စကားထာ အကြောင်း သိကောင်းစရာ

mr.dark bloodAugust 6, 20101min5745

စကားထာ

ရှေးမြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများတွင် စကားထာဝှက်ခြင်းသည်လည်း တစ်ပါးအပါအဝင်ဖြစ်သည်။ စကား၏

အနက်အဓိပါယ်ကို ကွယ်ဝှက်ရ် ပုစ္ဆာထုတ်ခြင်းသည် စကားထာဖြစ်သည်။ယင်းသို့ ပုစ္ဆာထုတ်ခြင်းကို စကားထာဝှက်

သည်ဟု ခေါ်သည်။မဖြေနိုင်ပါက ပန်ပေးသည်ဟု ခေါ်ဆိုလေ့ရှိသည်။

ပန်းပေးတယ်ဆိုတာ ဘာလဲ

ယင်းပန်းပေးခြင်းမှာ အနက်ရှိသည်။ရှေးအခါက စကားထာဝှက်သည်ကို ပန်းဖွက်သည်ဟု ခေါ်ကြသည်။

ရှေးက ညအခါတွင် တစ်ယောက်တည်း ဗိုင်းငင်နေသော မိန်းမပျိုလေးများထံ ယောက်ကျားပျိုများ(သို့)ယောက်ကျားပျို

တစ်ယောက်လာရောက်ပြီး တစ်ယောက်၏ စိတ်နေသဘောထား၊ညဏ်ရည်တို့ကို လေ့လာအကဲခတ်ရင်း စကားထာဝှက်

လေ့ရှိကြသည်။ဝှက်သူက ဝှက်၊ ဖော်သူက ဖော်ရ် မှန်သွားလျှင် ဝှက်သူက ဖော်သူကို ပန်းတစ်ပွင့်(သို့)ပန်းတစ်ပုံ ပေးရ၏။

မဖော်နိုင်လျှင်လည်း ဖော်သူက ဝှက်သူကို ပန်းပေးရ၏။ယင်းမှ ပန်းပေးခြင်းဆိုသော စကားဖြစ်လာခဲ့ခြင်းဖြစ်သည်။

စကားထာဝှက်ခြင်းသည် မြန်မာလူမျိုးတွင်သာမက

တခြားတပါးသောလူမျိုးများနှိုက်လည်းတွေ့ရသည်။ဂရိကဗျာဆရာကြီးဟိုးမားသည် စကားထာတစ်ခုကို မဖြေဆိုနိုင်သဖြင့် စိတ်ထိခိုက်ကာ သေဆုံးရသည်ဟု

အဆိုရှိသည်။စကားထာဝှက်ခြင်းကို ဂရိလူမျိုးများနှိုက်လည်း တွေ့နိုင်သကဲ့သို့ ခရစ်ယာန်ကျမ်းစာ၊ကိုရန်ကျမ်းစာများတွင်

လည်း တွေ့နိုင်ပေသည်။အာရေဗျနှင့်ပါးရှားစကားထာများလည်း ရှိသည်။တရုတ်စကားထာများလည်း

ရှိသည်။ဥပမာ..မီးကို လေနှင့်ထုပ်ပိုးထားသည်မှာ အဘယ်နည်း။အဖြေမှန်မှာ စက္ကူမီးပုံးဖြစ်သည်။

စကားထာအမျိုးမျိုး

ရှေးသူဟောင်းတို့၏ စကားထာမှာ ဩကာသလောကပတ်ဝန်းကျင်ကို မှီးရ် ဝှက်ဆိုကြသည်ဟု ဂရိပညာရှင်

အရစ္စတိုတယ်က ဆိုသည်။ဥပမာဆိုရသော် လေကို ဝှက်ရာနှိုက် “မရပ်မနား အမြဲတစေ ပျံဥန်းနေသည်ကား

အဘယ်နည်း” ဟု ဝှက်သည်။မြန်မာမှုတွင် စကားထာကို ငါးမျိုး ခွဲခြားထားသည်။ယင်းတို့မှာ…

၁။ကာရန်အားဖြင့် ဝှက်သော စကားထာ

၂။ဥပမာအားဖြင့် ဝှက်သော စကားထာ

၃။အနက်အားဖြင့် ဝှက်သော စကားထာ

၄။စကားလိမ်အားဖြင့် ဝှက်သော စကားထာ

၅။သချာင်္အားဖြင့် ဝှက်သော စကားထာ

ဟုရ် ခွဲခြားထားသည်။အသေးစိတ်အားဖြင့် ဆိုရပါမူ…..

၁။ကာရန်အားဖြင့်ဝှက်သောစကားထာများ

(မေး) တောင်ကြိုတောင်ကြား ပေါက်သည့်ဝါး အဖျားခပ်သွယ်သွယ်၊

(ဖြေ)အိမ်ကြိုအိမ်ကြားပေါက်သည့်သား…စကားခပ်ကြွယ်ကြွယ်…

(မေး)ညောင်ပင်ပတ်လည် ချစ်ခုံတည်၊ဈေးသည်မလား၊ချည်ချလား။

(ဖြေ)မောင်ရှင်သစ်ကယ်၊လူထွက်တယ်၊ဆန်းတယ်လလား၊သည်လလား။

(မေး)ဓားဝယ်ချောင်းမှာ ဒေါင်းတွေ့တယ်။

(ဖြေ) ငယ်ကပေါင်းမို့ အောင်းမေ့တယ်။

(မေး) သပြေပန်း တစ်ခက်၊နှစ်ခက်

(ဖြေ) မသွေတမ်း တစ်သက်၊နှစ်သက်

(မေး)ရေလယ်ခေါင် စလောင်းကြီး

(ဖြေ)နင်ငယ်ငယ်က နှာခေါင်းကြီး

(မေး)သေတ္တာထဲ ကြိုးခွေခွေ

(အဖြေ)မောင်ရင်လာ မိုးစွေစွေ။

(အမေး)သေတ္တာထဲ ကြောင်မော့။

(အဖြေ)နှမငိုတော့ မောင်ချော့။

(အမေး)ဟိုရှေ့က ဗျိုင်းဖြူ ပိတ်ထူနဲ့လား။

(အဖြေ) နင့်နှမ ငါယူ စိတ်တူရဲ့လား။

(မေး)လင့်စင့်ကားယား။စာမနား

(ဖြေ)နင့်ပြင်ရည်းစား၊ငါမထား။

ဟူသည်တို့ ဖြစ်ကြသည်။

၂။ဥပမာအားဖြင့်ဝှက်သောစကားထာများ

အမေး။ရေပတ်လည်ဆောင်၊အလယ်ခေါင်သောင်ထွန်း၊မိန်းမလှကျွန်း။

အဖြေ။ကျောက်ပြင်

အမေး။မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊မလောင်းဘဲပြည့်သည့် နတ်ရေအိုး

အဖြေ။အုန်းသီးအဆန်

အမေး။ကျူပင်ကြို၊ကျူပင်ကြား လောင်းကလေးနှင့်သွား။

အဖြေ။ရက်ကန်း(ရက်ကန်းလွှာနှစ်ခုကြား လောင်းလှေနှင့်တူသော် ရက်ကန်းလွန်းအိမ်ကို တင်စားခြင်းဖြင့်)

အမေး။ကုန်းမှာ မနေ၊ရေမှာခွေဆင်း၊သူ့ခေါင်းက ကြယ်ရောင်လင်း။

အဖြေ။ရေနံဆီ၊ရေနံချေးမီးခွက်များတွင် မီးစာခွေနေကာ အဖျားတွင် မီးတောက်လင်းနေခြင်းကို ဆိုလို။

အမေး။ခံသူက ပက်လက်၊လုပ်သူက မှောက်လျက်။

အဖြေ။အချို့ကား စပါးကြိတ်ခွဲတဲ့ ကြိတ်ဟု ဆို၏။အချို့ကား သနပ်ခါးကျောက်ပြင်ကို ပက်လက်ထားပြီး

သနပ်ခါးသွေးသူက မှောက်လျက် လဲကျမတက် သွေးရခြင်းကို ဆိုလိုကြသည်။

အမေး။ဖူးကနဲယောင်၊လောင်ကနဲထ၊ချာလန်ပြဲ တွဲလွဲကျ။

အဖြေ။ ငှက်ပျော်ဖူး။

အမေး။စောင်ကြမ်းခြုံ လုံပါပေ့၊ကျောက်တန်းစီ ညီပါပေ့။

အဖြေ။ပြောင်းဖူးခွံနှင့် ပြောင်းဖူးစေ့

အမေး။နတ်သမီးတံတွေးပေါက်၊ကြက်မကောက်

အဖြေ။အိမ်မိုးသစ်ပင်ရိပ်မှ ဖောက်ဝင်လာသော နေပြောက်ကို ဆိုလို၏

အမေး။နတ်သမီးဆွဲကြိုး လူမခိုး။

အဖြေ။လှည်းလမ်းကြောင်းရှိ လှည်းဘီးရာ။

၃။အနက်အားဖြင့် ဝှက်သော စကားထာများ

မေး။ရင်နှိုက်ထား သားလည်း မဟုတ်။မြေမသက်(သက်သည်ဆိုသည်မှာ ဆင်းခြင်းဖြစ်သည်) ငှက်လည်း မဟုတ်၊အမြီး

ကောက် မျောက်လည်း မဟုတ်၊မုတ်ဆိတ်ဖွား ကုလား မဟုတ်။

ဖြေ။စောင်းကောက်

မေး။၁၆ပြည်အပိုင်စိုးသော်လည်း မင်းမျိုးမဟုတ်ပါ၊ရှေးကုသိုလ်ကံမကောင်းရ် ခေါင်းခြေလက်မပါ

ဖြေ။၁၆ပြည်ဝင် တင်းတောင်း။

မေး။သဒ္ဒါလည်းမတက်၊ပရမတ်ကိုလည်း မကြေ၊လူရှေ့မှာ အမြဲနေ၊မှန်လျှင်မှန်စေ၊ မမှန်လေက လျှာထုတ်ပြ

ဖြေ၊ချိန်ခွင်။

(အမေး)အိမ်တော်သာလမ်း ၁၂ခန်း၊တခန်း ၃ ကျိတ်(တစ်ကျိတ်တွင် ဆယ်ယောက်ရှိသည်)၊အပြည့်အိပ်၊လေးပေါက်တံခါး

ဖွင့်လျက်ထား၊ဝင်ဘူးထွက်ဘူးပါရဲ့လား။

(အဖြေ)တစ်နှစ်တွင် 12လ ရှိရာတွင် တစ်ခန်းတွင် ရက်ပေါင်းသုံးဆယ်ရှိကာ ဥပုသ်သီတင်းပတ် လေးပတ်ရှိပြီး ထိုဥပုသ်

ရက်များတွင် ဥပုသ်စောင့်တည်ခြင်းကို ဆိုလိုသည်။

(မေး)ခြေ (၈)ချောင်း၊ ခေါင်း (၂)လုံး နဲ့ အမြီး နှစ်ခွရှိတဲ့အကောင်။

(ဖြေ)ခွေး ( မှတ်ချက်။   ။ တော်သလင်းလ)

(မေး)အပေါက်ကနေစွတ်လိုက်ရင် ချက်ထိအောင်ဝင် တယ်။ အဲဒါဘာလဲ။

(ဖြေ)ဘောင်းဘီဝတ်တာပါ။

(မေး)ဆီမပါ၊ စားမပါဘဲနဲ့ စိမ့်တယ်တဲ့၊ပေါင်ကြားမှာရှိတယ်။ အဲဒါကရောဘာလဲ ?

(ဖြေ)နွားနို့

၄။သချာင်္အားဖြင့်ဝှက်သော စကားထာ

မေး။အလံ(၁၀၀)မြွှေ တွင်းမှာခွေ၊တနေ့ လက်နှစ်သစ်၊ကျွန်တော်မ သက္ကရာဇ်

ဖြေ။အလံတရာကို လက်သစ်ဖွဲ့ှလျှင် 9600 ရ၏။ယင်းကို လက်နှစ်သစ်နှင့်စားသော်  4800 ရ၏။ယင်းသည် ရက်ဖြစ်ပြီး

လဖွဲ့လျှင် လပေါင်း 160ရ၏။ နှစ်ဖွဲ့သော် 13နှစ်နှင့် 4လရ၏။ (မွေးသက္ကရာဇ်ကိုလိုသော် ကောဇာ(ရောက်ဆဲ)သက္ကရာဇ်မှ

ယင်း13နှစ် 4လကို နှုတ်သော် ရ၏။

မေး။ခိုမှာကားခွဲ၊ဝမ်းဘဲငါးကျပ်၊စာတမတ်ကို မပြတ်နေ့ညရောင်းဝယ်ကြသည်။ငှက်လှေအစိတ်၊ကြေးအစိတ်

ဖြေ။

၅။စကားလိမ်အားဖြင့် ဝှက်သော စကားထာများ

မေး။စပယ်ဖူးစ ဆီးယောင်းမ၊

ဖြေ။စံပါယ်ဖူးစဆိုသော ငုံသည်။ဆီးယောင်းမမှာ မွှေရသည်။ ထို့ကြောင့် ငုံမွှေ၊ငွေမှုံဖြစ်သည်။

မေး။ကျောက်စရစ်ခဲ၊စောင်ဖြူခြုံ

ဖြေ၊ကျောက်ခဲသည် မာသည်။စောင်ဖြူခြုံတော့ လုံသည်။ယင်းကြောင့် မာလုံ၊မုံလာ ဖြစ်သည်။

မေး။ပင်လယ်ဓားပြ။

ဖြေ၊ပင်လယ်သည် ကျယ်သည်။ဓားပြက တိုက်သည်။ထို့ကြောင့် ကျယ်တိုက်၊ ကြိုက်တယ် ဖြစ်သည်။

မေး။ကန်၏ တန်ဆာ၊တံငါ၏ လက်စွဲ၊

ဖြေ၊ကန်၏ တန်ဆာမှာ ကြာဖြစ်သည်။တံငါ၏ လက်စွဲမှာ ငါးဖမ်းပိုက်ဖြစ်သည်။ထို့ကြောင့် ကြာပိုက်၊ကြိုက်ပါ ဖြစ်၏

မေး။ပဒုမာယုန်ထောင်။

ဖြေ။ပုဒမာမှာ ကြာပန်းဖြစ်သည်။ယုန်ထောင်သည်မှာ ပိုက်ဖြစ်သည်။ထို့ကြောင့် ကြာပိုက်၊ကြိုက်ပါ ဖြစ်၏။

စကားထာဝှက်ခြင်းသည် အင်းဝခေတ်တွင် များစွာကြီးထွားစည်ပင်ခဲ့ပြီး ယခုအချိန်တွင် များစွာ ချို့တဲ့လာသည့်အတွက်

ရှေးဖြစ်ဟောင်းအား တတ်သိသလောက် စုဆောင်းဖော်ပြရခြင်းဖြစ်သည်။စကားထာပေါင်းချုပ်မဟုတ်ရ် တချို့သော

စကားထာများ ကျန်လှပ်ခဲ့သည်ကို စာရှု့သူများ နားလည်ပေးနိုင်မည် ထင်သည်။

ကျေးဇူးတင်စွာဖြင့်

သွေးနက်

5 comments

  • Moe Sat

    August 6, 2010 at 2:17 pm

    ကိုသွေးနက်…..

    မသိသေး မကြားဘူးသေးတဲ့ စကားထာတွေ အမျာကြီးသိခွင့်ရလိုက်လို.ကျေးဇူးပါနော်။ မိုးစက်တို.ငယ်ငယ်တုန်းကလဲ မိုးစက်တို.ရဲ့ ဘကြီးနဲ. စကားထာဝှက်တမ်း ကစားကြတာကို အမှတ်ရမိတယ်။ ကစားတယ ် ဆိုတာထက် ဉာဏ်ရည် မြင့် အောင်ဆိုပြီး ဘကြီးကစကားထာဝှက်တာပါ။ တကယ်တော့ ဘကြီး ဝှက်တဲ့ စကားထာတွေက မိုးစက်တို.နဲ့ နေ့စဉ် ထိတွေ မြင်နေရတဲ့အရာတွေပါပဲ။ မိုးစက်ကြားဖူးတဲ့ စကားထာလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

    မေး။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။
    ဖြေ၊ ဆံပင်နှင့် ဆံထုံး

    မေး။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ဝါး၊ ကောင်းစားတော့ တစ်ယောက်တည်း။
    ဖြေ၊ မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ

    မေး။ နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်တော့လဲ တစ်ပေါက်တည်း။
    ဖြေ၊ အပ်

    မေး။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။
    ဖြေ၊ မျက်စိနှင့် နား

    မေး။အသီးပေါ်အပင်ပေါက် ခြေထောက်တစ်ချောင်းထောက်။
    ဖြေ၊ နာနတ်သီး

    မေး။ မတီးဘဲမြည်။
    ဖြေ၊ မိုးခြိမ်းသံ

    မေး။ ခုတ်လို့မပြတ် သတ်လို့မသေ။
    ဖြေ၊ ရေ

    မေး။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။
    ဖြေ၊ မြစ်ချောင်း

    မေး။ သားကရိုက်တော့ အမေငို၊ ဝမ်းဗိုက်တစ်လုံး ခေါင်းတစ်လုံး။
    ဖြေ၊ မောင်း

    မေး။ ငမဲဖင် ငနီလျက်။
    ဖြေ၊ အိုးနှင့် မီး

    မိုးစက်ကြားဖူးသလောက် မှတ်မိသလောက် ပဲရေးလိုက်တာနော်။ အဟီးဟီးးးး ဆက်ရေးရင် ကိုသွေးနက်ရိုက်လိမ့်မယ်။ တော်ပြီနော်။

    အော်ပြောဖို့မေ့နေတယ် မိုးစက် တို့ ပန်းပေးရင် ဘကြီးက နဖူးကိုလက်နဲ့ တောက်တယ်။ မိုးစက်ကတော့ အမြဲပန်းပေးရတယ်။ ဉာဏ်ရည် တော်တော်မြင့်တယ်နော်။ 😛

    အစဉ်လေးစားလျက်
    မိုးစက်ပွင့်

  • Smile

    August 12, 2010 at 7:19 am

    ဟားဟ ကိုသွေးနက်နဲ့ စကားထာဝှက်ရင်တော့ သေချာတယ် ပန်းပဲပေးနေရမှာ။ တော်ပါပေတယ် ကိုသွေးနက်—
    ကိုသွေးနက်လောက် မသိတာတော့ သေချာတယ် အခုအများကြီးသိခွင့်ရလို့ ကျေးဇူးပါ 🙂

    စမိုင်းလေး 🙂

  • tichinthu

    March 19, 2011 at 1:12 pm

    ကိုသွေးနက် ကျွန်တော် စကားထာ အကြောင်းတွေ သိချင်လို့ ပါ ဘယ်လိုစာအုပ်တွေမှာ လေ့လာရမယ်ဆိုတာလေး ကျွန်တော့ကိုပြောပေးလို့ရမလား မသိဘူး ပြီးတော့ အကို့မှာ စကားထာနဲ့ပတ်သက်လို့လေ့လာလို့ရမဲ့ စာအုပ်လေးတွေရှိရင် ကျွန်တော့ကို ပို့ပေးလို့အဆင်ပြေမလားမသိဘူး အကိုအဆင်ပြေမယ်ဆိုရင် ကျွန်တော့ ဂျီမေးလေးကိုပို့ပေးပါခင်ဗျာ …. (minchit.minchitthu.thu@gmail.com )

    အစဉ်လေးစားလျက်
    သိချင်သူ…

Leave a Reply