မပြောချင်လို့ကြည့်နေတာကြာပြီ- သော်ဇင်(လွိုင်ကော်)

(၁)

မနက်မိုးမလင်းသေးဘူး။ ဒါပေမယ့် သူ ဒူးနှစ်လုံးထောင်ပြီး အင်တာနက်ထိုင်သုံးနေပုံက အမြင်ကပ်ချင်စရာ။ ပါဝါမျက်မှန်ကြီးတကားကားနှင့် သူ ခုတလော သိပ်အလုပ်ရှုပ်နေတယ်။ လူပုံက ပိန်နေတာ လိမ်လို့နေပြီ။ ခုတလော ကမ်းခြေက လေတွေသိပ်တိုက်တယ်ကြားရင် အလိုလိုနေရင်းစိတ်ပူမိတယ်။ ဒါကြောင့် လေအရမ်းတိုက်တဲ့ရက်တွေဆို အခန်းတံခါးတွေလိုက်လိုက်ပိတ်ရတာက အလုပ်တစ်ခု။ ဒါကို ပိုတယ်လို့ သူကထင်တယ်လေ။ ရတယ်။ ကိစ္စမရှိဘူး။ ထင်ချင်သလိုထင်။ ကြာရင် ဗေလုဝနဲ့မတူဖို့က ပိုအရေးကြီးတယ်။ ဘယ့်နှယ့် ယောကျာ်းတဲ့။ အားကိုးအားထားပြုစရာ အနေအထားကိုမရှိတာ စိတ်ညစ်စရာ။ ပြောလိုက်ရင် မိုးလားလေလား ကဲနေတာက သူ။ ပြီးတော့ ချာလိုက်တာလည်း သူ့အပြင်နှစ်ယောက်မရှိဘူး။ ဒါပဲ စာရေးဆရာလို့ သူ့ကိုယ်သူ မော်ကြွားနေတဲ့ သူ စာ ဆိုလို့ တစ်လုံးဆို တစ်လုံးမှ မရေးဖြစ်နေဘူးလေ။ ဒီမနက်တော့ စောစောစီးစီး ကွန်ပျူတာရှေ့ထိုင်နေပုံထောက်ရင်တော့ စာ များရေးတော့မလား။ ဖေ့ဘွတ်ကြီးဖွင့်ပြီး ချက်များ ချက်နေသလား…။ ဘာတွေပဲလားနေပါစေ။ ဒီနေ့တော့ ကျွန်မ သူ့ကို ဘီလူးဆိုင်းတီးပြမှရမှာပါလေ။

“အဲဒါ ဘာလုပ်နေတာလဲ“

“စာရေးနေတာလေ“

“ရှင်ရေးတဲ့စာက ဘယ်နှစ်ပြားရမှာလဲ“

“ရော်“

ကြည့်စမ်း ရော်တဲ့။ ဟုတ်တယ်လေ။ အဲလိုကိုမေးရတော့မယ့် ယောကျာ်း။ မြန်မာပြည်မှာစာရေးပြီး အသက်မွေးတဲ့သူတွေ ချမ်းသာတာကို ကျွန်မတော့တစ်ခါမှမကြားဖူးဘူး။ ကျွန်မ သူနဲ့ရတော့ သူက လူလူသူသူ ယောကျာ်းတစ်ယောက်လို့ ထင်ခဲ့သေးတာ။ ခုမှ ဖွတ်ဆိုမှ ဖွတ်ကျား စာရေးဆရာ။ ပြောရင် ကျွန်မလွန်တယ်လုပ်မယ်။ ဟိုတုန်းကတော့ သူ့ကဗျာတွေ စာတွေ ကြိုက်သလိုလိုတော့ရှိတာပေါ့။ ဒါပေမယ့် ခုချိန်မှာ ကျွန်မမီးဖိုချောင်အတွက်တော့ သူ့ကဗျာနဲ့စာကို မကြိုက်ချင်တော့ဘူး။ အလုပ်ဆိုလို သူ့မိဘအမွေပေးထားတဲ့ ကုန်စုံဆိုင်တစ်ဆိုင်လေးကို ထိုင်စောင့်တာလောက်ပဲ။ ဒါတောင် ပျင်းချင်သေးတယ် ကိုယ်တော်က။ ပျင်းတာပျင်းတာ ကျွန်မမှာ သူနဲ့ရတဲ့ကလေးမွေးထားတာ သုံးယောက် ပြွတ်ခနဲပဲ။ အိမ်ထောင်ကျကတည်း ပွားစီးလာတာကိုပြပါဆိုရင် ကလေးသုံးယောက်လက်ညိုးထိုးပြရုံပဲ။ ကျန်တဲ့အိမ်ထောင်ပရိဘောကဆိုတာ ကျွန်မအမေက အမြင်မတော်လို့ဝယ်ပို့လိုက် သူ့အမေက ဝယ်ပို့လိုက်နဲ့ အိမ်ကလေး ပြည့်လာတာ။ ဒါတောင် သူက ဒူးနန့် ပေါင်လှုပ်နဲ့ မျက်မှန်ကြီးတကားကားနဲ့ စာဖတ်ကောင်းတုန်း။

ပြောကြပါတယ်။ ဗေဒင်ဆရာက ကျွန်မကို ကတော်ဖြစ်မယ်တဲ့။ ဖြစ်ပါတယ် စာရေးဆရာကတော်။ ဒါပေမယ့် ဖွတ်ကျားစာရေးဆရာရဲ့ ကတော်ဖြစ်ရတာတော့ စိတ်အချဉ်ပေါက်လွန်းတယ်။ ခုလည်း ရော်တဲ့။

“မရော်နဲ့။ ရေးနေလိုက်တာလည်း နှစ်ကြာနေပြီ။ ခုထက်ထိ စာမျက်နာထက်ကိုမရောက်သေးဘူး။ ရှင်မရှက်ပေမယ့်။ ကျွန်မရှက်တယ်သိလား။“

“ဟာကွာ မင်းဘာဖြစ်နေတာတုန်း စောစောစီးစီး“

“ဘာဖြစ်ရမှာတုန်း။ ရှင့်ကိုယ်ရှင် စာရေးဆရာ စာရေးဆရာနဲ့ တစ်ခါလေး ပါဖူးတာကို အဟုတ်ထင်နေတာလေ။ ရလိုက်တဲ့ စာမူခကလည်း ရှင်ဖုန်းပြောတာနဲ့ လောက်တောင်မလောက်ဘူး။ ကျွန်မ ဝယ်ထားတဲ့ ဖုန်းကဒ်တွေခိုးခိုးထည့်ပြီးMPTက ကြီးတော်ကြီးတွေကို ရှင်လုပ်ကျွေးနေတာ။ ကျွန်မကို ရှာကျွေးနေတာမှမဟုတ်တာ။ တကတည်း။ မပြောချင်လို့ကြည့်နေတာ ကြာပြီနော်။ ပြောလိုက်တဲ့ စာအကြောင်း ပေအကြောင်း၊ ရသအကြောင်း၊ ပြီးတော့ ကဗျာအကြောင်း။ ရှင်တစ်နေကုန်နေလို့ ကျွန်မအပျင်းပြေအောင် အဲလောက်တောင် လာမပြောဖူးဘူး။ ကဲ ခုထ။“

“ဘာလုပ်မို့တုန်း“

“မရှည်နဲ့ ရှင်ဒီနေ့ ဈေးသွားရမယ်။ ဆိုင်မှာ တချို့ပစ္စည်းတွေလိုတယ်။ ရော့ ဒါက ဝယ်ရမယ့်စာရင်း။“

“ငါမှ မဝယ်တတ်တာ“

“ရှင်ဝယ်တတ်တာ ဘာရှိလဲ။ မပြောချင်ဘူး။ ရှင်ဝယ်တတ်တာ စာအုပ်ပဲမလား“

တကယ်လေ။ စာအုပ်ဆို တမေ့တမြောကိုဝယ်ပါလိမ့်မယ်။ ရန်ကုန်ကစာရေးဆရာတစ်ယောက်ယောက်များ ရောက်လာခဲ့ရင်တော့ အူယား ဖာယားကို သွားပါလိမ့်မယ်။ ပြီးရင် အချိန်တွေ အကုန်ပေးပြီး စကားတွေပြောပါလိမ့်မယ်။ အိမ်အလုပ်များဆိုရင်တော့ အမြီးမြောက်လိုက် ချီးပေါက်လိုက်နဲ့ ပိန်လိမ်နေတာ။ ကြာတော့ ကျွန်မ စာရေးဆရာဆိုရင် ရွံမုန်းကြီးကို ဖြစ်လာတာ။ တစ်ခါကလည်း သူ့ကို ကျွန်မမှာကိုယ်ဝန်ရှိနေပြီလို့ သားဦးကိုယ်ဝန်ကိုပြောပြတော့ ကွန်ပျူတာရှေ့က စာတစ်ပုဒ်ကိုဖတ်နေရင်းက

“ဟုတ်လား ဂရုစိုက်“ တဲ့။

အဲဒီအချိန်မှာပဲ ဖုန်းလာတယ်။ သူ့ဖုန်းလေ။

“ဟယ်လို ဟုတ်ကဲ့ ပြောနေပါတယ်။ ကျွန်တော်ပါပဲ။ ဗျာ။ ဟုတ်လား။ ဟုတ် ဟုတ်ကဲ့။ ဘယ်လ ဖော်ပြပေးမှာလဲ။ ဟုတ်ကဲ့။ နိုဝင်ဘာဆိုတော့ နောက်လပေါ့နော်။ ဟုတ်။ ရတယ် ဗျ။ စာတိုက်ကနေပို့ရမယ့်လိပ်စာကို ကျွန်တော်မေးလ်နဲ့ပို့လိုက်ပါမယ်။ ဟုတ်ကဲ့ ကျေးဇူးပါဗျာ။ “ ဆိုပြီး ထခုန်တာ သူ့ပုဆိုးတောင် ကျွတ်ကျမတတ်။

ကြည့်စမ်း။ ကျွန်မလေ။ စိတ်တွေတိုလိုက်တာ။ စိတ်ရှိ လက်ရှိလုပ်လိုက်ရရင် ဟို အပလီကေးရှင်းတစ်ခုလို နာမည်တစ်ခုပေးပြီး ပါးတွေချည်းလိမ့်ရိုက်တယ်။ အဲဒီတစ်ပုဒ်လေးပါလိုက်တာ သူ့မှာ စာမူခနဲ့စာအုပ်ရောက်မလာခဲ့ကို ဝမ်းတေဘယ်လ်တွေ တူးတေဘယ်လ်တွေနဲ့ နှစ်သောင်း သုံးသောင်းလောက်ပြုတ်သွားကရော။ ကြွားလိုက်တဲ့လေလုံးတွေကလည်း လူနဲ့ကိုမလိုက်ဘူး။ ပိန်လိမ်နေတဲ့ သူက သေးသေးလေး။ လေလုံးက ထွားလိုက်တာ ။ ကျွန်မယောကျာ်း ကျွန်မ တစ်နေ့တစ်ခြားမုန်းလာတော့တယ်။

(၂)

မျက်မှန်လေးပင့်ကာ ပင့်ကာနဲ့ စာတွေ သည်းသည်းမည်းမည်း ဖတ်နေတဲ့ သမီးကို ကျုပ်တော့ သိပ်ကြည့်မရချင်တော့ဘူး။ အသက်ကဖြင့် နှစ်ဆယ့်ရှစ်နှစ်ရှိနေပြီ။ လုပ်သင့်တာကို မလုပ်ပဲ အရေမရ အဖတ်မရတာတွေ ဒီသမီး လုပ်နေတာ တော်တော်ကြာပြီ။ ပြောလိုက်ရင် မျက်နာက လငပုတ်ဖမ်းတဲ့ပုံနဲ့ နှစ်ခမ်းကို တစ်တောင်လောက်ထော်ပြီး

“အဲဒီအမေကလေ“နဲ့ ခြေဆောင့် ဖင်ပေါက်ပြီး ကွန်ပျူတာစားပွဲရှေ့ထိုင်မယ်။ တစ်နေကုန် စာထိုင်ရေးမယ်။ ဒါပဲ သူ့အလုပ်။ ဒါတောင်တလောတုန်းက ဆူထားလို့။ အပြင်ကို လတ်လျားလတ်လျားကလည်း ထွက်ချင်လိုက်သေးတာ။ အပြင်ထွက်တာကို မပြောချင်လို့ကြည့်နေတာ ကြာပြီ။ သမီးလုပ်နေပုံနေတွေက ခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထက်ကို အလုပ်များနေတဲ့ပုံ။ ထားပါတော့ သမ္မကြီးအလုပ်များတာက ကိုယ့်နိုင်ငံအတွက်။ သမီးကတော့ ဘယ်သူ့အတွက်မှမဟုတ်ဘူး။ လုပ်ချင်လို့ကို လုပ်နေတဲ့ အလုပ်များနေပုံကိုပြောတာ။ စနေ၊ တနင်္ဂနွေများဆို ဘာတဲ့ သမီးအကြီးမရဲ့ သား ကျုပ်မြေးပြောတဲ့ ခုခေတ်စကားနဲ့ပြောရရင် ဖလန်းဖလန်းကိုထနေတာ။ ပြီးတော့ လာလိုက်တဲ့ ဖုန်းတွေဆိုတာ ညဘက် သမီးမှာ ခြင်မရိုက်အားဘူး။ တစ်ခါတစ်ခါ ခြင်ထောင်ထဲ ထိုင်ပြီး ဖုန်းပြောနေတာများ စုန်းမကြီး ငုတ်တုတ်ထိုင်ပြီး လေပွားနေတာနဲ့တူတယ်။

တစ်ခါတစ်ခါ ကျုပ်က ထ ထငေါက်ရတယ်။

“ဟဲ့ မအိပ်သေးဘူးလား။ ဘယ်က သေနာတွေနဲ့ဖုန်းပြောနေတာလဲ“လို့။ ဒီလိုဆိုရင်

“ဟာ အမေကလည်း အဲဒါ စာရေးဆရာတွေနဲ့ပြောနေတာ။ ပညာရတယ်။ အတွေ့အကြုံရတယ်“ တဲ့။ ကောင်းလိုက်တဲ့စကား။ သူ့အမေ ကျုပ်က ဘာပြောပြော ပညာမရဘူးပေါ့။ အတွေ့အကြုံမရဘူး။ ကျုပ်တို့ ငယ်ရာကနေကြီးလာသမျှတွေက စာရေးဆရာတွေပြောမှ နားထောင်ချင်စရာကောင်းတယ်ပေါ့။ ထားပါ။ ပြောနေရင်လည်း ဒီသမီးက ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်ထင်တာမဟုတ်ဘူး။ ဖုန်းပြောလို့ပြီးရင် စာက ထိုင်ရေးချင်သေးတာ။ ရေးတာ ရေးတာ။ ကျုပ်အကြောင်းတောင် တစ်ခါက ကောက်ဖတ်မိလို့တွေ့လိုက်သေး။ ဘာတဲ့ ခေါင်းစဉ်က

“စိတ်ပုပ်သော မေမေ“တဲ့။ ကျုပ်အဲဒီနေ့က တံမြက်စည်းနဲ့ကိုလိုက်ရိုက်ပလိုက်တယ်။ ကဲ။

ဘွဲ့လေးတစ်ခုရထားတယ် ပြောတယ်။ ဘာမှမလုပ်ဘူး။ အရင်က သမီးလုပ်တဲ့အလုပ်ကလည်း မပြောချင်ဘူး။ ဝင်ငွေကောင်းလို့သာ မပြောဖြစ်ခဲ့တာ။ ခုတော့ အဲဒီအလုပ်လည်း နားလိုက်သတဲ့။ စာရေးဆရာမပဲလုပ်မတဲ့။ လုပ်ပေါ့။ ထမင်းမငတ်ဘူးဆိုရင် တစ်သက်လုံးလုပ် ကျုပ်မပြောဘူး။ တစ်ပတ် တစ်ပတ် သမီးသုံးတဲ့ အသုံးစရိတ်ကို ကျုပ်တွက်ပြဦးမယ်။ ကြုံတုန်းလေး။ ဖုန်းကဒ်က အနည်းဆုံး တစ်သောင်းကဒ်ကို တစ်ပတ် ငါးကဒ်လောက်တော့ အသာလေးပဲ။ အပြင်သွားရင် ကားဆို ဘတ်စ်ကားမစီးချင်ဘူး။ ဂျီးများသလေး၊ စပယ်ယာ လက်သရမ်းသလေးနဲ့ တက္ကစီမှ။ ကျုပ်တို့ တောင်ဒဂုန်ကနေ မြို့ထဲဆိုရင် ဘယ်လောက်ကျမလဲ မပြောတော့ဘူး တွက်သာကြည့်။ ပြီးတော့ သမီးသွားတွေ့တဲ့ ဆရာလေးတွေဆိုလား၊ ဆရာတွေဆိုလားနဲ့ မုန့်တွေစားလာချင်စားလာဦးမယ်။ ထားတော့ စားတာကိုမပြောဘူး။ အပြန်ကြရင် ဝယ်လာပါလိမ့်မယ် စာအုပ်တွေတပွေ့တပိုက်ကြီးနဲ့။ အဲဒီစာအုပ်တွေကလည်း နှစ်ထောင်ကစလို့ ရှစ်ထောင်တစ်သောင်း။ သမီးစားပွဲမှာလည်း ပြည့်နေလိုက်တဲ့ စာအုပ်ပုံဆိုတာ ကျုပ်တစ်သက် သေတဲ့အထိဖတ်မကုန်လောက်ဘူး။

ဒါနဲ့တစ်နေ့ကတော့ ပြောလိုက်တယ်။ ဂိမ်းဆိုင်လေးဖွင့်ဖို့ပြောတော့ အင် တင် တင်နဲ့။ ခုတော့ ဆိုင်ထိုင်ရင်း စာဖတ်နေတာ။ ဇီဇာများကြောင်ချက်တော့ပြောကိုမပြောချင်ဘူး။ ကျောင်းသားလူငယ်လေးတွေ ကျောင်းပြေး လာဆော့လို့တဲ့။ စိတ်ထဲမှာ ခံစားတယ်။ ပြီးတော့ ကလေးတွေ တစ်ေ.ယာက်နဲ့တစ်ယောက် အော်ကြ ဟစ်ကြ ဆဲကြဆိုကြလို့ နားထဲမှာ တစ်မျိုးပဲ စိတ်ထဲမကောင်းဘုူးတဲ့။ ခံစားတယ်။ ကျုပ်က အဲဒီလိုဆို သမီးခေါင်းကို မခေါက်ချင်ပေမယ့် ခပ်ဆတ်ဆတ်လေးကို ခေါက်ပစ်လိုက်တယ်။

“ဘာဖြစ်ဖြစ်ပေါ့။ ညည်းလိုသာဆို ဂိမ်းဆိုင်တွေ ဘာလုပ်ကြမတုန်း။ လူ ဟဲ့ လူလိုတွေး။ စာရေးဆရာမပုံစံနဲ့ အူကြောင်ကြောင်တွေလျှောက်မတွေးနဲ့။ ငါ ထပ်လုပ်ထည့်လိုက်ရင် ညည်းတော့နော်။“

“မေမေကလဲ“

“ဘာမေမေကလဲ။ အဲဒီစာတွေရေး၊ စာအုပ်တွေဖတ် ကြာရင် ညည်းရူးမယ်သိလား။ ပြီးရင် မွဲမယ်။ ငါတစ်ခါတည်းပြောလိုက်မယ်နော်။ ညည်း စာရေးဆရာမလုပ်မယ်ဆိုရင် ညည်းကိုချမ်းချမ်းသာသာပြည့်ပြည့်စုံစုံ ထားနိုင်တဲ့ ယောကျာ်းကို ယူ ကြားလား။ ညည်း ခွက်ဆွဲပြီး စာရေးနေရမှာစိုးလို့။ တကတည်း။ ငါတို့မျိုးရိုးထဲ ကဗျာရူး စာရူးလေးတစ်ယောက်လာ ပါနေရတယ်လို့“

ဒီလိုပြောတော့ သမီးက မျက်စောင်းတွေကို အသက်နဲ့မလိုက်အောင် လှိမ့်ထိုးနေလိုက်သေး။ ကျုပ်ကြားဖူးတာတော့ စာရေးဆရာမတွေ မျက်စောင်းမထိုးတတ်ပါဘူးတဲ့။ ပြောလို့မှမဆုံးသေး။ ဘေးလွယ်အိတ်ကလေးကောက်လွယ်ပြီး အပြင်ထွက်မယ့် ပုံကိုမြင်ရလို့ ကျုပ်လှမ်းမေးလိုက်တယ်။

“ဒါက ဘယ်တုန်း“

“ဒီနေ့ မေမေ ဆိုင်စောင့်လိုက်။ သမီး မြို့ထဲသွားဦးမယ်။ စင်ကာပူက စာရေးဆရာ သော်ဇင် ဒီနေရောက်မယ်လေ။ အီသီယိုပီးယားက ပျူမခ ဆိုတဲ့ ဆရာလည်းလာမှာ။ မြို့ထဲက သမီး စာပေဘော်ဒါတွေလည်းဆုံမှာ အဲဒါ သွားတွေ့မလို့။ ဪမေ့တော့မလို့ သမီးကို ပိုက်ဆံ ငါးသောင်းလောက်ပေးလိုက်ဦး။ ဖုန်းကဒ်ရယ်၊ စာအုပ်ရယ် ဝယ်ရဦးမယ် မေမေ။“

ကြည့်စမ်း။ ပြောလို့မှမပြီးသေး။ သမီးကို မျက်စောင်းတွေ နာနာထိုးရင်း ရင်ဘတ်ကြားက ဆင်ကလေးဆယ်ရွက်ကို ရော့အင့်ဆိုပြီး ဆောင့်ကာအောင့်ကာထုတ်ပေးလိုက်ရတယ်။

(၃)

လူကြည့်တော့ မင်းသားပဲ။ ကြိုက်တတ်လိုက်တဲ့ အကောင်းတွေဆိုတာလည်း မပြောနဲ့။ ထမင်းဆို ဟင်းကောင်းမှ။ သွားရင်လည်း လမ်းကောင်းမှ။ မပြောချင်လို့ကြည့်နေတာကြာပြီ။ တစ်ရက်တစ်လေ ခြံထဲလာ ကူပါဆိုတော့ လာပါတယ်။ ထီးတစ်ချောင်းဆောင်းပြီး စီးကရက်လေး လက်ကြားညှပ်လို့။ သူ့များ ဗေဒင်လှည့်ဟောခိုင်းတယ်များထင်နေသလားပဲ။ ရုံးပိတ်ရက်လေးခြံထဲလာပါဆိုရင် ဆရာဝန်ပင့်သလိုပင့်ရတယ်။ သား အဲဒီအိမ်ကလေးမှာ တစ်ယောက်တည်း နေချင်တယ်ဆိုလို့ အဟုတ်မှတ်တယ်။

“အိမ်က ဆူတယ်။ စာရေးလို့မရဘူး။ ကျွန်တော်က နားအေးပါးအေးမှနေတတ်တာ။ဗျ။ အဖေတို့က မိုးလင်းမိုးချုပ် ပွက်နေတော့ ဘယ်နေတတ်မလဲ။ ကျွန်တော် ကျောပူတာပဲခံနိုင်တယ်။ နားပူတာတော့မခံနိုင်ဘူး။“ တဲ့။ ကျုပ်တို့မွေးလို့ လူဖြစ်ရတဲ့ကောင်က တရားလာပြနေတယ်လို့ခံစားရတယ်။

ပြီးတော့ အဲဒီအိမ်ပေါ်မှာ တကုတ်ကုတ်။ ကြည့်လိုက် စာတွေကို ကီးဘုတ်သံတစ်ဂျောင်းဂျောင်းနဲ့ ရိုက်နေတာ။ မေးရင် စာရေးနေတာတဲ့။ သူ့ကိုယ်သူ စာရေးဆရာပါတဲ့။ ပြောပြန်ရင် ကျုပ်တို့လွန်ဦးမယ်။ စာပေဟောပြောပွဲအသံလေးများ ကျုပ်တို့မြို့မှာ မကြားလိုက်နဲ့ ဖင်ကို ရွနေပြီ။ ခြေကိုကြွနေပြီ။

တစ်ခါတစ်ခါ အဲဒီကောင့် အိမ်ကလေးဘက်ရောက်ရင် စာရွက်ကလေးကိုင်ပြီး ရွတ်နေတာ ရွတ်နေတာ။ အသံနေအသံထားနဲ့ ကဗျာရွတ်တယ်တဲ့။ ဝတ္ထုထဲထည့်ရေးမယ် ဒိုင်ယာလော့ခ်တွေကိုပြောကြည့်တယ်တဲ့။ မသိရင် အရူးပဲ။ တော်သေးတာက အလုပ်ကလေးလုပ်နေသေးတာ။ အဲဒီအလုပ်ကရတဲ့ လခဆိုတာလည်း သူ့ဖာသာသူသုံးတာတောင် မလောက်ဘူး။ ဖုန်းကဒ်ဖြည့်ရတာနဲ့။ စာအုပ်ဝယ်ရတာနဲ့။ ဒါတောင် အိမ်ဘက်ပြေးလာပြီး ရုံးပိတ်ရက်နှစ်ရက်လုံး အိမ်ဖုန်းကို လာလာခိုးဆက်ချင်သေးတာ။ ပြောလိုက်တဲ့ စကားတွေကလည်း ကြီးကြီးကျယ်ကျယ်တွေချည်းပဲ။ ကျုပ်လည်း အဲလောက် လေမကြီးခဲ့ပါဘူး။ ကြည့်ရတာ မိန်းမ အဖေ ကျုပ်ယောက္ခထီးကြီးကို တူတာနေမှာ။

ခုတော့ စာတွေ ဟိုတစ်ပုဒ် ဒီတစ်ပုဒ်ပါတာကို အကြောင်းပြုပြီး စာရေးဆရာဘွဲ့ကိုခံယူထားတယ်တဲ့။ ဘာလုပ်လုပ် ကျုပ်က သိပ်မပြောချင်ပါဘူး။ ခုဟာက ဒီကောင်လွန်လာပြီ။ ကျုပ်လိုအဖေကိုတောင် မလေးမစားချင်တော့ဘူး။

တစ်ရက်တစ်လေ သူ့အိမ်ဘက်သွားမချောင်းနဲ့။ တီဗွီကြည့်ချင်ကြည့်၊ မကြည့်ရင် စာဖတ်၊ မဖတ်ရင် ဖုန်းပြော၊ မပြောရင် စာရေးနဲ့

“မင်းလုပ်ပုံတွေ မဟုတ်ဘူးနော် ဟေ့ကောင်“ လို့ဆိုရင်

“အဖေကလည်း နေရာတကာလိုက်လိုက်ပြောနေလို့ အဖေတို့လူကြီးတွေကိုအသက်ကြီးရင် သိပ်စကားများတယ်လို့ ပြောကြတာနေမှာ။ သား စာရေးနေတာ အာရုဏ်နောက်တယ်“ တဲ့။ အဲဒီလိုများဆို ကျုပ်လက်တွေယားနေပြီ။ နဘန်တွေကျင်းချင်ပြီ။

ဟော ခုတော့ ဘာစိတ်ကူးပေါက်ပြန်တယ်မသိ။ နောက်လ မန္တလေးသွားမယ်တဲ့။ ဘာကိစ္စလည်းမေးတော့။ စာရေးဆရာတွေနဲ့သွားတွေ့မလိုတဲ့။ ကြည့်စမ်း။ အမေကျော် ဒွေးတော်လွမ်းတဲ့ကောင်။ ကျုပ်များ ရွာပြန်တုန်းက သားရယ် အဘွားက တွေ့ချင်လို့ လာခဲ့ပါဦးဆိုတာတောင်။ မိတ္ထီလာက ပူတယ်တဲ့။ စာရေးနေတာ မပြီးသေးလို့မလာနိုင်ပါတဲ့။ ခွေးကောင်။ သူ့အတွေးထဲမှာ စာရေးဆရာကိုမှ လူထင်တဲ့ကောင်။ ဖုန်းတွေလာရင်တောင် အရင်က သူငယ်ချင်းတွေဆိုရင် သူ ထူးပုံက

“အေး ဘာလဲ။ ငါ မအားဘူး။ အလုပ်ရှိလို့။ အေး နောက်မှပြောမယ့် ဟေ့ကောင် ။ အေး အေး။ ဒါပဲ ဒါပဲ“

စာရေးဆရာတွေများ ဖုန်းလာလိုက်လို့ကတော့

“ဟုတ်ကဲ့။ ဟုတ်ကဲ့ အဲလောက်လည်း မဟုတ်ပါဘူးဗျာ။ ကြိုးစားနေတုန်းဗျ။ ဗျာ ကျွန်တော်လား အားတယ် အားတယ်။ ပြောပြော။ ဟုတ် ဆရာရဲ့ ဟိုဝတ္ထုလေး ကျွန်တော် သိပ်ကြိုက်တာဗျ။ အတွေးရော ..အရေးရောကောင်းတယ်ဗျာ။“

ကြည့်။ အဲဒါ ထမင်းစားရင်း တန်းလန်းကြီးပြောနေတာ။ လက်ကထမင်းလုံးတွေတောင် လေသလှပ်လို့ ခြောက်သွားတာတောင် ဖုန်းပြောလို့မပြီးသေးဘူး။ ပြီးတော့ စာတိုက်ကများ ဖုန်းဆက်လာလိုက်ရင် ချက်ချင်းကိုငေါက်ခနဲထသွားတာ။ ကျုပ်ကိုပြောသွားတဲ့လေသံကိုက

“အဖေ သားစာမူခသွားထုတ်လိုက်ဦးမယ်။ အမေမေးရင် ပြောလိုက်ဦး“ တဲ့။ သူ့အမေကလည်း သူ့သားကိုတစ်ခါမှာ မမေးဖူးပါဘူး။ ဒါများ စာမူခထုတ်တာကို သားအဖချင်းချင်းကြွားချင်လို့ ပြောသွားပုံ။ ရရင် အများဆုံး ငါးထောင်တစ်သောင်းပေါ့။ ဒါများ တစ်သိန်း ကိုးသောင်းရနေသလိုလို။ ကျုပ်ကတစ်ခါတစ်ခါ ကျုပ်မိန်းမကို ပြောရတယ်။

“မင့်သား မင်းကြည့်ပြောဦး။ စာရူး။ စာရေးဆရာယောင်ယောင် ဘာယောင်ယောင်နဲ့။ ရူးနေတာ။ “

“အို ဘယ်လိုနေနေ။ ကျွန်မ သူ့ကို မွေးခဲ့တယ်လို့တောင် မထင်တော့ဘူး“ တဲ့။

@@@@@@@@@@@@@

“မှော်“

#########

Thaw            : ကျွန်တော် ရန်ကုန်ကို နောက်တစ်ပတ်ထဲလာဖို့ရှိတယ်။

Linn              : ဟုတ်လား ဘယ်နေ့လဲ။

Kha Kha        : ဝေး စာရေးနေတာ လုံးချင်းပြီးပြီဗျို့။ ပြီးရင် Tags လိုက်မယ်။

Linn              : နာလိုဘူး 😛

Kha Kha        : ငင် ဘာလို့ J

Thaw            : ဟုတ်ပါ့။ ရေးနိုင်သူတွေ မနာလိုဘူး။ အိမ်က ဘိုးတော် ပွားနေတာနဲ့စာကိုကောင်းကောင်း မရေးနိုင်ဘူး

Linn              : ဟုတ်တယ် အိမ်က ဘွားတော်ရောပဲ။ မပြောချင်လို့ကြည့်နေတာကြာပြီတဲ့။ စာရေးတာကို ကြည့်မရလို့       တဲ့

Kha Kha        : ခိခိ၊ အိမ်က မိန်းမကလည်းပြောတယ် မပြောချင်လို့ကြည့်နေတာတဲ့ ခွီး။

Thaw            : ဟိဟိ

Linn              : ခိခိ

Kha Kha        : ဟီး

သော်ဇင်(လွိူင်ကော်)

Date12th-Nov-2013: 10;07Am

 

2 comments

  • alinsett

    November 13, 2013 at 9:46 am

    ပြံစိစိလေး ဖတ်လိုက်တယ်

    :kwi:

  • yiwai

    November 21, 2013 at 10:00 pm

    အွန်းးး ဒါလည်းတင်တယ်လား
    ဟိုတစ်ယောက်ကိုပါ ဒီထိရောက်အောင်ခေါ်လိုက်
    ဒါဆို ပိုပျော်ဖို့ကောင်းသွားမယ် 😀

Leave a Reply