လမ်းသွယ်ထဲမှာ ဆူဆူညံညံနဲ့ ဒီဂျေသံကြားနေမိတယ်…

မီးတွေလဲ ထိန်ထိန်လင်းလို့… နိုင်ငံခြားက နိုက်ကလပ်တစ်ခုကိုတောင် သတိသွားရမိပါသေး၏…

အိုင်ရင်းဇင်မာမြင့်ဆိုလဲ ဟုတ်ရဲ့… နီနီခင်ဇော်ဆိုလဲတမူ… ဖြူဖြူကျော်သိန်းလဲ ချန်မထားခဲ့ကြ…

ဒီဂျေသံများနှင့် လမ်းကြိုလမ်းကြား… လမ်းမကြီးငယ်… အသွယ်သွယ်မှာ…

မြင်နေကြားနေရသမို့…  အမြင်မပါ…အသံနှင့်ဆုံးဖြတ်ကြမည်ဆိုလျှင်… ရန်ကုန်မြို့လုံးကျွတ်…

ကပွဲဆင်နွဲနေသလား… ရာဇ၀င်ထဲက နက္ခတ်သဘင်ဆင်ယင်နေသည့်အလား အထင်ကိုမှောက်မှားစေနိုင်ပါ၏…

တကယ်တော့ ဒါဟာ… ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ… ကထိန်သင်္ကန်းကပ်လှူပွဲအတွက်…

အလှူခံနေခြင်း… ပဒေသာပင်များကို ဆိုက်ကားများနှင့်တသွယ်… လူများထမ်းလို့တမူ…

လမ်းမများ… လမ်းထိပ်များ…လူသွားလမ်းဘေးများမှာ ချပြထားပြီး… အလှူခံနေကြခြင်းပါတဲ့…

ဒါဟာ… အလှူခံနေခြင်းပါတဲ့… နိဗ္ဗာန်သွားရာလမ်းဖြောင့်ဖြူးဖို့ အထောက်အပံ့တွေအတွက်…

အော်… အလှူခံနေခြင်းတဲ့လား…

ရပ်ကွက်ထဲကအလှူခံ… မိုးလင်းတာနဲ့ညံလို့… မရပ်မနား မိုက်ခွက်နားမှာ စေတနာရှင်… အလှူခံပေးသူများ…

ဇာတ်တော်များကတဖုံ… တရားတိုတရားစများတသွယ်နဲ့… လှူဒါန်းမည့်သူများရဲ့ နှလုံးသားက စေတနာသဒ္ဒါတရားကို ချွေချနိုင်ဖို့…

ဇနကထုံးနှလုံးမူ… မလျော့သောဇွဲနဲ့ အလှူခံသူတွေကိုလဲ ချီးကျူးမိပါရဲ့…

ဒါဟာ… အလှူခံနေခြင်းပါတဲ့…

 

ဘာ့ကြောင့်အလှူခံနေပါသလဲ… ပဒေသာပင်တွေသီးလို့ ဘုန်းတော်ကြီးကျောင်းတွေကို ငွေကြေးအခိုင်လိုက်လှူဒါန်းဖို့အရေး

အင်တိုက်အားတိုက်လက်မနှေးဘဲ… ကြိုးစားနေကြခြင်းပါ…

ရည်ရွယ်ချက်လေးကောင်းပါရဲ့… မွန်မြတ်ပါရဲ့… နောက်ဆက်တွဲတော့ ဒါပေမယ့်နဲ့ဆက်ပါရစေ…

တစ်ယောက်ထဲသီးခြားခွဲထွက်မနေနိုင်တဲ့ လူသားမျိုးနွယ်ဖြစ်သော ကျွန်ုပ်တို့တွေဟာဖြင့် လူတစ်ဦးတစ်ယောက်ရဲ့ Private နဲ့ လူအများစုဝေးနေထိုင်ရာ

(Public)ရဲ့ကျင့်ဝတ်… လူ့ကျင့်ဝတ်တချို့ကို ခွဲခြားမမြင်နိုင်ဘူးလို့ ပြတ်ပြတ်သားသားဆိုရမပေါ့…

လူ့အခွင့်အရေးမရဘဲ နှစ်ပေါင်းများစွာ နွားခြေရာခွက်ထဲနေခဲ့ရတဲ့ ခေါက်ရိုးကျေစိတ်ဓာတ်တွေကြောင့်လား သေချာမဆိုနိုင်ပေမယ့် လူသားတစ်ဦးအနေနဲ့ မည်သည့်ဘာသာရေး အစွဲမှမပါဘဲ… ထိုသူသည်လူဟူသောပေတံတစ်ခုထည်းနဲ့တိုင်းတာကြည့်ရမယ့် လူအများစုဝေးရာ…

ထပ်ပြီးအတိအကျဆိုရရင်… ကိုးကွယ်သည့်ဘာသာ… ဆက်ခံသည့်လူမျိုး… မတူညီသည့်ကြိုက်နှစ်သက်မှု ကွဲပြားသောခံစားမှုစသည်တို့

ရောပြွန်းနေသော Public မှာဖြင့် ဘယ်အရာကတော့လုပ်သင့်တယ်… ဘယ်အရာကတော့ဖြင့် မလုပ်သင့်ဘူး… စသည်ဖြင့် ကြည့်တတ်… မြင်တတ်… သိတတ်ဖို့လိုပါပြီ…

ဒီနေရာမှာ ကျွန်တော်မြင်သော အချို့အချို့ကို ပြောပြလိုပါတယ်…

 

ခရီးသွားကားပေါ်က သီချင်းသံ…

ကျွန်တော်တို့ ခရီးဝေးများကို မော်တော်ကားကြီးများနှင့်သွားဖူးကြပေလိမ့်မည်…

ကျွန်တော်တွေ့မိ သတိထားမိသည်မှာ… စပီကာသေးသေး… အသံအရည်အသွေးခပ်ညံ့ညံ့မှထွက်လာသော…

သီချင်းသံ…

ကျွန်တော်တို့နိုင်ငံကို တရုတ်နိုင်ငံကနေ လျှပ်စစ်ပစည်းများဝင်လာတော့ သီချင်းနားထောင်လောက်ရုံ သီချင်းဖွင့်ရုံ အရည်အသွေးခပ်ညံ့ညံ့တွေ လူတွေလက်ထဲရောက်ကုန်တယ်…

ပေါပေါပဲပဲနဲ့ရတယ်… သီချင်းတွေနားထောင်ရတယ်… အဲဒါနဲ့နောက်ဆက်တွဲပါလာတာက လူအများနဲ့ ဆိုင်တဲ့နေရာတွေမှာ တခြားလူတွေ အိပ်စက်အနားယူချင်မှန်းမသိ… ကိုယ်ဖွင့်သောသီချင်းက တခြားသူကို စိတ်အနှောက်ယှက်ဖြစ်စေမှန်းမသိ… လူများရှေ့ (Public) မှာ စပီကာပေါက်စနဲ့ သီချင်းဖွင့်ကြသော လူငယ်များ…

မနက်မိုးလင်းလင်းခြင်း… တစ်လမ်းလုံး တစ်ညလုံး ကားစီးလာလို့ ပင်ပန်းရတဲ့ကြားထဲ… တရားထဖွင့်တဲ့ လူကြီးများ…

ရေဒီယိုကို လူကြားသူကြားထဲ ကွီကွီကွမ်ကွမ်လိုင်းဖန်းတတ်သူ… ရေဒီယိုချစ်သူသက်ကြားရွယ်အိုများကို… တစ်ခုပြောချင်ပါတယ်…

တရားပဲဖွင့်ဖွင့်… သတင်းပဲနားထောင်ထောင်… သီချင်းနဲ့ပဲဖျော်ဖြေ… ဖျော်ဖြေပါ…

အများတကာနဲ့သွားလာ ဆက်ဆံရတဲ့အချိန်မှာ မိမိလုပ်ချင်တာထက်… Public ကို အားနာစေ့ချင်ပါတယ်…

Public အပေါ် ဂရုပြုစေချင်ပါတယ်… ဘာဖွင့်တာပဲဖြစ်ဖြစ်… လူအများကြားမှာ တစ်ဦးမဟုတ် တစ်ဦးကို

စိတ်အနှောက်အယှက်ဖြစ်စေသောအပြုအမူဆိုတာကို နားလည်စေချင်ပါတယ်…

 

အဲယားကွန်းခန်းထဲက ဆေးလိပ်ငွေ့

တစ်ခါ အဲယားကွန်းခန်းရှိတဲ့ကြေးအိုးဆိုင်တစ်ဆိုင်မှာ ၀င်ထိုင်ပြီးမှာစားမိပါတယ်…

နံရံမှာလဲ No Smoking ဆိုတဲ့ သင်္ကေတတွေ ကပ်လျှက်ရှိပေမယ့်…

ကျွန်တော်ထိုင်တဲ့ ဘေးဝိုင်းကလူကြီးတစ်ယောက် စီးကရက်ကို ဟန်ပါပါနဲ့ဖွာနေပါတယ်…

ကျွန်တော်မျက်လုံးစပ်လာတဲ့အထိပါပဲ… အဲဒါနဲ့ စားပွဲထိုးကောင်လေးကိုခေါ်ပြီး ဆေးလိပ်မသောက်ဖို့ ပြောခိုင်းရာမှာ… ကောင်လေးက သူမပြောရဲတဲ့အကြောင်းစကားပြန်လာပါသတဲ့…

နောက်ဆုံး ကျွန်တော်ကိုယ်တိုင် ဆေးလိပ်မသောက်ဖို့ မေတ္တာရပ်ခံရာက စကားများတဲ့အဆင့်အထိရောက်ခဲ့ပါ သေးတယ်…

မင်းလို ဆံပင်ရှည်နဲ့လမ်းသရဲကောင်ကများ ငါ့ကိုရာရာစစတဲ့…

ဟောဗျာ… Public ထဲမှာ လူဝင်ဆန့်အောင်မနေနိုင်တဲ့လူက ကျွန်တော့ကိုအဆင့်ခွဲလိုက်ပါသေးတယ်…

နောက်ဆုံး မန်နေဂျာထွက်လာပြီး ကျွန်တော့ကို ၀ိုင်းပြောင်းပေးပါတယ်… ကျွန်တော်လိုချင်တာ ၀ိုင်းပြောင်းပေးဖို့မဟုတ်ပါဘူး… အဲဒီလူ… အဲဒီလိုလူမျိုးကို နောက်ထပ်တစ်ခါ ဒီလို Public နေရာမှာ Public ကို လေးစားစေလိုတဲ့အသိမျိုးပေးစေချင်တာပါ…

ဆိုင်ထဲကနှင်ထုတ်တာမျိုးပေါ့…

ဒီစာရေးတဲ့ ကျွန်တော်လဲဆေးလိပ်ကို အရမ်းကြိုက်တဲ့လူဆိုတာ သိသူတွေ၊ မြင်ဖူးသူတွေ သိပါတယ်…

 

ဗလီရှေ့က အသံမစဲမဟာပဌာန်းပွဲ…

မြစ်ဝကျွန်းပေါ်ဒေသက မြို့လေးတစ်မြို့မှာ ကျွန်တော်တည်းတဲ့တည်းခိုခန်းဘေး မလှမ်းမကမ်းမှာ ဗလီတစ်ခုရှိပါတယ်…

တစ်ရက်ကျတော့ တည်းခိုခန်းရှေ့ ရပ်ကွက်ဓမာရုံမှာ အသံမစဲပဌာန်းပွဲကျင်းပ ပါတော့တယ်…

တစ်နေကုန် အလုပ်ပင်ပန်းလာတဲ့ ကျွန်တော်ညစာစားပြီး အိပ်ဖို့ကြိုးစားပေမယ့် မီးမရှိလို့ အဲယားကွန်းမလာတဲ့အတွက်

ပူပြီးအိပ်မရသည်ကတစ်ကြောင်း၊ ပဌာန်းသံရဲ့နှိပ်စက်မှုက အံ့မခမ်းမို့… ညလုံးပေါက် ငုတ်တုတ်ထိုင် ဆေးလိပ်သောက်နေခဲ့ရတဲ့နေ့ မနည်းခဲ့ပါဘူး…

နောက်တစ်နေ့မနက် အလုပ်လုပ်ရသူမို့ ပဌာန်းသံဟာ ကျွန်တော့်အတွက် အရှင်လတ်လတ်ငရဲကျနေသူပါပဲ…

အကုသိုလ်များသူမို့ ပဌာန်းသံမခံနိုင်ဖြစ်နေသလားတောင် တွေးမိသေး…

အဲ… ပဌာန်းသံပြီးသွားတော့ သတိထားမိလာတာက မနက် (၅)နာရီမှာ တည်းခိုခန်းဘေး မလှမ်းမကမ်း ဗလီက မနက် (၅)နာရီ ဘုရားရှိခိုးသံပါဘဲ…

လော်စပီကာနဲ့ဟဲလိုက်တဲ့အသံ… အဲဒီလိုပဲ…ညနေတစ်ခါ (၅)နာရီခန့် ကျတော့တခါ…

လက်ဘက်ရည်ဆိုင်ထိုင်မိတဲ့နေ့မှာ အဲ့အသံအတွက် ဝေဖန်သံတွေကြားလိုက်ရပါတယ်…

ကျွန်တော်ရင်ထဲပြောလိုက်မိတာက… သူများအော်တာမကြိုက်ရင်… ကိုယ်လဲမအော်ဖို့ပါပဲ…

မတူကွဲပြားသောလူများနေထိုင်ရာ (Public) ကို လေးစားသင့်ပါသည်…

တစ်နည်းဆိုရသော်… တခြားသူများ၏ အခွင့်အရေးနှင့် ခံစားချက်ကို လေးစားသင့်ပါသည်…

 

ကားနဲ့ပတ်တဲ့ ထီသည်…

တစ်နေ့ ကျွန်တော့်အိမ်ရှေကဧည့်ခန်းမှာ ဧည့်သည်တစ်ယောက်နဲ့ အလုပ်အကြောင်းလေးနဲနဲပါးပါး ပြောနေခိုက်… အိမ်ရှေ့ကို ထီရောင်းတဲ့ကားတစ်စီးထိုးဆိုက်လာပါတယ်… သီချင်းတွေညံနေအောင်ဖွင့်…

တစ်ရပ်ကွက်လုံးကြားတဲ့အထိ… အိမ်ထဲမှာစကားပြောရင်… တစ်ယောက်နဲ့တစ်ယောက်မကြားရတော့လို့…

ဟမ်… ဟမ်… ဖြစ်လာတဲ့အထိပါပဲ…

မိမိစီးပွားရေးအတွက် အိမ်ထဲကလူတွေကို ဒုတ်နဲ့ထိုးတော့မှာလား… သက်ကြီးရွယ်အိုတွေ ဘုရားအာရုံပြု နေမလား…

မွေးကင်းစခလေးငယ်တွေ အိပ်နေမလား… နေမကောင်းတဲ့လူတွေနားနားနေနေနေနေ ကြသလား…

ဒါတွေကို ဂရုမစိုက်ဘဲ အများပိုင်လမ်းမှာ မိမိထင်တိုင်းကြဲတာဟာဖြင့် အလွန်အမင်းစိတ်ပျက်စရာ ကောင်းတဲ့အရာပါ…

 

လမ်းပေါ်ကအလှူခံ…

မနေ့ကပဲ… အိမ်အပြန်လမ်းမှာ ကားတွေပိတ်လို့ စိတ်ညစ်ညူးခဲ့ရပါသေးတယ်…

ရန်ကုန်ဆောင်းအ၀င် ခပ်ပြင်းပြင်းအပူရှိန်မှာ တစ်နေကုန်ပင်ပန်းသမျှ အနားရမယ့်အိမ်ကို အပြန်…

လမ်းမှာ ဆိုက်ကား (၃)စီး… တစ်စီးက ပဒေသာပင်ကိုတင်… တစ်စီးမှာ အသံချဲ့စက်… တစ်စီးမှာ လက်ဆွဲ

မီးစက်ငယ်နဲ့ လမ်းမပေါ်တက်ပြီး ဒီဂျေသီချင်းတွေဖွင့်… အလှူခံပါသတဲ့… ကားကြီးကားငယ်… အသွယ်သွယ် ပိတ်ပြီး

လူတွေဒုက္ခရောက်ရပါတော့တယ်… သူတို့ကုသိုလ်ရမရတော့မသိ… ကားပိတ်လို့ ရာသီဥတုပူလို့ ဒေါသထွက်မိတဲ့

ကျုပ်တို့တော့ အကုသိုလ်ပွားရပြန်ပြီ…

ဒီလိုပါပဲ…

ဘုရားဆင်းထုတစ်ဆူကို ကားပေါ်တင်… မီးတွေဆင်… ဖဲကတီပါတွေနဲ့အလှဆင်ပြီး…

ငွေဖလားကြီးတွေ ၀င့်ခါဝင့်ခါနဲ့ ဘီယာဆိုင်နား အလှူခံ… လက်ဘက်ရည်ဆိုင်နားမှာ ဖလားထဲ ကျောက်ခဲထည့်ခေါက်နဲ့…

တရွေ့ရွေ့မောင်းတဲ့ကားနောက်မှာ တန်းစီပြီး လိုရာခရီးမရောက်လို့ သောကဝေနေကြတဲ့ လူပေါင်းများစွာကို

ထိုလူတွေ စဉ်းစားမိကြပါရဲ့လား…

ဘုရားပြငွေအလှူခံ… ဘုရားလဲ ငွေရဖို့ကပြရတဲ့ မျောက်သာသာဖြစ်မှန်းမသိဖြစ်လာပါပြီ…

မိုးတွင်း ကောက်ပဲသီးနှံတွေပေါ်ချိန်…

ရဟန်းပေါင်းရာထောင်ချီသွားရင်ဖြင့် လူအများဆုံးရှုံးရချည်ဆိုပြီး ၀ါဆိုခိုင်းတဲ့ ဗုဒ္ဓရဲ့ အများအပေါ်အလေးထားမှုကိုဖြင့်

အလှူငွေရရင်ပြီးရော ဘယ်သူဘာဖြစ်ဖြစ် သဘောထားတဲ့… အလှူခံပုဂ္ဂိုဟ်များ သတိလေးများ ချပ်စေချင်ပါသတဲ့…

 

အဝေးပြေးလမ်းမပေါ်ရောက်တာနဲ့ ကြိုကြား ကြိုကြား အလှူခံလေးတွေတွေ့ရပါတယ်..

အရှိန်နဲ့မောင်းလာတဲ့ကားတွေကြားမှာ အပြေးအလွှား အလှူငွေလေးကို သက်စွန့်စံဖြား ပြေးကောက်ကြတဲ့

အလှူခံရှင်ကြီးများကို သာဓုခေါ်ပါရဲ့… ဒါပေမယ့် အန္ဒရာယ်ဟာ အန္ဒရာယ်ပါပဲ…

 

နှစ်ဟောင်းကုန်လို့ နှစ်သစ်အကူး ရေပက်ကစားကြချိန်မှာ ရေပက်ခံကားပေါ်ကလူတွေကို

နာအောင်ခွက်စောင်း ခုတ်တတ်သော ရေကစားကြသူများ…

ထိုသို့ပြုလုပ်ခြင်းကို အပြစ်အဖြစ်မမြင်… မဆုံးမခဲ့ကြသော ဆွေစဉ်မျိုးစက် ရှေးလူကြီးများမှမစ… ယခုလူကြီးများ…

 

သီတင်းကျွတ်အခါသမယမှာ လမ်းသွားလမ်းလာတွေ အနှောက်အယှက်ဖြစ်အောင် အထိတ်တလန့်ဖြစ်အောင်

ဗျောက်အိုးကားထဲပစ်သွင်းသလိုမျိုး စက်ဘီး၊ ဆိုင်ကယ်အောက်ထဲ ဗျောက်အိုးပစ်ထည့်ပြီး

ဝမ်းသားအားရ ပျော်ရွှင်တတ်ကြသူများ…

ထို… သူများ… ထို… သူများ… ထိုသူများ…

အဲဒီရဲ့နောက်ဆက်တွဲအဖြစ်… စည်းကမ်းမရှိသော…

 

လမ်းမပေါ်တွင်ဈေးရောင်းသော… လမ်းဘေးဈေးသည်အား နိုင်ငံတော်ဂုဏ်ယူဝံ့ကြွားစရာအဖြစ်ထားသော…

စည်းကမ်းမရှိသော ယာဉ်မောင်းများ… တာဝန်နှင့်လုပ်ပိုင်ခွင့်ခွဲခြားမသိသော ၀န်ထမ်းများ…

တီထွင်ကြံဆမှုမရှိဘဲ လူ့ငမွဲများအားလည်ပင်းညှစ်… ချမ်းသာလာသောသူဌေးများ…

တိုးပွားစည်ပင်သည်ထက် စည်ပင်လာသောမြန်မာနိုင်ငံ…

 

ကမ္ဘာအဆင်းရဲဆုံးနိုင်ငံထဲရောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှု…

ငတ်မွတ်ခေါင်းပါးမှုများ သိသိသာသာမကြုံတွေ့ရသေးခင်…

စိတ်ဓာတ်ခွန်အား… အားနည်းမှု… ကိုယ်ချင်းစာတရားခမ်းခြောက်မှု…

အတွေးအခေါ်နိမ့်ပါးငတ်မွတ်မှုများကို မျက်မြင်ကြုံတွေ့နေရပါပြီ…

တိုင်းပြည်ဆင်းရဲချင်… ဆင်းရဲပါစေ… အတွေးအခေါ်… စိတ်ဓာတ်ခွန်အားမဆင်းရဲရင်ဖြင့်

တိုင်းပြည်ဆင်းရဲခြင်းကို အံတုနိုင်ပါလိမ့်မယ်…

အဲဒီလိုမှမဟုတ်ရင်တော့ တိုင်းပြည်လဲ နွံအတွင်း သက်ဆင်းသလို… နစ်ပြီးရင်းနစ်… လှုပ်ရင်းမြုပ်ရလိမ့်မယ်ဆိုတာ သတိရှိစေချင်ပါတယ်…

ဒီအကြောင်းချင်းရာများကို ခပ်ပေါ့ပေါ့သဘောမထားဘဲ… မိမိတို့လက်လှမ်းမီရာ… တတ်စွမ်းရာ ကြိုးစားမြှင့်တင်စေလိုကြောင်း…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

၂၀၁၃၊ နိုဝင်ဘာ…

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...