ဒီအက်ဆေးမှာ ခရိုနီစီပွားရေးလုပ်ငန်းကြီးထွားနေခြင်းဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေကြောင်းနဲ့ ခရိုနီ စီးပွားရေးရဲ့သဘောသဘာဝတွေကို အနည်းငယ် အကျဉ်ချုံး တို့ထိထားတဲ့ အက်ဆေးပါပဲ ။ ခရိုနီစီးပွားရေးလုပ်ငန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးစနစ်ကို ထိရောက်အောင်မလုပ်ပေးနိုင်ဘူးဆိုတာ အထူးပြောဖို့ မလိုဘူး ။ ခရိုနီ စီးပွားရေးရဲ့သွင်ပြင်တွေအပေါ်မှာ နားလည်ထားမှသာလျင် ကျွန်တော်တို့ဟာ ခရိုးနီစီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ဝေဖန်ပိုင်းခြားနိုင် ရှောင်ရှားနိုင်မှာဖြစ်တယ် ။ခရိုနီစီးပွားရေးလုပ်ငန်းရဲ့ သွင်ပြင်ဆိုတာကိုနားလည်ဖို့က
– ခရိုးနီးစီးပွားရေးဘာကြောင့် အသက်ဝင်လာရသလဲ
– ဘာကြောင့် ခရိုနီစီးပွားရေးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသလဲ
– တကယ်လို့ ခရိုနီစီးပွားရေးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်ဆိုရင် ဘာကြောင့် ခရိုနီ စီးပွား ရေးဟာ အချိန်ကာလကြာမြင့်စွာတည်ရှိနေရသလဲ ။
– နောက်ဆုံး ဘယ်လို အခြေအနေမျိုးတွေမှာ ခရိုနီစီးပွားရေးတွေ ပုံသဏ္ဌာန်ပြန်လည်ဖွဲ့စည်းပြီး နေရာယူလာနိုင် သလဲဆိုတာတွေအပေါ် နားလည်းထားဖို့လိုမယ် ။
ယေဘုယျအားဖြင့်ခရိုနီစီးပွားရေးဆိုတာ ပေါ်လစီတွေကို ပုံဖော်နေတဲ့ နိုင်ငံရေးအာဏာပိုင်တွေနဲ့ ရင်းနှီးသူ တွေက စီးပွားရေးတန်ဖိုးကြီးတွေကို အာဏာပိုင်တွေရဲ့မျက်နှာသာပေးမှုနဲ့ လက်ခံရရှိနေတဲ့စနစ်တစ်ခုပဲ ။ မျက်နှာသာ အပေးခံရတဲ့ သူတွေဘက်ကလည်း သူတို့အပေါ် မျက်နှာသာပေးခဲ့သူတွေထံကိုစီးပွားရေးအကျိုးအမြတ်တွေပြန် ပေးရတယ် ။ ဈေးကွက်မှာ ထုတ်လုပ်မှုကို လွှမ်းမိုးနိုင်အောင်လုပ်ထားပြီး စီးပွားရေးအခန်းဂဏ္ဍတော်တော်များများ ကို အစိုးရအကျိုးအမြတ်တွေ အတွက် ချုပ်ကိုင်ထားရမယ် ။ ဒီနေရာမှာ နောက်ထပ်ထွက်လာတဲ့ မေးခွန်းတစ်ခုက အစိုးရကရော ဘာကြောင့် ခရိုနီတွေကို မျက်နှာသာပေးရတာလဲ ဆိုတဲ့ မေးခွန်းပဲ ။ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်လို အကြောင်းတရားအမျိုးမျိုးရှိနိုင်ပေမယ့် အစိုးရဟာ ခရိုနီစီးပွားရေးစနစ်ကို တည်ထောင်ခြင်း အားဖြင့် သူတို့ရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြဿနာတွေကို ရင်ဆိုင်တဲ့နေရာမှာ အသင့်တော်ဆုံးရယ် လို့ ထင်မှတ်မှားနေကြတဲ့ အတွက်ပဲ ။ အစိုးရအနေနဲ့ သူတို့ရဲ့တွေးပုံခေါ်ပုံက တကယ်လို့ အစိုးရက သူတို့ ကုိုယ်တိုင်စီးပွားရေးမှာ ဝင်ရောက်လုပ်ကိုင်ခြယ်လှယ်နေတဲ့ ပုံစံပေါက်ရင် လိုအပ်တဲ့ အက်ဆက်တွေ ဝါ အသုံးကျတဲ့ အရည်အသွေး၊ လူပုဂ္ဂိုလ်တွေကို ကိုင်ဆောင်ထားသူတွေ၊ အဖွဲ့အစည်းတွေက နိုင်ငံအတွင်းဝင်ရောက်လုပ်ကိုင်မှာ မဟုတ်ဘူး ။ အက်ဆက်ရှိသူတွေ မရှိဘူးဆိုရင် ရင်းနှီး မြုပ်နှံမှုလည်း ဝင်ရောက်လာမှာ မဟုတ်ဘူး ။ ရင်းနှီးမြုပ်နှံမှုမလာရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာလည်း မဟုတ်ဘူး ။ ဒါကြောင့် အာဏာရှင်အစိုးရတွေဟာ သူတို့အနေနဲ့စီးပွားရေးလုပ်တာမျိုးမဖြစ်ရောက်လေအောင် တစ်ဖက်လှည့် နဲ့ တခြားသူတွေ ဝါ ခရိုနီတွေကို မျက်နှာသာပေးလုပ်ခိုင်းခြင်းအားဖြင့် သူတို့လည်းအကျိုးအမြတ်ဖြစ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုလည်းဖြစ်ပေါ်လာလိမ့်မယ်လို့ မြင်ကြတဲ့ အတွက်ပဲ ။ တကယ့်တကယ်တမ်းမှာတော့ သုတေသန ကိန်းဂဏန်းတွေကနေ ညွန်ပြနေတာကတော့ ဒီလို မမှန်ကန်တဲ့ လိမ်လည် လှည့်ဖျားမှု တစ်ရပ်ဟာ သူတို့အကျိုး အမြတ်သာရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတယ် ဆိုတာကိုပြနေတယ် ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ကောင်းမွန်တဲ့ ဖြန့်ဝေမှုဆိုတဲ့ ရှုထောင့်ကနေကြည့်ရင် ခရိုနီစီးပွားရေးဟာ စီးပွားရေး ကိုနောက်ပြန်ဆွဲသွားစေတဲ့ အချက်သုံးချက်ရှိတယ် ။ ပထမအချက်က ခရိုနီစီးပွားရေးက အရင်းအမြစ်တွေကို နေရာ မှား ချထားတယ်။ အစိုးရဟာ သူတို့ရဲ့ စီးပွားရေးပေါ်လစီတွေကို ချမှတ်တဲ့နေရာမှာ အက်ဆက်တွေကို ကိုင်ဆောင် ထားတဲ့ ခရိုနီ ဝါ စီးပွားရေးအခွင့်ထူးခံတွေကိုသာပေးအပ်တဲ့ အတွက် အရင်းအမြစ်တွေဟာ နိုင်ငံသားတွေရဲ့ ဘဝလုံခြုံမှုဆီကို ပြန့်နှံ့မသွားဘဲ ခရိုနီနဲ့ အစိုးရမိသားစုတွေဆီကိုသာ အများဆုံးရောက်ရှိသွားတယ် ။ဒုတိယ အချက်ကတော့ ခရိုနီစနစ်က အခွင့်ထူးခံ အက်ဆက်ကိုင်ဆောင်သူတွေနဲ့ အစိုးရကြားထဲက ပုဂ္ဂိုလ်ရေးဆက် သွယ်ချက်တွေကို မှီခိုနေရတဲ့ အချက်ပဲ ။ ဒီအချက်ကြောင့် ပုဂ္ဂိုလ်ရေးဆက်သွယ်ချက်ရှိတဲ့ အစိုးရ အကြီးအကဲ အာဏာရနေချိန်မှာသာလျင် အလုပ်ဖြစ်ပြီး သူတို့အာဏာမရှိတဲ့ အချိန်မှာတော့ စီးပွားရေးဆိုင်ရာ ခံဆောင်မှုတွေပျက်စီးသွားနိုင်တယ် ။ ဒါကြောင့် ခရိုနီစီးပွားရေးစနစ်ထဲက စီးပွားရေးအေးဂျင့်တွေရဲ့ သက်တမ်း ဟာ စိတ်မချရဘူး ။ဒါကို သိတဲ့ ခရိုနီတွေက ရနေတဲ့သက်တမ်းအတွင်း အကျိုးအမြတ်အများဆုံး လောဘဇော တိုက်တောင်းယူတယ် ။ နိုင်ငံရဲ့စီးပွားရေးအကျိုးအမြတ်ထက် သက်တမ်းတိုကြောင့် အလွန်အကျွံအမြတ်ရှာ ဖွေ မှု ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးစေရတဲ့ အချက်တွေထဲက တစ်ချက်ပဲ ။ ပြီးရင် သူတို့ကြောင့်ဖြစ်လာတဲ့ စီးပွားရေးရင့်ကျက်မှုဟာလည်း အချိန်တိုကာလကြောင့် တိုင်းပြည်အတွက် ရှိသင့်တဲ့ ရင့်ကျက်မှုမျိုးမရှိဘဲ နောင် ဒီမိုကရေစီအစိုးရအတွက် နိုင်ငံအတွက် အထောက်အကူမဖြစ်လှဘူး ။ တတိယအချက်ကတော့ ခရိုနီစနစ် ကြောင့် ဆိုးဝါးတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်တတ်ပြီး ဝင်ငွေခွဲဝေဖြန့်ဖြူးမှုမှာလည်း မညီမမျှဖြစ်နေတယ် ။ ခရိုနီတွေကြောင့် စီးပွားရေးဖွံ့ဖြိုးတိုက်မှုနည်းပါးတဲ့ အချက်တွေထဲက နောက်ထပ်တစ်ခုကတော့ခရိုနီတွေဟာ သူတို့ရဲ့ ကုန်ကျစရိတ်တွေကို ထုတ်ဖော်ပြောလေ့မရှိဘဲ လျို့ဝှက်ထာလေ့ရှိတယ် ။ အကြောင်းကတော့ ခရိုနီရဲ့ ကုန်ကျစရိတ်ဆိုတာ ခရိုနီတွေရဲ့ အကျိုးအမြတ်ဖြစ်နေလို့ပဲ ။ ဒါကြောင့်လည်း ခရိုနီစီးပွားရေးလုပ်ငန်းတွေအတွက် နိုင်ငံတော်ကပွင့်လင်းမြင်သာမှုရှိမှာ မဟုတ်ဘူး ။ ခရိုနီရယ်လို့ စတင်ဖြစ်ပေါ်လာတဲ့ နယ်ပယ်ကတော့ အများ အားဖြင့် ကုန်သွယ်ရေးနယ်ပယ်ဖြစ်ပြီး သွင်းကုန်လိုင်စင်ကို မျက်နှာသာပေးရရှိခြင်းကနေ စတင်တာကိုလည်း တွေ့ ရမယ် ။ နောက်ထပ်တစ်နေရာကတော့ ပြည်တွင်းက ဈေးကြီးတဲ့ အရာတွေကို တင်ပို့နိုင်ခွင့်ပဲ ။
ခရိုနီတွေဘာကြောင့် ရေရှည်ခံနေရသလဲ
အဖြေကတော့ အစိုးရတစ်ခုနဲ့ တစ်ခုပြောင်းသွားပေမယ့်လည်း ခရိုနီတွေကြာရှည်ခံနေရတဲ့ အကြောင်းက အစိုးရ တစ်ရပ်ဟာ သူ့ရှေ့ကအစိုးရ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာကို ပြန်ရင်ဆိုင်ကြရလို့ပဲ ။ ဒါကြောင့် ခရိုနီတွေက ဆက်ရှိနေ ဆဲပဲ ။ ဒီမိုကရက်တစ်အစိုးရမျိုး ဒါမှမဟုတ် အကန့်အသတ်ရှိတဲ့ အစိုးရမျိုးပေါ်ပေါက်လာတဲ့ အချိန်မှာ ကောင်းမွန်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုကို မရှာဖွေနိုင်သေးခင်အထိရှိနေတဲ့သဘာဝကလည်းရှိတယ် ။ အစိုးရအနေနဲ့ ခက်ခဲတဲ့ အခြေအနေကို မကျော်လွန်နိုင်ဘူးဆိုရင်တော့ ဘယ်လိုပုံသဏ္ဌာန်နဲ့ အစိုးရမျိုးပဲဖြစ်ဖြစ် ယခင် အစိုးရ ကြုံတွေ့ရတဲ့ အကျပ်အတည်းကို ရင်ဆိုင်ရမှာဖြစ်တယ် ။ သဘောကတော့ အက်ဆက်ရှိသူတွေကို မရွေးချယ်နိုင်ဘူး ဆိုရင် ရင်းနှီးးမြုပ်နှံမှုတွေဝင်ရောက်လာမှာ မဟုတ်ဘူး ဆိုတဲ့ အတွေးအခေါ်ကြိမ်လုံးနဲ့ အရိုက်အနှက်ခံနေရဦးမှာပဲ။ အက်ဆက်ရှိသူမရှိရင် ၊ ရင်းနှီးမြုပ်နှံမှု မရှိ ၊ရင်းနှီးမြုပ်နှံမှုမရှိရင် ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှောင့်နှောင်းပြီး အစိုးရ အဓိကလည်ပတ်အလုပ်လုပ်အောင်အားဖြည့်ပေးမယ့် အခွန်ကောက်ခံမှုမှာပါ ပြဿနာတတ်မှာဖြစ်တယ် ။ ဒီမိုကရေစီအစိုးရမဟုတ်ရင်တော့ တော်လှန်ရေးနဲ့ ပြန်တတ်လာတဲ့ အစိုးရတိုင်းမှာ ယခင်ရှေ့ကအစိုးရဖန်တီးခဲ့ တဲ့ ခရိုနီစီးပွားရေးပုံစံကို ပြန်ဖန်တီးရတဲ့သဘောတွေရှိနေတယ် ။ဒီသဘောကို ဟာဘာနဲ့ နိုရယ်မိုရာကနေ မက္ကဆီကို တော်လှန် ရေးကုိုအခြေခံပြီးလေ့လာပြခဲ့တာတွေရှိတယ် ။ သူတို့က ခရိုနီစနစ်ရဲ့ အနက်ရှိုင်းဆိုင်းအပိုင်းကိုလေ့လာ ပြတာ ။ တနည်းအားဖြင့် အာဏာရှင်စနစ်ကနေ ကောင်းမွန်ခိုင်မာတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးပုံစံမဟုတ်ဘဲ တခြားသော အုပ်ချုပ်မှုပုံစံတစ်မျိုးမျိုးကိုပြောင်းလဲသွားတဲ့အခါ ခရိုနီစနစ်ဟာ ပုံစံတစ်မျိုးနဲ့ အသစ်ပြန်လည်ဖွဲ့စည်းဖို့ကြိုးစားတတ် တာကိုဖော်ထုတ်ပြခဲ့တာဖြစ်တယ် ။ မက္ကဆီကို အာဏာရှင် ပေါ်ဖီရီယို ဒိုင်းယက်ဇ် (၁၈၇၆-၁၉၁၀) လက်ထပ်မှာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာဖို့ရာ လိုအပ်တဲ့ “ သူဟာတော့ဖြင့် ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုဆိုတာကို ယုံယုံကြည် ကြည်အကာအကွယ်ပေးနေပါတယ်လို့ ” ပြချင်တဲ့ အတွက် အက်ဆက်ကိုင်ဆောင်ထားတဲ့ အုပ်စုငယ်လေးတွေ ကို စီးပွားရေးအခွင့်အလမ်းတွေပေးအပ်ချီးမြှောက်ပြခဲ့တာ။ နောက်တော့ ဒိုင်းယက်ဇ်ပြုတ်ကျသွားပြီး အစိုးရသစ်တစ်ရပ် အာဏာရလာတဲ့အခါမှာလည်း ဒီအုပ်စုလေးတွေဟာ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တယ် ။ ဒိုင်းယက်ဇ်ကို မနှစ်ခြိုက် ကြတော့တဲ့အတွက် တော်လှန်ရေးဆင်နွဲပြီး ဖြုတ်ချခဲ့ကြပြီးတဲ့အခါ နောက်တက်လာတဲ့ အစိုးရကလည်း ဒိုင်းယက်ဇ် ထက်တောင်မှ အစွန်းရောက်အောင် ကွဲပြားခြားနားတဲ့ အိုင်ဒီယိုလိုဂျီကို ကိုင်စွဲထားကြတာ ။ နောက်တော်လှန်ရေး ကြောင့်တတ်လာတဲ့ အစိုးရကလည်း ဒိုင်းယက်ဇ်မှာရှိခဲ့တဲ့ ခရိုနီစနစ်ကိုပဲ ပြန်ကျင့်သုံးသွားခဲ့ရတယ်ဆိုတာကိုတွေ့ရ မယ် ။ ပြီးတော့ ယခင်က ခရိုနီတွေနဲ့ နောက်အစိုးရ ခရိုနီတွေကလည်း အတူတူပဲဆိုတာကိုတွေ့လာရတယ် ။ ခရိုနီစီးပွာရေးစနစ်ဆိုတာမှာ စီးပွားရေးသွင်းပြင်လက္ခဏာသက်သက်ကိုသာ မတွေ့ရဘူး ။ နိုင်ငံရေးအရ တီထွင် ဖန်တီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ သွင်ပြင်လက္ခဏာကိုသာလျင် အများဆုံးတွေ့ရမယ် ။ပြီးရင် နိုင်ငံရေးအရ အပြုသ ဘောင်မဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကိုသာလျင် တိုင်းပြည်က ခံစားလိုက်ရတယ် ။ ခရိုနီစနစ်မှာ တူညီတဲ့ အခွင့်အလမ်းရပိုင်ခွင်ဆိုတဲ့ ဒီမိုကရက်တစ်တန်ဖိုးစံမရှိဘူး ။ ခရိုစနစ်ဖြစ်ပေါ်လာဖို့ အဓိကအချက်က အစိုးရ အနေနဲ့ အထူးစီးပွားရေးအခွင့်အလမ်းတွေကို အက်ဆက်ကိုင်ဆောင်ထားတဲ့ လူနည်းစုတစ်ချို့ကိုပေးအပ်နေဖို့ပဲ။ အဲဒီလို မျိုး မရှိတော့ဘဲ စီးပွားရေးအခွင့်အလမ်းတွေကို လူတိုင်းညီမျှစွာ ချဉ်းကပ်နိုင်အောင်ဖြစ်လာပြီ ဆိုရင် ခရိုနီစနစ်ကျဆုံးသွား မယ်ဆိုတာကလည်း မြင်သာတဲ့ အချက်ပါပဲ ။ဒါကြောင့် ရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီဟာ ခရိုနီစနစ်ကို တဖြည်းဖြည်းတိုက်စားပစ်တယ် ။ ခရိုနီတွေကလည်းရတဲ့ နည်းပေါင်းစုံနဲ့ သူတို့ရဲ့ အကျိုးအမြတ်ကို ကာကွယ်မှာပဲ ။ တတ်လာနိုင်မယ့် ဒီမိုကရေစီအစိုးရကိုစောစောစီးစီးပြေးပေါင်းမယ် ၊ ဘဏ္ဍာငွေမလုံမလောက်ဖြစ်နေတဲ့ အချိန် မက် လောက်စရာကောင်းအောင် အထောက်အပံ့ပေးမယ် ၊ သူတို့သာလျင် တိုင်းပြည်ရဲ့ အက်ဆက်ကိုင်ဆောင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အကူအညီမပါဘဲနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ လွယ်လွယ်ကူကူနဲ့ မရနိုင်ဘူးဆိုတာကို အစိုးရနဲ့ ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ကျုံးသွင်းမယ် ။ ဒီထက်ပိုဆိုးပြီး အစိုးရအနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားကိုထိခိုက် အောင်လုပ်မယ်ဆိုရင်တော့ စီးပွားရေးမှန်သမျှ ဂျုးံဂျုးံကျအောင်လုပ်ပစ်မယ့်ဆိုတဲ့ အထိ ထွင်လုံးတွေပေးတတ်တယ် ။ တကယ်တော့ ဒီလိုလုပ်နိုင်မယ်ဆိုရင်တောင် ဒါဟာ အခိုက်အတန့်ပဲ ။ သေချာတဲ့ သုတေသနတွေက နောင်တတ် လာမယ့် ဒီမိုကရေစီအစိုးရဟာ ခရိုနီတွေကို ဆက်လက်ထိန်းသိမ်းထားမယ်ဆိုရင် ဒါဟာ ကိုယ့်နိုင်ငံရဲ့ အဖျက်မျိုး စေ့ ကို ကိုယ့်ဘာသာကိုပြန် ချမှတ်နေတာပဲ ။ပြီးတော့ ကိုယ့်အကျိုးအမြတ်ကို အသေအလဲကာကွယ်နေတဲ့ ခရိုနီစနစ်မှာ အစိုးရရဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးချက်တွေမှာ လူထုမြင်သာမှုမရှိတဲ့ အခြေအနေ၊ လူထုသဘောတူမှုမရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာတော့ အမှန်ပဲ ။အဆင့်မြင့်မားတဲ့ ဒီမိုကရေစီရှိမှသာ ခရိုနစ်စနစ်ဟာ လုံးဝကျဆုံးသွားမှာ ဖြစ်တယ် ။တစ်ဖက်ကလည်းအာဏာပိုင်စနစ်ကို ပိုကျင့်သုံးလေ ခရိုနီစနစ် ပို ထိထိရောက်ရောက်အလုပ်လုပ်လုပ်လေပါပဲ ။
ခရိုနီ အဓိပ္ပာယ်ဖွင့်ဆိုချက်အကျဉ်း
ခရိုနီရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က နိုင်ငံရေးအာဏာပိုင်သူတွေထံကနေ ကြီးမားတဲ့ စီးပွားရေးတန်ဖိုးတွေအတွက် မျက်နှာသာပေးခံရသူလို့ ဆိုနိုင်တယ် ။ သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေမရှိလှဘူး ။အများအားဖြင့် အဲဒီလို မျက်နှာသာပေး ခံရသူတွေက ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဓနဥစ္စာလွဲပြောင်းပေးလိုက်တဲ့သဘောတော့မရှိဘူး ။ စီးပွားရေးဆိုင်ရာ အခွင့် အလမ်းတွေပေးလိုက်ခြင်းပဲ ။ ဒီအခွင့်အလမ်းတွေက ပုံစံအမျိုးမျိုးရှိတယ် ။ ဒါပေမယ့် အမြင်သာဆုံးအရာတစ်ခုက တော့ ပိုင်းဆိုင်မှုရယူလိုက်ခြင်း (ownership) ဆိုတာကို အာရှစီးပွားပျက်ကပ်ကြောင့်တွေ့ရမှာဖြစ်တယ် ။ အထူးသဖြင့် ခရိုနီတွေရဲ့ အခွင့်အလမ်းထဲမှာ နိုင်ငံတော်ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းနဲ့ လည်ပတ်အလုပ်လုပ်ပုံတွေ ကို ပုဂ္ဂလိကလုပ်ငန်းတွေလွဲပေးလိုက်တဲ့ ပုံစံအနေနဲ့ ခရိုနီတွေက ရယူသွားတယ် ။နောက်ထပ်အရေတကြီး သတိထား ရမယ့် အချက်က ရင်းနှီးမြုပ်နှံမှုဖြစ်ပေါ်လာဖို့ရာ အချက်အချကြတဲ့ ဘဏ်စနစ်ကို ခရိုနီတွေချုပ်ကိုင် ထားခြင်းပဲ ။ ပြည်တွင်း ခရက်ဒစ်လုပ်ငန်းကို ချဲ့ထွင်ခြင်းနဲ့ ပြည်တွင်း ခရိုနီဘဏ်စနစ်ကို တည်ထောင်ထားခြင်းဟာ နောက်တတ်လာမယ့် အစိုးရအနေနဲ့ အထူးအခက်အခဲ့ကြုံတွေ့နိုင်တဲ့ အနေအထားတစ်ရပ်ဆိုတာကိုလည်းတွေရမယ်။
ခရိုနီစနစ် ဘယ်အချိန်ကြီးထွားလာမလဲ
အာဏာပိုင် အုပ်ချုပ်ရေး ဒါမှမဟုတ် အာဏာရှင်အုပ်ချုပ်ရေးတွေမှာ ခရိုနီစနစ်အားကောင်းလာတတ်တာ ဓမ္မတာ ပါပဲ ။အဲဒီလို စနစ်တွေကနေ ဒီမိုကရေစီစနစ်အပြောင်းအလဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ သူတို့ရဲ့ အကျိုးအမြတ်ကာ ကွယ်မှုတွေနဲ့ ရင်ဆိုင်ရပြီး ခရိုနီစနစ်ကို ဆက်လက်သယ်ဆောင်လာနိုင်ပါတယ် ။ ဒါကို အကျဉ်းချုံးပြီးဆိုရရင်တော့ နိုင်ငံရေးမတည်ငြိမ်မှုရှိတဲ့ အချိန်မှာ ခရိုနီစနစ်ကြီးထွားလာမှာဖြစ်တယ် ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေး မတည်ငြိမ်းမှုဆိုတာဘာလဲ ၊ နိုင်ငံရေးတည်ငြိမ်းမှုဆိုတာဘာလဲဆိုတာကို သိထားဖို့လည်းလိုတယ် ။ နိုင်ငံရေး မတည် ငြိမ်မှုဆိုတာကို သိဖို့ ပိုပြီးသေချာရေရာမှုရှိတဲ့ အလွယ်တကူပိုတွက်ချက်နိုင်တဲ့ နိုင်ငံရေးတည်ငြိမ်မှုဆိုတာဘာလဲက နေ စတင်သင့်တယ် ။
(က) နိုင်ငံရေးတည်ငြိမ်မှုဆိုတာဘာလဲ
နိုင်ငံရေးတည်ငြိမ်မှုဟာ ကောင်းမွန်ခိုင်မာတဲ့ နိုင်ငံရေးစနစ်အပေါ်ကိုမှီတည်ပြီးဖြစ်ပေါ်နေရတာ။ နိုင်ငံရေးစနစ် ဆိုတာ နိုင်ငံရေးအကျိုးအမြတ်တွေကို စုစည်းပေး ၊ မျှဝေပေးတဲ့ အင်စတီကျူးရှင်းအစုအဝေးပဲ ။အထူးသဖြင့် နိုင်ငံရေး စနစ်ဆိုတာ လူ့အဖွဲ့အစည်းအတွင်း အဓိကအရင်းအမြစ်တွေဖြစ်တဲ့ ဥပဒေအရ တရားဝင်ခွင့်ပြုပေးထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အင်စတီကျူးရှင်းတွေကို ခေါ်တယ် ။ နိုင်ငံရေးစနစ်ရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံရေးပြောင်း လဲမှုပုံစံနှစ်ရပ်နဲ့ ပတ်သတ်ပြီး မသေချာမရေရာမှုတွေကို လျော့ချတယ် ။ ပထမပြောင်းလဲမှုက အစိုးရအတွင်းပြောင်း လဲမှုပဲ ။ ဒီပြောင်းလဲမှုတွေက အစိုးရတစ်ခုအစားထိုးဝင်ရောက်လာဖို့ရာလုပ်ပေးတဲ့ ယန္တရားတွေကို ချုပ်ကိုင်ထားတဲ့ အင်စတီကျူးရှင်းတွေအတွင်းကနေ ဖြစ်ပေါ်တယ်။ ဥပမာ ရွေးကောက်ဥပဒေလိုအစိုးရအပြောင်းအလဲယန္တရားကို ချုပ်ကိုင်ထားတဲ့ အင်စတီကျူးရှင်းမျိုးပဲ ။ ဒုတိယပြောင်းလဲမှုကတော့ နိုင်ငံရေးစနစ်ရဲ့ အခြေခံအဆောက်အအုံတွေ မှာ တည်ရှိနေတဲ့ အခြေခံကျတဲ့ ပြောင်းလဲမှုတွေပဲ ။ နိုင်ငံရေးစနစ်တွေတဖြည်းဖြည်ဖြစ်ထွန်းပြောင်းလဲသွားဖို့ရာ လုပ်ပေးမယ့် အတွင်းစည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲသွားတဲ့သဘောပဲ ။ တနည်းအားဖြင့် နိုင်ငံရေးစနစ်ဆိုတာ လူမှုရေးဆိုင်ရာတောင်းဆိုမှုတွေကြောင့်ဖြစ်လာမယ့် ပဋိပက္ခတွေကို ဖြေရှင်းပေးတာ ၊ လူမှုရေးဆိုင်ရာအပြန်အလှန်ဆက်ဆံမှုပုံစံမျိုးစုံကို စိုးမိုးမယ့် စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပေး တာတွေလုပ်တယ် ။ပြီးတော့ နိုင်ငံရေးနယ်ပယ်ကိုချဲ့ထွင်ပေးတယ် ။ ဒီအလုပ်အရ နိုင်ငံရေးမှာဆိုရင်တော့ လုပ်အားခွဲ ဝေပေးတာ ၊လူအဖွဲ့အစည်းကို အုပ်ချုပ်ဖို့ရာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့အခြေခံစည်းမျဉ်းတွေကိုရေးဆွဲပေးတာတွေ လုပ်တယ် ။ စီးပွားရေးအပိုင်းမှာဆိုရင်တော့ နိုင်ငံရေးစနစ်ကို ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်ကို အဓိပ္ပာယ်ဖွင့်ဆိုပေးတာ၊ စီးပွားရေးဆိုင်ရာအပြုအမူတွေကို စီးပွားရေးအပြုအမူတွေကို ကန့်သတ်မယ့် လမ်းညွန်မယ့်အင်စတီကျူးရှင်းတွေကို လည်းပေးအပ်တယ် ။ နိုင်ငံရေးစနစ်လည်ပတ်အလုပ်လုပ်ပြီ ဆိုတာနဲ့ သူနဲ့ ဆက်စပ်နေတဲ့အင်စတီကျူးရှင်းတွေက သူ့အပေါ်အားဖြည့် လည်ပတ်ပေးတယ် ။ ဘယ်လိုအခြေအနေမျိုးမှာ မဆိုနိုင်ငံရေးစနစ်တည်ငြိမ်ရတဲ့ အကြောင်းအရင်းက –
– လူထုက အစိုးရရဲ့ လက်ရွေးစင်ယန္တရားတွေဟာ စည်းမျဉ်းစည်းကမ်းတွေအတွင်းနိုင်ငံရေး ဆိုင်ရာ အပြုအမူတွေကို ထိန်းကြောင်းနိုင်တယ်လို့ ယုံကြည်ထားရင်
– နိုင်ငံရေးစနစ်ကိုယ့်ဘာသာကိုယ်အားဖြည့်သွားနိုင်မယ့် အင်စတီကျူးရှင်းဆိုင်ရာ အစီအစဉ်ရှိမယ်ဆိုရင် နိုင်ငံရေး တည်ငြိမ်မှုရှိမှာဖြစ်တယ် ။
တနည်းအားဖြင့် နိုင်ငံသားတွေဟာ တည်ရှိဆဲ နိုင်ငံရေးအားမျှခြေကနေ သွေဖယ်မသွားဘူးဆိုရင် နိုင်ငံရေးတည်ငြိမ် မှုရှိမယ် ။ စနစ်တစ်ခုတည်ငြိမ်မှုဟာ လက်ရှိနိုင်ငံရေးစနစ်ကို ပစ္စုပ္ပာန်နဲ့ အနာဂတ် ကာလတွေမှာ ပဋိပက္ခဖြစ်လာမယ့် ရည်မှန်းချက်ပန်းတိုင်တွေကို မျှတအောင်ဖြေရှင်းပေးနိုင်မယ်လို့ ဘုံသဘောတူညီချက်ရှိရင်လည်း နိုင်ငံရေးတည်ငြိမ်မှာ ဖြစ်တယ်။
(ခ) နိုင်ငံရေးမတည်ငြိမ်မှု
နိုင်ငံရေးတည်ငြိမ်မှုကို ရေရှည်ထိန်သိမ်းမထားနိုင်တော့ဘူးဆိုတာမျိုးဖြစ်လာတဲ့ အချိန်မှာ နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်ပေါ်လာတယ် ။ နိုင်ငံရေးမတည်ငြိမ်မှုတွေထဲက အကြောင်းတရားတစ်ခုက နိုင်ငံရေးစနစ်အပေါ် ဘုံသဘောတူညီ မှု ပျောက်ဆုံးသွားတာကြောင့်ပဲ ။အဲဒီလိုအချိန်အခါမျိုးကို အားနည်းတဲ့ တည်ငြိမ်မှုလို့လည်းခေါ်ကြတယ် ။ အား နည်း တည်ငြိမ်မှုက နိုင်ငံရေးစနစ်ရဲ့ အနာဂတ်ကာလနဲ့ ပတ်သတ်ပြီး မသေချာမရေရာမှုသဘောကို မိတ်ဆက်ပေး တယ် ၊ အကြောင်းကတော့ ကွဲပြားခြားနားတဲ့ အေးဂျင့်တွေက ကွဲပြားခြားနားတဲ့ အင်စတီကျူးရှင်းပတ်ဝန်းကျင်မျိုးကို ရင်ဆိုင်လာရတဲ့ အတွက်ပဲ ။ တနည်းအားဖြင်ဆိုရရင် မြောက်မြားစွားသော နိုင်ငံရေးစနစ်တွေက လူ့အဖွဲ့အတွင်းမှာ အုပ်ချုပ်မှုအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့သဘောပဲ ။ဒီလိုဖြစ်လာပြီးဆိုရင် နိုင်ငံသားတွေရဲ့ နိုင်ငံရေးနဲ့လူမှုရေးဘဝ မှာ တည်ရှိဆဲနိုင်ငံရေးစစနစ်ကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေမှာ ပဋိပက္ခတွေလာဖြစ်ပြီလို့ဆိုရမယ် ။ တကယ်လို့ စနစ်တစ်ခုဟာ သူ့ဘာသာသူအားဖြည့်လည်ပတ်နိုင်တဲ့ အရည်အသွေးဆုံးရှုံးသွားပြီဆိုရင် ဒါဟာ အတော်ကလေး မတည်မငြိမ်ဖြစ်နေပြီလို့ ဆိုရမယ် ။ အကြောင်းကတော့ နိုင်ငံရေးရှော့ခ်တွေ အတွင်းပိုင်းမှာဖြစ်ပေါ် လာပြီး နိုင်ငံရေးစနစ်အပေါ် ယုံကြည်ကိုးစားမှုတွေကို ခြိမ်းခြောက်လာပြီဖြစ်တဲ့အတွက်ပဲ ။ အစိုးရနဲ့ နိုင်ငံသားတွေ ကြားထဲ ချည်နှောင်ထားတဲ့ လူမှုပဋိဉာဉ်လည်း ပြိုကျသွားတဲ့ အတွက်ပဲ ။ ဒီခြိမ်းခြောက်မှုတွေက အင်စတီကျူးရှင်း ပြောင်းလဲမှုတွေဟာ နိုင်ငံရေးစနစ်ကို အားဖြည့်မပေးနိုင်တော့တဲ့ အခြေအနေကို ဆွဲခေါ်သွားခဲ့တယ် ။ တည်ငြိမ်မှုကို လိုချင်ရင် နိုင်ငံရေးအားမျှခြေအသစ်ယူဆောင်လာမှပဲဖြစ်တော့မယ့် အခြေအနေကို ဆိုက်ရောက်သွားတယ် ။ အထက်ပါ နိုင်ငံရေးမတည်ငြိမ်မှုတွေက စီးပွားရေးစွမ်းဆောင်ရေကို အကျိုးသက်ရောက်မှုရှိတယ် ။ အဲဒီလို စီးပွား ရေးစွမ်းဆောင်ရေတွေအပေါ် အကျိုးသက်ရောက်ပြီး ဖြစ်လာတဲ့ စီးပွားရေးဆိုင်ရာ ဆိုးကျိုးတွေထဲမှာ ခရိုနီစနစ်ကို ပိုကြီးထွားလာစေတယ်။ စီးပွားရေးစွမ်းဆောင်ရေ အပေါ်အကျိုးသက်ရောက်မှုတွေကို ကြည့်ရင် သိနိုင်တယ် ။
-နိုင်ငံရေးမတည်ငြိမ်မှုကို ဒေသတွင်း ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေကို မလုံမခြုံဖြစ်လာစေတယ် ။အကြောင်းက မတည်ငြိမ်မှုကြောင့် လူထုဥပဒေတွေကို ကျင့်သုံးဖို့အတွက် လွတ်ဟာသွားတဲ့အတွက်ပဲ ။ ဒေသတွင်း ပုဂ္ဂလိက ပစ္စည်းဥစ္စာအပေါ် မလုံမခြုံဖြစ်လာစေခြင်းက ရေရှည်ရင်းနှီးမြုပ်နှံမှုတွေကို ရပ်တန့်သွားစေတယ် ။ဒါကြောင့် အစိုးရ အနေနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနဲ့ လုံခြုံမှုရှိပါတယ်လို့ သက်သေပြနိုင်ဖို့ အက်ဆက်ပိုင်တဲ့ လူနည်းစုကို မျက်နှာသာပေး စီးပွားရေးလုပ်စေခြင်းအားဖြင့် ခရိုနီစနစ်ကြီးထွားလာတယ် ။
– တစ်ခုတည်းသော နိုင်ငံရေးစနစ်ဆိုတာ မရှိတော့ဘဲနဲ့ နောင်ထွက်ပေါ်လာမယ့် အစိုးရပုံစံကို မှန်းဆရခက်တာ ၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေရဲ့ပြောင်းလဲမှု အဟုန်ကိုခန့်မှန်းရခက်တာတွေဖြစ်ပေါ်လာစေတယ် ။ ဒီအချက်က ရင်းနှီးမြုပ်နှံသူတွေ သူတို့ရဲ့အရင်းတွေကို ပိုပြီးလုံခြုံမှုရှိတဲ့နေရာတွေကို ရွှေ့ပြောင်းသွားစေတယ် ။အင်စတီကျူးရှင်း အရခိုင်မာတဲ့ နေရာတွေကိုလည်း ရွှေ့ပြောင်းကြတယ် ။
– နိုင်ငံရေးမတည်ငြိမ်မှုက တစ်သီးပုဂ္ဂလလူသားကို ရာထူးအခွင့်အလမ်းရှိသူတွေနဲ့ ချိတ်ဆက်ခြင်းကို ရှာဖွေလာ အောင်တွန်းအားပေးတယ် ။ ဒါကြောင့် အရင်းအမြစ်တွေကို ထုတ်လုပ်မှုနဲ့မဆိုင်တဲ့ နေရာတွေဆီရွှေ့လျားသွားတယ် ။ ဒါမျိုးက အစိုးရပိုင်းမှာပိုအဖြစ်များတယ် ။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်သူတို့ရထားတဲ့နေရာတွေဟာ ယာယီမျှသာ ဖြစ်တယ်သိတဲ့အခါ အစိုးရအရာရှိတွေဟာ ရာထူးတည်မြဲမယ့်နေရာနဲ့အခွင့်အလမ်းတွေကို ရှာဖွေတယ် ။တခြား သော အလုပ်ထက်သူတို့ရဲ့အတွင်းပိုင်းမှာ ရာထူးရှာဖွေခြင်းအလုပ်နဲ့ စီးပွားရေးအခွင့်အလမ်းကိုသာရှာဖွေတယ် ။ ဒါကြောင့် ခရိုနီတွေနဲ့ပေါင်းဖက်တာ ချိတ်ဆက်တာမျိုးပိုပြီးဖြစ်လာတယ် ။
http://blog.mrjugger.net/2013/04/blog-post_29.html

TNA ရေ ကျတော်ရေးရင်အိုးနင်းခွက်နင်းဖြစ်မှာမို့ ဒီဆောင်းပါးလေးကိုကူးပေးလိုက်ရပါတယ်ဗျား။ဖတ်ပြီးသားဖြစ်မယ်ထင်ပါတယ်။
မဖတ်ရသေးသူများဖတ်ရအောင်လို့ပါ။
ကျတော်ကတော့ခရိုနီဆိုတာကိုဖောက်ဖွားရှင်သန်ကြီးထွားအောင်လုပ်ပေးနေသော
အစိုးရတရပ်ရှိနေ၍ပေါ်ပေါက်လာရခြင်းဖြစ်တယ်လို့ယုံကြည်ပါတယ်။ ခရိုနီဆိုတာ
ကြီးချုပ်ငြိမ်းဖို့ရန်အတွက်ကတော့ မူလအရင်းအမြစ်ကိုတူးထုတ်ပစ်မှရမယ်။
ဒီလိုတူးထုတ်နိုင်တဲ့အစိုးရအဖွဲ့အပြောင်းအလဲလိုပါမယ်။ ခရိုနီ ဆိုတာရဲ့အောက်
မှာလဲမှီခိုသူပြည်သူတွေအများကြီးရှိနေတာကိုလည်းမေ့ထားလို့မရပြန်ဘူး။နောက်
သူတို့လက်ထဲကတိုင်းပြည်ရဲ့ရင်းမြစ်မျိုးစုံ ဓနဥစ္စာ များစွာရှိနေတာကိုလည်း
လိမ္မာပါးနပ်စွာပြန်ထုတ်တတ်ရမယ်။
ဒီလိုတိုင်းပြည်စီးပွားရေး ပြည်သူ့အခွင့်အရေးတွေတရားမျှတစွာပြန်ရဖို့ ပြည်သူတွေ
ဟာ အဘဖော ပြောသလို မညံဖို့လိုတယ်။ကိုယ်ညံတာသိဖို့လိုတယ်။ကိုယ်သိတဲ့
ညံချက်တွေကိုပြင်ဖို့လိုတယ်။
ဒီလို အစိုးရကောင်းတရပ်ရဖို့ကပြည်သူတွေ ရွေးချယ်တတ်ဖို့ မတူတာတွေ
ဘေးဖယ် ပြီး စည်းစည်းလုံးလုံးနဲ့ခရိုနီ အစိုးရကို ဖယ်ရှားဖို့လိုတယ်။ အနုူ
တောလူချော လို့ပဲပြောပြော လက်ရှိဒီနိုင်ငံကို ဦးဆောင်လမ်းပြနိုင်သူ ဒေါ်စုကို
အစိုးရအဖွဲ့အကြီးအကဲဖြစ်ဖို့ရွေးရမယ်။ မတူတာတွေမကြိုက်တာတွေ
ရှိကောင်းရှိနိုင်ပေမဲ့ လက်ခံပေးရမယ်။ ၂၀၁၅ မတိုင်မှီပြည်သူတွေစည်းလုံး
ဖို့လိုတယ်။ဟိုအရေးဒီအရေးတွေနဲ့ဝေဝါးထွေပြားမနေသင့်တော့ဘူး။ အချင်းချင်း
အမြင်တွေဘယ်လိုပဲကွဲပြားကွဲပြား ဒီအရေးမှာတော့မကွဲပြားသင့်တော့ဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး က ဒီအစိုးသစ်ရွေးချယ်ရေးအတွက်
အဓိကအချက်ဖြစ်နေတယ်။ဒီအချက်ကလည်းပြည်သူတွေရဲ့စည်းလုံးညီညွတ်
မူ့အားကိုပြနိုင်ရမယ်။ဒါမှခရိုနီအိမ်မက်ဆိုးကိုဖယ်ထုတ်နိုင်မဲ့အစိုးရတရပ်ပေါ်
ထွက်လာမှာဖြစ်ပါကြောင်း ။

About မင်း ခန့် ကျော်

has written 83 post in this Website..

မြန်မာပြည်တွင်မွေးသည်။ မြန်မာပြည်တွင်အရွယ်ရောက်သည်။ ထို့ကြောင့် မြန်မာလိုတွေးပြီး မြန်မာလိုပြောတတ်သည်။