသော သံချွန်များမှာ ပုံစံတူကြသည်။

“အဲဒီသံချွန်တွေက သား မကောင်းတာတစ်ခုခုလုပ်တိုင်း ဖေဖေ သံတစ်ချောင်းကျ ရိုက်သွင်းထားခဲ့တာပဲ“

“ဗျာ ဖေဖေ။ “

“ဟုတ်တယ် အဲဒီသံတွေကို မရေကြည့်။ အဲဒီသံချောင်းတွေကို ဖေဖေမနုတ်ဘူး။ သားကိုယ်တိုင် ပြန်နုတ်ခိုင်းဖို့ ဖေဖေ တစ်နေ့ပြောမယ်လုပ်နေတာ။ ဒီနေ့တိုက်တိုက်ဆိုင်ဆိုင်သားမေးတယ်။ အဲဒီသံချွန်အရေအတွက်နဲ့အမျှပဲ သား မကောင်းတာတွေလုပ်ခဲ့တယ်။ ဥပမာ လိမ်တာ၊ ညာတာ၊ ခိုးတာ၊ ဝှက်တာ။ ကျောင်းပြေးတာ၊ ဆေးလိပ်သောက်တာ။“

ကျွန်တော်နားမထောင်ရဲတော့။ ပျဉ်ချပ်ကြီးဆီက သံချွန်တွေကိုကြည့်ပြီး ဆွဲနုတ်ပစ်ချင်နေမိသည်။

“ဖေဖေ ကျွန်တော်အဲဒီသံတွေကို ဘယ်လိုနုတ်ရမလဲ“

ဖေဖေ ကျွန်တော်ပခုံးကိုလာဖက်သည်။ ပြီးတော့ စကားတွေတစ်လုံးချင်းပြောသည်။

“သားကောင်းမှုတစ်ခုလုပ်တိုင်း သံတစ်ချောင်းနုတ်ပါ“ တဲ့..။

(င)

ခုတော့ သံချွန်တွေမရှိတော့။ သို့သော် သံပေါက်ရာလေးတွေတော့ ဇကာပေါက်တွေလို ခပ်စိပ်စိပ်ကလေး တရစပ်ရှိနေသည်။ လက်နှင့်စမ်းလိုက်တိုင်း မညီမညာနှင့် ဖုထစ်ဖုထစ်။ ကျွန်တော့်ကိုဖေဖေက ကောင်းမှုတစ်ခုလုပ်တိုင်း သံတစ်ချောင်းကျ ပြန်နုတ်ခိုင်းခဲ့သည်။ ထိုပြန် နုတ်ရသည့်သံချွန်များကို နှစ်ပေါင်းရှည်ကြာစွာ ကျွန်တော်ပြန်နုတ်ခဲ့ရသည်။ ဖေဖေသံတွေကို ထိုပျဉ်ချပ်ပေါ်ရိုက်ခဲ့စဉ်က နှစ်အားဖြင့်မကြာ။ လ အားဖြင့်မကြာခဲ့ပါ။ သံရိုက်တုန်းကမကြာခဲ့ပဲ ပြန်နုတ်သည့်အခါကျမှ ကြာရှည်လိုက်လေချင်း။ ကျွန်တော်ပင် အိမ်ထောင်ကျ သားသမီးရသည့်အချိန်အထိ ထိုပျဉ်ချပ်ပေါ်က သံချွန်တွေကို နုတ်ယူလာခဲ့ရသည်။ မကောင်းမှုသည် လွယ်လွယ်ပင်ဖြစ်သည်။ ကောင်းမှုတည်ရန်ခက်ခဲသည်။ ခု ဖေဖေမရှိတော့။ ထိုပျဉ်ချပ်ကို ကျွန်တော့်အိမ်သို့ ယူဆောင်လာခဲ့ပြီ။

တစ်နေ့က နောက်ဆုံးသံချွန်ကလေးတစ်ချောင်းကို ဆွဲနုတ်ခဲ့သည်။ သည်တွင် သံပေါက်ရာများ ဗရပွနှင့် ပျဉ်ချပ်သည် ရုပ်ဆိုးအကျည်းတန်စွာကျန်ခဲ့၏။ ကျွန်တော်သဘောပေါက်လိုက်ပါသည်။ ယခုအချိန်တွင် ကျွန်တော်သည် မည်မျှပင် ကောင်းမှုတွေလုပ်နေခဲ့သော်လည်း လူတချို့၏ ပါးစပ်ဖျားတွင် ရံဖန်ရံခါပြောနေကြသော

“ဟိုတုန်းက အဲဒီလူတော်တော်ဆိုးခဲ့တာ၊ “ ဟုသည့်စကားသည် သံပေါက်ရာလေးများနှင့်တူသည်။

သံချွန်တွေ မရှိတော့ပါ။ သို့သော် သံပေါက်ရာလေးများက ကျွန်တော့် ကို ခြောက်လန့်လျှက်ရှိနေပြီး သိက္ခာနှင့်တူသော ပျဉ်ချပ်ပေါ်တွင် မကောင်းမှုကို ကဗ္ဗည်းတင်ခဲ့သည့် သံချွန်လေးများက ကျွန်တော့် ဘဝတစ်လျှောက်လုံး ပါလာဦးနေမည်သာ ဖြစ်သည်။

 

ဝန်ခံချက်။       ။ချစ်ခင်ရင်းနှီးရပါသော အစ်ကိုတစ်ယောက်ပြန်လည်ပြောပြဖူးသည့် ဘာသာပြန်အကြောင်းအရာတစ်ခုကို မှီငြမ်း၍ ဆင့်ပွား ခံစားရေးဖွဲ့ပါသည်။

 

သော်ဇင်(လွိုင်ကော်)

 

5 comments

  • KZ

    November 12, 2013 at 3:11 pm

    ဟီးဟီးးးး
    အနော့ ဖြင့် ရိုက်ထားတဲ့ သံတွေ ခုမှ လိုက်နှုတ်နေရတုန်းးးး

    😀

  • kai

    November 12, 2013 at 3:28 pm

    မူရင်းလေးဖတ်ဖူးခဲ့တယ်..
    အခု..မြန်မာမှုလေးနဲ့.. ကိုရင်သော်ဇင်လှလှလေးဖွဲ့တော့.. ပိုပြီးတောင်စွဲသွားသေး…
    အင်း..
    ကိုသော်ဇင်ရိုက်ထည့်လိုက်တဲ့..အနုပညာသံချောင်းပေါ့…။ မနုတ်တော့ပါဘူး..
    ကလေးတွေကို.. ပြန်ပြောပြရမယ်…။

    မမေ့နိုင်… :mrgreen:

  • alinsett

    November 12, 2013 at 7:54 pm

    ကိုသော်ဇင့် လက်ချောင်းတွေ ကြားက..ထွလာသမျှ.. စကားလုံးတွေက…
    ကျွန်တော်တို ့..ရသခံစားသူတွေ နှလုံးသားတွေထဲ…
    တစ်ချက်ချင်းရိုက်ထည့်လိုက်တဲ ့.. သံလေးတွေ…လိုပါပဲ.. ။

  • kyeemite

    November 13, 2013 at 11:13 am

    ..မူလဘာသာပြန်တာလေး ဖေ့စ်ဘုတ်မှာနဲ့တူရဲ့ ဖတ်ဖူးလိုက်တယ်..
    ..ကိုသော်ဇင်ပြန်ခံစားတော့လည်း ပိုကောင်းသွားတာပေါ့… 🙂

  • yiwai

    November 21, 2013 at 10:00 pm

    ကောင်းမှုတစ်ခုလုပ်တိုင်း သံတစ်ချောင်းနုတ်ပါ

Leave a Reply