ကျမချစ်မိအပြစ်ရှိလား

PhyoAugust 6, 20101min612

မနက်မိုးလင်းလင်းချင်း အာရုံမတက်မှီ လင်းကြက်မတွန်မှီ အချိန်ကာလအထိ မောင်လို့ရင်မှာကျမ တမ်းတမ်းတတ တမ်းတတတ်ခဲ့မိတာ ဒီမနက်ခင်းအပါအဝင် ရက်ပေါင်းမနည်းတော့ပါဘူး။ မောင်လို့ကျမ တမ်းတမြတ်နိုးစွာ ခေါ်ခဲ့ပေမယ် ကျမမြတ်နိုးစွာချစ်ခင်စုံမတ်ခဲ့သူဟာ ယောကျင်္ားလေးတစ်ယောက်မှ မဟုတ်ခဲ့ပေဘဲ။ ဒါပေမဲ့ကျမမောင့်ကို အရမ်းချစ်ခဲ့မိပါတယ်။ မောင်ဟာမိန်းကလေးကနေ ယောကျင်္ားလေး တစ်ယောက်လို ပြုမူနေထိုင်ခဲ့ပေမယ့် ကျမမောင့်ကို ယောင်္ကျားလေးတစ်ယောက်လိုဘဲ ပေါင်းခဲ့တယ်။ အားကိုး ခင်မင်တွယ်တာ ခဲ့ပါတယ်။ မောင်ဟာသာမာန်ယောကျင်္ားလေးတွေ မလုပ်နိုင်တဲ့အလုပ်တွေကို ဇွဲရှိရှိ လုပ်နိုင်စွမ်းရှိသူ။ အချက်အပြုတ်လည်းကျွမ်းကျင်သူ၊ စီးပွားရေး(ငွေ)ရှာတဲ့နေရာမှာလည်း သာမန် အမျိုးသားတွေထက်ကျွမ်းကျင်သူ၊ အိမ်ထောင်မှုအစုစုမှာလည်း သာမန်အမျိုးသမီးအမျိုးသားတွေထက် ကျွမ်းကျင်တယ်လို့ပြောရင် အခြားခြားသော အမျိုးသမီး၊ အမျိုးသားတွေက ကျမကိုပိုလွန်းတယ်၊ မောင့်ကိုအမွှန်းတင်လွန်းတယ်လို့ အပြစ်တင်ဝေဖန်ကဲ့ရဲ့ ရှုတ်ချကြမှာအမှန်ပေါ့။ ဒါပေမယ့် ကျမအမှန်အတိုင်း ဖွင့်ဟဝန်ခံရတာပါဘဲ။ မောင်နဲ့စတွေ့တဲ့ မိုးတွေ တရွှဲရွှဲမစဲနိုင်အောင်ရွှာသွန်းတဲ့ မိုးဦးတမနက်ခင်းကို ကျမမှတ်မှတ်ရရရှိနေပါသေးတယ်။ မိုးဖွဲလေးထဲမှာပြေးလွှား ဆော့ကစားနေရင်း ကျမရဲ့ကောင်လေးနဲ့ ဖုန်းပြောနေချိန် မောင်ကကျမကိုကလေးလေးဘဲရှိသေးတယ်လို့ မကြားတကြား နောက်ပြောင်ကျီစယ်တဲ့ အမှတ်တမဲ့အချိန်ကို ခုတော့ကျမအတွက်မှတ်မှတ်ရရ အမှတ်တရလေးဖြစ်ခဲ့ရပြီပေါ့။ ကလေးလေးဘဲရှိသေးတယ်လို့ ကျမကို မောင်နောက်ပြောင်ကျီစယ်ခဲ့တဲ့ အချိန်တုန်းကလည်း မောင့်အနားမှာရှိတဲ့ ညအမျိုးသမီးတွေ ကျမအကြောင်းကို သိနေကြတဲ့လူတွေကတော့ ‘အပြုအမူတွေကသာ ကလေး လေးလို့ သာဆိုတယ်။ ကျမရည်းစားတွေကကျမအသက်ရဲ့ ၃ပုံ၂ပုံလောက် ရှိရော့မယ်’လို့ မောင့်ကိုပြန်လည် အသိပေးခဲ့ပေမယ့် မောင်ကအပြုံးနဲ့ဘဲ ပြန်တုန့်ပြန်ခဲ့တာကို ကျမသတိထားမိခဲ့တယ်။ တနေ့ကျမ ကောင်လေးနဲ့ ဖုန်းပြောအပြီး မောင်ကကျမအနားကို လမ်းလျှောက်လာပြီး ‘နည်းနည်းလေး ပေးချစ်ပါလားလို့’ အမှတ်မထင်ဘဲ ကျီစယ်ခဲ့ပြန်တယ်။ ကျမကလည်းထုံးစံအတိုင်း ဂျစ်ကန်ကန် အပြောအဆိုတွေ၊ အပြုအမူတွေနဲ့သာ မောင့်ကိုဆက်ဆံခဲ့တယ်။ ‘ကျမ မချစ်တတ်ဘူးလို့’။ မောင်ကကျမကို ‘နောက်မှမကြေကွဲနဲ့နော်လို့’ အကြင်နာမျက်ဝန်းနဲ့ ကျီစယ်စကားဆိုပြန်တော့ ကျမကလည်း‘စမ်းကြည့်လိုက်ပေါ့’ လို့ မျက်စောင်းတချက်နဲ့အတူ ဂျစ်တစ်တစ်နဲ့ တုန့်ပြန်ခဲ့ပေမယ့် မောင်ကတော့ အပြုံးမပျက်ခဲ့ဘူး။ အဲဒီလို ဆုံစည်းမှုလေးတွေဟာ ကျမအတွက်တော့ အရာရာအားလုံးအမှတ်တရတွေနဲ့ ရင်ထဲမှာ မောင်ပစ်လွှတ် လိုက်တဲ့ မြှားလေးတစင်း စိုက်ဝင်မိတယ်ဆိုတာကို ကျမအသိစိတ်က သတိမထားခဲ့ပေမယ့် မသိစိတ်တွေထဲမှာ ကျမကို ရစ်နှောင်နေမိတယ်ဆိုတာကို သတိမထားခဲ့မိဘူး။ ခရီးသွားဟန်လွဲ သွားရင်းလာရင်း နောက်ရင်းပြောင်ရင်း ကျီစယ်ရင်းနဲ့ ကျမရဲ့မသိစိတ်တွေထဲမှာ မောင့်ကိုတမ်းတတတ်လာတယ်။ အသိစိတ်တွေက မာနတွေနဲ့ဖုံးကွယ်ဝှက်ထားပေမယ့် ကွယ်ဝှက်ထားတဲ့မာနတွေကို အကြင်နာနှလုံးသား မျက်ဝန်းအစုံနဲ့ မောင်ဖတ်တတ်ခဲ့တယ်။ အမှန်တိုင်းဝန်ခံရရင် ကျမမောင့်ကို တမ်းတတတ်နေမိပြီမောင်။ ကျမကံကောင်းခဲ့ပါတယ်။ ခရီးသွားဟန်လွဲဆုံတွေ့ခဲ့ပေမယ့် မောင့်ရဲ့အကြင်နာတွေကိုကျမ အပြည့်ရခဲ့ပါတယ်။ ကျမနဲ့မောင်ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ ဘဝမှာ ဟာနေတဲ့ကွက်လပ်တိုင်းလိုလို မောင်ဖြည့်ဆည်း ပေးနိုင်ခဲ့တယ်။ အမှန်တိုင်းဝန်ခံရရင် ကျမတို့နှစ်ယောက် ဆုံစည်းမှုဟာ စိန်ခေါ်မှုတွေ မာနတွေ အတ္တတွေနဲ့ တစ်ယောက်အပေါ်တယောက် ရင်ထဲမှာတေးထားကြပေမယ့် လက်တွေ့မှာ အမှန်တကယ်မြတ်နိုး တွယ်တာသူတွေ ဖြစ်ခဲ့ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမကိုယ်တိုင်က ကျမကိုတချက်ကြောတဲ့သူကို ပြန်လည်အနိုင်ရမှကျေနပ်တဲ့သူလေ။ အဲ့ဒီနေ့ကိုကျမ မမေ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မောင်နဲ့ကျမစပြီး စိန်ခေါ်မှုတွေ ဖြစ်ခဲ့တဲ့နေပေဘဲ။ ကျမမောင့်ရဲ့ဖုန်းနံပါတ်ကိုမရ၊ ရအောင်ရှာတယ်။ မောင်ကိုကျမ ဖုန်းစဆက်ခဲ့တယ်။ ဖုန်းနံပါတ်အစိမ်းတွေ (နံပါတ်အသစ်တွေ) ကိုင်လေ့မရှိတဲ့မောင်က ကျမဖုန်းကိုလုံးဝမကိုင်ခဲ့ဘူး။ ကျမတရက်နဲ့တညတိတိ ဖုန်းဆက်တာကို မောင်လုံးဝမကိုင်ဘူး။ ဒီလောက်ဆိုရင်ကျမမောင့်မာန မောင့်အတ္တတွေကိုသိခဲ့ရပြီပေါ့။ သို့ပေမယ့် ကျမဇွဲမလျော့ခဲ့ပါဘူး။ ကျမမြို့ထဲဆင်းမယ့်တနေ့မှာ မောင့်ဆီကို ဖုန်းဆက်တိုက် ဆက်ခဲ့ပြန်တယ်။ အဲ့တော့ မောင်မနေသာပါဘူး။ သူဖုန်းကိုင်လိုက်ရပါပြီ။ ကျမရဲ့ဇွဲကို မောင့်အတ္တတွေက အရှုံးပေးလိုက်ရတယ်လေ။ မောင်ဖုန်းကိုကိုင်လိုက်တာနဲ့ ‘ကျမကိုလာကြိုလို့ရလား’လို့ ခပ်ချွဲချွဲလေး ကျမတောင်းဆိုလိုက်တော့ မောင်ကမငြင်းဘဲ ချက်ခြင်း ‘ခနလေးစောင့်’ ဆိုပြီး အဖြေပြန်ပေးလိုက်တယ်လေ။ အဲ့ဒီအချိန်မှာဘဲ ကျမရဲ့အသိမိတ်ဆွေတစ်ယောက်က ကျမကိုကားကြုံနဲ့ ခေါ်သွားခဲ့တယ်။ မောင်လမ်းတစ်ဝက်ကိုရောက်လောက်ပြီဆိုတာနဲ့ ကျမမောင့်ဆီကိုဖုန်းပြန်ဆက်ပြီး ‘လာမကြိုနဲ့တော့ လမ်းကြုံနဲ့လိုက်သွားပြီ’လို့ ပြန်ပြောလိုက်တော့ မောင့်ရင်မှာ သူ့ကိုအဲလိုချိုးရလား ဆိုပြီး လမ်းမှာဘဲကျတို့ကားကို စောင့်နေခဲ့တယ်။ ကျမတို့ကားကျော်သွားတာနဲ့ မောင့်ဆိုင်ကယ်လေး နောက်ကပါလာတယ်။ ကျမတချက်ပြုံးလိုက်မိတာပေါ့။ အဲဒီအပြုံးက အောင်နိုင်သူတို့အပြုံးလေ။ မောင် ကလည်း‘ငါ့ကိုဖုန်းဆက်ခေါ်ပြီး ကားနောက်ပါသွားတဲ့သူ’ ဆိုပြီး တွေ့ကြသေးတာပေါ့လို့ ကြိမ်းခဲ့တယ်ဆိုတာကို မောင်ကိုယ်တိုင်ကျမကို ဝန်ခံခဲ့တယ်လေ။ ခုတော့လည်း ကျမတို့နှစ်ယောက် အမုန်းတွေ၊ မာန်မာနတွေ၊ အတ္တတွေကို ခဝါချလို့ နားလည်းမှုတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက် မြတ်မြတ်နိုးနိုးချစ်ခဲ့ကြပြီပေါ့။

တတ်သစ်စငယ်ရွယ်စဉ်တုန်းက ဂေးတို့၊ လက်စဘီယန် တို့ကို အရမ်းမုန်းခဲ့တဲ့ကျမဟာ မောင့် နှလုံးသားမှာ ခိုလှုံလိုက်ရတဲ့အချိန်ကစပြီး သူတို့လေးတွေကို ကိုယ်ချင်းစာတတ်ခဲ့ပြီ။ ချစ်တတ်ခဲ့ပြီ။ နားလည်တတ်ခဲ့ပြီ။ မောင်ကကျမကို “ငယ်”လို့ မြတ်နိုးစွာခေါ်ခဲ့တယ်။ ကျမလည်းမောင့်ကို “မောင်”လို့ တမ်းတမ်းတတခေါ်ခဲ့တယ်။ ကျမတို့နှစ်ယောက် အသက် ၁၂နှစ်တောင်ကွာတာလေ။ ကျမတို့ချစ်သူတွေဘဝက အရမ်းကိုကြည်နူး ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ကျမစိုးရိမ်ချက်တွေနဲ့ မောင့်ကိုရင်တထိပ်ထိပ် မြတ်နိုးစွာတွယ်တာခဲ့မိပါတယ်။ တနေ့ မောင်သာ မိန်းကလေးတစ်ယောက်လို ပြန်လည်ဝတ်စားဆင်ယင်ပြီး အမျိုးသားတစ်ယောက်ကို လက်ထပ်ခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးတွေရယ်၊ မောင့်မိဘများကရော ကျမကိုမောင်နဲ့သဘောမှတူပါ့မလား ဆိုတာရယ်ကို တွေးရင်း ကျမရင်မောမိတာ အခါခါပေါ့။ ကျမနဲ့မောင့်ကို မောင့်ပတ်ဝန်းကျင် မောင့်အသိုင်းအဝိုင်းတွေ မောင့်အပေါင်းအသင်းတွေက တားကြတယ်။ ဘာလို့လည်းဆိုတော့ ကျမကရည်းစားအရမ်းများလို့တဲ့။ မောင့်ကိုကျန်ရစ် ဖြစ်မှာစိုးလို့တဲ့။ မောင်က အသည်းငယ်တတ်လို့တဲ့။ ပြီးတော့ကျမက မာယာများတယ်၊ ယောကျင်္ားလေးနဲ့ပတ်သတ်ပြီး အတွေ့အကြုံရှိဖူးတယ်။ အပျိုမဟုတ်ဘူး အို….စုံလို့ပါဘဲ။ ကျမတချက်ကလေးဘဲပြုံးလိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျမနဲ့မောင် (ကျမတို့နှစ်ယောက်) ဘယ်လောက်အထိပွင့်လင်းခဲ့လည်း၊ နားလည်မှုတွေနဲ့ ရှင်သန်နေခဲ့လည်းဆိုတာကို ကျမတို့နှစ်ယောက်ဖြစ်တဲ့ ကာယကံရှင်တွေကလွဲလို့ ဘယ်သူမှ မသိဘူးမဟုတ်လား။ ကျမမောင့်ကိုအရမ်းချစ်တယ်။ ထားခဲ့ဖူးတဲ့ အမျိုးသားရည်းစားတွေထက် ပိုချစ်တယ်။ မြတ်နိုးတယ်။ မောင့်ကကျမကို မောင့်ရဲ့အသိုင်းအဝိုင်းတွေ၊ အပေါင်းအသင်းတွေနဲ့လဲခဲ့တယ်လေ။ မောင် ကျမနဲ့ ရှေ့ဆက်ပတ်သတ်မယ်ဆိုရင် မောင့်ရဲ့အပေါင်းအသင်းနဲ့ အသိုင်းအဝိုင်းတွေက မောင့်ကို အဆက်ဖြတ်ကြမယ်။ အပေါင်းအသင်း၊ ဘော်ဒါအနေနဲ့ ဖြတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့ပေမယ့် မောင်ကကျမကို အားလုံးနဲ့လဲခဲ့တယ်။ ကျမဘာကြောင့်ဆိုးရတာလည်းဆိုတဲ့ အကြောင်းအရင်းအမြစ်ကို မောင်ရှာဖွေခဲ့တယ်။ အကြင်နာတွေပေးခဲ့တယ်။ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးခဲ့တယ်။ မိန်းမသားဖြစ်တဲ့မောင်ဟာ မိန်းမသားဖြစ်တဲ့ကျမကို လိုလေသေးမရှိအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိခဲ့တယ်။ ကျမထားခဲ့ဖူးတဲ့ အမျိုးသားယောင်္ကျားလေးတွေထက်တောင် ကျမကိုတန်ဖိုးထားခဲ့တယ်။ ကျမက စားချင်တာကို ဆိုင်မှာဘဲ အလွယ်တကူဝယ်စားနေကျလေ။ ဒါပေမယ့် မောင်နဲ့တွေ့မှ ကျမစားချင်တာတွေအားလုံး မောင်က ကိုယ်တိုင် ချက်ပြုတ်ကျွေးတယ်။ မောင့်လက်နဲ့ ကျမရဲ့အဝတ်တွေကို လျှော်ပေးခဲ့တယ်။ ပြီးတော့စီးပွားရေးရှာတဲ့ နေရာမှာလည်း သာမန်ယောင်္ကျားတွေထက် တော်တယ်လို့ကျမပြောရင် ယောင်္ကျားလေးစစ်စစ်တွေက ကျမကို မလိုလားတဲ့အကြည့်တွေနဲ့ မေတ္တာပို့ကြလိမ့်မယ်။ ဒါပေမဲ့ ကျမတော့ အမှန်တရားတွေကိုဘဲ ပြောတတ်တယ်လေ။ ကျမမောင့်ကိုချစ်ခဲ့တာ မြတ်နိုးခဲ့တာတွေက အဲဒီ အရည်အချင်းတွေရယ်၊ စစ်မှန်တဲ့ မောင့်ရဲ့မေတ္တာတရားတွေ၊ အကြင်နာတွေ၊ ပြုစုယုယမှုလေးတွေကြောင့်ပေါ့။ ကျမရဲ့အဓိကလိုအပ်ချက်တွေကို မောင်တယောက်သာ ရှာဖွေတွေ့ရှိခဲ့တယ်။ ငယ်စဉ်ခါတောင်ကျေးကလေးဘဝကနေ အခုချိန်ထိ ဆယ်နှစ်ကျော် ကာလပတ်လုံး မိဘ၊ ညီအစ်ကို မေတ္တာတွေ ငတ်မွတ်ဆာလောင်နေတဲ့ ကျမကို မောင့်ရဲ့ မေတ္တာတရားတွေနဲ့ နွေးထွေးစေခဲ့တယ်။ ကျမမျက်နှာတချက်ညှိုးမှာကို မောင်မလိုလားခဲ့ဘူး။ ကျမလည်း ကျမကြောင့်မောင့်မျက်နှာညှိုးမှာကို အကြောက်ဆုံးဘဲပေါ့။ ကျမအပေါ်ကို မောင် အစွန်းဆုံးကုန်သည်အထိ နားလည်ပေးခဲ့တယ်။ မောင့်ရှေ့မှာ ကျမအရင်က ပတ်သက်ခဲ့ဘူးတဲ့ ကောင်လေးတွေနဲ့ ဖုန်းပြောနေရင်တောင် ကျမပျော်နေရင် မောင်ပြုံးခဲ့တယ်။ ကျမသူတို့နဲ့စိတ်ဆိုးပြီး အဆင်မပြေဖြစ်ရင် မောင်စာနာအားပေးခဲ့တယ်။ ကျမရဲ့ဆိုးသွမ်းမှုတွေကို မောင်နာခံခဲ့တယ်။ မောင့်ကိုကျမ နောက်ဒါမျိုးမဖြစ်စေရပါဘူးလို့ ကတိတွေအထပ်ထပ်ပေးခဲ့ပြီးမှ မောင့်စိတ်ကို အမျိုးမျိုးစမ်းသပ်ခဲ့တယ်။ သာမန်အမျိုးသားတွေ မခံမရပ်နိုင်လောက်အောင် ကျမစိတ်စမ်းသပ်ခဲ့တယ်။ ကျမထားခဲ့ဘူးတဲ့ သူတွေအားလုံးကို ကျမအမြဲအနိုင်လိုချင်ခဲ့တာလေ။ အရှုံးပေးသလိုလိုနဲ့ အနိုင်ရလိုတဲ့နည်းတွေကိုဘဲ ကျမသုံးခဲ့တယ်။ ဒါကိုသိသိကြီးနဲ့ မောင်ကကျမကို နားလည်ခဲ့တယ်။ ကျမကံကောင်းခဲ့ပါတယ်။ ကျမတွေ့ခဲ့ဘူးတဲ့ချစ်သူ ရည်းစားတွေအားလုံး ကျမအပေါ်ကို အနွံ့တာခံနိုင်တဲ့သူတွေနဲ့သာ တွေ့ဆုံခဲ့ပေမယ့် မောင့်လိုမရှိခဲ့ဖူးသေးတာ အမှန်တရားပေါ့။ ကျမဆုံး ဖြတ်ချက်တခုကို ရဲရဲကြီးဆုံးဖြတ်လိုက်ပါပြီ။ ကျမမောင့်ကိုတသက်လုံး သစ္စာမပြတ်လက်တွဲသွားပြီး သာယာတဲ့ဘဝတခုကို ဖန်တီးမယ်လို့ဆုံးဖြတ်လိုက်ပါပြီ။ မောင်ရယ် “ကလေး လေးတစ်ယောက်လောက် လိုချင်တယ်”လို့ ကျမတမ်းတမိလိုက်တိုင်း မောင့်ရင်မှာ နစ်နေအောင်ခံစားရမယ်ဆိုတာကို ကျမသိသိကြီးနဲ့ တမ်းတခဲ့မိတာကိုလည်း အရမ်းကိုကြေကွဲ နောင်တရခဲ့မိပါတယ်။ ဒါတွေကိုမောင်နားလည်ပေးနိုင်သလို ကျမနောက်နောင် လုံးဝမပြောမိအောင် အထူးသတိထားမယ်လို့ ကတိပေးပါတယ်မောင်။ ကျမမောင့်ကိုချစ်တာ ကလေးရယူလိုမှုမှ မဟုတ်ပေဘဲ။

ကျမတို့ရဲ့အချစ်တွေကို ပတ်ဝန်းကျင်က ဖယ်ကျင်ကြတယ်။ “သဘာဝလွန် အချစ်”လို့ ဝေဖန်ကြတယ်။ ကျမကိုလည်းယောင်္ကျားရှားလားတဲ့။ ကျမတချက်ကလေးဘဲ ပြုံးပြလိုက်တယ်မောင်။ ဒီအပြုံး တွေကို မောင်ကလွဲလို့ ဘယ်သူမှနားလည်မှာ မဟုတ်ပါဘူး။ “ကျမချစ်မိ အပြစ်ရှိလား”လို့ မေးလိုက်ချင် ပါတယ်။

အရိုင်းပန်း

(၆၊၆၊ဝ၉)

ဓါတ်ပုံများကို အင်တာနက် google image စာမျက်နှာများမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

www.coloursrainbow.com

2 comments

  • thidar

    August 6, 2010 at 5:19 am

    ဖိုနဲ့ မ မှ အချစ်လို့ သတ်မှတ်တာမဟုတ်ဘူးဆိုတာ ဖေါ်ပြနေသလိုပါဘဲ အပြင်မှာ တော့ တွေ့နေရတာပါဘဲ ဒီလို ဇာတ်လမ်းတွေ

  • True Faith

    August 6, 2010 at 7:50 am

    ဆုတောင်းမှားခဲ့လေသလားကွယ်။

Leave a Reply