အင်တာဗျူးတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်လည်း ကြုံဘူးသလို ရုပ်သံက လာတဲ့ အင်တာဗျူးတွေကိုလည်း ရံဖန်ရံခါ ကြည့်မိပါတယ် ၊

ရုပ်သံက လာတဲ့ အင်တာဗျူးဆိုတာ အားလုံး တည်းဖြတ်ပြီးမှ ထုတ်လွှင့်တာမို့ အပြစ်တင်စရာမျိုး သိပ်မရှိလှပါဘူး ၊

ပရိသတ် သိလိုမှာကို မမေးမိတာမျိုးတော့ ပါနိုင်ပါတယ် ၊ ဒါပေမယ့် တစ်ခါတစ်လေ ဘယ်လိုဖြစ်ရတယ်ဆိုတာလေး ပြောချင်ပါတယ် ၊

အဲသလို ရုပ်သံက အင်တာဗျူးအဖွဲ့ ဘယ်လို ဗျူးမိတယ် ဆိုတာလေး ဖောက်သည်ချပါရစေ ၊

တစ်ခါက လို့ ဆိုကြပါစို့ ၊ စာပေဆိုင်ရာ အခမ်းအနား တစ်ခုမှာပါ ၊

စာရေးဆရာမကြီး တစ်ယောက် သူ့ ဘော်ဒါ စာရေးဆရာ / စာရေးဆရာမတွေနဲ့ ထိုင်စကားပြောနေတုန်း နာမည်ကြီး ရုပ်သံလိုင်းကနေ ဗျူးချင်ပါတယ်ဆိုတော့

ကဲ ကဲ ကျန်တဲ့သူတွေက ဘေးကို နည်းနည်း ဖယ်ပေးကြရတာပေါ့ ၊

အဗျူးခံမယ့် စာရေးဆရာမကြီးကလည်း ဘာတွေများ မေးလာမလဲ ? ဖြေပလိုက်မယ်ပေါ့လေ ၊

အဲဒီမှာ ဆလိုက်မီးတွေထိုးပြီး ရယ်ဒီ ဆိုတဲ့အချိန်မှာ အင်တာဗျူဝါ ကောင်မလေး စ မေးလိုက်တာက ( ဟုတ်ကဲ့ ၊ နာမည်လေး သိပါရစေရှင် ) တဲ့ ၊

စာရေးဆရာမကြီးလည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်ရပါသတဲ့ ၊ သမီး အသက်ဘယ်လောက်ရှိပြီလဲ ဆိုတော့ ၂၁ တဲ့ ၊

ကဲ  ၊ နောက်တစ်ခါကတော့ စာအုပ်ဖွင့်ပွဲပါ ၊ စာရေးဆရာမ ၂ ယောက်ရဲ့  စာအုပ်သစ် မိတ်ဆက်ပွဲပေါ့ ၊

အဲဒီမိတ်ဆက်ပွဲမှာလည်း နောက်ကျပြီး ရောက်လာတဲ့ ရုပ်သံအင်တာဗျူးအဖွဲ့ဟာ ဘယ်လိုဗျူးပြန်သလဲ ဆိုတော့

သူ့စာအုပ်မိတ်ဆက်ပွဲအတွက် ရှိုးစမိုး အပြည့်ဝတ်ပြီး လာခဲ့တဲ့ စာရေးဆရာမကြီးကို

( အန်တီက ဒီ စာအုပ်မိတ်ဆက်ပွဲကို ဘာကြောင့် လာခဲ့တာပါလဲ ၊ ဒီစာရေးဆရာတွေရဲ့  လက်ရာအပေါ်မှာကော ဘယ်လို ပြောချင်ပါလဲရှင် ) တဲ့ ၊

သြော် ဒီစာရေးဆရာမကြီးက သူ့စာအုပ်ကို သူ ဘယ်လိုပြောရမလဲ ၊

နောက်တစ်ခါကတော့ ကွယ်လွန်သွားရှာတဲ့ စာရေးဆရာ သတင်းစာဆရာကြီးရဲ့  ရက်လည်နေ့မှာပါ ၊

ခင်ပွန်းသည် ဆုံးပါးသွားလို့ ၄ – ၅ ရက်လောက် အိပ်ယာထဲ လဲခဲ့ပြီး

အခုဒီနေ့မှာမှ ထိုင်ခုံလေးပေါ် မှီထိုင်ရင်း လာတဲ့ဧည့်သည်တွေကို ကြိုးစားနှုတ်ဆက်နေတဲ့ ဆရာကတော်ဆီကို

ပြည်ပအခြေစိုက် ရုပ်သံ မြန်မာပိုင်းကနေ လာပြီး အင်တာဗျူးပါတယ် ၊

သူတို့မေးတဲ့ ပထမဆုံး မေးခွန်းက ( အခုလို ဆရာကြီး ဆုံးပါးသွားတော့ ဘယ်လို ခံစားရပါသလဲ ) တဲ့ ၊ အမေးခံရတဲ့သူ သေရောပေါ့ဗျာ ၊

ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေပါ ၊

ထက်ထက်မိုးဦးရဲ့   တစ်ထောင်တန် ပါးရိုက်ချက်ဟာ ဒီလို မေးခွန်းမျိုးကြောင့် ဖြစ်ချင်ဖြစ်မှာပါ ၊

မီဒီယာသမား မီဒီယာသမားဆိုပြီး မပြည့်တပြည့်အိုးတွေနဲ့ ကိုယ့်ကိုယ်ကို ထင်တစ်လုံးဖြစ်နေသူတွေ အများကြီးတွေ့ဘူးပါတယ် ၊

အဲဒီအထဲကမှ အခု အင်တာဗျူဝါ ဆိုတဲ့ မီဒီယာသမားမျိုးဟာ ပိုပြီး သတိထားရပါတယ် ၊

အကယ်ဒမီပွဲ လာအားပေးတဲ့ ပြည်သူထဲက သာမန်ပရိသတ်ကို ဗျူးတာနဲ့ ရုပ်ရှင်လောကထဲကလူကို ဗျူးရာမှာ မေးခွန်းတွေ ကွာခြားရပါတယ် ၊

တစ်ဦးတစ်ယောက်ကို ဗျူးတော့မယ်ဆို ဘက်ဂရောင်းလေးတော့ နည်းနည်း ကြိုလေ့လာရမှာပေါ့ ၊

တကယ်တော်တဲ့ အင်တာဗျူဝါတွေ အများကြီး ကြားခဲ့ဘူးပါတယ် ၊

မင်းသား မင်းသမီး အဆိုတော် စာရေးဆရာ ပြီးတော့ တစ်ခြားနယ်ပယ်က လူတွေနဲ့ ဗျူးရာမှာ

ကိုယ်ဗျူးမယ့် လူအကြောင်း ဘယ်လောက် လေ့လာထားတယ်ဆိုတာ သူ့မေးခွန်းတွေမှာကို ပေါ်နေပါတယ် ၊

 

အာတာဗျူဝါကောင်းများ ဆထက်ထမ်းပိုး ပေါ်ထွက်လာနိုင်ကြပါစေ ၊

 

4a

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..