မြစ် ဆုံ ဟူ သော

မြစ်ဆုံဆိုသည်နှင့်ယခုအချိန်တွင်မြန်မာပြည်သား
များထိတ်ထိတ်ပြာပြာဖြစ်တတ်သည်။ရောက်ဖူးသည်
လား မရောက်ဖူး။မြင်ဖူးသည်လား မမြင်ဖူး။ သည်လို
မရောက်ဖူး မမြင်ဖူးကြသော်လည်း မြစ်ဆုံဆိုတာကို
စိတ်ဝင်စားကြသည်။ တရုတ်ကတာဖို့ဆည်လုပ်ပြီး
ရေအားလျှပ်စစ်ထုတ်ယူမည် ဆိုတာနဲ့ ယခင်က သိသ
လိုလို မသိသလိုလို မသိလိုက်မသိဘာသာ အဆင့်မှ
မြန်မာ့သွေးကြောကြီးအဖြစ် ဂုဏ်ယူအမွှမ်းတင်ခြင်း လူတိုင်း
ပါစပ်ဖျား တွင်နေရာယူခြင်းများဖြစ်လာရလေသည်။
မြစ်ဆုံဆိုတာကို ကျတော်ကျောင်းနေစဉ်ကတည်းက
သင်ရသည် ကျက်ခဲ့ရသည်။မှတ်ခဲ့ရသည်။ ပုံဆွဲခဲ့ရသည်။
အဲသည်အချိန်က ကျတော်က မြန်မာပြည်၏အောက်
ပိုင်းတွင်နေသည်။မြန်မာပြည်ဟိုးထိပ်ပိုင်း၌ ရှိသောမြစ်
ဆုံကို ကျောင်းသားဘဝတွင်သာ နီးစပ်ခွင့်ရမည်။ ကျောင်း
ပြီးလျှင် နီးစပ်ခွင့်ပင်မရနိုင်။ သင်နေရ၍ရောက်ဖူးချင်ခဲ့သည်။
ရောက်ဖို့ သွားလည်ပတ်ဖို့ အိမ်မက်ပင်မမက်ဝံ့သော
အခြေအနေဖြစ်သည်။ရုပ်ရှင်ဇာတ်ကား ထဲမှ မြစ်ဆုံပါသော
အခန်းရောက်လျှင် သရေတမြမြ ကျလျက်ဒီအတိုင်းကြည့်
ခဲ့ဖူးသည်ကိုယခုထိ မှတ်မှတ်ရရ မှတ်မိနေသည်။
ဟော ရောက်မဲ့ရောက်တော့လည်း တပတ်တကြိမ်
ရောက်ရပြန်ရော။မြစ်ကြီးနားတွင်နေသောသူများပင်လျှင်
ကျတော့်လောက်မရောက်ဖူး။
ရောက်ဖြစ်ပုံကလည်းဆန်းကျယ်လှသည်။မြစ်ကြီးနားသို့
မနက်ဖြန် သွာရမည် ဆိုတာကို ဒီနေ့လိုမျိုးမသိရသေး။
သွားခါနီး ၅ နာရီ အလို လောက်မှ လူကြီးကခေါ်သည်။
လိုက်ချင်စိတ်ရှိရင် လိုက်ခဲ့ငါတာဝန်ယူတယ်တဲ့။
ဒါက မြစ်ကြီးနား ဗလမင်းထင်တံတားတည်ဆောက်ရေး
စီမံကိန်းအတွက်ခေါ်လိုက်တာပါ။ နဂိုကမှ ရောက်ဖူးချင်နေတာ
ခုလို လူကြီးက အစစတာဝန်ယူသည် ဆိုတော့ ချက်ချင်းပဲ
အဖြေပေးလိုက်မိတယ်။ “ဟုတ်ကဲ့ပါဆရာ”
ဒီလိုနဲ့မြစ်ကြီးနားကိုရောက်တယ်။ နောက်တံတား
တည်နေရာ စီတာပူ ဘက်ကိုဆက်သွားတယ်။ လုပ်ငန်း
တာဝန်များကိုထမ်းဆောင်သည် ပေါ့ဗျာ။ စီမံကိန်းအစဆို
တော့ နေသာတကျဖြစ်ဖို့ လုပ်သားပိုင်းကော လုပ်ငန်းပိုင်း
ပါ ဂျင်ဂျင်ကိုလည် ရော။ နှစ်လ သုံးလ လောက်လဲကျရော
အားလုံးပုံမှန်လည်ပါတ်နေနိုင်ပြီလေ။
တရက်တော့ လူကြီးက မင်းတို့မြစ်ဆုံကိုမသွားချင်ဘူးလားဆို
ပြီး မြစ်ဆုံကို ရုံးအဖွဲ့ က( လီဆူးမလေးတွေ )စာရေးမလေး
တွေနဲ့ အပမ်းဖြေ လွတ်ပါလေရောခဗျာ။
——————————————

မြစ်ဆုံသို့သွားမည့်သူများစုကြသည်။အားလုံး ၁၂ယောက်ခန့်

ရှိမည်ထင်ပါသည်။ကျတော့်လူကြီးက စားသောက်စရိတ်ထုတ်
ပေးပါသည်။ပျော်ရွင်လန်းဆန်းတက်ကြွပြီးစိတ်အပမ်းပြေစေရန်
စေလွတ်ခြင်းဖြစ်၍ ပျော်ရွင်ကြသော်လည်း တပါးသူများမထိခိုက်
စေရန်။မိမိတို့အချင်းချင်းလည်းစိတ်ဝမ်းကွဲခြင်း အချင်းများခြင်း
အစရှိသည်တို့မဖြစ်စေရန် လူကြီးပီပီ တတွတ်တွတ်မှာကြားလေသည်။
ကားပေါ်၌လူစုံတက်စုံနေရာယူပြီးသည်နှင့် စတင်ထွက်ခွာခဲ့ကြ
လေသည်။ ကားကို ဦးတည်၍ မောင်းစေသည်မှာမြစ်ကြီးနား
မြို့တွင်းဘက်ဆီသို့ဖြစ်လေသည်။
အကြောင်းကားမြစ်ဆုံ၌အစားအသောက်စုံစုံလင်လင်ရောင်းချသော
ဆိုင်ကောင်းကောင်းမရှိကြောင်း ဒေသခံ လီဆူး ရုံးအဖွဲ့စာရေးမ
လေးများကကြိုတင်ပြောပြထားလေသောကြောင့် မြို့တွင်း၌ဝယ်ယူ
နိုင်ရန်ဖြစ်သည်။ မြို့တွင်းစားသောက်ဆိုင်များတွင်ပါဆယ်ထုပ်၍ ၎င်း
စတိုးဆိုင်များ မှ အရောင်ပါ ပုလင်းများ ဝယ်ယူ၍ သော်၎င်း လိုအပ်
သမျှလိုလေသေးမရှိ ရိက္ခာ များတင်ဆောင်လျက် မြစ်ဆုံဘက်သို့
ကားဦးပြန်လှည့်လျက်ထွက်ခွါ ခဲ့ကြလေသည်။
မြစ်ဆုံဟူသည်ကား မြန်မာ့ ဧရာဝတီမြစ် မိခင် ကြီး၏ ပထမဆုံး
သမီးကြီး အဖြစ် စာရေးသူက ရှု့မြင်မိပါသည်။သက်ရှိ ဘဝဖြစ်စဉ်
နှင့် ဆန့်ကျင်ဘက်အမြင်ဖြစ်နေသော်လည်းကျတော်ကတော့ ဧရာဝတီ
မြတ်မိခင်၏ပထမဆုံးသော သမီးပျိုကလေးဟုသာတင်စားချင်ပါသည်။
မြစ်ကြီးနားမြို့၏မြောက်ဘက် မိုင် နှစ်ဆယ်ခန့်အကွာတွင် တည်ရှိပြီး
အရှေ့ဘက်ဆီမှ မေခ အမည်ရ မြစ်တစင်း အနောက်ဘက်ဆီမှမလိခ
အမည်ရမြစ်တစင်းတို့ ပေါင်းဆုံရာမှ မြစ်ဆုံ မြစ်ဝှမ်းတခုဖြစ်ပေါ်လာရ
လေသည်။ အဆိုပါ မေခ နှင့် မလိခ မြစ် နှစ်စင်းသည်လည်း မြန်မာ
ပြည်မြောက်ဖျားပိုင်းရှိ အရှေ့တောင်အာရှဒေသ၏ တခုတည်းသော ရေခဲ
တောင်တန်းများဆီမှ ရေ အရင်းအမြစ်များရယူလျက် ဖြစ်ပေါ်လာခြင်းဖြစ်
ပါသည်။
ကားပေါ်မှဖွင့်ထားသော အဆိုတော်ကြီး သိန်းတန် မြန်မာပြည် ၏ တေးသံ
သာသာအောက်မှာ မျက်လုံးများစင်းလျက် ငယ်စဉ်က သင်ကြားခဲ့ရသော
အကြောင်းအရာများကိုပြန်အမှတ်ရမိသည်။
” မလိခ မေခ နှစ်ဖျာစီးဆင်းယှက်သွယ် —–ဂျိမ်းဖောမြေရဲ့ချစ်စရာ့—”
လမ်းများက ကျဉ်းလှသည်။အကွေ့အကောက်များလှသည်။ရွာကြီးကြီးနှစ်ရွာ
သုံးရွာခန့်ကျော်လွန်လာပြီးတလျောက်လုံးမြစ်ကိုမမြင်ရပေမဲ့ ရောက်ခါနီးပြီ
ဟူသော လီဆူးမလေးများအသံကြောင့်ဘေးဘီကိုကြည့်မိရာမှ မြစ်ကွေ့တခု
ကိုဘွားကနဲ့တွေ့ရပြီး လှစ်ကနဲ့ ပျောက်သွားပြန်သည်။တဖန် လှစ်ကနဲ့
ပြန်ပေါ်လာပြီး ဘွားကနဲ့ ဘွားကနဲ့ မြစ်ဆုံကိုတွေ့မြင်ရပါလေတော့သည်။
ကမ်းနဖူးပေါ်၌ဆိုင်ဟုခေါ်ဝေါ်နိုင်သော တဲ တလုံးကိုတွေ့သည်။ ထိုတဲအနီး
ကားကို ရပ်လိုက်ပြီး အားလုံးဆင်းကြသည်။ အထုပ်အပိုးချသူကချ ဆိုင်တွင်း
ဝင်၍ ငါးကင်မှာသူကမှာ အားလုံးအလုပ်ရှုပ်နေကြသော်လည်း ကျတော်ကတော့
တခြားဘာကိုမှ မစဉ်းစားတော့။ ရေစပ်ရှိရာ မြစ်နှစ်ခွဆုံရာ ထိုမှ ကမ်းနဘေး
ရှိ လှပ သောကျောက် တုံးများကို တရစပ်ငေးမောနေမိလေသည်။
ကျောက်တုံးကျောက်ခဲများမှာ အကြီးအသေးအရွယ်မတူသော်လည်း ပုံစံအား
လုံးအတူတူချည်းသာဖြစ်လေသည်။ မမြင်ဘူးသူများမျက်စေ့တွင် ကွင်းကွင်း
ကွက်ကွက်မြင်သာအောင်ပြောရမည်ဆိုလျင် ရွှံ့ကို လုံးနေအောင်လုံးပြီး
ဖိချလိုက်လျင် အနည်းငယ်ပြားသွားသကဲ့သို့ ပြောင်ချောလုံးပြား ပုံမျိုးဖြစ်သည်။
ဤကဲ့သို့ကျောက်အများအပြားကို မြစ်ကြီးနားမြို့တောငိဘက်အထိကျတော်
တွေ့ဖူးပါသည်။ထိုထက်ပိုဝေးသောနေရာအထိတွေ့နိုင်မတွေ့နိုင်ကိုမူကျတော်
မသိပါ။ သို့ပေမဲ့ဤမြစ်ဆုံ၌သာလျှင် အရွယ်အစားညီညီ ပေါပေါများများ
တစုတဝေးတည်းသဘာဝအတိုင်းတွေ့မြင်ရလေသည်။ ရွှေရှာသူများကြောင့်
၎င်း နေအိမ်တိုက်တာများဆောက်လုပ်ရာတွင် နံရံမြုပ် အလှဆင်ရန်၎င်း ထုတ်
ယူကြသောကြောင့် ကျောက်များကို မြစ်ဆုံမြစ်ဝှမ်းလောက် လှပစွာမတွေ့ရ
ခြင်းဖြစ်ပါသည်။
ရောက် တုန်းရောက်ခိုက် ဓါတ်ပုံရိုက်ကြသည်။ရေဆင်းချိုးကြသည်။သောက်ကြသည်။
စားကြသည်။တရေးတမောအိပ်ကြသညိ။နောက်ရေချိုးကြပြန်သည်။ဤသည်နှင့်
တနေကုန်ခဲ့ရသည်။
ပထမဦးဆုံးအကြိမ်လည်းဖြစ် သောကြောင့်မြစ်ဆုံ၏ရှု့မငြီးဖွယ်အလှကိုတစိမ့်စိမ့်
ထိုင်ကြည့်မိသည်ကများပါသည်။အပေါ်ကကြည့်လိုက် အောက်ဆင်းကြည့်လိုက်
တမျော်တခေါ် တောင်တန်းများကြည့်လိုက်နှင့် အပျိုပေါက်စမလေးနှင့်တူသော
ဧရာဝတီ၏ ချစ်သမီးပျိုလေးကို ကျတော် အားမနာတမ်းကြည့်မိပါသည်။
အပျိုပေါက်လေးဟုဆိုသော်လည်း တောတောင်ကြားမို့ မဖီးမလိမ်းမပြင်မဆင်ရသေး
သော တောသူမ အရိုင်းလေးသဖွယ် မြို့ကြီးသူ မမတို့ကဲ့သို့ ပြင်ဆင်
လိမ်းချယ်မှုံန်းခြင်းမပြုနိုင်လေတော့ အရိုင်းမလေးသဖွယ်ဖြင့်သာ ကြည့်လေ
ကြည့်လေ မြင်လေမြင်လေဖြစ်လာရပါသည်။
မည်သို့မိတ်ကပ်လူးပေးရအံ့။မည်သို့ဝတ်ကောင်းစားလှဆင်မြန်းပေးရပါ့အံ့။
ဤကဲ့သို့အပီးအပြင်ချယ်မှုံ လိုက်ပါလျှင် ကမ္ဘာတလွှားမှ ရှိရှိသမျှလူတွေ
ဧရာဝတီရဲ့သမီးပျိုကို အပြေးအလွှား သူ့ထက်ငါအပြေးအလွှား လာကြည့်မည်
ဟု မြင်ယောင်မိ၍ ဝမ်းသာပိတိပြုံးမိပါသေးသည်။ ရတနာဆင်မြန်းရန်အတွက်လည်း
ဖခင်ဖြစ်သူ၏ တန်ဖိုးမဖြတ်နိုင်သော ကျောက်ရတနာကလည်းအနားမှာအဆင်သင့်
ရှိနေပြန်သည်။
ဤသို့ ဤသို့ စဉ်းစားရင်း အပြန်တွင်စဉ်းစားမိတာတခုရှိလေသည်။ဤအရိုင်းမလေး
ကိုအလှဆင်ဖို့ပထမအဆင့်အနေနဲ့ဒို့မြစ်ကူးတံတားကြီးဆောက်နေတာများလား
လို့ စဉ်းစားမိတာပါ။
အခုချိန်ဆိုရင် မြစ်ဆုံဆိုတဲ့ အပျိုပေါက်မလေး အရိုင်းမလေးဆီကို မြန်မာ
တွေသွားချင်တဲ့သူတွေများမှာပါ။ အခုချိန်သွားမယ်ဆိုရင်တော့ ကျတော့ရဲ့
အရိုင်းမလေက အပျိုပေါက်မလေးလို လှိုက်လှိုက်လဲလဲ ကြိုဆိုနိုင်ပါတော့မလား?
အပျိုရည်ပကို အားမနာတမ်းအဖျက်ခံထားသူတယောက်အနေနဲ့ဝမ်းပမ်းတသာ
နဲ့ ကြိုဆိုနိုင်ပါ့မလား?
ကျတော်ကိုယ်တိုင် အားကျိုးမာန်တက်ဆောက်လုပ်ရာမှာပါခဲ့တဲ့တံတား
ကြီးဟာ အရိုင်းမလေးကို ပြင်ဆင်ချယ်မှုံ ဖို့ ထက် အပျိုရည်ဖျက်ဖို့ လွယ်
အောင် တံတားထိုးပေးခဲ့ရော် သလား?

ဘာပဲပြောပြော ကျတော့်ရင်ထဲမှာတော့ မချိ တာအမှန်ပဲလေ။

4 comments

  • KZ

    November 12, 2013 at 1:59 pm

    စကားပြောတတ်ရင်လေ………………..

    အဲဒီ အပျိုမလေးက………………………..
    သွားးးးးးးး!!!!!
    ခန့်ခန့် လူတရုတ်မာဂျီးးးးး
    ရှင့် မက်နာ လုံးဝ မကျိချင် ဘူးးးးးးးး
    ……………………………လို့များ ပြောလေမလားဟင်??

    :mrgreenn:

    • Khant Khant

      November 12, 2013 at 2:27 pm

      ပြောရင်လည်းခံဖို့အသင့်ပါပဲ ဗျာ။

      အဲဒီအပြစ်တွေကျေဖို့ သူဂျီးနဲ့ ဟိုလူကြီး အဖွဲ့ကို

      မောင်းတင်ထားတယ် :mrgreen:

  • kyeemite

    November 12, 2013 at 2:51 pm

    ကျုပ်လည်းရောက်ဖူးချင်ပါဘိ…ခုတော့ဓါတ်ပုံထဲပဲတွေ့ဖူးပါဂျောင်းးး
    ဒါနဲ့ ခီများကလည်းဓါတ်ပုံလေးတောင်မပါဘူးဗျာ.. 😀

    • Khant Khant

      November 12, 2013 at 4:03 pm

      ဟုတ်တယ်ဗျိုး ဓါတ်ပုံပါရင်သိပ်ကောင်းမှာ။

      အဲဒီတုန်းက ဖလင်နဲ့ရိုက်တာမို့အလိပ်လိုက်

      ကူးမယ် ကူးမယ် နဲ့နေ့ရွှေ့ ညရွှေ့ နဲ့ ကူးမယ်လဲ

      လုပ်ရော ရှာမတွေ့တော့ဘူး။ ဖလင်က ဆေးချိန်တောင်မရ

      လိုက်ဘူး။ အတူပါတဲ့ လီဆူးမတွေဆီတော့ ရှိလောက်မယ်ထင်တယ်။

      သူတို့ဘယ်သူဘယ်ဝါဆိုတာတောင်ကျတော်ကမေ့နေပြီ။

      မြစ်ကြီးနား ကဓါတ်ပုံဆိုလို့ ရေထဲမှာ ကိုယ်တပိုင်းပုံတပုံပဲ

      ကျန်တော့တယ်။မြစ်ဆုံသွားတုန်းက 1996 တုန်းကပါ။

      ခုကျန်တဲ့ပုံက 1993 လောက်ကပါ။

Leave a Reply