သစ်ဝါးတင်ကားတိမ်းမှောက်၍ လူ (၆)ဦးသေဆုံးပြီး၊တရားမဝင်ရေနံစိမ်းများဖမ်းဆီး

Hlaing Zar ChiNovember 21, 20131min964

စလင်းမြို့နယ်တွင် သစ်၊ဝါးတင်ကားတိမ်းမှောက်(၆)ဦးသေဆုံး(၂)စိုးရမ်ရဒဏ်ရာရရှိခဲ့

မကွေးတိုင်းဒေသကြီး၊  စလင်း-စေတုတ္တရာကားလမ်း မိုင်တိုင်အမှတ် ၇/ရ အနီးရှိ လက်ပကျင်းချောင်းအနောက်ဘက် တွင် နိုဝင်ဘာ(၂၀)ရက်နေ့နံနက်(၁)နာရီခွဲချိန်ကယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယာဉ်မောင်း အေးမင်းထိုက် ၊စလင်းမြို့နယ်နေသူမောင်းနှင်သော နစ်ဆန်း၊အပြာရောင်(၆)ဘီးယာဉ်ပေါ်တွင် သစ်အခြားသားဆိုဒ်စုံ(၂၀)တုံးခန့်နှင့်ဝါးအလုံး (၅၀၀)ခန့်အားသယ်ဆောင်လာစဉ် ချောင်းအဆင်းစက်ရပ်ကာအရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ခြမ်းရှိ ချောက်ထဲသို့တိမ်း မှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါအလုပ်သမား(၁၂)ဦးအနက် ဦးမြင့်အောင်၊ဦးမြင့်ဝေ၊ဦးနေမျိုအောင်၊ဦးကျော်ကျော်နိုင်၊ဦးဇော်မင်းနိုင်၊ ဦးကျော်မင်းထွန်း ကူတို့တောင်ကျေးရွာ၊မကျီးပင်အုပ်စုနေသူ(၆)ဦးအခင်းဖြစ်နေရာတွင်သစ်လုံးပိသေဆုံးခဲ့ပြီး၊ကျန်ဒဏ်ရာရရှိသူ (၆)ဦးအနက် ဦးမြင့်သိန်းထွန်း၊ဦးသန်းထိုက်အောင်တို့နှစ်ဦးသည်စိုးရိမ်ရဒဏ်ရာရရှိခဲ့သဖြင့် စလင်းမြို့နယ်ပြည်သူ့ဆေးရုံမှ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။ ယာဉ်မောင်း အေးမင်းထိုက်မှာထွက်ပြေးတိမ်းရှောင် နေသဖြင့် တရားခံအားအမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စလင်းမြို့နယ်၊လင်းဇင်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၄/၂၀၁၃၊  ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

မင်းဘူးမြို့နယ်တွင် တရားမဝင်ရေနံစိမ်းဂါလံ(၃၀၀၀)တင်ဆောင်လာသည့်ယာဉ်ဖမ်းဆီးအရေးယူ

မင်းဘူခရိုင်၊မှုခင်းအထူးနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် သူရအောင်နှင့်အဖွဲ့သည် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ ဒုရဲအုပ် စိုးမိုးဌေးနှင့်အဖွဲ့ပူးပေါင်း၍ နိုဝင်ဘာ(၁၉)ရက်နေ့ည(၇)နာရီ(၅၅) မိနစ်ချိန်က မင်းဘူး-မင်းလှကားလမ်း၊ တြိဂံဆုံ ကျွဲသိုးမြှောင်ရွာထိပ်တွင်ဖြတ်သန်းသွားလာသည့်ယာဉ်များအားရပ်တန့်စစ်ဆေးခဲ့စဉ် မင်းလှမြို့မှ မင်းဘူးဘက်သို့ ယာဉ်မောင်း ထွန်းထွန်းဝင်း မင်းလှမြို့နေသူမောင်းနှင်ပြီးနောက်မှ ဖိုးလုံး(ခေါ်)တင်ဇော် လိုက်ပါလာသည့် ယူဒီကောင်တာ (၁၂)ဘီးယာဉ် ဘောက်ဆာ အားစစ်ဆေးခဲ့ရာ ထိုဘောက်ဆာကားအတွင်း တရားမဝင်ရေနံစိမ်း(၃၀၀၀)ဂါလံသယ်ဆောင် လာကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ထွန်းထွန်းဝင်းနှင့်ဖိုးလုံးတို့အား မင်းဘူးမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၁၈၀/၂၀၁၃ ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ-၉ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

ကံမမြို့နယ်တွင် မိုးကြိုးပစ်၍အမျိုးသားတစ်ဦးနှင့်နွားတစ်ကောင်သေဆုံး

သရက်ခရိုင်၊ကံမမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းမှ နိုဝင်ဘာ(၁၉)ရက်နေ့မွန်းလွဲ(၃)နာရီခွဲချိန်က ရွာ၏အရှေ့မြောက်ဘက်(၃)ဖာလုံခန့်အကွာရှိကိုင်းတောထဲတွင် လူတစ်ဦးမိုးကြိုးပစ်သေဆုံးနေကြောင်းအကြောင်းကြား သဖြင့် ရေနံသာရဲကင်းစခန်းမှ ဒုရဲအုပ် ကျော်ဇေယျမင်းနှင့်အဖွဲ့သက်သေများနှင့်အခင်းဖြစ်နေရာသို့ရောက်ရှိစစ်ဆေးခဲ့ရာ ခင်မောင်ဌေးအောင်၊အသက်(၂၈)နှစ်၊ထုံးကြီးကျေးရွာ၊ကံမမြို့နယ်နေသူဖြစ်ပြီး၎င်းနှင့်အတူ နွားမတစ်ကောင်တို့အား မိုးကြိုးထိ မှန်သေဆုံးနေကြောင်း၊ ခင်မောင်ဌေးအောင်တွင် ဝဲဘက်နားသွေးထွက်ဒဏ်ရာ၊ ဝဲဘက်နားအထက်ဆံပင်မီးလောင်ဒဏ်ရာများ ဖြင့် ပက်လက်အနေအထားသေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရကြောင်း၊ထိုအမျိုးသားသေဆုံးမှုနှင့်ပက်သက်၍ ကံမမြို့နယ်၊ မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၃ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

4 comments

  • alinsett

    November 21, 2013 at 8:48 pm

    နာရေးသတင်းတွေ…လည်း… များလှပါပေါ့….
    —————–

  • kyeemite

    November 22, 2013 at 11:39 am

    မကွေးတိုင်းအတင်းလည်း သေမှုသေခင်း တယ်ပေါသကိုးနော.. 🙁

  • TNA

    November 22, 2013 at 4:42 pm

    သတင်းစာဝယ်စရာမလိုတော့ဘူးပဲ

  • ပရော်ဖက်ဆာ ဒေါက်တာ မယောင်ရာ ဆီလူး

    November 22, 2013 at 4:45 pm

    မိုးကြိုးပစ်လို့ သေတဲ့လူတွေလည်း
    အများသား ကလား …
    ဒီလို မဖြစ်အောင် ယတြာ ချေရမကွဲ့ ….
    အပစ်မခံချင်သူတွေ
    ကျွန်ုပ် ပရော်ဖက်ဆာကြီးဆီမှာ ယတြာ လာဝယ်ကြပါ …

Leave a Reply